အိမ်ပြန်ရောက်သည့်အခါ အသံမပေးဘဲ တံခါးကို လှည့်ဖွင့်လိုက်၏။ အရင်ကလို တံ့ဘုန်းသစ် ကားစက်သံကြားတာနဲ့ တံခါးဝမှာ stand byရပ်နေတတ်သည့် လင်းအရုဏ်ကိုပဲ မျှော်လင့်ထားတာမို့။ သို့ပေမဲ့ တံခါးသာ ကျွီခနဲ အဆုံးထိပွင့်သွားသည်။ တံခါးဟိုဘက်ခြမ်းမှာ ရပ်စောင့်နေမည့်သူ မရှိ။
ချက်ချင်းအချိုးပြောင်းသွားတာများလား။ မဖြစ်နိုင်လိုက်တာ။ သုံးလတောင်ကြာသွားတာမို့ အရင်အကျင့်တွေကို မေ့သွားတာများလား။
သို့သော် စစ်နေအခန်းရှေ့က ဖြတ်အလျှောက်မှာ ထိုအတွေးက ရာနှုန်းပြည့်မှားနေမှန်းသိလိုက်တော့၏။ စစ်နေအခန်းထဲက ရယ်မောသံတွေ။ သားဒီလောက် သဘောတကျရယ်နေသံကို မကြားရတာကြာပြီမို့ အံ့သြစိတ်နဲ့ ရယ်သံထွက်လာရာ အခန်းထဲက ရေချိုးခန်းဆီကို လျှောက်သွားပြီး တံခါးကို ဆွဲဖွင့်လိုက်တုန်း....
တစ်ကိုယ်လုံးကို ဗြန်းဆိုစင်လာသည့် ရေထုထည်တစ်ချို့။
"ဘုရားရေ..."
သူ့ဆီက အာမေဋိတ်တိုးတိုးနဲ့အတူ စစ်နေ၏ ရယ်မောသံလေးဟာလည်း တိခနဲရပ်သွား၏။
"မင်းတို့ဘာလုပ်နေတာလဲ"
သူ့ဆီက လေးပင်စွာ ထွက်လာသည့်အသံ။ လင်းအရုဏ် လက်ထဲက တုတ်ချောင်းကို ဘေစင်ပေါ်ပစ်တင်ပြီး သူ့ဆီ ခပ်သွက်သွက်လျှောက်သွားမိ၏။
"ရရဲ့လား...တံ့"
"Aguamentiလုပ်နေတာ"
စစ်နေလေးဆီက အော်သံထွက်လာ၏။
"ဘာလုပ်တာ"
"Harry. ..potterထဲက ရေထုတ်တဲ့ Spell. ..အဲဒါ..."
ကိုယ့်ဟာကိုယ်ပြန်ရယ်ချင်သွားတာကြောင့် စကားသံတွေက ဖြောင့်ဖြောင့်ဖြူးဖြူးထွက်မလာနိုင်။ သူ့မျက်လုံးတွေက ဖွင့်ထားလျက်သားရှိသေးသည့် ရေပန်းဆီကို ရွေ့သွား၏။
"အာ...ပိတ်ပေးမယ်"
"ဒီမှာကြည့် ဖေဖေ။ သားမှော်တုတ်တံကနေ Spell ရွတ်လိုက်တာနဲ့ ရေတွေထွက်လာတာ"
မိုးပေါ်ထောင်ပြီး ရေပွင့်နေသည့် ရေပန်းနဲ့ နေရာချိန်ပြီး စစ်နေလေးက "Aguamenti" ဟု အော်၏။ လင်းအရုဏ်က ဒရောသောပါးပြေးသွားကာ ရေပန်းကို အရှိန်ပြင်းအောင် ခလုတ်တစ်ခုတိုးပေးလိုက်၏။ သူ့နေရာကကြည့်ရင် စစ်နေလက်ထဲက သစ်သားတုတ်လေးဆီကနေ ရေတွေထွက်လာသလို။ စစ်နေ သူ့မှော်တုတ်တံကို ပြန်ချလိုက်မှ ရေပန်း ခလုတ်ကို အဆုံးထိပြန်ပိတ်လိုက်၏။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...