အရှေ့သို့ရောက်လာသော ခြေဖမိုးတစ်စုံ၏ ပိုင်ရှင်ကို မော့ကြည့်မိတော့ အထွန်း မျက်နှာလေး မသိမသာပင် ညှိုးသွားရသည်။
အထွန်း မျှော်နေတာ ကိုမိုး ကိုလေ။ ကိုထက်အောင် မှ မဟုတ်တာ။
"ဪ အကို "
အထွန်း ပြုံးပြလိုက်ရင်းက ဂေါ်ဖီ တစ်လုံးကို အိတ်ထဲ ထည့်ပေးလိုက်သည်။
"အထွန်း ဟိုနေ့က ကျေးဇူးပဲနော် "
"ဟုတ် ရပါတယ် "
ကိုထက်အောင်က အထွန်းကို တစ်ထောင်တန် အသစ်တစ်ရွက်ကို ပေးပြီးနောက် အလျင်အမြန်ပင် ထွက်သွားတော့သည် ။
"ဟဲ့ အထွန်း ၊ အဲ့ဒါ သစ်တောရုံးနားက အကိုကြီး မလား"
" နင်မသိတာ ဘာရှိသေးလဲ"
အထွန်း မျက်စောင်းထိုးရင်း မေးလိုက်တော့ လှကြည်က ရယ်ပြရင်း
"ငါလည်း မသိတာ ရှိပါသေးတယ်ဟယ် ဒါနဲ့ ပြောရဦးမယ် "
"ဘာလဲ"
"ဟိုအိမ်က ကိုမိုး ပြန်ရောက်နေပြီတဲ့ သိလား "
"ကိုမိုး လား "
"အေး နင့်ကိုမိုး"
နင့် ကိုမိုး ဟူသော စကားကြောင့် အထွန်း နောက်တစ်ကြိမ် မျက်စောင်းထိုးမိပြန်သည်။ သို့သော်လည်း ထိုတစ်ကြိမ်တွင်တော့ အထွန်း ပြုံးမိသွားသည် ။
ပြန်ရောက်လာပြီပဲ ၊ ကိုမိုး ပြန်ရောက်လာပြီပဲ။
******
ပင်ယံထက်တွင် ကံ့ကော်ပွင့်တို့သည် တင့်တင့်တယ်တယ်ပင် လှနေသည်။ လေ တစ်ချက် တိုက်လိုက်တိုင်း ပန်းခက်တို့က ယိမ်းနွဲ့ကာပင် လှုပ်ယမ်းနေသည်။
ပွင့်ဖတ်ဖြူဖြူ ၊ ဝတ်ဆံ ဝါဝါ နှင့် ကံ့ကော်ပွင့်တို့က အစိမ်းရင့်ရောင် အရွက်များကြားတွင် ဟိုတစ်ပွင့် သည်တစ်ပွင့် ။အထွန်းမခူးရက်လိုက်တာ ၊ ဒါပေမယ့် ကိုမိုးအတွက်ပဲ။
အထွန်းက ကံ့ကော်ပင်ကို ခွင့်တောင်းသလို တစ်ချက်ကြည့်သည်။
ထို့နောက်တွင်တော့ ဝါးလုံးရှည်ရှည်တစ်ချောင်းကို ယူကာ ကံ့ကော်ပင်ကို လှည့်ပတ်ကြည့်တော့သည်။

YOU ARE READING
ပုလဲတို့ဖြင့်ဖွဲ့သီသော ( Completed)
Romansa"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"