"မနီ်ငါ့ကို လာနင်းပေးဦး..."
ဒီအာလေးလျှာလေးအသံကြားလိုက်တာနဲ့သွေး မျက်နှာပျက်သွားရသည်။ အဘယ့်ကြောင့်ဆိုသော်သွေးရယ်ဒေါ်နီ်ရယ်က ခြံထဲက နှင်းဆီပန်းတွေကို ခူးညှပ်ပြီးဖောက်သည်ကိုယ်တိုင်အခင်းထဲထိလာယူမယ်ဆိုတော့အပြေးအလွှားလုပ်နေရတာကို။ ခုဖြင့်ဖောက်သည်ကလာယူနေပြီသေတ္တာထဲထည့်လို့မပြီးသးတဲ့အပြင်စည်းလို့ကလဲမပြီးသေး။ ဒါကို အဖေကတစ်မှောင့်။
"မနီ လာနင်းပေးဦးလို့"
"ဒီမှာ မအားသေးဘူး ရှင်မြင်တယ်မလာ:"
"ထားခဲ့ ငါ့သမီးသွေးလုပ်လိုက်မယ်"
လူတွေရှိနေတာကိုမှ အဖေကအခွင့်ကောင်းယူပြီး အမေ့ကို ခိုင်းစားချင်နေတာပင်။ သူစိမ်းယောက်ျားတွေရဲ့အရှေ့မှာ သမီးပျိုလေးအနေနဲ့ ဒီပုံစံမျိုးဖြစ်လာတော့ ရှက်မိပါသည်။
"မသွေး ဒီသေတ္တာ တစ်လုံးပဲကျန်တယ်ကျွန်တော်နဲ စည်းထည့်လိုက်မယ်အမေ့ကိုပြန်ခိုင်းလိုက်လေ"
မောင်လေး ငြိမ်းဝေ ကတော့ သူလဲ မနေတတ်လို့ပေလားမသိ ။ မျက်နှာငယ်လေးနဲ့ပြောရှာပါသည်။
"နေပါစေ ငြိမ်း အမေ ကူလုပ်တော့မြန်မြန်ပြီးတာပေါ့ ဟိုဖက်က ပန်းခက်တွေဒီဖက်ပို့ပေးဦး"
အမေကလဲ အဖေ့ဆီ သွားချင်ပုံမပေါ်။ အဖေကတော့ ခြံစပ်က တစ်ဖက်ရပ်အကာအရံမရှိတဲ့ တဲရဲ့ ကွပ်ပျစ်လေးပေါ်မှာမှောက်ရက်ကြီးလှဲလို့ ဇိမ်ယူနေလိုက်ပုံများ။ မမူးတဲ့အချိန်ဆိုရင်တော့ဖောက်သည်တွေလာမယူခင်အပြီးသပ်ပြီးနေရအောင်သေတ္တာတွေရိုက်ပေးသွေးတို့ ညှပ်ထားပုံချထားတဲ့ပန်းခက်တွေကို အခင်းစပ်စည်းမယ့်နေရာထိ လိုက်ချပေးနဲ့ အဖေကောင်းနေတဲ့ရက်ဆိုဖောက်သည်လာယူတာနဲ့ကောက်တင်သွားရုံပင်။
"အဖြူတွေ သိပ်မများပါလား ဒီနေ့က"
ဖောက်သည်တရုတ်ကြီးကတော့သေတ္တာတွေထဲ ထည့်နေတာကို လိုက်ကြည့်ရင်းပြောနေသည်။
"ဟုတ်တယ်အဖြူ က သိပ်မရှိသေးဘူး မနက်ဖြန်သဘက်လောက်မှရမယ်....ခုတော့ အပန်းရယ်နီညိုရယ်ပဲ"
"စေ်းကရော"
မေးနေတာကသွေးမျက်နှာကိုပဲ ကြည့်ကြည့်ပြီးမေးနေသလို အမေကလဲ သူပဲဒိုင်ခံဖြေနေတော့တာ။ ဒီတရုတ်ကို ပန်းသာရောင်းနေရတာ ။မောင်ဖြစ်သူ ငြိမ်းဝေကတော့သွေးကိုပဲ ဘူးနေတဲ့ ဒီလူကြီးကို တစ်စက်ကလေးသော်မှ ကြည့်မရ။
"ဈေးက ဦးလေးတိုးပေးချင်ရင်တိုးပေးပေါ့ဗျ...အရင်ဈေးကိုတော့လျှော့မယ်မထင်နဲ့ဦး ပန်းဈေးတွေအဲ့လောက်ကောင်းနေတဲ့ဟာကို"
ငြိမ်းဝေရဲ့ ဘုဆတ်ဆတ်အပြောကြောင့်သုံးဆယ်နီးပါးလူရွယ်လောက်ကနေ ဦးလေးတပ်ခံလိုက်ရတော့မျက်နှာရှုံ့မဲ့သွာရသည်။
"ငါ့ညီကလဲကွာဖောက်သည်ပဲကို...တစ်စည်းနှစ်စည်းပိုတော့ လက်ဆောင်ပေးလိုက်ပေါ့"
"ကျွန်တော်တို့က လက်ဆောင်ပေးတောင်ဦးလေးက ပြန်ရောင်းမယ့်သူကြီးကို။ ဘုရားလှူတဲ့သူ ကိုပေးတာကမှ ကုသိုလ်ရဦးမယ်ဗျာ...တစည်းဆို အပွင့်က ဆယ်ပွင့်ရှိတာ...ဆယ်ပွင့်က ဆယ်ပင်....ပေးပါဘူးဗျာ....လက်ဆောင်သဘောနဲ့ယူပြီးဦးလေးကပြန်ရောင်းတော့ပိုမြတ်မှာက ဦးလေးပဲကို"
"ပြောတတ်ပဗျာ..."
