Unicode
ဘခ်ဟျွန်းစားပြီးသောက်ပြီးသည်နှင့် နေ့လယ်နေ့ခင်းမို့ နားရန်စဥ်းစားမိသော်ငြား အိပ်ရာထဲက စောင်က ဘခ်ဟျွန်း ယမန်နေ့ညက ရွှံ့မှုန့် ဖုန်မှုန့်များကြောင့် ပေကျံနေသည်။ လျှော်မှဖြစ်မည်။ မဟုတ်လျှင် သူ့ခန္တာကိုယ်က ယားလိမ့်မည်မှာ မလွဲမသွေ။ ခက်သည်က အဝတ်လျှော်စက်မရှိ။ ချန်းယောလ်ကို ပြောရဦးမည်။
လိုအပ်သမျှနှင့် ပတ်သက်ပြီး တောင်းဆိုနေမှုအပေါ် အားနာသလားဆို အားမနာပါ။ ကိုရီးယားနိုင်ငံ အချမ်းသာဆုံး သူဌေးဆယ်ယောက်ထဲက တစ်ယောက်၏ 'ဥက္ကဌ' ဟု ခေါ်ဆိုမှုကို ခံနေရသူလေ။ နည်းနည်းတော့ အသုံးအဖြုန်းနှင့် ပတ်သက်ပြီး ယုံကြည်ချက် လက်တွန့်နေသေးသော်ငြား ထိုကဒ်အကြောင်း ပြန်တွေးလိုက်လျှင် အေးဆေးဖြစ်သွားမြဲသာ။
လောလောဆယ်တော့ လိုရမယ်ရ ဝယ်လာသည့် ကော်ဇလားကြီးသာ လျှော်ဖွပ်ရန် အသုံးပြုရတော့မည်။ သက်ပြင်းတစ်ချက်ချကာ အိပ်ရာပေါ်က ဆင်စွယ်ရောင် စောင်ကြီးကို မယူလိုက်သည်။ ဖက်လိုက်သည်နှင့်ပင် အိစက်နစ်ဝင်သွားပုံက ဘခ်ဟျွန်းအိမ်က စောင်နှင့်တစ်ခြားစီ။ မနိုင်မနင်း သယ်ကာ အခန်းထဲကထွက်လာပြီး ထိုင်ခုံသေးသေးပေါ် ခေတ္တပုံချထားလိုက်သည်။ ထို့နောက် ကော်ဇလားထဲ ထည့်ကာ သယ်ရင်းရှေ့ထွက်လာလိုက်တော့ ကွတ်ပျစ်မှာထိုင်နေသော ချန်းယောလ်နှင့်တိုးသည်။
အိမ်တံခါးဝကို ကန့်လန့်ဖြတ် ခြေတစ်ဖက်ဆင်းထိုင်ကာ အပြင်ဘက် အကြည့်ပို့ထားသောငြား ဘခ်ဟျွန်းခြေသံကြောင့် လှည့်ကြည့်လာ၏။ အမြဲလိုလို ရေသေကန်နှယ် တည်ငြိမ်နေသော မျက်နှာထားက ဘယ်အချိန်ဘယ်လိုကြည့်ကြည့် ဘခ်ဟျွန်းကို ရင်ခုန်အောင် လုပ်နိုင်မြဲပင်။ ဘခ်ဟျွန်းကိုတွေ့သည်နှင့် အရင်မေးလာ၏။
"အိပ်မလို့ဆို ဘာလို့ပြန်ထွက်လာတာလဲ"
လက်ထဲက ကော်ဇလားကို အကြည့်ရောက်ကာ ဆိုလာသည်မို့ ဘခ်ဟျွန်းလည်း မနိုင်မနင်း မြှောက်ပြလိုက်သည်။
"စောင်လျှော်ချင်တာ ရေချိုးခန်း ဘယ်နားရှိမှန်းမသိလို့"
ချက်ချင်းပင် ဆင်းထားသည့်ခြေတစ်ဖက်ကို ရုတ်ကာ မတ်တပ်ရပ်လိုက်သည်။ အစက ငုံ့ကြည့်ပြောနေရသည့် အကွာအခြားက ထိုလူမတ်တပ်ရပ်လိုက်သည်နှင့် ဘခ်ဟျွန်းက ချက်ချင်းမော့ကြည့်ရသူ ဖြစ်သွားသည်။ မျက်နှာချင်းဆိုင် ဖြစ်နေရာမှ အသိမဝင်ခင် လက်ထဲက ကော်ဇလားကို ဆွဲယူကာ နောက်ထဲ ဝင်သွားသည်။

ESTÁS LEYENDO
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...