"ပြောလေ! မင်းဆီကို ဒီပန်းစည်း ဘယ်လို ရောက်နေတာလဲလို့!"
"ကျ...ကျွန်တော် မသိ..."
ပခုံးထက်မှာ ဆုပ်ကိုင်ထားသည့် သူ့လက်အစုံက နာကျင်မှုအပြည့်။ လက်မောင်းအထိပါ ကိုက်တတ်လာပေမဲ့ သူ့ဆီက လွတ် မြောက်ဖို့အတွက် ရုန်းကန်ဖို့ မေ့နေခဲ့သည်။
"ဘာဖြစ်ကြတာတုန်း"
"အဲ့နှစ်ယောက်က ဘာလဲ"
"ရန်ဖြစ်နေကြတာထင်တယ်"
"တစ်ယောက်ယောက်သေသွားလို့လား"
ဘေးက ကွက်ကြည့် ကွက်ကြည့် ဖြစ်လာကြသည့် လူအုပ်ထဲကနေ တီးတိုးစကားသံတစ်ချို့ ထွက်လာ၏။ အားလုံးဟာ ကြောင်အမ်းပြီး သူနဲ့ လင်းအရုဏ်ကို အထူးအဆန်း သတ္တဝါနှစ်ကောင်လို ကြည့်နေပေမဲ့ လင်းအရုဏ်မျက်လုံးထဲမှာတော့ နားမလည်နိုင်မှူတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေရောနေသည့် သူ့မျက်နှာတစ်ခုသာ ရှိပါ၏။
အဖြေပြန်မလာသည့် လင်းအရုဏ်အတွက် ပန်းစည်းကိုငုံ့အကြည့်မှာ လက်ထဲက ပို့စကတ်ကို သူမြင်သွားသည်။ အရောင်ပြောင်းသွားတဲ့ သူ့မျက်လုံးတွေနဲ့အတူ ဖျတ်ခနဲ ဆွဲယူပြီး ဖွင့်ဖတ်၏။
"မင်းလည်း မင်းကောင်လေးလို မဖြစ်ချင်ရင် မကောင်းဆိုးဝါးနားမှာ မနေပါနဲ့
9.11.2021"
ခါးသီးနေသည့် သူ့အကြည့်တွေက စာရွက်ပေါ်ကနေ ခွာကာ လင်းအရုဏ်ဆီ ပြန်ရောက်လာသည်။
"မင်းငါနဲ့လိုက်ခဲ့"
ပန်းစည်းကို ဖြစ်သလိုကောက်သည်။ ပြီးတော့ ပို့စကတ်ကို လက်ကြားထဲ ဆုပ်ချေကာ လင်းအရုဏ်လက်ကောက်ဝတ်ကို ဆွဲယူ၏။ ညင်သာမှုအလျင်းမရှိသည့် ဒီလက်တွေက လင်းအရုဏ်ကို ဆောင့်ခနဲ ဆွဲယူပြီး ဆေးရုံအပြင်ကို ဒေါသတကြီး လျှောက်ထွက်သွားသည်။
သူဘာလို့ ဒေါသထွက်နေတာလဲ...
လင်းအရုဏ် ဘာအမှားလုပ်ထားမိလို့လဲ...နာကျင်စွာပူလောင်နေသည့်လက်တွေ လွတ်မြောက်ခွင့်ရသွားသည့်အခါ ကားနံရံဆီ ဆောင့်တွန်းခံလိုက်ရသည်။ ရဲတွတ်နေသည့် လက်ကောက်ဝတ်တစ်ဖက်ကို ဖိပွတ်မိတုန်း သူက အနားနားကိုတိုးကပ်လာပြီး ကားနဲ့ သူ့ခန္ဓာကိုယ်ကြားမှာ လင်းအရုဏ်ကို ပိတ်ထားမည့်ဟန်ပြင်သည်။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...