Unicode
အိပ်တစ်ဝက် နိုးတစ်ဝက်အခြေအနေ၌ ချန်းယောလ်ရင်ဘတ်ပေါ်တွင် အလေးတုံးတစ်ခုနှင့် ဖိထားသည့်နှယ် ခံစားနေရသည်။ ငှက်အော်သံတစ်ချို့ တကျီကျီနှင့်ကြားလာရတော့မှ မျက်လုံးတို့ ဖွင့်ကြည့်မိတော့ ရုတ်ချည်းမြင်လိုက်ရသည်က ရင်ဘတ်ပေါ် မှောက်နေသော ခေါင်းလုံးလုံး။ လန့်ဖြတ်သွားသော်ငြား ရုတ်တရက် မလှုပ်ရှားမိစေရန် စိတ်အမြန်ထိန်းလိုက်နိုင်သည်။
ဆိုဖာက လူနှစ်ယောက်အတွက် ကျဥ်းကျပ်နေသည်မို့ ဘေးချင်းကပ်အိပ်၍မရဘဲ ချန်းယောလ်အပေါ် ထပ်ရက် မှောက်အိပ်နေပုံပေါ်သည်။ ရယ်ရခက် ငိုရခက်ပင်၊ ပုခုံးတစ်ချက်ပုတ်ကာ နှိုးလိုက်သော်ငြား ခေါင်းကို တစ်ဖက်စောင်းရုံသာ လှုပ်သွားပြီး ကျကျနန နေရာယူ ပြန်အိပ်သွားသည်။
ချန်းယောလ်အားလျော့စွာ ခေါင်းနောက်ပြန်မှီချလိုက်သည်။ ပြတင်းပေါက်က ဝင်ရောက်နေသော အလင်းရောင် ကြည့်ရသလောက်တော့ တော်တော်နေမြင့်နေပြီ ဆိုတာ သိသာသည်။ ဤနေ့နှင့်ဆို အတူရှိတာ နှစ်ရက်မြောက်ထင်။ ဘယ်နှရက်ထိ ရှေ့ဆက်သွားနေပြီး ဘယ်အချိန်မှာ ခွဲသွားမလဲမသိသော်ငြား ရင်ဘတ်ထဲ၌ တဒုန်းဒုန်းမြည်အောင် ပြုစားထားသော တရားခံကတော့ အေးဆေးစွာ၊ အိပ်မောကျလျက်။
မဖြစ်။ တစ်ခါနိုးသည်နှင့် မျက်လုံးကမှေးစင်းခြင်း အလျဥ်းမရှိ၊ နိုးနိုးကြားကြားဖြစ်မြဲမို့ အိပ်ချင်ယောင်ဆောင်ပြီး ခေါင်းလုံးလုံးလေးကို ဇိမ်ခံနေ၍လည်းမရ။ ထမှရမည်။ ချန်းယောလ် လက်တစ်ဖက်ကို မိုချီတုံးဦးခေါင်းနောက် ထိန်းကိုင်ကာ ရင်ဘတ်ထံ တင်းတင်းကျပ်ကျပ် ကပ်လိုက်သည်။ နေရာတကျမြဲပြီဆိုသည်နှင့် ရုတ်ချည်း ပက်လက်နေရာမှ မှောက်ချလိုက်သည်က ဝှစ်ကနဲ။ တော်ရုံအကြည့်ဖြင့်ပင် ဖမ်းလိုက်မရသလို ရင်ခွင်ထဲက ပေါက်စလည်း အသက်ရှူသံပင် တစ်ချက်မပျက်သွား။
စိတ်ထဲသက်ပြင်းဖွဖွချပြီး လက်ကိုအသာလွှတ်ကာ ဆိုဖာလက်ရန်းပေါ် သက်သောင့်သက်သာ ဖြစ်စေရန် ခေါင်းတင်ပေးလိုက်သည်။ တရှူးရှူးနှင့်နိုးမလာသေး။ ချန်းယောလ်သိသလောက်ဆိုလျှင် ဒီအချိန်ဆို မိုချီတုံးကျောင်းသွားရလိမ့်မည်သာ။

YOU ARE READING
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...