ဆောင်းရာသီမနက်တိုင်း လားရှိုးပညာရေးကောလိပ်ကတော့ တဖြိုင်ဖြိုင်ကျဆင်းနေတဲ့မြူ နှင်းစက်တွေကြောင့်ပျောက်ကွယ်နေတာပါပဲ။ စာမေးပွဲကလဲနီးလာပြီ။ သင်တန်းမှာချစ်ခင်ရတဲ့လူတွေနဲ့လဲ ခွဲခွာရတော့မည်။ ပညာရေးဝန်ကြီးဋ္ဌာနအောက်မှာ အလုပ်ဝင်ကြရမှာဖြစ်ပေမယ့်ဘယ်တိုင်းဋ္ဌာနေဘယ်အရပ်ဆီတွေမှာတာဝန်ကျမလဲမသိ။ ခုတစ်ခါဆုံပြိ်းနောင်တွင်ဆုံချင်မှဆုံရတော့မည်။
ည ညတွေဆို ခွဲခွာခါနားနီးလာတော့စာကျက်ချိန်တွေအစား စကားဝိုင်းဖွဲ့ပြောဖြစ်လာတာကများသည်။
ဆရာမတွေမသိအောင်အခန်းတစ်ခန်းနဲ့တစ်ခန်းခိုးခိုးလည်ရတာလဲအမော။
ညနက်ထိစကားတွေပြော။ တိုးတိုးတိတ်တိတ်နဲ့ကစားရင်ကစား။ စာတော့ဘယ်သူမှမလုပ်ကြတော့။
ထူးဆန်းသည်ကသွေးတစ်ယောက်သာ။ စစ်နဲ့ပတ်သက်ပြီး တပတ်တစ်ခါလောက်ကိုညနက်သန်းခေါင်အိမ်မက်ဆိုးတွေထ ထမက်နေတတ်တာပင်။ယောင်ပြီးအော်နေသံကလဲအပြင်သို့ပါထွက်ကျလာတာကြောင့်တခန်းထဲအတူနေတဲ့နန်းမြသီကပါလန့်နေရသည်။
စစ်ဖုန်းကိုခေါ်ကြည့်သော်လဲ ဆက်၍မရ။ လိုင်းပေါ်မှာတော့စစ်ရဲ့ပျော်နေတဲ့ပုံတွေအမြဲတမ်းတင်ပြီး လူတိုင်းနဲ့စကားပြောဖြစ်နေလားမသိ။သွေးဆီသို့တော့ယောင်၍မျှပင်စာတစ်လုံးမပို့လာလေတော့။
သူမပို့တော့မှကိုယ်ကပိုမျှော်မိနေသလို။ ကိုယ်တိုင်လဲမပို့ဖြစ်။ ပို့မိရင်လဲတောင်သူ့ဖက်က
မနေကောင်းလား အဆင်ပြေလား ဂရုစိုက်ဆိုတာကလွဲပြီးဘာမှပြန်မပြောတတ်တော့သလားမသိ။
"သွေး....စောစီးနိုးနေတာလား"
အိမ်မက်ဆိုးမက်ပြီး ပြန်အိပ်မပျော်တော့တာနဲ့လိုင်းပေါ်တက်တွေ့သမျှစစ်ပုံလေးတွေသိမ်းပြီးအတွေးနယ်ချဲ့နေစဉ်တဖက်ကုတင်မှနန်းမြသီနိုးလာကာမေးလိုက်ခြင်းဖြစ်သည်။
"နိုးဆို ညတည်းကအိပ်မပျော်တော့တာလေ"
"ဟုတ်လား...နေမကောင်းဖြစ်ဦးမယ်ဟာ...ပြန်အိပ်လိုက်လေ...ခုမှလေးနာရီပဲရှိသေးတာကို"
"အိပ်လို့ကိုမရတော့တာရှင်...."
