တံ့ဘုန်းသစ် ဒီနေ့ည အိမ်ပြန်ရောက်သည့် အချိန်မှာ လမင်းတောင် ဘော်ငွေရောင်တွေ တောက်တောက်ပပဖြန့်ကျက်လို့နေပြီ။ အေးစိမ့်စိမ့် ဆောင်းလေကို ကျောခိုင်းပြီး နွေးနေသည့် အိမ်အငွေ့ရှိရာ ခိုလှုံကာအိမ်တံခါးဖွင့်လိုက်တာနှင့် ဖိနပ်ချွတ်မှာ မတွေ့ချင်ဆုံး ဖိနပ်တစ်ရံ....
"တကယ် ထွက်မသွားသေးတာပဲ"
ဒီလိုသာဆို နောက်ပိုင်း ဖြစ်လာဖို့ပဲ ရှိမည့် တံ့ဘုန်းသစ်နဲ့ လင်းအရုဏ်ကြားက တင်းမာမှုတွေ။ ဒီအခြေအနေမှာ ခေါင်းမာနေလို့ ကောင်းတာ ဘာမှမရှိမှန်း မသိမှာလည်း မဟုတ်ဘဲနဲ့ အဲဒီကောင်လေး ဘာတွေများ ကုတ်တွယ်နေတာလဲ နားမလည်နိုင်။ "မဟုတ်ဘဲ အစွပ်စွဲခံရသည့် မာနအတွက်" ဆိုတာကြီးက သူ့သေတွင်းသူ တူးနေတာ နားပဲ မလည်တာလား။
ထိုကောင်လေး အခန်းရှိရာဘက်ကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။ တံခါးဖွင့်သံမကြားရ၊ မီးဖိုထဲမှာ တစ်ခုခုလုပ်နေတာကို မမြင်ရ။ ဖိနပ်ကတော့ ရှိနေပြီး ဘာတွေလုပ်နေတာလဲ။ ပုံမှန်ဆို တံ့ဘုန်းသစ် ပြန်ရောက်ပြီဆိုတာနဲ့ ရောက်ရာ အရပ်ကနေ ရှေ့မှာ လှစ်ခနဲ ပေါ်လာတတ်သည် မဟုတ်လား။ တစ်ခုခုမှားနေပြီဆိုသည့် အသိနောက်မှာ သံသယစိတ်က ချက်ချင်းဆိုသလို ခုန်ပေါက်ပါလာသည်။
ဒါဘာလဲ...အိမ်ပေါ်ကနေတော့ မဆင်းဘူး၊ ငါ့ကို လည်ပင်းညှစ်ထားတဲ့ ခင်ဗျားကြီးအတွက် အလုပ်ကိုလည်း လက်ကြောတင်းအောင် မလုပ်နိုင်ဘူး၊ ဒီလိုလား...
"ဂြိုဟ်ဆိုးပဲ"
အံတင်းတင်းကြိတ်ကာ ရေရွတ်ရင်း စစ်နေခန်းတံခါးကို ဆွဲဖွင့်လိုက်တော့မှ...
"ဒီကောင်"
ကုတင်ထက်မှာ စစ်နေနဲ့အတူတူ အားပါး တရ အိပ်ပျော်နေသည့် သူ...။
ထောင်းခနဲ ထွက်သွားသည့် ဒေါသနဲ့ အခန်းမီးကို ဖြစ်ဖြစ် ဖွင့်ဖို့ မီးခလုတ်ဆီ လက်လှမ်းလိုက်သည်။သို့သော်.... အိပ်မောကျနေသည့် သားဖြစ်သူ၏ မျက်နှာနုနု။ မီးခလုတ်ပေါ်က လက်တွေ တုံ့ခနဲ ဆိုင်းသွား၏။ အိပ်ရင် စောင်တွေကို ကန်ထုတ်ထားတတ်သည့် အကျင့်ရှိသည့် စစ်နေ၏ ရင်ဘတ်ပေါ်မှာ သူ့လက်တွေက စောင်ကို ထိန်းခြုံပေးထားသည်။ စစ်နေဟာ ခေါင်းအုံးပေါ်မှာ မဟုတ်ဘဲ သူ့လက်မောင်းပေါ်မှာ အိပ်ပျော်နေတာဖြစ်ပြီး လက်ရှိပုံစံက လုံခြုံနွေးထွေးတဲ့ ပုံရိပ်တစ်ခုနဲ့ အလားသဏ္ဍာန်ဆင်နေ၏။
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...