[ Unicode ]
ချန်းယောလ်ယခုအချိန်တွင် အနည်းငယ်တုံးအမိသွားသည်ကို ဝန်ခံမိသည်။ အိမ်ပတ်လည်စည်းကျိုးပျက်သွား၍ ဒေါသထွက်ကာ ရန်ရှာရန်ပြင်သည်တဲ့။ သို့တိုင် ထိုစည်းကိုဖောက်၍ရသည်က အိုဆယ်ဟွန်းသာရှိပြီး ယခုလိုရန်မူနေသည့်သူ့အပြုအမူက မပိုင်ဆိုင်သည့်အရာကို ကာကွယ်ချင်နေသည့် ကလေးတစ်ယောက်လိုမျိုး ဖြစ်သွားသည်ကို ပြန်စဥ်းစားမိတော့ ကိုယ့်ကိုယ်ကိုယ် ငတုံးငအလိုပင် ခံစားလိုက်ရသည်။ အိုဆယ်ဟွန်းကတော့ ပြုံးမြဲသာနေပြီး ချန်းယောလ်၏ အစအဆုံးထူးဆန်းနေပုံတွေအပေါ် သတိမထားမိသလိုနှင့် မေးခွန်းမထုတ်။
သို့တိုင် ဤအခြေအနေတွင် မည်သို့တုန့်ပြန်သင့်သလဲ ဆိုသည်ကို ချန်းယောလ်စဥ်းစားမရပါချေ။ ထိုအချိန်တွင် အနောက်ပါးက အသံထွက်လာ၏။
"ဟင် ဆယ်ဟွန်းအိုပါး ? ဘယ်လိုလုပ်ဒီရောက်လာတာလဲ"
ဆယ်ဟွန်း၏အာရုံတို့က သူ့ကိုသွေဖယ်လျက် အနောက်ပါးသို့ရောက်သွားကာ ချက်ချင်းပင်သားကောင်မိသလို အမူအရာဖြစ်သွား၏။
"ဟေး မီရာ လည်လို့ဝပြီလား၊ အိုပါးနဲ့အတူ စံအိမ်ပြန်ရအောင်လာခေါ်တာ"
မီရာ ဆိုသော ကလေးမသည် ဆယ်ဟွန်း၏ ခပ်ပြုံးပြုံးမြူဆွယ်မှုကို လက်မခံ။ ချန်းယောလ်လက်တစ်ဖက်အား ချိတ်တွယ်ကာ ခေါင်းခါရင်းဆိုလာ၏။
"မဝသေးဘူး သမီးကိုချန်းယောလ်အိုပါးက ကစားကွင်းလိုက်ပို့မယ်ပြောထားတယ် နော် လိုက်ပို့မယ်မလား အိုပါး ?"
မော့ကြည့်ကာမေးနေသော ကလေးမကို ချန်းယောလ်ပြန်ဖြေရန် အာရုံမရ။ မီရာကို အားမလိုအားမရ ဆွဲခေါ်မည့်ဟန်ဖြင့် အထဲကိုဝင်ဖို့ပြင်လိုက်သော အိုဆယ်ဟွန်းရှေ့ကနေ သူပိတ်ရပ်မိလိုက်သည်။ ဦးနှောက်ထက် ခြေလှမ်းတို့က မြန်ဆန်ကာ အလျင်စလို ပြုမူမိလိုက်ခြင်းဖြစ်ပြီး အပြုအမူသည် စကားတစ်ခွန်းတည်းကို ကိုယ်စားပြုနေသည် --- မကြိုဆို ဟူ၍။
အိုဆယ်ဟွန်းကတော့ နားမလည်သည့်ဟန် ခပ်ကြောင်ကြောင်ကြည့်လာပြီး စကားပြောမည့်အချိန်တွင် ချန်းယောလ် ကိုယ့်အပူနှင့်ကိုယ်မို့ အလျင်စလို ဖြတ်ပြောမိလိုက်သည်။

ESTÁS LEYENDO
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...