ည၏ တိတ်ဆိတ်မှုနှင့် အမှောင်သည် ဆတူရောယှက်ရင်း လင်းအရုဏ်၏ စာကြည့်မီးလေးသာ လင်းနေသည့် အိပ်ခန်းထဲတွင် ဖြန့်ကျက်နေသည်။ ခွန်းစျာန်က အခြေအနေစောင့်ကြည့်ဖို့အတွက် ဆေးရုံမဆင်းရသေးပေမဲ့ သူ့အဒေါ်က စောင့်ပေးမည်ဟု ကတိခံပြီး အတင်းပြန်လွှတ်လိုက်တာမို့ လင်းအရုဏ် အိမ်ပြန်ရောက်လာခဲ့သည်။
ဆေးရုံမှာ သူ့ကို မိုက်မိုက်ကန်းကန်းဖွင့်ပြောခဲ့မိသည်ဆိုပေမဲ့ အိမ်ပြန်ရောက်ပြီး သွေးအေးအေးနဲ့ စဉ်းစားမိသည့်အခါ မျက်နှာချင်းဆိုင်ရသည့်အချိန် နည်းနည်းတော့ ရှက်ကိုးရှက်ကန်း ဖြစ်နိုင်သည်ဆိုပေမဲ့ လင်းအရုဏ် မသိစိတ်က ဖွင့်ပြောပြီးသည့် လွတ်လပ်မှုမှာ ပိုမိုပျော်မွေ့နေတာ။ သူ့ဘက်ကတော့ လင်းအရုဏ်ကို အလုပ်ထုတ်ပစ်လိုက်တာအထိ ဆိုးရွားသွားတာလည်း ဖြစ်နိုင်သည်။ သို့ပေမဲ့ မဟုတ်သည့် ကိစ္စမှာဆို ရဲရင့်သည့် လင်းအရုဏ်၏ မြန်မာသွေးဟာ ဒီအချိန်မှာ ဇာတိပြ၏။ သူ့ဆုံးဖြတ် ချက်ဟာ ဘယ်လိုပဲဖြစ်ဖြစ် လက်ခံပေးရမှာက လင်းအရုဏ်၏ ဘဝပေးကံပင် မဟုတ်ပါလား။
နာရီကို လှမ်းကြည့်မိတော့ ညဆယ်နာရီ။ စစ်နေကိုလည်း သိပ်ပြီးသား၊ အန်တီလည်း အိပ်ရာဝင်ပြီမို့ သူ့အတွက် ပြင်ပေးထားသည့် ညစာ ထမင်းဝိုင်းအေးစက်စက်ကို ခဏထားခဲ့ပြီး ကိုယ့် အခန်းထဲကိုယ်ဝင်ကာ စားပွဲမှာ ထိုင်နေမိခြင်းဖြစ်သည်။
လင်းအရုဏ်ရှေ့မှာ လက်ရေးစာကို မိတ္တူကူးထားသည့် စာရွက်ပါးပါးလေးတစ်ရွက် ရှိနေသည်။ ဒီအိမ်ထောင်စုစာရင်းထဲမှာ ပါဝင်သည့်နာမည်ဟာ သုံးလေးလုံးသာရှိနေပြီး ထပ်ခါတလဲလဲ ဖတ်စရာ ဘာအကြောင်းမှ မရှိဘူးဆိုတာ သေချာနေပေမဲ့လည်း လင်းအရုဏ် ထိုနာမည်တွေကနေ မျက်စိမခွာနိုင်။ ခင်ခင်ချိုဟူသည့် မိခင်ဖြစ်သူ နှင့် သူမ၏ ကလေးဖြစ်သူ နှစ်ယောက်တည်း ရှိနေသည့် အိမ်ထောင်စုစာရင်း...။
ထိုမိန်းမရဲ့ ရဲစခန်းက တရားဝင်ထွက်ဆိုချက်အရ သူမ ကလေးဟာ သူမမိဘတွေရဲ့ ကိုယ်ဝန်ပျက်ဆေးကြောင့် ကိုယ်ဝန်ခြောက်လကတည်းက သေသွားပြီဟု သေသေ ချာချာ ကြားခဲ့ရသည်။ သို့သော် ဒီအိမ် ထောင်စုစာရင်းထဲက ကလေးက ဘယ်က ရောက်လာသည်လဲ။ သေချာတာက စစ်နေ၏ ကလေးထိန်းဖြစ်ခဲ့သည့် ထိုမိန်းမ လိမ်နေသည်ဆိုတာပါပဲ။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...