တဲပေါ်က အဖေကလဲ ဘာတွေပြောနေမှန်းမသိ။ တစ်ယောက်တည်းကို အမေသွားမနင်းပေးလို့လား မပြောတတ်ဆဲဆိုနေလေသည်။ ပန်းစည်းတာကို မြန်မြန်စည်းပြီး ပန်းသေတ္တာထဲရေတွက်လို့ ထည့်ပေးပြီး ပိုက်ဆံရှင်းတာစောင့်မနေပဲ အိမ်ကိုသာ ပြန်လာလိုက်သည်။
အိမ်နဲ့ နှင်းဆီခြံက သုံးမိနစ်လောက်လမ်းလျှောက်ရသေးတာပင်။ အနီးအနား ဖြတ်လျှောက်တဲ့ ခြံတွေလဲ ကြက်ခြံတို့ ပြုလုပ်ထားမှုကြောင့်ကြက်သံတို့ဆူညံ၍နေလေတော့သည်။
"ဟော...မသွေး ပြန်လာပြီလား အမေတို့ကော"
အိမ်ရှေ့ရောက်တော့ အငယ်မ က ထွက်ကြိုရင်းမေးသည်။
"ခြံမှာပဲ....နင်ထမင်းချက်ပြီးပြီလား"
"ခု ဟင်းအိုးတည်ထားတယ်မသွေး ကြည့်ထားပေးပါလား အမေ့ဆီ လိုက်သွားချင်လို့ ကိုငြိမ်းလဲ ရှိတယ်မို့"
"ငါ နားတော့မလို့...နင်လိုက်သွားချင်ရင်အဲ့ဟင်းအိုးချပြီးမှသွား ငါ မကြည့်ချင်ဘူး"
"မသွေးကလဲ..."
အငယ်မ မျက်နှာက အလိုမကျစွာဖြင့်နှုတ်ခမ်းတို့စူထွက်နေသည်။ ဂရုမစိုက်ပဲ အပေါ်ထပ်အိပ်ခန်းငယ်လေးဆီသို့သာခြေလှမ်းတို့ဦးတည်လိုက်သည်။သွေးတို့အိမ်က ပျဉ်ထောင်သွပ်မိုးခြေံတံရှည်အိမ်ကလေး။အောက်ထပ်ကိုအုတ်ကာထားပြီးအောက်မှာ အိပ်ခန်းကျဉ်းလေးတစ်ခန်းကို ကိုဟိန်းနဲ့ ငြိမ်းက အိပ်ပြီး အပေါ်ထပ်မှာတော့ အဖေနဲ့အမေက ဘုရားစင်ရှေ့မှာ အိပ်၍ အခန်းကိုတော့သွေးနဲ့ အငယ်မဋ္ဌေးတို့အိပ်ကြလေသည်။
"အကိုပြန်မလာသေးဘူးလား"
"မလာသေးဘူး ဒီညနေဘောလုံးကန်မယ်ဆိုပြီး ဝတ်စုံတောင်ယူသွားသေးတယ်"
"ဪ....နင်ဟင်းအိုးချပြီးလို့ ခြံထဲလိုက်သွားမယ်ဆိုအောက်ထပ်တံခါး ပိတ်ထားခဲ့နော်"
"အင်းပါ"
ဋ္ဌေးကို မှာစရာရှိတာ မှာပြီး အခန်းထဲဝင်လာလိုက်သည်။
ဘွဲ့ရပြီးရင်တော့ အလုပ်တစ်ခုခု ရှာမှဖြစ်တော့မည်။ အိမ်မှာလဲ ဒီပုံစံအတိုင်းဆို မနေချင်တော့။ အခုနောက်ပိုင်းအသက်ကြီးမှ အဖေကလဲအရက်ကိုဆေးတစ်မျိုးလို စွဲသောက်လာခဲ့သလို အကိုကလဲ အိမ်ပြန်ချိန်တွေနောက်ကျတတ်လာပြီ။ အကိုက မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်နေပြ်ိးသွေးက ခုမှကျောင်းပြီးကာစ
ငြိမ်းက ကိုးတန်းဋ္ဌေးကခြောက်တန်း ဒီကလေးလေးယောက်စလုံးကို အမေတစ်ယောက်တည်းထောက်ပေးနေရတာကိုမှ အဖေက ကြည့်နေရက်လေသလား။ အလုပ်မလုပ်ဘူးဆိုရင်လဲ ဘာမှကို မလုပ်ပဲ အရက်ချည်းဖိသောက်နေတတ်တာ။ ညနေပဲဖြစ်ဖြစ်နေ့ခင်းပဲဖြစ်ဖြစ်အရက်က ပါးစပ်ထဲဝင်ပြီဆိုတာနဲ့သွေးတို့အိမ်လေးဟာနေ၍မကောင်းတော့။
ခု ဒီညနေလဲ ထုံးစံအတိုင်း အရက်သောက်ထားပြီဆိုတော့ အကျဉ်းတန်တော့မည်ကို ကြိုသိထားပြီ။ အကို အိမ်ပြန်နောက်ကျတာကပဲ ခပ်ကောင်းကောင်း။ မဟုတ်ရင်ဖြင့်အရွယ်တူလာသလို လူပျိုဆိုတော့ ပတ်ဝန်းကျင်ကိုရှက်တတ်လာပြီမို့ အဖေ့ကို ပြန်ခံပြောတတ်လာပေပြီ။ အကို့နည်းတူသွေးသည်လည်းပဲ မြင်မြင်သမျှကို ရှာကြံရစ်တတ်တဲ့ အဖေ့နဲ့ အဆင်မပြေချင်တော့။
နောက်ဆုံးကျ ခင်ပွန်းနဲ့သားသမီးတွေကြား အမေကပဲဗျာများပြီး စိတ်ဆင်းရဲကျန်ခဲ့ရတာချည်း။ အိမ်မှာလဲသွေး မနေချင်တော့။ အမေ့ကို နားနားနေနေနေခိုင်းပြီး အကိုနဲ့သွေးနှစ်ယောက်လုပ်အားခနဲ့ အငယ်နှစ်ယောက်စရိတ်အပြင်အမေ့တို့အတွက်အဝေးကနေပဲထောက်ပံ့ပေးချင်မိသည်။ အဲ့လို သွားမယ်ဆိုပြန်ရင်လဲ အမေ့တစ်ယောက်တည်းကပဲ အဖေ့ဒဏ်ကို လှိမ့်ခံနေရတော့မှာမို့နောက်ဆံတင်းနေရသေးတာ။
ဟူး.....ကိုယ့်မွေးသဖခင်ကျေးဇူးရှင်ပေမို့သာပဲ....
ရှေ့ဆက်ဘယ်လိုနေထိုင်သင့်လဲလောကကြီးရယ်...
