သူ့အခန်းရှိရာ အိမ်ပေါ်ထပ်ကို တက်နေသည့် လင်းအရုဏ်ခြေလှမ်းတွေဟာ ထင်ထားသလောက် လေးလံမနေခဲ့ပါ။ သူ့အခန်းထဲကိုတော့ တစ်ခါမှ ပေးမဝင်ခဲ့ပေမဲ့ အိမ်ပေါ်ထပ် ကော်ရစ်ဒါကြမ်းပြင်နဲ့ ကျန်အခန်းတွေကို တံမြက်စည်းလှည်းဖို့ မကြာခဏရောက်ဖူးနေတာကြောင့်လည်း ရွံ့နေတာမျိုးမရှိခြင်းဖြစ်မည်။ ထို့အပြင် တစ်ကိုယ်လုံးအပြည့် မွေးထားသည့် သတ္တိကြောင့် လင်းအရုဏ် တစ်ကိုယ်လုံး လွတ်လပ်ပေါ့ပါးနေသေးသည်။ သူ့အခန်းတံခါးရှေ့ကိုခပ်မတ်မတ်လျှောက်သွားပြီးတာနဲ့ တံခါးကို နှစ်ချက်ဆင့်ခေါက်လိုက်သည်။
အစပိုင်းရက်တွေက သူ့အခန်းတံခါးကို မှား ခေါက်မိပြီဆိုတာနဲ့ ဘယ်ကနေဘယ်လို ပွင့်သွားမှန်းမသိသည့် တံခါးကနေ ပစ္စည်းတွေ ခုန်ကျော်ထွက်လာပြီး မျက်နှာကိုလာမှန်ဖူး၏။ ပြီးတော့ ထုံးစံအတိုင်း လက်ညှိုးထိုးအပြစ်ဒဏ် အပေးခံရသည်။
" မင်းကို ငါသေချာပြောထားမယ်။ မင်းတစ်အိမ်လုံး ကြိုက်တဲ့နေရာ ဝင်ထွက်လို့ရမယ်။ ငါ့အခန်းနားကို မနက်စာစားဖို့ လာခေါ်တာကလွဲရင် ကျန်တဲ့အချိန် လုံးဝမကပ်နဲ့ နားလည်လား"
" ဒါပေမဲ့ သန့်ရှင်းရေး..."
" ငါပြောသမျှက အမိန့်ပဲ"
တစ်ခါတည်းနဲ့ အသည်းပေါက်အောင် မှတ်သွားခြင်းဖြစ်၏။ သူ့လက်ညှိုးကြီးဆီကနေ ထွက်လာသည့် လေဆာကို မျက်နှာထက်မှာ ထပ်အမှန်မခံနိုင်တော့။ ဟိုမှာလည်း လက်ညှိုးအထိုးခံရ၊ ဒီမှာလည်း အထိုးခံရနဲ့ကြာရင် မျက်နှာက ရုပ်ရှင်ထဲကလို အသားတုံးတွေအဖြစ် ပြတ်ကျသွားနိုင်သည်။ ပညာရှင်ဆိုသူကြီးက လက်ညှိုးထိုးသည့် ယဉ်ကျေးမှုကို ရိုင်းသည်ဆိုတာကိုတော့ သုတေသနလုပ်ဖူးပုံမပေါ်ပါ။
" ကျွန်တော်ပြောစရာလေးရှိလို့ပါ။ ခဏလောက် ထွက်လာပေးမလားဗျ"
သူအခန်းထဲက ထွက်လာပြီဆိုတာနဲ့ သူ့အခန်းနဲ့ ဝေးသည်ဟု သူထင်ရာ အောက်ထပ်ပြန်ဆင်းပြေးဖို့ပြင်နေပေမဲ့ အထဲက ပြန်ထူးသံလေးတောင် မကြားရ။
"အိပ်ပျော်နေပြီလား"
မဟုတ်လောက်ပါ။ စစ်နေတောင် အောက်မှာ အဘွားဖြစ်သူနှင့် ဆော့ကောင်းတုန်းရှိသေးသည်။ အထီးကျန်တတ်သည့်သားဖြစ်သူ လင်းအရုဏ်နဲ့ လာအိပ်မှာကို စိတ်ပူတတ်သည့် သူက လင်းအရုဏ် ဒီအိမ်ရောက်လာပြီးနောက်ပိုင်း ကိုယ်တိုင်ကိုယ်ကျ ချော့သိပ်၊ စစ်နေအိပ်ပျော်မှ သူ့အခန်းထဲသူဝင်နားနေကျပဲလေ။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...