"ဟဲလို ကိုမိုး""အထွန်း ဖုန်းချလိုက်နော် ဒီဘက်က ပြန်ခေါ်လိုက်မယ်"
အထွန်းက ဖုန်းကိုအသာချသည်။
ကိုမိုးက အဲလိုပဲ ၊ အထွန်း ပိုက်ဆံကုန်မှာစိုးလို့တဲ့ ။
သူ့ဘက်ကပဲ အမြဲတမ်းပြန်ပြန်ခေါ်တယ်။ဖုန်းလာသံကြားမှ အထွန်းက ဖုန်းကို ပြန်ကိုင်သည်။
"ဟဲလို"
"အထွန်း နေကောင်းလား"
"ဟုတ် ကောင်းပါတယ်၊ ကိုမိုးရော"
နေကောင်းလား ဟူသော စကားမှ အစချီကာ ဖုန်းပြောကြရာတွင် အထွန်း၏ တစ်နေ့တာ အကြောင်းပါသည်။ ကိုမိုး၏ တစ်ပတ်တာ အကြောင်းပါသည်။ ခြံထဲမှ အပင်များအကြောင်းပါသလို ပန်းတွေပွင့်သည့်အကြောင်းလည်းပါသည်။
"ဒီတစ်ယောက်က ဖုန်းပြောတာ မပြီးတော့ဘူးလား"
အထွန်းက စကားပြောခွက်ကို လက်ဖြင့်အသာပိတ်လိုက်ရင်း နောက်သို့လှည့်ကြည့်သည်။
ဘယ်တုန်းကတည်းက စောင့်နေတာပါလိမ့် ။
စိတ်မရှည်သည့် အမူအရာကို တွေ့လိုက်ရတော့ အထွန်း အားနာမိရတော့သည်။အထွန်းက အသံတိုးတိုးဖြင့်
"ကိုမိုး အခြားသူတွေ စောင့်နေကြတယ် အထွန်း ဖုန်းချတော့မယ်နော်"
"အင်း ဘာမှာဦးမလဲ အကို နောက်တစ်ပတ်လောက်ဆို ပြန်လာတော့မယ် "
"မမှာတော့ပါဘူး"
အထွန်းက ကိုမိုးကိုပဲ တွေ့ချင်တာပါ ။ ကိုမိုးသာ ရှိနေရင် အထွန်းအတွက် ဘာလက်ဆောင်မှ မလိုပါဘူး။
"ဒါဆို ဒါပဲနော် ၊ အခြားလူတွေ စောင့်နေကြတယ်"
အထွန်းက ဖုန်းချပြီး ပိုက်ဆံရှင်းသည်။ ကိုမိုးဘက်က ခေါ်တော့လည်း အထွန်းရှင်းရသက်သာပါသည်။
ကိုမိုးပြန်ခေါ်ပေးနေတာ တော်ပါသေးရဲ့ ၊ မဟုတ်ရင် အထွန်းတော့ ဖုန်းခ နဲ့တင် မွဲမှာပဲ။
"ဟိတ် ဟိုအခြောက်လေး အဲလောက်အကြာကြီး ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
လှောင်ရယ်နေသော မျက်နှာပေးဖြင့် ပြောလိုက်သောစကားကို ဘယ်သူနဲ့ပြောပြောပေါ့ ဟု စိတ်ထဲမှ ပြန်ပြောရင်း အထွန်း မျက်နှာငုံ့ထားလိုက်မိသည်။ လူတွေက အရမ်းစပ်စုကြတာပဲ ။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romance"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"