လူကသာ အိပ်ယာပေါ်လဲလျောင်းနေတာ။ စိတ်အစဉ်က ဟိုတွေးသည်တွေးနဲ့ယောက်ယက်တွေခတ်လို့။
အသိစိတ်တွေ ကိုယ်မှာပြန်ကပ်တော့မှာ တစ်စောင်းလေးလှဲနေစဉ်မျက်လုံးနှစ်ဖက်မှ စီးကျလာတဲ့ မြစ်နှစ်သွယ်ကြောင့်အဝါရောင်ခေါင်းအုံးလေးပင်ရွှဲနစ်နေလေပြီ။
အိပ်နေရာမှ ထထိုင်လိုက်ပြီး မျက်ရည်သုတ်ကာ အိပ်ယာဘေးကဖုန်းကိုကောက်ယူလိုက်သည်။
မနက်ကနေ့ခင်းမအားဘူးလို့viber မှာပြောထားခဲ့သောကြောင့်စစ်ဆိုတဲ့သွေးကို ထူးထူးခြားခြား သံယောဇဉ်လာနွယ်ဆက်နေတဲ့ ကလေးမလေးကိုတော့ သတိကလာမိသည်ပဲ။ လိုင်းတက်ကြည့်တော့သွေးနဲ့ပြောပြီးတည်းက ဆင်းထားတာခုထိပြန်တက်မလာရသေး။
ထို့ကြောင့်စိတ်လိုလက်ရပင်စစ်ရဲ့ ဖုန်းနံပတ်လေးကိုခေါ်လိုက်သည်။
...ဟိုးကတည်းက မင်းရှိတယ်....ဒီရင်ဘတ်ဘယ်ဖက်တစ်ခြမ်းမှာနေရာယူ...မင်းသာ ငါ့အချစ်ဦး....
ဖုန်းဝင်တော့ ဂီတာသံငြိမ့်ညောင်းလှစွာဖြင့်ယောက်ျားတစ်ယောက်ရဲ့ သီချင်းလေးက သြဇာရှိစွာ ထွက်ပေါ်လာတော့သွေး သဘောကျစွာ နားထောင်နေမိသည်။ ဒီသီချင်းလေးက ကြည်နူးဖို့ကောင်းသည်။ စစ်က ဖုန်းမကိုင်ပါ။ စစ်ဖုန်းမကိုင်တာပဲ ခပ်ကောင်းကောင်းဟုတွေးမိသေးသည်။ သည်သီချင်းလေးကိုသွေး နှစ်သက်မိသည်။ ဖုန်းဝင်တုန်းထွက်ပေါ်တဲ့သီချင်းမို့လို့ အဆုံးလဲမပါ။
သွေး တစ်ခါမှ မကြားဖူးသေးသော သီချင်းအသစ်ကို တစ်ခါကြားဖူးရုံနဲ့တင်ရင်ထဲစွဲသွားပြီမို့ ထပ်နားဆင်လိုသဖြင့်ထပ်ခေါ်ပြန်သည်။
...ဟိုးကတည်းက မင်းရှိတယ်...ဒီ ရင်ဘတ်ဘယ်ဖက်တစ်ခြမ်းမှာနေရာယူ....
"ဟလို မ "
အ...သေသေချာချာကြီး ဖီးလ်အပြည့်နဲ့ နားထောင်နေတဲ့ဟာကို သီချင်းသံပျောက်ပြီး မြူးကြွသွက်လက်ကြည်လင်နေတဲ့ စစ်အသံပေါ်လာတော့အောင့်ခနဲကို ဖြစ်ရော...
"အဲ စစ်.."
"စစ်တော့ ထီပေါက်တော့မှာပဲ မရဲ့....ထူးထူးခြားခြား မကခေါ်လာတာဆိုတော့"
စစ်အသံလေးကသွေး ဖုန်းခေါ်လာလို့ပျော်နေတဲ့ပုံအပြည့်။
"ထိုးကော ထိုးလို့လားနော်"
"ဟား....မထိုးပါဘူး မရဲ့...စစ်က ထီထိုးမယ့်အစား ဒီတိုင်းထီထိုးမယ့်ပိုက်ဆံကို စုပစ်တာမှ ကိုယ့်အတွက်ကျန်သေးတယ်လို့ မှတ်ယူတာ"
"ဟုတ်လား...မတော့ အရင်ပတ်ကထိုးထားသေးတာ သုံးထောင်တောင်မှပေါက်လဲပေါက်ဘူး"
"အာ့ကြောင့်ပေါ့ မထိုးနဲ့ မ ... စုတာဖြစ်ဖြစ်တစ်ခုခုဝယ်တာဖြစ်ဖြစ်ကမှ ကိုယ့်အတွက်ကျန်သေးတာ"
"ဒီလိုစစ်ရဲ့....လူတစ်ယောက်ချင်းစီမှာ တသက်တာအတွက်ကို ထီပေါက်ကိန်းတကြိမ်ရှိတယ်...မ ဒီလမှာထီပေါက်ကိန်းရှိပေမယ့်မ မထိုးလိုက်ရင်ရှုံးပြီပေါ့....ကံကို တစ်ခါတစ်လေ စမ်းသပ်ကြည့်ရတာပ"
"ဟား....ဟုတ်ပါပြီ မရဲ့....နောက်လပေါက်ချင်ပေါက်မှာပေါ့နော်...ဒီနေ့ ဘာလုပ်နေလဲ ပန်းညှပ်ပဲလား"
"အင်းပေါ့...ပန်းကဖောက်သည်ခြံထိလာပြီးကားနဲ့တင်သွားပြီ မနက်ဖြန်မနက်ကျရင်ဈေးသွားပို့ဖို့တောင်ရှိချင်မှရှိတော့မယ်"
စစ်တောင်သွေးရဲ့ တစ်နေ့တာလုပ်ငန်းတွေကိုကောင်းကောင့းသိနေပြီပဲ။တော်တော့်ကိုသွေးအပေါ် ခင်တွယ်ရှာသော သူစိမ်းသက်သက်ကောင်မလေးတစ်ယောက်။ ပြီးတော့သွေးရဲ့အရေးတယူဖုန်းစခေါ်ခွင့်ကို ပိုင်ဆိုင်တဲ့ လူသားမလေးတစ်ဦး။
"မရှိတော့လဲကောင်းတာပေါ့...မဟုတ်ရင်မက အိပ်ပျက်နေဦးမှာလေ....မကသေးသေးလေးကို အိပ်ပျက်တော့ပိုသေးမှာပ"
"အဲ့လောက်လဲမသေးပါဘူး ဒါမဲ့ စစ်နဲ့ယှဉ့်ရင်တော့သေးတာပ"
"စစ်က အရပ်ရှည်တဲ့သူတွေဆိူ သဘောကျတာ မရဲ့"
ဟွန့်...သွေး ခန့်မှန်းသလောက်တော့ စစ်အရပ်ကတော့်တော့်ကို ရှည်တဲ့အထဲမှာပါသည်။ ငါးပေလေးလောက်တော့ ရှိလောက်မှာပဲ။သွေးတောင်စစ်နဲ့အတူယှဉ်မိရင်စစ်ရဲ့ ပါးစပ်လောက်တောင်ရောက်မလားမသိ။
