Unicode
အတန်ငယ် မှောင်မိုက်နေသောအခန်းထဲ ထိုင်နေသော ချန်းယောလ်မှာ သိသိသာသာပင် မျက်နှာထားဟာလည်း တင်းမာလျက်။ သို့တိုင် ဆယ်ဟွန်းကတော့ ပြောစရာရှိသည်ကို ဆက်ပြောရသည်။
"ဟိုတလောက နတ်ဝိဉာဥ်သစ်ပင်ရဲ့ဂိတ်က ပွင့်ဖို့ကြန့်ကြာနေတယ် ဆိုကတည်းက ငါရိပ်မိခဲ့သင့်တာ၊ ကြည့်ရတာ အင်အားယုတ်လျော့မှုက အဲ့အချိန်ကတည်းက အရိပ်အမြွက်ပြနေတာ ဖြစ်မယ်"
စကားတွေအများကြီးပြောလာသည့်တိုင် မည်သည့်စကားလုံးကမှ ဖြေရှင်းဖို့နည်းလမ်းမပါလာခဲ့ချေ။ ချန်းယောလ်၏ အတွေးတို့အား ရိပ်မိနေသူပီပီ ဆယ်ဟွန်းသည်လည်း သက်ပြင်းဖျော့ဖျော့ချလာ၏။
"ဘယ်သူမှဒါကို မကြုံတွေ့ဖူးသေးဘူး ချန်းယောလ်"
ချန်းယောလ်ရင်ဘတ်ထဲ မမြင်နိုင်သည့်ကြိုးစအသွယ်သွယ်က အားဖြင့် ထပ်တလဲလဲရစ်ပတ်ထားသည့်အလား၊ တင်းကြပ်လွန်း၍ သူ့အားအသက်ရှူကြပ်လာစေ၏။
"ဘခ်ဟျွန်းက ပထမဆုံးအကြိမ်ကြုံတွေ့ရတာမလို့ ဒီသစ်ပင်က နှလုံးသားတစ်ခုကနေ ပေါက်ဖွားတာတောင် အခုမှသိရတာ"
"တော်တော့"
ချန်းယောလ်သည် အသံခပ်ရှရှဖြင့် ဝင်ရောက်တားမြစ်လာ၏။
သူ့မျက်လုံးထဲတွင် လက်ဆစ်ဖြူဖြူလေးများထင်းထွက်လုမတတ် ရင်ဘတ်ကိုဆုတ်ကိုင်ကာ အမောတကောအသက်လုရှူနေသော ပုံရိပ်လေးက ယခုအချိန်ထိ မထွက်သွားသေးချေ။ ထိုစကားတွေနားထောင်နေရတာ သူ့အားပို၍ပင် ညှဥ်းဆဲနေသလို ခံစားရလာသည်။
ချန်းယောလ်သည် ဟက်ကနဲ သူ့ကိုယ်သူလှောင်ရယ်လာ၏။
"အဲ့ဒီတော့ ငါကဘာမှမလုပ်ပေးနိုင်ဘဲ ဒီအတိုင်းကြည့်နေရုံပဲ တတ်နိုင်တာပေါ့"
ဆယ်ဟွန်းသည် ဘာစကားမှမဆိုမိပါချေ။ ဤအချိန်တွင် မည်သို့သော နှစ်သိမ့်စကားလုံးကမှ ထိုးပေါက်နိုင်မည်မဟုတ်သည်မို့။
ချန်းယောလ်သည် ဘခ်ဟျွန်းအားအိပ်မွေ့ချပြီး ဆယ်ဟွန်းအား စစ်ဆေးစေခဲ့သည်။ အခြေအနေသည် သိသိသာသာကို အဆိုးဘက်ကို ညွှန်ပြလျက်ပေ။ ဘခ်ဟျွန်း၏ရင်ဘတ်ထဲ ပိုးမွှားစတစ်ခုနှယ် တွယ်ကပ်ထားသော တစ်စုံတစ်ခုရှိနေသည်။ ထိုအရင်းအမြစ်ကနေ နာကျင်မှုသည် နေ့တိုင်းလိုလိုနှိပ်စက်နေခြင်း ဖြစ်ကြောင်း ပြောမိတော့ ချန်းယောလ်သည် ခွဲထုတ်ဖို့ကိုဆိုလာ၏။
ESTÁS LEYENDO
The LOEY
Fanficတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...