တိတ်ဆိတ်နေသော ညတွင် အထွန်းသည် သံသေတ္တာကို အသာဖွင့်ကာ အဝတ်များကို ထုတ်သည်။ ထို့နောက် အောက်ဆုံးတွင်ခံထားသော သတင်းစာစက္ကူကို ဖယ်သည်။
အထွန်းတစ်ယောက် စုထားသောပိုက်ဆံတို့ကို ရေတွက်ရင်းက သွားများပေါ်သည်အထိ ပြုံးနေသည်။
ပြည့်တော့မှာပဲ ။ အထွန်း ခက်ခက်ခဲခဲ စုထားရတဲ့ ပိုက်ဆံလေးတွေ ပြည့်တော့မယ်။ အထွန်းရဲ့ ခြံလေးကို ပြင်မယ် ။ ရေကြီးရင် စိတ်မပူရအောင် အိမ်ကို နည်းနည်းထပ်မြှင့်မယ်။ မိုးတွင်းလည်းရောက်တော့မှာ ဆိုတော့ သံဖြူမိုးရမယ်။ ဆေးရောင်လှလှလေးတွေ သုတ်ထားရမယ် ။ ကိုမိုးက အပြာရောင်ကြိုက်တာ ဆိုတော့ အိမ်ခြံဝန်းလေးကို အပြာရောင်လေး သုတ်ရင်ကောင်းမလား။ ဒါပေမယ့်လည်း မဖြစ်သေးပါဘူး ။ အမေ့သဘောကို မေးရမယ် ။ အမေက ကြိုက်သလိုလုပ် လို့ ပြောရင်တော့ အထွန်းက အပြာရောင်လေး သုတ်မယ်။ အထွန်း အကြိုက်ဆုံးက အပြာရောင်မဟုတ်ပေမယ့် ကိုမိုးက အပြာရောင်ကြိုက်တယ်လေ။
ပြီးတော့ အထွန်းရေခပ်ရတာ မောတယ် ၊ အမေ့ကိုလည်း ရေမခပ်စေချင်ဘူး။ ဒီတော့ ရေတုံကင်လေးတစ်ခု တူးမယ်။ လိုတဲ့အချိန် ရေယူလိုက်ရုံပဲ ၊ ဘယ်လောက်အဆင်ပြေလဲ ။
ဘေးအိမ်က သူတွေကိုလည်း အထွန်းက ပေးမှာပါ ၊ ရေခပ်ရတာဝေးရင် အထွန်းအိမ်မှာလာခပ်ကြ ။ အထွန်းက ကပ်စေးမနည်းပါဘူး။ သောက်ရေကိုတော့ ဘုန်းကြီးကျောင်းကနေ ခပ်ကြတာပေါ့။
ပိုက်ဆံပိုရင်တော့ အမေ့အတွက် နားကပ်လေးတစ်ရံ ဝယ်ပေးချင်သေးတယ်။ အမေ့မှာ နားကပ်ရှိပေမယ့် အထွန်းက အမေ့ကို နားကပ်အကြီးကြီးပန်စေချင်တာ။ အမေကြိုက်ပါ့မလားတော့ မသိပေမယ့် အထွန်းကတော့ ခမောက်ပုံစံ နားကပ်ကြီးကို အရမ်းသဘောကျတာပဲ။
အထွန်းက ပိုက်ဆံထုပ်ကို ကိုင်ကာ ခွဲတမ်းချသည်။ ထို့နောက် ပြည့်လုနီးနီး ပိုက်ဆံကို သေတ္တာထဲသို့ ပြန်ထည့်ကာ အဝတ်များဖြင့် သေသပ်အောင် ဖုံးပြန်သည်။
အမေသိလို့ မဖြစ်သေးဘူး ။ အကုန်လုံး စုပြီး ပြည့်တော့မှ အမေ့ကို အံ့ဩသွားအောင် လုပ်ရမယ်။ အမေတော့ တော်တော်ဝမ်းသာသွားမှာပဲ ။
![](https://img.wattpad.com/cover/253808493-288-k444591.jpg)
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"