ကိုမိုး အိမ်က စကားသံကို အထွန်းအိမ်ပြန်ရောက်သည်အထိ နားထဲကြားယောင်နေမိသည်။
ကိုမိုးတို့အိမ်က ကြီးကျယ်လွန်းမှန်းသိပါသည်။ လူကို တင်တင်စီးစီး ဆက်ဆံတတ်ကြမှန်းလည်း သိသည်။ ယောက်ျားလျာ ၊ မိန်းမလျာတွေကို ကြည့်မရမှန်းလည်းသိသည်။ အခြားသူတွေ ကြည့်မရသည်ထက် ကိုမိုးတို့ အိမ်ကတော့ အထွန်းတို့ကို ခါးခါးသီးသီး ကို ဖြစ်လွန်းပါသည်။
ကျက်သရေ မရှိဘူး တဲ့ အထွန်းမှာ ဘာအပြစ်ရှိလို့ ဒီလို နစ်နစ်နာနာ ပြောရတာလဲ ။ အဲလိုပြောလိုက်ကြတော့ သူတို့ စိတ်ချမ်းသာသွားရောလား။
တစ်ခါတလေတော့လည်း စိတ်မကောင်းဖြစ်မိသည်။အထွန်းတို့ကို ဘာလို့ မရှိသင့်တဲ့လူတွေလို့ သတ်မှတ်ခံရတာလဲ ။ အထွန်းတို့ကိုရော ကောင်းကောင်းမွန်မွန်ဆက်ဆံပေးလို့မရဘူးလား ။ အခုတော့ မြင်တာနဲ့ ရယ်မယ် ၊ ဟားမယ် ၊ လှောင်မယ် ၊ တစ်ခါတလေဆို စိတ်မကောင်းဖြစ်အောင်အထိ ပြောကြဆိုကြတယ် ။ ဘာလို့လဲ အထွန်းတို့က ကောင်ကောင်းမွန်မွန် ဆက်ဆံခံရဖို့ မတန်လို့လား ။
တွေးရင်း တွေးရင်း စိတ်မကောင်းဖြစ်မိလာတော့ မျက်ရည်ဝဲရင်းမှ သက်ပြင်းချမိပြန်သည်။
အထွန်းကိုက မှားတာ ၊ ကိုမိုးကို တွေ့ချင်လို့ အဲ့လမ်းဘက် ဈေးရောင်းမိတာကိုက မှားတာ ။ ဒါပေမယ့်လည်း တွေ့ချင်တာကို ။ အထွန်းကို နွေးနွေးထွေးထွေး ဆက်ဆက်ပေးတဲ့ ကိုမိုးနဲ့ တွေ့ချင်တာကို။
******
"ပြန်လာပြီလား "
"ဟုတ်ကဲ့ အမေ"
"မျက်နှာလည်းမကောင်းပါလား အထွန်း ၊ ဘာဖြစ်လာလို့လဲ "
"ဘာမှ မဖြစ်ပါဘူးအမေရဲ့ ဒီနေ့ နေပူလို့ပါ"
အထွန်းသည် ဗန်းကို ခေါင်းပေါ်မှ ချရင်း သွားများပေါ်အောင်ထိ ရယ်ပြလိုက်သည်။
ဘယ်ပြောထွက်မလဲ ၊ ဒီအကြောင်းကို အမေသိရင် အမေပဲ စိတ်ဆင်းရဲရမှာ ။ အထွန်းပုံစံကို အမေကသိပေမယ့် အမေလည်း မတတ်သာလို့လွှတ်ထားခဲ့ရတာ အထွန်းသိနေတာပဲ။
"နင့်သားခြောက်နေတာ ဆိုတာ နင်သိလား" ဆိုတဲ့ အမျိုးတွေရဲ့ စကားသံတွေကြား အမေ ခေါင်းငုံ့ခဲ့ရတော့ အထွန်းလည်း စိတ်မကောင်းဖြစ်ရပါသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Roman d'amour"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"