"အာ...မိန်းကလေးတွေ အရပ်ရှည်လွန်းရင်လိုက်ဖက်မယ့်ယောက်ျားရှားတာပေါ့...မိန်းကလေးတွေအနေနဲ့ ငါးပေကနေငါးလေးလောက်ဆို အတော်အသင့်ပဲ...ရှည်လွန်းရင်လဲကလန်ကလားကြီးဖြစ်နေရော ကြည့်မကောင်းဘူး"
ငါးပေကျော်....ငါးပေကို စင်တီမီတာလောက်ပဲကျော်တဲ့သွေးကတော့ အရပ်တအားရှည်တဲ့လူတွေကို မကြိုက်ပေ။
ကိုယ်တိုင်ကပဲပုလို့လားမသိ။ ကိုယ့်ထက်ခေါင်းတစ်လုံးလောက်ပိုရှည်ထွက်နေတဲ့ သူနဲ့ဆို မိန်းကလေးချင်းတောင်သိပ်မတွဲသွားချင်။ တွဲသွားရင်ကိုယ်ကပုဝင်နေတော့ကြည့်ရဆိုးသည်ကိုး။
"Myanmar Idolလေ မ သိလား"
"အင်း သိတယ်လေစောလားထော်ဝါးတို့"
"ဟုတ်...ဒါမဲ့ အဲ့အဖွဲ့ထဲတော့ မဟုတ်ဖူး အခုအပတ်စဉ်မှာ ချမ်းမြေ့မောင်ချိုဆိုတဲ့တစ်ယောက်....အရပ်ကလဲအရှည်ကြီးပဲ အသံလဲ အရှိန်အဝါကောင်းချက်...ရုပ်လဲချစ်စရာလေး...သူ့ကို စစ်တအားကြိုက်တာ"
"ဟုတ်လား မသိဘူးကောစောလားထော်ဝါးတောင်သီချင်းထွက်မှသိတာ မက အဲ့အစီအစဉ်တွေကို မကြည့်ဘူးလေ"
စစ်ကြိုက်တယ်ဆိုပါမှ ထိုသို့သော နာမည်မျိုးကြားဖူးခြင်းပင်။ ချမ်းမြေ့မောင်ချိုဆိုတာ စစ်မပြောသေးတော့ယောက်ျားလားမိန်းမလားတော့မသိ။
"အယ်...အဲ့လောက်နာမည်ကြီးတာ...သူ့ဖန်တွေဆို အများကြီး"
"ယောက်ျားလေးလား"
"ဘယ်ကလာ မိန်းကလေးပါ မရဲ့....ဟုတ်တာပေါ့နော်မမေးလဲမေးသင့်တယ်...တော်တော်များများပြောကြတယ်...အမည်လေးကဆန်းလို့တဲ့....ယောက်ျားဆန်လို့လေ...မောင်ချိုလို့ပဲခေါ်ကြတာရယ်"
"ဪ...ဒါနဲ့လေ...စစ်ဖုန်းထဲက သီချင်းလေးကောင်းတယ်နော်....သီချင်းကဘယ်သူဆိုတာလဲဟင်"
အရင်ဆုံးသွေး သိချင်နေတာပဲမေးလိုက်သည်။
"ဘယ်သီချင်းလဲ မ"
"ဖုန်းခေါ်တုန်းလာနေတဲ့သီချင်း"
"ဪ...အဲ့ဒါ ကိုယ့်စောင့်နတ်လေ...ဖိုးပြည့်ဆိုတာ....မကမသိဘူးလား အဲ့လောက်နာမည်ကျော်နေတဲ့သီချင်းကို"
"မသိလို့မေးတာပေါ့ကောင်းတယ်နော်ကြိုက်တယ်"
"Viberကနေပို့ပေးမယ်လေ မ လိုချင်လား"
"ကျေးဇူးနော်လိုချင်တာပေါ့....ဒီနေ့ နားရတာလား စစ်"
"ဘယ်ကလာ နားရမှာ...ခုလဲ ဆံပင်ညှပ်ရင်းပြောနေတာကို"
"ဟယ်တော်...ဖုန်းကိုင်ရင်း ဘယ်လိုပြောတာလဲ စပီကာဖွင့်ပြီးပြောတာလား အသံတွေသူများကြားတော့မှာပဲ"
"လုပ်ပီ မကတော့...တက္ကသိုလ်ကျောင်းသူကြီး ဖြစ်ပြီးတော့ခေတ်လဲမမှီပြန်ဘူး ဘလူးတု နားကျပ်နဲ့ပြောနေတာပါရှင့်"
"သြ...ဒါဖြင့်ဆက်လုပ်လေ ဖုန်းချတော့မယ်ပို့ပေးနေယ်မေ့နေမယ်"
"မမေ့ပါဘူးနော်ဘာလဲ စကားပြောတာ ကြာသွားလို့ညေလ်ကုန်မှာကြောက်နေတာလား မ"
"မဟုတ်ပါဘူး စစ်ကအလုပ်လုပ်နေတာကို စစ်အစ်မမြင်ရင်ဆူနေပါဦးမယ်"
ပြောသာပြောရတာ။ အခုမှ မိနစ်ကြည့်မိတော့မိနစ်သုံးဆယ်တောင်စွန်းနေပြိ။ မနေ့က မှ တစ်ထောင်ဖိုးထည့်ထားတဲ့ဘေလ်တွေတော့ကုန်လိုက်မယ့်ဖြစ်ခြင်း။ တကယ်တမ်း ဖုန်းကမချချင်သေး။ ဆက်ပြောချင်နေသေးတာ။
"ဟုတ်ပါပြီ...ချရင်ချလိုက်တော့ မ စစ်လက်မအားလို့...ညကျခေါ်လိုက်မယ်"
"အွန်း"
ဖုန်းချပြီး လက်ကျန်ငွေကို ကြည့်လိုက်တော့သွေး တက်မတတ်ကိုဖြစ်သွားတော့တာပင်။
တော်ပြီ....တလစာတော့ သွားပါပြီဟယ်။
ဘေလ်သာကုန်ပေမယ့်လဲသွေးခုဏက စိတ်ညစ်နေတဲ့အကြောင်းတွေတော့ တစ်ဒင်္ဂပြေပျောက်သွားတာတော့အမှန်။
အမေတို့တွေ ခြံထဲကပြန်လာသံကြားတော့ ညစာအတွင်ပြင်ဆင်ပေးရင်း ကိစ္စဝိစ္စပြီးတာနဲ့ အပေါ်တက်ဘုရားရှိခိုးပြီးအိပ်ယာဝင်တော့ သီချင်းပို့ပေးမယိပြောလို့ လိုင်းပေါ်တက်ရန်ဖုန်းဖွင့်လိုက်စဉ်ဘေလ်သုံးထောင်လွှဲပြောင်းတာလက်ခံရရှိကြောင်း စာဝင်နေသည်ကိုတွေ့တော့ အားနာခြင်းများစွာဖြင့်ကြည်ဖြူစွာ လက်ခံယူလိုက်ရပါတော့သည်။ (စစ်ကလေး အလိုက်သိချက်....ဒီလို ချစ်သူမျိုးဆိုမဆိုးဘူးနော်)
....
