"အထွန်းရေ ရော့"
လက်ထဲသို့ရောက်လာသော ဖိတ်စာသည် ရေမွှေးနံ့သင်းနေသည်။
"မလာလို့မရဘူးနော် "
"လာမှာပေါ့ နင်ကလည်း "
အထွန်းသည် မျက်လုံးကို မှိတ်ကာ ဖိတ်စာကို နမ်းကြည့်ပြန်သည်။ မွှေးလိုက်တာ ။
"ဟဲ့ ဒါနဲ့ အထွန်း သတင်းကောင်းရှိတယ်"
"ဘာတုန်း"
"နင့် ကိုမိုးကိုလည်း ဖိတ်ထားတယ်တဲ့ "
ကိုမိုးဟု ကြားရုံဖြင့်ပင် အထွန်း မျက်လုံးတို့ ဝိုင်းစက်လာလေသည်။
"ဟဲ့ ဘယ်လိုဘယ်လို"
"အေး ဟိုဘက်က သိတာပေါ့ဟာ ၊ ငါ ဖိတ်စာတွေပေါ် နာမည်တပ်ရင်း ကြည့်မိတာ ၊ ကိုကျော်မိုးနာမည်တော့ ပါတယ် ၊ လာမလာတော့ ငါလည်း မသိဘူးပေါ့ "
"လာပါစေ လာပါစေ "
အထွန်းက စိတ်လိုလက်ရပင် ခေါင်းတစ်ဆက်ဆက် ညိတ်ကာ ရယ်သည်။ လှကြည်က မျက်စောင်းထိုးသည်။
"အမလေး ဟိုနေ့တွေကနဲ့ ကွာပါ့နော် "
"အတူတူပါပဲဟဲ့ နင်ကလည်း"
"မညာပါနဲ့ အထွန်းရယ် နင့်အကြောင်း ငါမသိတာလည်းမဟုတ်ဘူး "
ထိုအခါမှ အထွန်းသည် သွားဖြဲကာ မျက်လုံးမှိတ်သည့်အထိ ပြုံးပြရင်း ခေါင်းကို တောက်လျှောက်ညိတ်သည် ။ အထွန်း ခေါင်းညိတ်ပုံကို ပုတ်သင်ညိုများသာ မြင်သွားလျှင် ဆရာတင်လိမ့်မည်မှာ အသေအချာပင်။
ထိုနေ့က အထွန်း ဈေးရောင်းကောင်းပါသည်။ ပိုက်ဆံမှားအမ်းမိသည့် ကိစ္စမျိုးလည်း မရှိတော့သလို မျက်ရည်ဝဲရသည့် ကိစ္စမျိုးလည်း မရှိတော့။
သို့သော်လည်း လှကြည်သည် ပြုံးပြုံးရွှင်ရွှင်မနေနိုင်ရှာ။ ပြည့်စုံသည့်ဘဝကို ရောက်မည့်သူ ဖြစ်သော်လည်း မျက်နှာညှိုးနေလေသည်။
လက်ထဲတွင်မူ အမည်မပါသော ဖိတ်စာ တစ်စောင်ကို ကိုင်ထားရင်းက ငိုင်နေပြန်သည်။
အထွန်းက လှကြည်ကို မြင်သောအခါ အားပေးစကားပြောချင်မိသည်။ သို့သော် အထွန်းသည် ချက်ချင်းပင် ခေါင်းကိုခါသည်။
YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romansa"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"