"မင်းဘယ်သွားနေတာလဲ"
အိမ်တံခါးကို တွန်းဖွင့်ဝင်ဝင်ချင်းမှာ ဧည့်ခန်းထဲက ထွက်လာသည့်အသံကြောင့် လင်းအရုဏ် ခြေလှမ်းတွေ တုံ့သွားသည်။ မလုံမလဲစိတ်နဲ့ ကိုယ့်နှုတ်ခမ်းကိုယ် လျှာနဲ့သပ်ရင်း နာရီကို မော့ကြည့်လိုက်၏။ အချိန်က လေးနာရီကျော်ကျော်။ သူအလုပ်ကနေ ဘာလို့ အစောကြီးပြန်ရောက်နေတာလဲ။
"မင်းနေမကောင်းလို့ စောဆင်းလာတာ။ အပြင်လျှောက်သွားနေလို့ ငါမမှာခဲ့ပါဘူး"
သူက လင်းအရုဏ်အတွေးကို သိနေသူတစ်ယောက်ကို ချက်ချင်းထောက်သည်။
"ဒီတိုင်း ပျင်းလာလို့။ ဟိုနားဒီနား..လမ်း.. ထွက်လျှောက်တာ"
တွန့်ဆုတ်ဆုတ်ဖြေရင်းနဲ့ လွယ်ထားသည့် အိတ်ကို ချွတ်ကာ သူ့ဆီ သူ့ကားသော့ လှမ်းပေးလိုက်၏။
"ခဏငှားသွားတာ။ ခွင့်မတောင်းဘဲ ယူသွားလို့ တောင်းပန်ပါတယ်"
သူက သော့ကို လှမ်းမယူပါ။ ထိုင်ခုံမှာပဲ ငြိမ်ငြိမ်လေးထိုင်နေတာကြောင့် သူ့ရှေ့က စားပွဲပေါ်ကို တင်ပေးလိုက်၏။
"မင်းက ပိုက်ဆံချမ်းသာတယ်ဆို။ ဘာလို့ ကားမဝယ်တာလဲ"
"ဆိုင်ကယ်ရှိတာပဲ"
"ဆိုင်ကယ်မစီးနဲ့တော့။ ကားက ဆိုင်ကယ်ထက်တော့ အန္တရာယ်နည်းနည်းလျော့သေးတယ်"
"ဝယ်လိုက်မယ်...ကား"
ဘာကြောင့်မှန်းမသိ။ သူနဲ့ မျက်နှာချင်းဆိုင်ဖို့ တွန့်ဆုတ်နေမိ၏။ သူက လင်းအရုဏ်နဲ့ ဘာမှ ပက်သက်မှု မရှိပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ် ပိုင်ရှင်ဟု သတ်မှတ်ထားမိ၍လား။ ခွန်းစျာန်နဲ့ ဒီလို ဖြစ်သွားသည့် အခြေအနေမှာ ကိုယ့်စိတ်ကိုယ် သိပ်မလုံ။
"ကျွန်တော် အိမ်ပြန်ရမယ်။ အဖေနဲ့အမေလည်း စိတ်ပူနေလောက်ပြီ"
"ဘာ"
ထိုင်နေရာက ချက်ချင်းဆိုသလို မတ်တပ်ထရပ်လိုက်သည့် သူ့ကို တစ်ချက်လှည့်ကြည့်ပြီးမှ ဘာမှမဖြစ်သလို အကြည့်ပြန်လွှဲလိုက်၏။
"ခွန်းစျာန် ပြောလို့ ခင်ဗျား သိပြီးလောက်ရောပေါ့။ ကျွန်တော် အိမ်ကနေ လိမ်ထွက်လာတာ။ အခု အိမ်ပြန်ပြီး အနည်းဆုံး မျက်နှာတော့ သွားပြမှဖြစ်မယ်။ အခြေအနေပေးရင် အမှန်အတိုင်းပြောပြီး ပြန်လာခဲ့မယ်"
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...