နေ့စဉ်နေ့တိုင်း တိတ်ဆိတ်ပြီး ပျင်းစရာကောင်းလွန်းလှတဲ့သွေး ဘဝထဲသို့ တကူးတက ဂရုစိုက်ပြီးနွေးထွေးတတ်တဲ့ စစ်ဆိုသောကောင်မလေးက တစ်စတစ်စနဲ့ ချင်းနင်းဝင်ရောက်လာခဲ့ပါတော့သည်။
တလောက စစ်ရဲ့ဖေ့ဘွတ်စာမျက်နှာမှာလေးလပြည့်အမှတ်တရဆိုပြီး တစ်ခြားအကောင့်တစ်ခုမှ လာတက်တွဲကာ ပို့စ်တင်သွားတော့မှသွေးတစ်ယောက်စစ်မှာချစ်သူရှိမှန်းသိတော့သည်။
ပုံမှန်ဆိုသွေးစိတ်ထဲကိုကသွေးခင်တဲ့သူမှန်သမျှသွေးလိုပဲရည်းစားကိုမထားစေချင်ပါ။ သိပ်ချစ်ခင်ကြတဲ့ မိန်းကလေးနှစ်ယောက်ရဲ့ခင်မင်မှုအကြားယောက်ျားတစ်ယောက်ဝင်လာလျှင်တော်တော့်ကိုရှုပ်ထွေးတတ်မှန်း ပြင်ပလောကမှာ ကြုံခဲ့ဖူးနေကျမို့ အလိုမရှိတာပင်။ကျောင်းမှာခင်တဲ့ သူငယ်ချင်းတွေတောင်ကျောင်းပြီးတာနဲ့ အတွဲကိုယ်စီတွေဖြစ်သွားတဲ့အချိန်မှာသွေးတစ်ယောက်သာပဲခေါင်းမာစွာ လာကြောင်သမျှကောင်လေးတိုင်းက မျက်နှာချင်းဆိုင်ပြီး မကြိုက်ဘူးရည်းစားမလိုဘူးဟု ဒဲ့ငြင်းပစ်ခဲ့သူ။
လောကမှာ ချစ်စရာယောက်ျားသားဟူ၍ အဖေရယ်ကိုဟိန်းရယ်ငြိမ်းရယ်ပဲ ရှိသည်။
အရက်တွေသောက်ပြီး ဖဲလဲရိုက်တတ်အမေ့ကိုလဲစိတ်ချမ်းသာအောင်မထားတဲ့ အဖေ့လိုယောက်ျားမျိုးကိုတော့သွေးစိတ်ပင်မကူး...အဖေ့ကို အဖေမို့လို့သာ ချစ်တာပါ...
အကို့လိုမျိုး မိန်းကလေးတွေနဲ့ပွေရှုပ်တတ်တဲ့ယောက်ျားမျိုးကိုလဲ သဘောမကျ....
ငြိမ်းကတော့ ကလေးမို့လို့...သူလဲကြီးလာရင်ဘယ်လိုပုံစံရှိမလဲမပြောတတ်။
စစ်ကို ခင်သည်။ စစ်ပြောပြသော သူ့ရဲ့ မိသားစုအကြောင်းတွေ သိရသည်။ သို့သော်စစ်မှာ ချစ်သူရှိတယ်ဆိုတဲ့အကြောင်းသွေးက မမေးဖူးသလို သူလဲမပြောဖူး။
Fb မှာ tag တွဲပြီးတင်ထားတဲ့ သူ့ချစ်သူဆိုသော အကောင့်ကိုလဲယောင်၍တောင်မှ ဝင်မကြည့်ခဲ့ပါ။ စစ်နဲ့ ပတ်သက်ပြီးသွေးကို လာပတ်သက်မိတာမျိုးမလိုချင်။
တစ်ခုတော့ ဘဝင်မကျဖြစ်မိတာတော့ ရှိသည်။
သူငယ်ချင်းရှားတယ်လို့ပြောဖူးသော စစ်ရဲ့ဘဝမှာသွေးကသာ အခင်တွယ်ရဆုံးမိန်းမတစ်ယောက်ဖြစ်နေလို့ကျေနပ်နေခဲ့ရပေမယ့်အခုမှ စစ်မှာ ချစ်သူရှိတဲ့အကြောင်းသိသွားတော့ အလိုလိုနေရင်း ဒုတိယဆိုတဲ့နေရာကိုရောက်သွားတာတော့နည်းနည်းလေးမှမကြိုက်။
သို့သော်ဘယ်လိုနေနေ စစ်ကတော့ ဂရုစိုက်မြဲ။
သွေး လိုင်းမတက်တဲ့ရက်တွေ ဖုန်းမကိုင်တဲ့အချိန်တွေဆို ရိုးရိုးစာပို့လာတတ်သည်။
"မ လိုင်းမတက်ဘူးလား စစ်စောင့်နေတာ"
"စစ်ရေ...မ မနက်ပန်းပို့ရမှာမို့ ည လိုင်းမတက်တော့ဘူးနော်"
"မ...အားရင်လိုင်းတက်ခဲ့နော်ဘေလ်ကောရှိသေးလား"
"မ...ပန်းပို့သွားရင်ဆိုင်ကယ်ဂရုစိုက်မောင်းဦးနော်...အရမ်းအေးမှာ မရေ...နွေးနွေးထွေးထွေးလေး ဝတ်သွား"
"မ စစ်တို့ဖက်ဆောင်းတွင်းကြီး မိုးရွာနေတာ တအားအေးတာပဲ "
မ အားရင်မစ်ကောပေးနော်
ဖုန်းပြောချင်တယ်
ကောမီဘက်ပို့ပေးနော်မ
"မရေ...ဒီနေ့ ခဲအိုနဲ့ညောင်ရွှေမှာ ကားပျက်သွားလို့ထားခဲ့တာကို သွားယူရမှာ"
"မ ဖုန်းကိုင်ဦးနော်..."
"ခုချိန်ထိ မတို့ ပန်းစည်းလို့မပြီးသေးဘူး ဒီည အိပ်ရပါ့မလားတောင်မသိတော့ဘူး စစ်ရေ...."
