Episode - 22
🍁လမ်းခွဲ🍁
🍁
🍁
🍁များပြားလှသောနေ့ရက်တွေကိုကျော်ဖြတ်ခဲ့ရင်းက အတိတ်တွေကိုပြန်လည်ဆန်းစစ်ကြည့်မိသည့်အခါ မေ့ရဲ့ကောင်လေးဟာ မေ့ကိုမချစ်ခဲ့ဖူးဘူးလို့သာ အဖြေထွက်လာသည်။ မနက်ဖြန်ဟာလောကကြီးရဲ့နောက်ဆုံးနေ့ဖြစ်ခဲ့ရင်တောင် မေဟာ ဂျူရိပ်ဆိုတဲ့ကောင်လေးနဲ့သာအတူရှိချင်တဲ့အထိ ချစ်ခဲ့မိပေမယ့် ဂျူရိပ်ဆိုတဲ့ကောင်လေးအတွက်တော့ ထိုသို့ဟုတ်ခဲ့ဟန်မတူပါ။
မေ လောကကြီးထဲရှင်သန်ခဲ့သည့်သိတတ်စအရွယ်ကတည်းက အကြိမ်ကြိမ်တွေးလည်း နားမလည်သည့်ပုံပြင်တစ်ပုဒ်ရှိခဲ့ပါ၏။ ထိုပုံပြင်ဟာ ကိုကြီးပဲဖြစ်သည်။
အမြဲအေးတိအေးစက်ကလေးနဲ့ငြိမ်နေတတ်သည့်ကိုကြီးကို မေမေဟာ ဘာကြောင့်မုန်းတာလဲ?
မေ တစ်ခါလေးတောင်မမြင်မတွေ့ဖူးခဲ့သည့် ဖေဖေဆိုသောလူနှင့်လည်း ဘာလို့အမြဲနှိုင်းယှဥ်ပြီး ရင့်သီးသောစကားများနှင့် ပုတ်ခတ်ပြောဆိုရလဲ?
မေ အခုတော့ သိသွားပြီထင်၏။တစ်ယောက်တည်းအထီးကျန်မှာစိုး၍ မေမေ့ကိုဆန့်ကျင်ပြီးတောင် ကိုကြီးရှိတဲ့မြို့ကိုလာခဲ့သူမေဟာ ယခုတော့ ပိုးမျှင်ကြိုးလောက်သောနောင်တတရာလေးတစ်ခုကို ထုပ်ပိုးသိမ်းဆည်းမိခဲ့ပြီထင်ပါရဲ့။ အမည်မသိသောစူးနစ်တစ်ခုဟာ မေ့ရဲ့ဘယ်ဘက်ရင်အုံတစ်ခုလုံးကို ပြင်းပြင်းထန်ထန်ဒုက္ခပေးလို့လာသည်။
ပြေးထွက်သွားသောကျောပြင်ကျယ်ဟာ ဘာလို့များ မေ့ကိုနာကျင်စေရသလဲ?
ဖြုတ်ချခြင်းခံလိုက်ရသည့် မေ့လက်ဖျားတွေကတော့ အေးစက်လို့နေလေပြီ။
မေ့နှလုံးသားတွေဟာလည်း ပူလောင်လိုက် ၊ အေးခဲလိုက်ဖြင့် မတည်မြဲသောရာသီဥတုတွေလိုမျိုး။သနားစရာကောင်းသည့်သတ္တဝါသဖွယ်ကြည့်လာသည့်လူတွေ၏မျက်လုံးများအောက် ရှက်ရွံ့သိမ်ငယ်လာရင်း လှောင်ပြောင်ထေ့ငေါ့လာသည့်စကားလုံးကြမ်းများကိုမကြားရခင် လေထုဖိအားသိပ်သည့်လွန်းသည့်ထိုနေရာမှ တတိယမြောက်လူအဖြစ် ထွက်ပြေးမိခဲ့သည်။
ဒါဟာ မေအတတ်နိုင်ဆုံးလုပ်ရပ်တစ်ခုပါပဲ။
စေ့စပ်ပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက်တည်းကျန်နေခဲ့ရသည့်ပွဲက သိပ်ကိုအရုပ်ဆိုးလွန်းတယ်မလား?
ထို့ထက်ခံရခက်စရာကောင်းသည်က ချစ်ရသူဟာ မေ့ရဲ့ကိုကြီးအနောက်ကိုမှ ကမူးရှူးထိုးပြေးလိုက်သွားခဲ့ခြင်း။ ပြီးတော့ ကြောက်ရွံ့ထိတ်လန့်စွာနဲ့ခေါ်လိုက်တဲ့ နာမ်စားလေး။
မေ့ရဲ့ဦးနှောက်တစ်ခုလုံးကို ချာချာလည်သွားစေဖို့အထိ လုံလောက်လွန်ခဲ့လေသည်။
YOU ARE READING
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
RomanceTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)