/ ရှစ်နှစ်ကြာပြီးနောက် /
မိုးလင်းတာနဲ့ လင်းအရုဏ်အခန်းဟာ ကြွက်ဝင်သလို ဆူညံတတ်တာ တစ်အိမ်လုံး အသားကျနေသည့် သဘာဝတရား။ အခန်းထဲကနေ ခုန်ပျံထွက်၊ ရှိသမျှပစ္စည်း ခလုတ်တိုက်ပြီးမှ အခန်းအပြင်ရောက်သည်။
" အမေ သားသွားတော့မယ်။ မမ စျေးထွက်သွားတာကြာပြီလား?"
" ကြာပေါ့"
" ဟာ ပြဿနာပဲ။ အိပ်ရာထနောက်ကျနေတာ"
" သူလာမှ အတူတူသွားကြလေ"
" မရဘူး။ ဒီနေ့ သားကိုဆိုင်ဖွင့်ခိုင်းထားတာ။ ပြင်ဦးလွင်က ကော်ဖီစေ့တွေလည်း ဒီမနက်ရောက်မယ်တဲ့။ သူပြန်လာလို့မှ အိမ်ကမထွက်ရသေးရင် သေလိမ့်မယ်"
" နေဦးဟဲ့။ မနက်စာ!"
" တော်...အု"
ငြင်းတော့မည်ဆိုတာကို သိနေသလို အမေက မပြောမဆို ပါးစပ်ထဲ ငှက်ပျောသီးတစ်လုံး စွက်ခနဲ ထိုးထည့်သည်။ နှုတ်ခမ်းမှာပေနေတဲ့ ငှက်ပျောသီးအနှစ်တွေ အမေ့ပါးမှာ တမင်ပေသွားအောင် ပစ်နမ်းပစ်လိုက်၏။
" ဟယ် ဒီကလေး ညစ်ပတ်ပြန်ပြီ"
" သွားပြီ အမေ"
ညူစူစူပုံနဲ့ ပါးပေါ်က ငှက်ပျောသီးအနှစ်တွေကို သုတ်နေပေမယ့် အမေစိတ်မဆိုးမှန်းသိသာ၏။ မောင်နှမသုံးယောက်ထဲက အငယ်ဆုံးလေးမို့ အမေက လင်းအရုဏ်ကိုဆို အချစ်ပိုသည်။ အခန်းထဲက ထွက်လာနေပြီဖြစ်တဲ့ အဖေ့ကိုပါ တစ်ပါ တည်း နှုတ်ဆက်လိုက်သည်။
" သွားပြီ ဖေကြီး။ ရုံးကို ကားဂရုစိုက်မောင်းသွားဦး"
မင်းနှယ် ယောကျာ်းလေးဖြစ်ပြီး ရှပ်ပြာရှပ်ပြာနဲ့တွေ၊ အိပ်ရာထနောက်ကျပြန်ပြီလားတွေ၊ ဆိုင်ကယ်သေချာမောင်းသွားတွေ၊ အပြန်ကျ ဆိုင်တံခါးသေချာပိတ်ဖို့ မမေ့နဲ့တွေ ထပ်မကြားချင်တော့တာကြောင့် အားလုံးကို ကျောခပ်မြန်မြန်ခိုင်းကာ အိမ်ထဲကနေ ပြေးထွက်လာခဲ့သည်။
ပြီးမှ သတိရကာ အိမ်ထဲပြန်ဝင်ပြီး ဆန်အိုးထဲက ဆန်လက်တစ်ဆုပ် နှိုက်လာခဲ့၏။ မနက်စာ ထမင်းဝိုင်းမှာ ထိုင်နေပြီဖြစ်တဲ့ အမေနဲ့ အဖေက ဘာမှမပြောတော့။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီးသာ ခပ်ပြုံးပြုံး ခေါင်းယမ်းကြသည်။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...