ဘာလိုလိုနဲ့ နှစ်ယောက်စလုံး လုပ်စရာရှိတာပဲဖြစ်ဖြစ်သွားစရာရှိတာပဲဖြစ်ဖြစ်တစ်ယောက်ကို တစ်ယောက်အသိပေးတတ်အကြံတောင်းတတ်လာသည်။
သွေးဖက်က အိမ်တွင်းရေးအမျိုးမျိုးကြောင့်စိတ်ညစ်မှုတွေကို စစ်ဆီမှာရင်ဖွင့်နေကျ။
စစ်ကတော့ခင်မင်ပြီးသည့်နောက်ပိုင်း သူ့အကြောင်းတွေကို သိပ်မပြောတော့...သွေးဖက်ကအကြောင်းတွေကို တနေ့တမျိုးမရိုးရအောင်ကိုမေးနေတော့တာ။
မြူးသွက်နေတော့ စစ်မှာတော့ စိတ်ညစ်စရာဆိုတာ ဂျိုနဲ့လားမေးရမည့်ကိန်း။
....
"ခမ်းအိမ့်ရှိလား"
စစ်အသံကြောင့်အိမ်ရှေ့မှာ အမှိုက်သိမ်းနေတဲ့ ခမ်းအိမ့်အမေ လှည့်ကြည့်လာသည်။
"ဟင်....စစ်ပါလား....ဘာ်လိုတောင်မျက်စိလည်လာတာလဲ အိမ့်က အိမ်ထဲမှာရှိပ လာလာ"
ဆိုင်ကယ်ကိုသော့သေချာခတ်ပြီး အိမ်ထဲဝင်လိုက်သည်။
"ဘယ်ကမှမျက်စိလည်မလာဘူး အန်တီရ....ခမ်းဆီပဲသက်သက်လာတာ"
"ဪ ထိုင်ဦးနော်ခမ်းကသူ့အခန်းထဲမှာမို့သွားခေါ်လိုက်မယ်"
"အာ ရတယ်စစ်ပဲ အခန်းထဲလိုက်ဝင်တော့မယ်နော်"
"အေး သွား သွား"
အိမ်အနောက်ဖက်ထောင့်ဆုံးအခန်းက ခမ်းအိမ့်အခန်း။ စစ်အရင်ကလဲ လာနေကျမို့လို့အန်တီကအလွယ်တကူခွင့်ပြုလိုက်ခြင်းပင်။ ခမ်းအိမ့်တို့များ သာယာချက်။ ဘာအလုပ်မှမလုပ်ပဲစားလိုက်အိပ်လိုက်လုပ်နေတာဖြင့်ကြာပြီ။
အခန်းတံခါးက ဂျက်ချမထားတော့ စစ်လဲခေါက်မနေတော့ပဲ အထဲသို့ လှမ်းအဝင်
"ခမ်းရေ အိမ့်ရေ...ငါလာပြီနော်"
ဟင်....
အခန်းထဲ လှမ်းဝင်ပြီးတံခါးကိုလှည့်ပိတ်ပြီး စကားပြောရင်းနောက်ပြန်လှည့်လာတော့
အဲ....စစ်
ရုတ်တရက်မို့ နှစ်ဦးသားကြောင်စီစီအကြည့်ဖြင့်ဆွံ့အနေကြသည်။
ဖြစ်စဉ်ကား စစ်ကတံခါးအစပ်မှာဖြစ်ပြီး အရင်က ခမ်းမိတ်ဆက်ပေးဖုးတဲ့ မိုးရည်ချိုဆိုသောကောင်မလေးကရေချိုးပြီးစ တဘက်ဖြူ ကို မလုံ့တလုံလေးပတ်ထားပြီးကုတင်ဘေးမှာရပ်နေတာ။
"ဟို မိုးရည်ချို....စစ်ခဏ ထွက်...'
ထွက်မည်ဟန်ပြင်နေသော စစ်ဘေးနားသို့ မိုးရည်ချိုလှစ်ခနဲရောက်လာကာ စစ်လက်ကို လှမ်းဆွဲထားလေသာ်။ ထို့နောက်
"မလိုပါဘူး စစ်ရဲ့...မိန်းကလေးချင်းပဲ လာထိုင်ပါ..."
"မလွတ်လပ်မှာစိုးလို့ပါ ဒါနဲ့ခမ်းကော"
"ရေချိုးနေတယ်....လာလေ ထိုင်"
အတင်းဆွဲခေါ်တော့စွေ့ကနဲ ကုတင်ပေါ် ပစ်ထိုင်လျက်သားဖြစ်သွားရသည်။
စစ်အိတ်ထဲက ဖုန်းကိုထုတ်ရင်း ဂိမ်းဆော့နေလိုက်သည်။ အခန်းထဲမိုးရည်ချိုကတော့ စစ်ကိုဘယ်လိုမှသဘောမထားတာလားမသိ...လွတ်လွတ်လပ်လပ်ကို အဝတ်တွေလဲနေတော့တာ။ မိုးရည်ချိုနေရာမှာ ခမ်းအိမ့်သာဆို စစ်ခုလို မျက်နှာလွှဲပြီးတော့နေမည်မဟုတ်တဲ့အပြင်တွေ့သမျှကိုအပစ်လိုက်ပြောနေမိဥိးမှာ။
"ဟယ်စစ်ရောက်နေတာလား"
စကားသံနဲ့အတူရေချိုးခန်းထဲမှ ခမ်းအိမ့်ထွက်လာတော့မှ စစ်မှာ အချုပ်ထဲက လွတ်လာသူတစ်ယောက်လိုလွတ်လပ်သွားရတော့သည်။
"အေ့ ကြာလှပေါ့ နင်ကလဲ ငါလာမှရေချိုးနေရလား"
"နင်က ကြိုမှမပြောတာကိုး ထူးဆန်းလိုက်တာ"
စကားလဲမပြောရင်း အဝတ်အစားတွေဝတ်နေလေသည်။ မိုးရည်ချိုကတော့ အဝတ်ဝတ်ပြီးမှန်တင်ခုံရှေ့ကနေကိုမထတော့၊
"ငါလဲ ပျင်းတာနဲ့ ထွက်လာတာ"
"ဆိုင်ပိတ်လို့လား"
"မပိတ်ပါဘူး မကြီးက ငါ့ကို နားချင်လဲနားဆိုတာနဲ့ နင့်ဆီထွက်လာခဲ့တာ"
"ဟုတ်ရဲ့လား နင့်ကိုကိုရောက်နေတယ်ဆိုလို့အပြင်လစ်ထွက်လာလားမသိပဲနဲ့"
"အဲ့လိုမဟုတ်ရပါဘူးလို့ပြောရင်လဲ ညာတယ်ဖြစ်ဦးမယ်...ဒါမဲ့ လစ်လာတာတော့မဟုတ်ဖူး မကြီးကိုကခွင့်ပြုတာမို့"
စစ်ဘေးကိုကပ်ရပ်စွာ လက်တစ်ဖက်က စစ်ပုခုံးပေါ်လက်တင်ပြီးစကားလာဆိုနေသော ခမ်းအိမ့်ကြောင့်မိုးရည်ချိုရှေ့မှာနေရခက်နေသည်ကအမှန်။
"တွေ့ပြီးပြီလား နင့်ကိုကိုနဲ့"
"မတွေ့ရသေးဘူး ငါ့ကိုတွေ့ချင်လို့ သူအလုပ်ကိစ္စနဲ့ နမ့်စန်လာရင်းတောင်ကြီးဝင်လာတာ"
"အေ့လေ သွားမတွေ့ပဲဘာလို့ငါ့ဆီလာလဲ"
"ရော်...အာ့ပြောမလို့ ငါ့တယောက်တည်းမသွားချင်လို့ နင့်လာခေါ်တာပ"
"ငါ မအားဘူး ဧည့်သည်ရောက်နေတာမြင်လား"
,အလှပြင်နေသော မိုးရည်ချိုအားမေးငေါ့ပြီးပြောသည်။
"ခေါ်ခဲ့လေ အတူသွားတွေ့ရအောင်ငါ့မြို့ရောက်လာမှတော့မတွေ့ရင်မကောင်းဘူးဟ"
"နင်ကလဲ ကိုယ့်ချစ်သူပဲကို နှစ်ယောက်တည်းအေးဆေးတွေ့စမ်းပါ"
"မတွေ့ချင်ပါဘူးဆိုမှ ညကားနဲ့သူကပြန်မှာ လာပါ သွားရအောင်..."
