Unicode
မနက်လင်းလင်းချင်း ထိုးကိုက်ခဲနေသော ဦးခေါင်းကြောင့် ဘခ်ဟျွန်းမျက်လုံးမဖွင့်ခင်တွင်ပင် မျင်မှောင်ကြုတ်လိုက်မိသည်။ ယခုအချိန် သူဘယ်ရောက်နေမှန်းတောင် စဥ်းစားလို့မရ။ ဖြည်းဖြည်းချင်း အားတင်းဖွင့်ကြည့်မိတော့ မျက်စိတည့်တည့်ထိုးကျနေသော နေရောင်ကြောင့် ခေါင်းပိုမူးသွားသယောင်။ မျက်လုံးပြန်မှိတ်ချကာ နေမထိုးသည့်နေရာကို ဖြည်းဖြည်းချင်း ရွှေ့ပြီးမှ ပြန်ဖွင့်လိုက်ရသည်။
ခေါင်းကိုဖိကိုင်ထားပြီး ညည်းလိုက်ချင်သော်ငြား အာခေါင်တွေ ခြောက်နေပြီး ရေဓာတ်လိုနေသည့်နှယ်။ အသံတစ်သံပင် မထွက်နိုင်သည်မို့ ဖြည်းဖြည်းချင်းထကာ မီးဖိုချောင်ထဲဝင်လာရသည်။ စောစောစီးစီး ရေခဲသေတ္တာထဲက ရေအေးကိုထုတ်ယူသောက်လိုက်တော့မှ ခေါင်းကြည်သွားသယောင် ခံစားလိုက်ရပြီး ဦးနှောက်အလုပ်ပေးလာနိုင်၏။
မြင်ကွင်းက ရှင်းရှင်းလင်းလင်းဖြစ်သွားတော့မှ အိမ်ပြန်ရောက်နေသည်ပင်။ သို့သော်ငြား ညက မည်သူပြန်လိုက်ပို့သလဲ မမှတ်မိ။ နောက်ဆုံး မှတ်မိသည်ကား တစ်ခွက်သောက်ပြီး ယိုင်လဲသွားချိန်သာဖြစ်ပြီး ထိုနောက်ပိုင်းကို တွေး၍မရ။ ခေါင်းသာပိုပိုထိုးကိုက်လာသည်မို့ စိတ်ပျက်လက်ပျက် ကျစ်စုပ်သက်ကာ ဗီရိုပေါ်လှမ်းကြည့်လိုက်သည်။
ထုံးစံအတိုင်း အကြည့်ချင်းမဆုံချင်သည့်အလား ဖင်ပေးအိပ်နေသော ကြောင်နက်ကိုတွေ့လိုက်ရသည်။ တမင်ဖမ်းချင်၍ သောက်ပါသည်ဆိုမှ မည်သို့မည်ဖုံဖြစ်၍ အသေကောင်လို တန်းအိပ်ပျော်သွားရသည်လဲ !
ခေါင်းကုတ်နေရင်းမှ ဆံပင်တို့ကို ဆွဲဖွပစ်ကာ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ ဘေစင်ရှေ့တွင် ရပ်ကာ ရေအေးဖြင့် မျက်နှာသစ်ချလိုက်တော့ ခုနကထက် တော်တော်ကို စိတ်လန်းသွား၏။ အရက်ရှိန်ကြောင့် ထိုးကိုက်ခဲနေသော ဦးခေါင်းကသာ နာကျင်နေသော်ငြား သိပ်ပြီး နုံးချိကိုက်ခဲနေသည်မျိုးဖြစ်မနေ။ ခေါင်းမော့ကာ မှန်ကြည့်လိုက်တော့မှ ပြောင်းလဲနေသော အဝတ်အစားကြောင့် ဘခ်ဟျွန်း မျက်မှောင်ကြုတ်လိုက်မိသည်။

YOU ARE READING
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...