" စစ်နေ သင်တန်းလာအပ်တုန်းက ဖောင်ဖြည့်ထားတဲ့ ဖုန်းနံပါတ်နဲ့ အိမ်လိပ်စာလေး ငါ့ကိုပေးလို့မရဘူးလား"
ခွန်းစျာန်ကို တိုက်ရိုက်သာ ထုတ်တောင်းတော့ ခွန်းစျာန်က စာအုပ်တွေထဲမှာ ရေးကြသည့် ဘီလူးမျက်လုံးမျိုးနဲ့ ခါးထောက်ကြည့်သည်။
" မင်းလိုက်သွားမလို့လား"
" မဟုတ်ပါဘူး။ သိချင်လို့ပါ"
" လိမ်တတ်မှလိမ်စမ်း အရုဏ်။ ငါ့မျက်လုံးကို တည့်တည့်ကြည့်။ စောနကစကားကို ပြန်ပြောစမ်း"
တကယ်တမ်းကျတော့လည်း လင်းအရုဏ် မလိမ်တတ်ပါ။ ရှိုးတိုးရှန်းတန်းနဲ့သာ အကြည့်လွှဲမိ၏။ သို့သော် နောက်ဆုံးမှာတော့ ခွန်းစျာန်ဆီက သူ့အိမ်လိပ်စာကိုတော့ တောင်း၍ ရလာခဲ့သည်။ ခွန်းစျာန်ကတော့မှာ၏။
" သွားမယ်ဆိုရင်တော့ ငါ့ကိုပြောနော်။ တစ်ယောက်တည်းမသွားနဲ့။ ငါလိုက်ပို့မယ်"
သို့ပေမဲ့ အခု လင်းအရုဏ် သူ့အိမ်ရှေ့ကို ရောက်နေခဲ့ပါပြီ။ တစ်ယောက်တည်း။ ဥတ္တရသီရိက နှစ်ထပ်တိုက် အိမ်ကြီးတစ်လုံးမှာနေထိုင်သည့် သူနဲ့ ဝန်ထမ်းအိမ်ရာဘက်ခြမ်းက လင်းအရုဏ်အိမ်က အနည်းငယ်တော့ လှမ်းသည်။ ဘာပဲဖြစ်ဖြစ် ရောက်လာခဲ့ပြီမို့ ပြန်ဖို့ရာမရှိတော့။ တစ်ချက်ခုတ် နှစ်ချက်ပြတ်။ စစ်နေအခြေအနေကို စစ်ဆေးရင်းနဲ့ ကံကောင်းရင် သူ လင်းအရုဏ်ကို အနည်းငယ်ပို၍ ဂရုပြုမိမည့် အခွင့်အရေး မဟုတ်ပါလား။ ခွန်းစျာန်ကိုမခေါ်ချင်ပါ။ သူက လူချစ်လူခင်ပေါပေမဲ့ တစ်ခါတစ်လေကျ အပြောဆိုက တတ်တာမဟုတ်။
ခြံတံခါးခပ်မြင့်မြင့်ကြီးရဲ့ ဘေးတစ်နေရာမှာ လူခေါ်ဘဲလ် အသေးလေးတစ်ခုတွေ့သည်။ အရဲစွန့်ပြီး နှိပ်လိုက်ပါ၏။ သင်တန်းမလာတဲ့ ကလေးတစ်ယောက်အတွက် အိမ်အထိလိုက်လာပေးတဲ့ဆရာဆိုတာတော့ မရှိပေမဲ့ လင်းအရုဏ် ရင်ဆိုင်မှ ဖြစ်မည်။ ဘယ်သူမှ အဖတ်မလုပ်ဘူးဆိုရင်တောင် အနည်းဆုံး စစ်နေကတော့ လင်းအရုဏ်ကို မှတ်မိမှာပါ။
လူခေါ်ခေါင်းလောင်းလေး နစ်ဝင်သွားသည့် အထိအတွေ့ကတောင် အနည်းငယ် အဆန်းတကြယ်ဖြစ်နေသလိုလို။ ခြံထဲက မြက်ခင်းပြင် ခပ်သေးသေးပေါ်မှာ ချထားသည့် စားပွဲခုံနဲ့ ကုလားထိုင်ကို လှမ်းငေးနေရင်း ခြေထောက်တွေကို ဂနာမငြိမ် လှုပ်နေမိ၏။ သူနဲ့တွေ့ရမှာလား။ မဟုတ်လောက်။ အခုက ဗုဒ္ဓဟူးနေ့ နေ့လည်ဘက်။ သူအလုပ်သွားနေလောက်သည်။
![](https://img.wattpad.com/cover/276668017-288-k262919.jpg)
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...