"နင်ကြိုချိန်းထားပြီးသားလား"
"သူအသိပေးဖုန်းဆက်လာတော့ ငါ လာတွေ့မယ်လို့လဲမပြောရသေးပါဘူး မကြီးက လွှတ်မလွှတ်မသေချာဘူးလေ"
"နင့်ဟာကလဲ နင့်အစ်မက အပြင်ပေးမထွက်ရင်သူ့ကိုမတွေ့ဘူးပေါ့"
"အင်းပေါ့"
"လိမ်မာလိုက်တာ ငါတို့လိုက်ရင်ဒီနေ့စရိတ်ကို နင်တာဝန်ယူမှာ လား "
"အင်းပါ ငါ ပဲ ကတိပေးပါတယ်သွားကြမယ်"
"ခဏ ငါ လှလှပြင်ဦးမယ်နင်နဲ့မိုးအောက်ကစောင့်နေ"
"Ok"
ခမ်းအိမ့်အလှပြင်နေတာကို စစ်နဲ့မိုးရည်ချိုတို့ အိမ်အောက်မှာ ဆင်းစောင့်နေလိုက်သည်။ သူတို့က အပျံစားတွေနဲ့ပေမယ့်တကူးတကလာတွေ့သော ချစ်သူနဲ့တွေ့ရမည့်စစ်ကတော့ စတိုင်ပင်န်ဘောင်းဘီရှည်နဲ့ အထဲကစပို့ရှပ်ကို အပေါ်က ရှပ်အင်္ကျီအပြာနုလေးကို ကြယ်သီးမတပ်ပဲထပ်ဝတ်ထားတဲ့ သာမာန်ဝတ်နေကျပုံစံမျိုး။ မျက်နှာကလဲ အိမ်မှာနေသည့်အတိုင်းဘာမှထူးထူးခြားခြားမလိမ်းလာ။
",အမေရေ....စစ်နဲ့အပြင်သွားဦးမယ်နော်"
ဟု မီးဖိုချောင်ထဲ မျက်နှာမူပြီးအော်ထည့်ကာ ကလစ်ဘီးလေးပေါ်တက်ခွနေတဲ့ ခမ်းအိမ့်အနောက်သို့မိုးရည်ချိုက တက်ထိုင်ပြီးသည်နှင့်စစ်လဲမောင်းထွက်လိုက်တော့သည်။
ချစ်သူနဲ့လာတွေ့တာကိုလဲ ရင်ထဲဘယ်လိုမှထူးပြီးခုန်မနေသလိုပျော်လဲမပျော်....ကိုကိုကတော့ စစ်တို့ လိုက်ပို့သောနေရာတွေထက်စစ်နဲ့တွေ့ရခြင်းကို ပိုပျော်နေပုံရသည်။
ချယ်ရီတွေဝေနေသောရွှေဘုန်းပွင့်ဘုရားတောင်အတက်လမ်းတွင်ဆိုင်ကယ်ရပ်ပြီး စကားပြောဖြစ်ကြသည်။
ခမ်းအိမ့်နဲ့ မိုးရည်ချိုကတော့အလိုက်သိစွာဖြင့်တောင်ပေါ်တက်သွားလေပြီ။ စစ်နဲ့ ကိုကိုနဲ့သာကျန်ခဲ့တော့သည်။
"ခလေးနေမကောင်းဘူးလား"
ဆိုင်ကယ်ကို မှိရပ်နေတဲ့ စစ်ကို ကိုကိုက စိုက်ကြည့်ပြီးပြောလာတော့ ခပ်ပါးပါးပြုံးပြလိုက်ရင်း
"ကောင်းပါတယ်ကိုကိုရဲ့ ဘာလို့တုန်း"
ဖုန်းထဲမှာ ဘယ်လိုပဲနှုတ်ကျိုးနေနေ အပြင်မှာတကယ်တမ်းခေါ်ဖြစ်တော့ တစ်မျိုးကြိးကိုအောင့်သက်သက်ဖြစ်လို့နေတာပါပဲ။ ကိုကိုကတော့မသိ။ စစ်ကတော့ ခင်မင်ရင်းနှီးနေတဲ့သူငယ်ချင်းတစ်ယောက်နဲ့ လာတွေ့ရသလိုခံစားချက်မျိုးသာ ရှိသည်။
"မပျော်ဘူးလား....ဟင်...ခလေးကြည့်ရတာ တစ်မျိုးကြီးပဲ"
"အဲ့လိုမဟူတ်ပါဘူး ခလေးက ကိုကို မပျော်မှာစိုးတာပါ တကူးတကကြ်ိးလာတွေ့ရတာဆိုတော့လေ"
"ဟား....ပျော်တာပေါ့ ခလေးရဲ့...တွေ့ချင်လွန်းလို့ဆိုတာလေ....ဘယ်လိုတောင်ပြောရမှန်းတောင်မသိတော့ဘူး"
"ဒီလိုကြားရတာ ဝမ်းသာပါတယ်...တက်ရအောင်လေ...အပေါ်ရောက်မှ ရှု့ခင်းကြည့်တော့ ကိုကိုတို့ရန်ကုန်မှာချယ်ရီတွေရှိလား"
"မပြောတတ်ဘူး ကိုကိုကတော့ခုမှမြင်ဖူးတာပဲ အရမ်းလှတယ်နော်ပြီးတော့အရမ်းလဲချမ်းတာပဲအေးလွန်းတယ်"
"ရှမ်းပြည်လေကွယ်....သွားမယ်ခမ်းတိူ့စောင့်နေရော့မယ်"
"နေဦး ခလေး"
