ဘုရားရင်ပြင်သည် နံ့သာသွေးသူ ၊ အားပေးသူများဖြင့် စည်စည်ကားကားရှိနေသလို မြို့လုံးကျွတ်လိုလို လာရောက်ကြသောကြောင့် နံ့သာသွေးပွဲ သည် မြိုင်မြိုင်ဆိုင်ဆိုင် ။
သင်္ကြန်အကြိုနေ့တိုင်း နံ့သာသွေးပွဲ ကျင်းပခြင်းသည် အထွန်းတို့ မြို့လေး၏ ဓလေ့ပင် ။
နံ့သာသွေးမည့် သူများသည် ကိုယ်လက်သန့်စင် ထားရသည် ။ တန်းစီကာ လှည့်လည်ပြီး ဘုရားရောက်သောအခါတွင် ကျောက်ပျဉ် တစ်ခု စီဖြင့် နံ့သာဖြူ ၊ နံ့သာနီတို့ကို သွေးကြသည်။
ကျောက်ပျဉ်ဘေးကို လျှံမကျစေဘဲ သွေးထားသော နံ့သာတို့ကို ငွေဖလားဖြင့်ထည့်ကာ ဗုဒ္ဓမြတ်စွာဘုရား ကို နံ့သာရေဖြင့် သပ္ပာယ်ကြသည် ။
****
နံ့သာသွေးပွဲ အပြီးတွင်တော့ ကိုမိုးက အထွန်းကို အသေအချာပင် စိုက်ကြည့်လာသည်။
"အထွန်း ဒီနေ့ ပါးကွက်မကွက်လာဘူးလား"
"ဟင့်အင်း"
"ဪ.."
"ဘာဖြစ်လို့လဲဟင်"
အထွန်းက ကိုယ့်ပါးကိုယ် ကိုင်ရင်း မေးတော့ ကိုမိုးက ခေါင်းခါပြသည်။
"ဘာမှ မဖြစ်ပါဘူး ၊ ဒါနဲ့ မဏ္ဍပ်နားကို သွားကြတော့မလား "
"အစောကြီး ရှိသေးတာကို ၊ မဏ္ဍပ်ဖွင့်မှာက ညနေမှလေ"
"အင်း ဒါဆို ဝါးတံတားဘက်သွားကြမလား "
"ဟုတ်"
အထွန်း ချက်ချင်းပင် မတ်တပ်ထရပ်လိုက်သည်။
ကိုမိုးသိလား ၊ အထွန်းကလေ ကိုမိုး ခေါ်တဲ့ နေရာတိုင်းကို အမြဲတမ်းလိုက်ခဲ့မှာ ။ဝါးတံတားထိပ် ကူးတို့ခ ကောက်သည့် နေရာ ရောက်တော့ ကိုမိုးက ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်တစ်ရွက်ကို ထုတ်သည်။
"နှစ်ရာနော်"
"အကြွေမပါဘူးလား အစ်ကို"
" အကြွေတော့ မပါလာဘူး "
"အထွန်းမှာ ပါတယ်လေ ၊ အထွန်း ပေးလိုက်မယ်"
အထွန်းက ဝင်ပြောလိုက်တော့ ကိုမိုးက ခေါင်းခါပြသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"