"ခွန်းစျာန်!"
မှန်ပြတင်း အပြင်ဘက်ကို ငေးကြည့်နေသည့် ခွန်းစျာန်က ဆေးရုံအခန်းတံခါးကို ဒိုင်းခနဲ ဆွဲဖွင့်ပြီး အော်ခေါ်လိုက်သည့် လင်းအရုဏ်အသံကို ကြားသည့်အခါ ဖြည်းဖြည်းချင်း လှည့်ကြည့်လာသည်။
"ခွန်းစျာန်"
မြင်နေကျအပြုံး၊ လန်းဆန်းနေသည့် မျက်နှာ၊ လင်းအရုဏ်ကို အသိအမှတ်ပြုနေသည့် မျက်လုံးတွေ...စိတ်သက်ရာရစွာ အသက်ကို ရှိုက်လိုက်ပြီး ခွန်းစျာန်ဆီ ပြေးသွားကာ အားရပါးရ ဖက်ထားလိုက်မိတော့သည်။ ဒီမနက်ခင်းဟာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်း။
"ဟာ...ဟေ့ကောင်"
ရုတ်တရတ်မို့ လန့်အော်ပြီးမှ တဟက်ဟက် ရယ်သံတစ်ခု ကပ်ပါလာသည်။
"မင်းသေပြီထင်တာ"
"ဟာကွာ၊ မပြောကောင်းမဆိုကောင်း အရုဏ်ရာ။ မင်းဟာလေ ကျက်သရေတုံးတဲ့ကောင်"
"ငါဘယ်လောက်စိတ်ပူနေလဲ သိလား"
"သိပါတယ်ကွာ၊ အခုသတိရပြီပဲမလား"
"ငါတောင်းပန်ပါတယ် ခွန်းစျာန်ရယ်"
"ဘာလို့ တောင်းပန်တာလဲ၊ မင်းကြောင့်မှ မဟုတ်တာ"
"ငါ့ကြောင့်"
"မဟုတ်ပါဘူးကွာ"
ပြုံးစစလေသံနဲ့ ရေရွတ်နေသေး၏။ ဒီသုံးရက်အတွင်း ဖြစ်ပျက်သွားခဲ့သည့် တံ့ဘုန်းသစ်နဲ့ လင်းအရုဏ်ကြားက အဖြစ်အပျက်တွေကို ခွန်းစျာန်သိသွားရင် ဘာပြောလေမလဲ။
ခွန်းစျာန်ကို တိုက်ပြေးသွားသည့် ကားအနက် တစ်စီး၊ လင်းအရုဏ်လက်ထဲကို ရောက်လာသည့် ပန်းစည်း၊ Recording ထဲက လူတစ်ယောက်၏ ခြိမ်းခြောက်စကားသံတစ်ခုနဲ့ အမှန်လား၊ အမှားလား မသိနိုင်သည့် တံ့ဘုန်းသစ်က လူသတ်သမားဆိုသည့် အဖြစ်တစ်ခု....
လေးပင်နေတဲ့ စိတ်ကြောင့် ငိုချပစ်ချင်လာသည့် စိတ်ကို ခွန်းစျာန် ပခုံးစွန်းမှာ မျက်နှာဖိထားရင်း ဖြေဖျောက်ပစ်ရသည်။
"ဘာမှမဖြစ်လို့ ကျေးဇူးတင်ပါတယ် ခွန်းစျာန်ရာ"
"ငါက ဘာဖြစ်ရမှာလဲ၊ ကလေးလို လုပ်မနေဘဲ တော်တော့"
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...