ဆိုင်ကယ်ကို တစ်ပတ်ပတ်ပြီးမောင်းမလို့ရွယ်စဉ်ကိုကိုကလက်ဆွဲလိုက်သဖြင့်စစ်ကိုယ်တစ်ချက်တုန်သွားလေသည်။ ကိုယ့်ချစ်သူဆိုပေမယ့်လဲ ဒီလို လက်ကိုင်တာမျိုးတောင်တွန့်သွားရတဲ့အဖြစ်။
စစ်ပုံစံကို ကိုကိုကသတိထားမိဟန်ဖြင့်
"ဆောရီး ခလေး ခဏလေးရပ်နေဦး"
ကိုကိုရှေ့ခြေစုံရပ်လိုက်စဉ်ကိုကိုကဒူးတစ်ဖက်ထောက်လိုက်တော့
"ဟင်ဘာလုပ်မလို့လဲ"
ကိုကိုက ဘာမှပြန်မပြောပဲ စစ်ရဲ့ ရှူးဖိနပ်ကြိုးပြေနေတာကိုသေချာပြန်ချည်ပေးနေလေသည်။
"ငရဲတော့ကြ်ိးတော့မှာပဲ ကိုကိုရယ်"
"ကိုယ့်ချစ်သူကို လုပ်ပေးတာပဲခလေးရယ်....ဘာငရဲမှမကျပါဘူး ကဲ သွားမယ်"
ရန်ကုန်မှာနေပြီး ဆိုင်ကယ်မမောင်းတတ်တဲ့ ကိုကိုတစ်ယောက်တော့စစ်အနောက်ကနေ လိုက်စီးရတော့သည်။ တွန်ဘွိုင်းပေမယ့်အရပ်ကတော့စစ်ကပင်ပိုရှည်တော့မယောင်။
ဘုရားအပေါ်ကနေပြီး ရှူ့မျှော်ခင်းကိုနေဝင်ချိန်ထိစောင့်ကြည့်နေပြီးမှတောင်အောက်ဆင်း ဆိုင်တစ်ခုခုတွင်ညစာကျွေးလိုက်သည်။ ချစ်သူနဲ့လာတွေ့တာဆိုပြီး လက်ကလေးပင်ဆုပ်ကိုင်ခွင့်မရပေမယ့်လဲ ကိုကိုကတော့ပျော်နေရှာသည်လား ဝမ်းနည်းနေသည်လားမပြောတတ်။ ခမ်းတို့ရှေ့မှာတော့ ကျနော်ကျနော်ဆိုပြီး မွန်မွန်ရည်ရည်စကားပြောနေတာပါပဲ။ စစ်ကလဲ လိုက်မချွဲသလို ကိုကိုကလဲရိုးရိုးတန်းတန်းလောက်သာ။ ဘာမှလဲတောင်းမဆိုခဲ့။
ညကားစီးရလို့ ချမ်းနေမယ့်ကိုကို့အတွက်တော့ လမ်းဘေးကဖွင့်တဲ့စတိုးဆိုင်ထဲမှ အနွေးထည်တစ်ထည်ကိုတော့ စစ်က လက်ဆောင်ဝယ်ထည့်ပေးလိုက်သည်။
စစ်ရဲ့လက်ဆောင်မို့လားမသိ။ ကိုကိုကငြင်းမနေပဲဝမ်းပန်းတသာယုယုယယလက်ခံယူလိုက်သည်။
ဂိတ်ထိကို ခမ်းတို့ကသစ္စာရှိစွာလိုက်ပို့ပြီး ကားပေါ်တက်ခါနီးတော့ကိုကိုလွတ်လပ်စွာနှုတ်ဆက်ရစေရန်ခပ်လှမ်းလှမ်းမှာနေရစ်ခဲ့ကြသည်။
"ခလေးတောင်ကြီးက အရမ်းအေးတယ်ဂရုစိုက်နော်"
"ဟုတ်ကဲ့ပါတောင်ကြီးသူပါနော်....ဒီလောက်အအေးကတော့ မမှုပါဘူး"
ပြန်ခါနီးမှ ကိုကိုလွယ်ထားသောကျောပိုးအိတ်ထဲက ဘူးသေးလေးတစ်ဘူးထုတ်ယူကာ
"ခလေးအတွက်ကိုကိုရန်ကုန်ကရင်းယူလာခဲ့တာ "
"ဒါ ဘာလဲ ကိုကို တန်ဖိုးကြီးတာဆို ခလေးလက်မခံဘူးနော်"
"နာရီလေးပါ ခလေးရဲ့ ယူလိုက်နော်ရော့"
ကိုကိုက စစ်လက်ထဲကိုထည့်ပေးလိုက်သည်။ ဒီညတော့ အိမ်ပြန်နောက်ကျလို့ မမဆူတာခံရပေဦးမည်။
"ခလေး...ကိုကိုလေ...ခလေးကို..."
"ခဏ"
ကိုကို့ စကားလေးမဆုံးခင်ဖုန်းမြည်လာတာကြောင့်ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ယူပြီးကြည့်မိစဉ်
Ma❤ ဆိုတဲ့ contact nameလေးကြောင့်ကိုကို့အား အလန့်တကြားကြည့်လိုက်မိစဉ်ကိုကိုကမမြင်တာလားမသိပဲ
"အိမ်ကထင်တယ်ကလေး ဖုန်းပြောလိုက်ဥိး ကိုကို ကားပေါ်တက်တော့မယ်....နှုတ်ဆက်ခဲ့တယ်နော်"
ဖုန်းတောင်မကိုင်ရသေး...ကိုကိုကကားပေါ်တက်သွားခဲ့လေပြီ။ စစ်မကိုင်ဖြစ်လိုက်တဲ့ ဝင်နေတဲ့ဖုန်းလေးကျသွားခဲ့လေပြီ။
.....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့