/ လွန်ခဲ့သော ဆယ်ခုနှစ်နှစ် /
/ ခွန်းစျာန် /
ဗုဒ္ဓဟူး ညနေခင်းတစ်ခု။ သစ်သားကြမ်းခင်းပေါ် ဝမ်းလျားမှောက်ပြီး အိမ်စာလုပ်နေတဲ့ ကျွန်တော်က လူကြီးတစ်ယောက် တက်လိုက်လို့ အနည်းငယ်လေး လှုပ်သွားတဲ့အိမ်ကြောင့် ကိုကိုကျောင်းကပြန်ရောက်ပြီဆိုတာ သိလိုက်တယ်။ ပက်လက်ကုလားထိုင်ပေါ်မှာ မှိန်းနေတဲ့ ဖေဖေကလည်း ခေါင်းထောင်ကြည့်တယ်။
"ကိုကို....ပြန်လာပြီလား"
ကိုကိုက လွယ်အိတ်ကို ပစ်ချပြီး ကုလားထိုင်ပေါ် ခြေပစ်လက်ပစ် ထိုင်ချမယ်ပြင်ပြီးမှသူ့ကို ဝမ်းသာအားရ နှုတ်ဆက်တဲ့ ခွန်းစျာန်ကို အမြင်မှာ သဲ့သဲ့ပြုံးပြီး စာအုပ်ဆီ လှမ်းကြည့်တယ်။
"လေးတန်ကျောင်းသားကြီး အိမ်စာလုပ်နေတယ်ပေါ့။ ဆရာမ ရှင်းပြတဲ့ထဲမှာ မရှင်းတာ ရှိလား"
"အများကြီးပဲ။ သား ဒီနေ့အလီမဆိုနိုင်လို့ ဆရာမက လက်ဆစ်ကို ခေါက်တယ်"
"အဲဒါကို ကြွားစရာလား"
"ဒါပေမဲ့ ဘောလုံးကန်တော့ သားချည်းပဲ သုံးဂိုးသွင်းလိုက်တာ သားတို့အသင်းနိုင်သွားလို့ ဟိုကောင်တွေ သားကို မုန့်ဝယ်ကျွေးရတာ။ ကိုကို စားဦးမလား"
အဲဒီတုန်းက Choco pie အထုပ်လေးတွေ မုန့်စျေးတန်းမှာ မရသေးဘူး။ ဒါပေမဲ့ Oishiရဲ့ Chocolate Pillowsလေးတွေ နာမည်ကြီးနေတဲ့အချိန်။ မုန့်စျေးတန်းမှာဆို တစ်ထုပ်သုံးရာနဲ့ စျေးအကြီးဆုံးပေးဝယ်စားရတာ။ သူငယ်ချင်းတွေဆီက ဘောလုံးကန်တာ နိုင်လာလို့ ရလာတဲ့ ကိုကို့အတွက်ချန်ထားတဲ့ အထုပ်လေးတစ်ထုပ်ကို ကိုကို့ကို ပေးတော့ ကိုကိုက ကြည်ကြည်ဖြူဖြူလှမ်းယူပြီး ချက်ချင်းဖောက်စားတယ်။ ကိုကို အချိုကြိုက်တာ ကျွန်တော် အသိဆုံးပါ။
"အဲ့ကောင်က ငါ့အတွက်တောင် မပါဘူး။ မင်းအတွက်ဆိုပြီး သူ့မုန့်ထုပ်ကို ဖွက်ထားတယ်လေ"
ဖေဖေက ဗိုက်ကြီးလှန်ပြီး ထိုင်နေရင်းက လှမ်းပြောတယ်။ ဖေဖေ့ကို လှမ်းကြည့်တဲ့ ကိုကိို့မျက်လုံးတွေထဲမှာ အရိပ်တစ်ခုဖြတ်ဖြတ်ပြေးနေတတ်တာကို အဲဒီတုန်းကတော့ အရမ်းငယ်သေးတာမို့ ကျွန်တော် နားမလည်ခဲ့ဘူး။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...