မြေနီလမ်းတောက်လျှောက်တွင် သစ်ပင်များက အုံ့ဆိုင်းနေသည်။ တစ်ဖက်တွင် အပင်ကြီးများရှိသလို တစ်ဖက်တွင်တော့ တောင်ကုန်းများရှိလေသည်။
စက်ဘီးနင်းလာသော ကိုမိုး၏ နောက်တွင် အထွန်းက ဘေးစောင်းထိုင်ရင်း ပတ်ဝန်းကျင်ကို ငေးကြည့်သည်။
ဒီနေ့ အထွန်းနဲ့ ကိုမိုးက အင်္ကျီ အရောင်အတူတူပဲ။
ကိုမိုးအင်္ကျီက လည်း အဖြူရောင် ၊ အထွန်းအင်္ကျီကလည်း အဖြူရောင်။ ပုဆိုးအရောင်ချင်းတော့ မတူဘူး၊ ပြီးတော့ ဖိနပ်အရောင်ချင်းလည်း မတူဘူး။
အထွန်းက သနပ်ခါးဖွေးဖွေးလိမ်းပြီး ပါးကွက်လေးပါ ကွက်ထားတာ ၊ ကိုမိုးမှာတော့ သနပ်ခါးမပါဘူး။"ကိုမိုး"
"ဟင်"
"ကိုမိုးက ဘာလို့ သနပ်ခါးမလိမ်းတာလဲဟင်"
"အရင်ကတော့ လိမ်းပါတယ် အထွန်းရဲ့ ၊ ကြီးလာမှသာ မလိမ်းတော့တာ"
အထွန်းက မျက်တောင်ရှည်ရှည်လေးများကို တဖျတ်ဖျတ်ခတ်ရင်း တွေးသည်။
ကြီးလာရင် သနပ်ခါးမလိမ်းရဘူးလို့ ဘယ်သူက ပြောလို့လဲ ။ အထွန်းကတော့လေ ကြီးလာလည်းလိမ်းမှာ ၊ အသက်တွေ အများကြီး ကြီးလာလည်း လိမ်းဦးမှာ ။ ပါးကွက်လေးပါ ကွက်ပြီး လှလှလေး နေဦးမှာ။
ရွာအဝင် တံတားသို့ရောက်သောအခါ အထွန်းက ကျော်မိုး၏ အင်္ကျီစကို ဆွဲကိုင်သည်။
"ကိုမိုး ခဏ နားကြမလား"
"ဘာလို့လဲ အထွန်း"
"အထွန်းလေ ဒီနားက ရေတွေကို ကြည့်ချင်လို့"
လက်ညှိုးတထိုးထိုးဖြင့် ပြောနေသော အထွန်းကို ကြည့်ကာ ကျော်မိုးက ပြုံးသည်။
"ဒါဆိုလည်း ခဏ နားကြတာပေါ့ "
မြစ်ရေပြင်သည် နေရောင်ကြောင့် ငေးကြည့်စရာပင်ကောင်းနေသည်။ ကောင်းကင်တွင်တော့ ဝင်လုဆဲဆဲ နေမင်းကြောင့် ပုစွန်ဆီရောင်ပင်သန်းနေလေသည်။
အိပ်တန်းပြန်သည့် ငှက်တို့ကလည်း စီတန်းက ပျံသန်းလျက်။အချိန်ကြာလာသည်နှင့် အမျှ နေမင်းသည် တောင်တန်းများကြားသို့ တဖြည်းဖြည်းဝင်ရင်း ပျောက်ကွယ်သွားတော့သည်။

YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"