ဒီလိုညမျိုးကိုဖြတ်၊ ဒီလိုမနက်ခင်းကို ရောက်လာသည့်အခါ ဒီလိုမျက်နှာပူစရာအခြေအနေမျိုးနဲ့ ရင်ဆိုင်ရမည်ဆိုတာ သိခဲ့ရင် လင်းအရုဏ် မနေ့ညက အိမ်ပြန်လာခဲ့မည် မထင်ပါ။
အချိန်က မနက်ဆယ်နာရီ၊ နေ့လည်ဆိုသည့် အပိုင်းကို ကူးပြောင်းခါနီးအချိန်ထိ အိပ်ပျော်နေခဲ့မိတာကို ကိုယ့်ကိုယ်ကိုယ် အပြစ်မယူချင်။ ဒါလုံလောက်တဲ့ တုံ့ပြန်မှုမျိုးပါပဲ။ တစ်ညလုံးနွေးနွေးထွေးထွေးနဲ့ အိပ်ပျော်နေခဲ့သည်ဆိုတာကို မငြင်းနိုင်အောင် ခန္ဓာကိုယ်မှာ အဝတ်အစားအပြည့်အစုံ။ လည်ပင်းစကိုဆွဲယူကာ နှာခေါင်းအပ် နမ်းကြည့်တော့ ပန်းသီးစိမ်းနံ့လျလျလေး ရင်ထဲအထိထိုးဖောက်လာ၏။ ကြည်နူးဆွတ်ပျံ့နေသင့်သည့် ရင်ခုန်သံထဲမှာ ရှေ့ဆက်မတိုးနိုင်သည့် နာကျင်မှုတွေရှိနေတာပါ။
ကုတင်ပေါ်က ယိုင်နဲ့စွာဆင်းရင်း အောက်ထပ်ဆင်းဖို့ လှေကားဆီ လျှောက်လာဆဲ လှေကားအောက်က ဖြတ်လျှောက်သွားသည့်သူက လင်းအရုဏ်ကို မြင်သည့်အခါ တုံ့ခနဲ ရပ်ကာမော့ကြည့်သည်။
အရင်တစ်ခါ သူဒီနေရာမှာ ရပ်နေခဲ့တုန်းက လင်းအရုဏ်ဟာ သူရပ်နေသည့် လှေကားခြေရင်းမှာ။ ဘာလို့အလယ်ဆုံမှတ်ဆိုတာမရှိရတာလဲ။ ရင်းနှီးကျွမ်းဝင်သွားသည့် မေတ္တာသက်ဝင်သူတွေအချင်းချင်းသာ ဖန်တီးကြသည့် နှီးနှောမှုမျိုး သူနဲ့ လင်းအရုဏ် ကြားထဲမှာ ရုတ်တရတ်ကြီး ဖြစ်သွားခဲ့တာမှန်ပေမဲ့ လင်းအရုဏ်တို့နှစ်ယောက်ဟာ အခုအချိန်ထိ လှေကား၏ အစွန်းနှစ်ဖက်မှာ ရပ်နေကြဆဲ။
မျက်လွှာချချင်သည်။ သို့သော် မျက်လွှာချလိုက်မှသာ သူနဲ့မျက်လုံးချင်းတည့်တည့်တိုးမည့်အဖြစ်မို့ ဟန်ကိုယ်ဖို့မာနလေးတင်းပြီး သူ့ကို ရင်ဆိုင်ကြည့်လိုက်မိ၏။
"မင်းနိုးပြီ"
မေးခွန်းလည်းမဟုတ်...
"အဆင်ပြေလား"
ဒါကမှမေးခွန်း၊ သို့သော် နူးညံ့ပြေပြစ်မှုကမပါသေး။ ကိစ္စမရှိပါ...ချစ်သူမဟုတ်သည့် လူနှစ်ယောက်၏ ညတစ်ညအကုန်မှာ သူ့ရင်ခွင်ထဲတိုး၊ တီတီတာတာတွေ ပြောရမှာ ဝါသနာမပါ။ ဒီမေးခွန်းကတင် လုံလောက်တာထက်ပိုလှပြီ။ ပြီးတော့ နှစ်ယောက်လုံးက ယောကျာ်းလေးမို့ ဘာရယ်ညာရယ် စာဖွဲ့နေစရာလည်း မလို။ သူဘယ်လောက်ကြမ်းတမ်းခဲ့တယ်ပြောပြော၊ လင်းအရုဏ် ဘယ်လောက်ပဲ ငြင်းဆန်ဖို့ကြိုးစားခဲ့တယ်ပြောပြော နောက်ဆုံးမှာ လင်းအရုဏ်ကိုယ်တိုင်က အလိုတူအလိုပါပဲမို့။ အနည်းဆုံးတော့ မသိစိတ်မှာ သာယာတိမ်းမူးနေခဲ့တာမို့။
ESTÁS LEYENDO
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
Ficción Generalသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...