တစ်ခါတစ်လေ မသိစိတ်က ပြောသည့်စကားတွေဟာ အချက်အလက်အပြည့်အစုံကြောင့် လက်ခံယုံကြည်ထားရသည့် သိစိတ်ထက် ပိုမိုမှန်ကန်တတ်၏။ သို့သော် စိတ်ထင့်နေခဲ့တာဟာ ဒီလိုတွေဖြစ်လာဖို့အတွက် မဟုတ်ပါ။
"မကြောက်ပါနဲ့။ တံ့ဘုန်းသစ် သတ်လို့ နှစ်ခါသေထားပြီးတဲ့ ငါက မင်းနဲ့ မိတ်ဆွေဖွဲ့ဖို့ လာတာပါ"
ထိုလူ ခြေတစ်လှမ်းအတိုးမှာ ထိုလူ့ဖိနပ်ထဲကို ပူတင်းအနှစ်တွေ နစ်ဝင်သွားသလို ထိုဖိနပ်ထိပ်ဟာ လင်းအရုဏ်ရင်ကို နင်းပစ်လိုက်သလို ပူလောင်နေ၏။ လျှာထိုးဦးထုပ်အောက်က တစ်ဝက် တစ်ပျက် မြင်နေရသည့် အပြုံးဟာ စိန်ခေါ်သံတစ်ခုအပေါ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အနိုင်ရဖို့ ကြိုးစားနေသည့် အေးစက်စက်အပြုံး။ အေးစက်စက်မျက်လုံးတွေနဲ့ နေသားကျနေခဲ့ပြီဟု ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိခြင်းဟာ သူ့မျက်လုံးတွေမှ မဟုတ်ရင်ဆိုသည့် အချက်ကို မေ့လျော့နေမိ၍လား။
"မင်းက ငါတို့အစီအစဉ်တွေကို လိုက်အနှောက်အယှက်ပေးနေတဲ့ လင်းအရုဏ်ဆိုတဲ့ ကောင်လေးမလား"
ဟိန်းမင်းဇေလေသံက အနည်းငယ် ခါးသက်နေသည့် လေသံ။ သို့သော် စိတ်လှုပ်ရှားမှု၊ တုန်လှုပ်မှု၊ ဒေါသ...ဒါတွေ တစ်ခုမှမပါ။
"ခင်ဗျားသေပြီဆိုပြီး သတင်းဖြန့်ထားကရော အစီအစဉ်ပဲလား"
"လူဆိုရင်တော့မကြောက်ဘူး။ သရဲတော့ ကြောက်တယ် ဒီလိုလား။ အမှားလုပ်ထားတာ မရှိရင် မင်းရှေ့မှာပေါ်လာတာ သရဲဖြစ်ဖြစ်၊ လူဖြစ်ဖြစ် ဒီလောက်လန့်သွားစရာ မလိုဘူးထင်တယ်"
ဟိန်းမင်းဇေက လမ်းမပေါ် မှောက်ရက်ပြုတ်ကျနေသည့် ပူတင်းဘူးခွံကို လမ်းဘေးကို ခြေထောက်နဲ့ တစ်ချက် လှမ်းခတ်ရင်းပြောသည်။ သူ့ကိုစူးခနဲ မော့ကြည့်မိသွား၏။ အရိုင်းအစိုင်းကောင်။
"ခင်ဗျားမသေသေးတာ အတော်ပဲ"
ထောင်းခနဲ ထွက်သွားသည့် ဒေါသဟာ ရင်ထဲက စိုးထိတ်စိတ်တွေကို ချက်ချင်းဆိုသလို မောင်းထုတ်လိုက်နိုင်သည်။
" ဒီတိုင်း သေသွားရင် ခင်ဗျား အထင်လွဲနေတာတွေကို မဖြေရှင်းလိုက်ရလို့ တစ်သက်လုံး စိတ်သက်သာရာ ရမှာမဟုတ်ဘူး"
BẠN ĐANG ĐỌC
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
Tiểu Thuyết Chungသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...