Chapter 14

1K 87 16
                                    

"ကောင်းလိုက်တာ"

ထိုအတွေးက ပထမဆုံး ဦးနှောက်ဆဲလ်တွေထဲကို ပြေးဝင်လာ၏။ ခေါင်းထဲမှာ အချိန်တော်တော်ကြာကြာ အုပ်မှိုင်းနေခဲ့သည့် တိမ်မည်းတွေက ဒီနေ့ ဘယ်ကကျလာမှန်းမသိသည့် နေရောင်ခြည်တစ်ခုကြောင့် ခပ်ဝေးဝေးပြေးလွင့်ကုန်သည်ထင်။ ခေါင်းတစ်ခုလုံးသည် တိမ်ကင်းစင်သည့် ကောင်းကင်ပြာ။

ဘာလို့လဲ? ဘာလို့ ဒီလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့တာလဲ။ တံ့ဘုန်းသစ် တွေးထင်ထားခဲ့သလို ဟိုကောင်လေးဖျော်သည့် ဂျင်းပြုတ်ရည်ကြောင့်လား။ ညက သောက်လိုက်မိသေးလား။ တကယ်ပဲ အဲဒီရွံစရာအရည်က တံ့ဘုန်းသစ်ကို အိပ်ပျော်အောင် လုပ်ပေးနိုင်ခဲ့တာလား။

" ခဏလောက် စောင့်ပေးမလား။ ကျွန်တော် အခုပဲဖျော်ပေးမယ်"

အဲဒီနောက် မီးဖိုဘက်လှည့်ထားသည့် ကျောပြင်။ ရေနွေးအိုးရဲ့ တစ်ရွှီရွှီအော်သံ...။ မဟုတ်ဘူး၊ ငါမသောက်လိုက်ရဘူး။ မသောက်ရသေးခင်ကတည်းက အိပ်ပျော်သွားခဲ့တာ။

မျက်လုံးတို့ကို ထိတ်ခနဲ ဖွင့်လိုက်မိသည်။ မနက်ငါးခွဲဆိုတာနဲ့ ပွင့်နေကျ မျက်လုံးက ကြိုးစားစရာမလိုဘဲ အသားတကျပွင့်သွားပေမဲ့ ဒီနေ့မနက်ဟာ သာမန်မနက်တွေထဲကနေ အနည်းငယ်ကွဲထွက်နေသည်ဆိုသည့် မသိစိတ်က ကပ်ပါလာသည်။

အဲကွန်းလေသည် မျက်နှာကို အေးစက်စွာရိုက်ခတ်လာသည်။ ပြတင်းပေါက်အပြင်မှာ အလင်းပျို့စ ပြုနေသည်ကို အရင်မြင်လိုက်ရ၏။ တဖြည်းဖြည်းနဲ့ ကြည်လင်လာသည့် အမြင်တစ်ခု၏အောက်၊ မြင်လွှာထဲထိုးဝင်နေသည့် မနက်ခင်း နေရောင်ခြည်တွေက ခန္ဓာကိုယ်တစ်ခု၏ ကွယ်ကာမှုနောက်မှာ ပျောက်သွား၏။

မျက်နှာသေးသေး၊ စွာတေးလန်တစ်ယောက် ၏ ဂုဏ်ပကာသနဖြစ်သည့် နှုတ်ခမ်းပါးပါး၊ မည်သည့်ရောထွေးမှုကိုမှ မပြချင်သလို မှေးမှိတ်ထားသည့် မျက်ခွံမို့မို့၊ အနောက်ဘက်က လိမ္မော်ရောင် နေခြည်ကြောင့် လိမ္မော်ရောင်ပြေးနေသည့် ပါးပြင်ပါးလျလျ တစ်ခု...

တံ့ဘုန်းသစ် ပိုင်ဆိုင်သည့် ကုတင်၊ တံ့ဘုန်းသစ်နဲ့ စောင်တစ်ထည်တည်းအောက်မှာ ဘာအပူအပင်မှ မရှိ၊ ဘာအရောင်မှ မစွန်းသည့် အဖြူရောင်ခံ မျက်နှာနဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် ကောင်လေးတစ်ယောက်။ မိန်းမပါဆိုသည့် နေရည်တောင် တစ်ခါမှ မအိပ်စက်ခဲ့ဖူးသည့် ဒီနေရာမှာ....

TEARS in the name of LOVE(သွယ်ကြိုး)(Completed)Donde viven las historias. Descúbrelo ahora