ကျော်မိုးသည် အထွန်းကို ကြည့်ရင်း သက်ပြင်းချမိသည်။
"အထွန်း ဒီအဝတ်က အထွန်းအတွက်ဝယ်လာတာ"
အထွန်းသည် ဖြည်းဖြည်းချင်းခေါင်းမော့လာလေသည်။ အံ့ဩရိပ်သန်းနေသော မျက်ဝန်းတို့တွင်တော့ မျက်ရည်စများ တွဲလွဲခိုလျက်။
အားငယ်တတ်သော အထွန်းကို ကျော်မိုးက ပြုံးပြရင်း အဝတ်အိတ်ကို လက်ထဲသို့ထည့်ပေးသည်။
"ဟင့်အင်း အထွန်း မဝတ်ရဲဘူး"
အထွန်းသည် ကြောက်အားလန့်အားဖြင့် လက်ကာသည်။
"အထွန်း ကြောက်တယ် "
"ဘာကိုကြောက်တာလဲ အထွန်း"
"လူတွေကို"
မသိမသာတိမ်ဝင်သွားသော အသံနှင့်အတူ အထွန်းက ခေါင်းငုံ့သွားပြန်သည်။ ထို့နောက် တုန်ယင်နေသောအသံဖြင့် ပြောလာသည်။
"အထွန်းသာ အဲလိုဝတ်လိုက်ရင် လူတွေက အထွန်းကို ကဲ့ရဲ့ကြလိမ့်မယ် "
ကျော်မိုးသည် ဒုတိယအကြိမ် သက်ပြင်းချမိပြန်တော့သည်။
"အထွန်း ဝတ်ချင်ရင် လူတွေမသိအောင် ဝတ်လို့ရတယ်လေ"
မျှော်လင့်ချက်တို့ဖြင့် မော့ကြည့်လာသော အထွန်းကို ကျော်မိုးက သေချာပါသည်ဟုသော သဘောမျိုးဖြင့် ခေါင်းညိတ်ပြသည်။
"ဘယ်လိုဝတ်ရမှာလဲဟင်"
"သန်ဘက်ခါ မင်္ဂလာဆောင် သွားတော့မှ ပြောပြမယ် ၊ အခုတော့ ဒီနှစ်ထည်လုံးကို ယူသွားလိုက် ၊ ဟုတ်ပြီလား"
"ဟုတ်"
"ပြီးတော့ အရင်တွေ့နေကျနေရာမှာပဲ စောင့်နေမယ် ၊ စောစောထွက်လာခဲ့နော်"
"ဟုတ်"
အထွန်းသည် သွက်လက်စွာပင် ကျော်မိုးရှေ့မှ ထွက်သွားလေသည်။ ပျော်ပျော်ရွှင်ရွှင်ပင် လမ်းလျှောက်လာသော အထွန်းသည် အိမ်ရောက်သည်အထိ မမောပန်းနိုင်။
အိမ်ရောက်ရောက်ချင်းတွင် အထွန်းသည် အိတ်ထဲမှ အဝတ်များကို ထုတ်ကာ သေတ္တာထဲသို့ တယုတယ ခေါက်သိမ်းသည်။ စိတ်ထဲတွင်တော့ ပျော်ရွှင်မှု အပြည့်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Roman d'amour"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"