တစ်ကိုယ်လုံး ဆတ်ခနဲ မြောလွင့်သွားသည့် ခံစားချက်။
ပွက်လောရိုက်နေသည့် ဆေးရုံအရေးပေါ်ခန်းထဲက ကျန်တဲ့အသံဆို ဘာအသံမှမကြားနိုင်တော့လောက်အောင် နှလုံးသားတစ်ခုလုံး ထုံဝေကိုက်ခဲလာသည်။
ဘာလို့များလဲ.....
စောနကလေးတင် အိမ်ကလူတွေနဲ့ ရယ်ရယ်မောမောပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့တာလေ။ အဘွားမူးလဲလို့ဆိုတဲ့ သတင်း ကြားတုန်းက ပျာသွားခဲ့တာ မှန်ပေမယ့် ဆေးရုံကို ရောက်လာလာချင်း သွေးအားနည်းလို့ ဖြစ်တာဆိုတဲ့ ဆရာဝန်ရဲ့ နှစ်သိမ့်စကားကြောင့် စိတ်ပြန်အေးချမ်းသွားသေးတာပဲ။
နေသာပြီးကြည်လင်နေရာက ရုတ်တရတ် မှုန်မှိုင်းသွားတဲ့ ကောင်းကင်ကြီးလို အဲဒီဝမ်းနည်းစိတ်ကြီးက ဘယ်ကနေ ဝင်လာတာလဲ။ သေချာတာက သူပါ....
" ဆောက်လက်စတိုက်ပေါ်ကနေ အုတ်ပုံပြိုကျတာ။ အရေးပေါ် ကယ်ရမယ့်လူ ၂ယောက်ပါမယ်"
ဆရာဝန်တွေရဲ့ အချင်းချင်းသတိပေးသံနောက်မှာ ER ( Emergency Room)ထဲမှာ ရပ်နေသည့် လင်းအရုဏ် နားထဲကို လူနာတင်ကားပေါ်ကနေ ဆွဲချလာတဲ့ တွန်းကုတင်မြည်သံတွေက တိုးဝင်လာသည်။
အဲဒီလူ.....
ကုတင်တစ်ခုပေါ်က သွေးအလိမ်းလိမ်းနဲ့ အဲဒီလူကို မြင်လိုက်ကတည်းက မြူမှုန်တွေကြား လမ်းပျောက်နေတဲ့လူတစ်ယောက်လို မျက်လုံးတွေ ပြာဝေသွားခဲ့ခြင်းဖြစ်သည်။ နားထင်ကနေ စီးကျနေတဲ့ သူ့သွေးတွေ အကုန်လုံးက လင်းအရုဏ် ခန္ဓာကိုယ်ထဲက ဖောက်ထုတ်ထားသလိုမျိုး လူက မူးနောက်လာသည်။ ဆရာဝန်တစ်ယောက်ပြေးလာပြီး သူ့ကုတင်ဘေးမှာ ရပ်သည်။ အသက်ကြီးပိုင်းအရွယ်။
" အဖေ...သူ့...သူ့ကို...ကယ် .... "
မလှမ်းမကမ်းမှာမို့ သူ့အသံကို တိုးတိုးလေးသာ ကြားရသည်။ အခြေအနေကို သဘော ပေါက်သွား၏။ ဒီဆရာဝန်က သူ့အဖေ။ မျက်ရည်စတို့ဝိုင်းနေတဲ့ မျက်လုံးအိမ်နဲ့ သူလှမ်းကြည့်နေတဲ့ ကုတင်ထက်မှာ နောက် ထပ် ကောင်လေးတစ်ယောက်။ နှလုံးအိမ်ငယ်နေတဲ့ ဝိဥာဥ်လေး၏ တိုးဖွဖွ ညည်းညူသံနဲ့တူတဲ့ သူ့စကားသံ။ ဘာကြောင့်မှန်းမသိ ရုတ်တရတ် အသက်ရှူရကြပ်လာသည်။ သူ့အင်္ကျီအဖြူမှာစွန်းထင်းနေတဲ့ သွေးစတွေက မျက်လုံးထဲ ရဲရဲတောက်လာသည်။

ESTÁS LEYENDO
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
Ficción Generalသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...