"မေမေ"
လင်းအရုဏ် စာကလေးတွေကို အစာကျွေးနေကျ နေရာမှာတင် တွေ့ရသည့် မေမေက ခေါ်သံအကြားမှာ လှည့်ကြည့်လာသည်။
"သား...ဘာပြန်လာလုပ်တာလဲ"
နွေးထွေးလိုက်သည့်ကြိုဆိုသံ။ လင်းအရုဏ် မျက်မှောင်ကုတ်ပြီး စူပုတ်ပုတ် ကြည့်ပေးလိုက်မှ မေမေက တစ်ဟက်ဟက်ရယ်သည်။
"သားရဲ့ ငှက်ကလေးတွေ မေမေ အစာကျွေးပေးနေတာ။ ဒီနေရာက ကျွေးမှန်းသိလို့ထင်တယ်။ ပိုပိုများလာတယ်"
လင်းအရုဏ် မေမေ ထိုင်နေသည့် ပလက်ဖောင်းပေါ်မှာပဲ မေမေနဲ့ ယှဥ်ပြီးဝင်ထိုင်ကာ အမေ့ပခုံးပေါ် မေးဖျားလေးတင်ထားလိုက်သည်။ အမေ့ဆီက "အမလေး"ဆိုသည့် အာမေဋိတ်ကြီးထွက်ကျလာ၏။
"ဘယ်အရွယ်ရောက်နေပြီလဲ ချွဲတုန်း"
"မမနဲ့ ဖေဖေက အလုပ်သွားပြီမလား"
"ဒါပေါ့"
"မေမေ"
"ဟင်..."
ငှက်ကလေးတွေဆီ အာရုံရောက်နေသည့် မေမေက လင်းအရုဏ် ခေါ်သံကို လှည့်မကြည့်ဘဲ နားစွင့်ရုံစွင့်သည်။
"သား သူ့ကို အရမ်းချစ်တာပဲ"
"ဟင်..."
နောက်တစ်ကြိမ် "ဟင်"သံမှာတော့ လှည့်ကြည့်လာပါ၏။
"ရတယ်မလားဟင်"
မေမေ့မျက်နှာဟာ လောကကြီးက အပူအပင်တွေတစ်ခုနဲ့မှ မသက်ဆိုင်သလို အေးချမ်းနေပါ၏။ ခေါင်းဖြည်းဖြည်းညိတ်ရင်း...
"ရတာပေါ့"
စာကလေးတွေဘက်ပြန်လှည့်သွားသည့် မေမေ့ကို အပြုံးတစ်ခုနဲ့ ကြည့်လိုက်မိပြီးမှ လက်ဖြန့်ကာ မေမေ့လက်ထဲက ဆန်ခွဲတောင်းလိုက်တော့ မေမေက နည်းနည်းခွဲထည့်ပေးသည်။
"သူလည်း သားကို ချစ်ပါတယ်"
"ဟင်"
ဒီတစ်ခါ "ဟင်" ရသူက လင်းအရုဏ်သာ။ ပါးပြင်ကနေ နားရွက်ဖျားအထိ အနွေးဓာတ်တစ်ခုဖြတ်ပြေးသွားတာမို့ နေရခက်စွာ ခပ်တိုးတိုးရယ်လိုက်မိ၏။
"ပထဆုံးတစ်ခေါက် ဆိုင်မှာ မေမေနဲ့ တွေ့ပြီးကတည်းက တစ်ပတ်မှာ တစ်ခါလောက်တော့ ဆိုင်ကိုလာတယ်။ မေမေက ဆိုင်မှာ မထိုင်တော့ မင်းအစ်မနဲ့ပဲတွေ့တာ။ နှစ်ပတ်လောက်နေပြီးမှ သူလာမယ့်ရက်ဆို မေမေ့ကို လှမ်းဆက်သွယ်ဖို့ ပြောရတယ်။ သူလာတယ်ဆို မေမေသူနဲ့ သွားတွေ့ဖြစ်တယ်။ စကားတွေပြောဖြစ်တယ်"
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...