Part 46

2.5K 275 98
                                    

Unicode

မိုးလင်းခါနီးအချိန်၊ အနည်းငယ်မှောင်ရီဝိုးတဝါးဖြစ်နေသော ဧည့်ခန်းအတွင်း အီဂျူး၏ မျက်ဝန်းတစ်စုံဟာ လှစ်ဟပွင့်လာခဲ့သည်။ စူးရှနေပုံသည် တစ်ညလုံးအိပ်ပျော်နေသည်ဟု မထင်ရစွာပင် တောက်ပကြည်လင်နေလျက်၊ ထူးဆန်းမှုအစုစုတို့ ဖြစ်တည်လာသည်နှင့် သတိချပ်ရန် ကင်းစောင့်နေသည့်နှယ်။

ပုံမှန်ဆို အီဂျူးသည် အအိပ်မက်သည့်ထဲပါသည်မို့ ယခုကဲ့သို့ တစ်ရေး နိုးလေ့နိုးထမရှိချေ။ ပတ်ချန်းယောလ်၏ လေ့ကျင့်သည်ဟူသော ခေါင်းစဥ်အောက် ညှင်းပန်းနှိပ်စက်မှုတွေကြောင့်ပဲ လန့်နိုးလွယ်နေသလား၊ ယခင်ကထက်ပဲ အာရုံစူးစိုက်မှုပိုကောင်းလာသည်လားတော့ သူမသိ။

လောလောဆယ် သူ့မျက်ဝန်းတွေပွင့်လာသည့် အကြောင်းအရင်းက လေထုသည် တစ်စုံတစ်ခုထူးဆန်းနေ၍သာ။

ထင်သည့်အတိုင်းပင် နိုးလာချင်းမှာပင် သူ့အာရုံထဲဝင်လာသည်က သံထည်တစ်ခုနှင့်တစ်ခု ပွတ်တိုက်ထိတွေ့နေသော အသံညံညံဖြစ်ပြီး အသံလာရာဘက်လှည့်ကြည့်လိုက်တော့ ဓားထားရာနေရာဖြစ်နေသည်။

ဓားသည် အသက်ဝင်နေသည်။ ယခုတလော ထိုကောင်ငြိမ်ချက်သားကောင်းနေသည်မှာ ကြာပြီဖြစ်သလို အသက်ဝင်လျှင်လည်း ထိုကဲ့သို့ကြမ်းကြမ်းတမ်းတမ်းဖြစ်လေ့မရှိ။ ယခုတော့ဖြင့် ကြမ်းကြမ်းတမ်းတမ်းလှုပ်ယွနေသည်မှာ တစ်စုံတစ်ခုထံမှ ပြင်းပြင်းထန်ထန် လွတ်မြောက်ချင်နေသည့်အလား။

မည်သည့်အန္တရာယ်လာလာ ရင်ဆိုင်မည်ဟူသော အကြည့်တို့ဖြင့် စူးရှနေသည့် အီဂျူးမျက်ဝန်းတို့က ဓားဆိုသည်ကိုသိသွားသည်နှင့် ချက်ချင်းပင် အမြှီးများကုပ်ဝင်ကာ ခန္ဓာကိုယ်ကို ပိုကြုံ့လိုက်မိသည်။

အီဂျူးထိုဓားကိုကြောက်သည်။
ထိုကောင်က သူ့ကိုဒဏ်ရာရအောင်လုပ်ဖူးသည်တစ်ဖြစ်လည်း သူ့ထက်အင်အားကြီးနေသလို အမြဲခံစားနေရ၍ဖြစ်သည်။

ကြောက်အားလန့်အားဖြင့် ချောင်ထဲပိုကုတ်ဝင်မိလိုက်သော်ငြား မျက်ဝန်းများကိုတော့ မမှေးမှိတ်ထားဘဲ သတိအပြည့်ဖြင့် ထိုနေရာကိုစိုက်ကြည့်နေရဆဲ။ ဓားသည် မယုံရသလို ယခုအချိန်တွင် ပုံမှန်စိတ်အခြေအနေလည်း ဟုတ်ပုံမရ။ တစ်စုံတစ်ခုထူးဆန်းနေသည်မို့ အီဂျူးစိတ်ထဲ ပိုကူကယ်ရာမဲ့လာစေသည်။

The LOEYTempat cerita menjadi hidup. Temukan sekarang