အိမ်ခေါင်မိုးပေါ်သို့ နှင်းကျသံသည် တဖျောက်ဖျောက် မြည်နေသည် ။ နှင်းစက်တို့ကြောင့် ရေငွေ့တို့က အုန်းလက်အမိုးများပေါ်တွဲလွဲခိုနေသလို မြူတို့ကလည်း ဆိုင်းနေပြန်သည် ။
တစ်ချက်တစ်ချက်လေတိုက်တိုင်းလည်း အသည်းခိုက်အောင်အေးလာတော့ ချင်းစောင်အပါးတစ်ထည်ကို ခြုံရင်း ပြန်ကွေးလိုက်သည်။
မဖြစ်ဘူး ၊ အထွန်း ကွေး နေလို့ မဖြစ်ဘူး ။ ချမ်းရင်လည်း အထွန်းက ဆိုင်ထွက်ရဉီးမှာ ။
အထွန်းက ခပ်မြန်မြန်ပင်ထရင်း အိပ်ယာသိမ်းသည်။
အိပ်ယာသိမ်းပြီးသော အခါတွင်တော့ ဘုန်းကြီးကျောင်းမှ အုန်းမောင်းခေါက်သံ လေးချက်ကို ကြားလိုက်ရတော့သည်။
"လေးနာရီတေုင် ထိုးနေပြီ"
အထွန်းသည် ကပျာကယာပင် မီးဖိုပြီး ရေနွေးအိုးတည်ထားရင်းက မျက်နှာကို ခပ်မြန်မြန်ပင် သစ်ကာ အိမ်ပေါ်သို့ ပြန်ပြေးလာလိုက်သည်။
ချမ်းလိုက်တာ ၊ ဆိုင်တောင် သွားမခင်းချင်ဘူး ။
သို့သော်လည်း အထွန်းသည် ဆယ်မိနစ်ပင် ပြည့်အောင်မညည်းနိုင် ။ ဈေးမရောင်းရင် ဘယ်က ပိုက်ဆံရတော့မှာလဲ ။
အအေးပိုနေသော ဆောင်းမနက်တွင် အထွန်းတစ်ယောက် အလုပ်များေတာ့သည် ။ ရှပ်အင်္ကျီလက်ရှည် သုံးထည်ကို တစ်ထပ်ပြီးတစ်ထပ်ဝတ်သည်။
ထိုမျှဖြင့်ပင် အချမ်းမပြေနိုင်သေးသောအခါ စောင်ပါး တစ်ထည်ကို ခြုံပုဝါလို ထပ်ပတ်သည် ။ထို့နောက် ထုံးစံအတိုင်းပင် သနပ်ခါးကို ထူထူလိမ်းကာ မှန်ကို လေး ငါး ခေါက်လောက် ကြည့်သည်။
"အမေ အထွန်းသွားပြီနော် ၊ ရေနွေး တည်ပေးခဲ့တယ်"
"အေးအေး "
အမေ့ထံမှ စကားသံကြားရပြီးသောအခါတွင်တော့ ပုဆိုးရှည်ရှည်အောက်တွင် ခြေအိတ်ရှည်ရှည်ကို ဝတ်ပြီး ခြေညှပ်ဖိနပ်ကို ဟန်ပါပါစီးပြန်သည်။
ဖိနပ်စီးပြီးသောအခါတွင်တော့ အထွန်းက ခြေထောက်ကို ငုံ့ကြည့်သည်။
ဒီနေ့တော့ အထွန်းရဲ့ ခြေသည်း ဖြူဖြူလေးတွေကို မမြင်ရတော့ဘူး။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"