"ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ"
သူ့ဆီက သက်ပြင်းရှိုက်သံတစ်ခုကို ပီပီပြင်ပြင် ကြားလိုက်ရသည်။ ပျောက်ဆုံးသွားသည့် အရာတစ်ခုကို ရှာတွေ့လိုက်နိုင်သည့် လူတစ်ယောက်၏ စိတ်သက်သာရာ ရသွားသလို သက်ပြင်းချသံဆိုတာကို မယုံချင်တာကြောင့် သူ့အမှောင်ရိပ်ဆီကနေ ကမန်းကတမ်း အကြည့်လွှဲကာ မျက်လွှာချလိုက်မိ သည်။
"မိုးတွေရွာနေတာကို ပြန်ပါတော့"
စိုးရိမ်နေသည့် အငွေ့အသက်လေးတွေ တစ်ညွန့်တစ်လေမှ မပါစေရ။ အသံကို တတ်နိုင်သလောက် ထိန်းချုပ်ရင်း ခြေလှမ်းကို ခပ်သွက်သွက် လှမ်းကာ သူ့ဘေးက ဖြတ်အလျှောက်မှာ လက်ကောက်ဝတ်တစ်ဖက်ကို မိုးရေတို့ စိုစွတ်သွားသလို ပူနွေးနေသည့် သူ့လက်၏ အထိတစ်ခု...
"ခဏလေး..."
သူ့အသံထဲမှာ ပထမဆုံးအကြိမ်ကြားရသည့် တောင်းပန်ခယခြင်း...
"ခဏလေးပဲ ဖန်ခွက်"
သူ့လက်ဖဝါးပြင်က လင်းအရုဏ်ကို သူ့ဘက်ဆွဲယူနေတာ ဟုတ်လားမဟုတ်လား သိပ်တော့ ဝေခွဲမရ။ သို့သော် ပြေလျော့သွားသည့် သူ့ဆွဲယူမှုနဲ့အတူ လင်းအရုဏ် သူ့ဘက်ကို ဖြည်းဖြည်းချင်း ပြန်လှည့်ကြည့်မိသွားသည်။
မိုးက ချက်ချင်းဆိုသလို သည်းကြီးမည်းကြီး ရွာချလာ၏။ အော်မြည်နေသည့် မိုးရေအောက်မှာ ရပ်နေသည့်သူက တစ်ကိုယ်လုံး စိုရွဲနေတာကို ဂရုမထားမိသလို....
မတွေ့ဖြစ်တော့သည့် တစ်လအတွင်း ပြောင်းလဲသွားခြင်းမရှိသည့် မျက်လုံးနက်နက်တွေမှာ မိုးရေစက်တို့ရှိနေ၏။ သို့သော် သူ့နှုတ်ခမ်းတွေဟာ ယခင် အနီရင့်ရောင်၏ ခြယ်သမှုတို့ လုံးဝမရှိတော့....ဒီလောက် မိုးရေလေးထိရုံနဲ့ ပြာနှမ်းသွားတတ်တဲ့လူမျိုး မဟုတ်ဘူးဆိုတာ သိနေသည်မို့ လင်းအရုဏ် ရင်ဟာ စိုးထိတ်စွာ တိုးခုန်သွား၏။
"ခင်ဗျား..."
သူ့နားကို အလန့်တကြားကပ်သွားရင်း ထီးမိုးပေးလိုက်သည့် ခဏ...လင်းအရုဏ် လက်ကောက်ဝတ်ထက်က သူ့လက်ဖဝါးပြင် ပြုတ်ထွက်သွားသလို အံတင်းတင်းကြိတ်ထားသည့် သူ့မျက်နှာနောက်မှာ မြင်တွေ့လိုက်ရသည့် ထွက်ပြေးသွားသော မာနတရား တစ်ချို့...
YOU ARE READING
TEARS in the name of LOVE(သွယ်ကြိုး)(Completed)
General Fictionသူ့မျက်လုံးအိမ်ထဲက စီးကျလာသည့် မျက်ရည်စီးကြောင်းတစ်ခု သူ့ပါးပြင်ထက် ရှိမနေခြင်းကိုက ကျွန်တော့်၏ အသက်ဆက်ရှူနိုင်ခွင့် ဖြစ်နေသည်ပဲ...