"ညတိုင်းဘုရားရှိခိုးပြီးမှအိပ်တာကိုဘာလို့အိမ်မက်ဆိုးတွေချည်းမက်ပြီးအော်နေရတာလဲ...မဟုတ်မှလွဲရောတစ်ခုခုများပူးကပ်နေတာလား"
"စောစောစီးစီးဘာတွေလျှောက်ပြောနေတာတုန်း....မဟုတ်တရုတ်တွေဟယ်"
"ဟုတ်ပါတယ်...စာမဖြေခင်ဆရာသမားတွေနဲ့ပြကြည့်ချင်လား....ရှင်းသန့်က ဒီမှာအသိမိတ်ဆွေကများတယ်လေ...သူစုံစမ်းပေးရင်ရမှာ"
ဒီမိန်းမကတော့...သွေးမှာဘာကိစ္စပဲရှိနေနေနေရာတကာရှင်းသန့်မှမပါရင်မပြီးဘူးဟု ယူဆထားသလားမသိ။
"အဲ့လိုတွေမလုပ်ချင်ပါဘူး...ပြီး ယုံလဲမယုံတတ်ဘူး...ဘုရားပဲယုံတယ်"
တကယ်တန်းတော့ ဒီလိုမကောင်းဆိုးဝါးပူးကပ်တာမျိုးကျသွေး မယုံရဲပေမယ့်လို့ ရှိလဲရှိဖူးသည်ကအမှန်။ ခုဟာကစောစောစီးစီးကြီး တရေးနိုးထပြောနေတဲ့ နန်းမြသီကြောင့်ကျောပင်ချမ်းလာရသည်။ မြန်မြန်စကားစပြတ်သွားစေရန်သာပြောလိုက်ပေမယ့်စိတ်ထဲမှာအရပ်ရှစ်မျက်နှာမြေပေါ်မြေအောက်ကသက်ရှိသက်မဲ့တွေကတောင်းပန်ပြီးသား။ ကိုယ်တိုင်ကြုံလာရမှာလဲကြောက်တယ်လေ။ မယုံဘူးဆိုရင်ပိုကပ်တတ်သည်မဟုတ်ပါလား။
"အေး...အေး..ရှင့်အတွက်ပြောတာပါတော်....အိပ်လိုက်တော့...ရှင်တော့မသိဘူး...ကျမတော့ညတိုင်းရှင်ဘယ်ချိန်ထအော်တတ်တယ်ဆိုတာသိတာနဲ့သန်းခေါင်မရောက်ခင်ကိုအရင်နိုးနေနှင့်ပြီ"
"ခုက သန်းခေါင်မှမဟုတ်တာကိုရှင်...ပြန်အိပ်လိုက်ဦး...ကျမ မျက်နှာသစ်ပြီး စာခဏကြည့်လိုက်ဦးမယ်"
ခုပဲစကားပြော ခုပဲအိပ်ပျော်သွားလေသော နန်းမြသီအားသွေးအားကျလွန်းပါသည်။ သူ့မှာဘာအပူအပင်မှ မရျှလေသလားမသိ။သွေးတို့များခေါင်းချတာနဲ့အိပ်ပျော်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဖူးလေ။
ပျော်သလို ဟန်ဆောင်နေတာမဟုတ်ပဲနဲ့ စိတ်ရင်းနဲ့တကယ်ပျော်နေပါစေ စစ်ကလေးရေ..
ပြီး ကျန်းမာရေးလဲအဆင်ပြေပါစေကွယ်...
...
ယမင်းရုပ်သွင်၂ ဆိုပြီး ထင်းရှူးသားသစ်သားပြားပေါ်မှာ အနက်ရောင်စာလုံးလေးကဝံ့ကြွားစွာနေရာယူလို့နေသည်။ဈေးနဲ့လဲနီးပြီး လမ်းကလဲသာ အချက်အချာလဲကျ၊ လမ်းသွယ်လေးအစွန်မှာဖြစ်တဲ့အပြင်တောင်ထပ်နေရာမြင့်မြင့်လေးကျနေတော့နေရာလေးကသာယာလို့နေသည်။ အနက်ရောင်သံပန်းတံခါးကတော့ ခုမှဆေးသုတ်ထားလို့လားမသိ။ပြောင်လက်လို့နေသည်။
အဖြူရောင်ကားလေးကဝင်းတံခါးရှေ့တည့်တည့်မှာ ငြိမ့်ညောင်းစွာ ရပ်လာသည်။ ကားအနောက်ခန်းမှ တံခါးလေးဖြည်းညင်းစွာပွင့်လာပြီး နက်ပြောင်နေသော လည်သာရှူးဖိနပ်လေးအရင်မြေပြင်ပေါ်ကျဆင်းလာသည့်နောက်တွင်....။
"Wow....တကယ်ဖြစ်လာပြီပဲ....စိတ်ကူးနဲ့တစ်ထပ်တည်းကျအောင်ပြင်ဆင်ပေးထားလို့ကျေးဇူးပါ မကြီးနဲ့ခဲအို"
ကားပေါ်မှ အနက်ရောင်မင်းသမီးလေးအပြင်နောက်ထပ်မိန်းမနှစ်ယောက်နဲ့ယောကျာ်းတစ်ယောက်ဆင်းလာသည်။ ဒါတွေကဘယ်သူတွေလဲဆိုတာမိတ်ဆက်ပေးစရာမလိုတော့။ ခဲအိုဖြစ်သူက ဝင်းတံခါးသော့လေးဖွင့်ပေးရင်း
"အထဲဝင်ကြည့်ပါဦး....ကြိုက်မကြိုက်ဆိုတာအထဲရောက်မှပြောပေါ့...လာ"
ဟု ဆိုကာရှေ့ကပင်ဦးဆောင်၍ ဝင်သွားလေသည်။ အလှပြု ပြင်ခြင်းနှင့်သက်ဆိုင်သော ပစ္စည်းပစ္စယတွေအကုန်လုံးသူ့နေရာနှင့်သူ စီရရီရှိလို့နေသည်။ ဆိုင်ခန်းသေးသေးလေးထဲမှာ အကုန်လုံးကစနစ်တကျထားရှိမှုကြောင့်သန့်ရှင်းသေသပ်လွန်းနေသည်။
"မမစစ်ဆိုင်ကတော့ ရှယ်ပဲ...နန်းတော့ဒီကိုပဲပြောင်းလာရတော့မယ်ထင်တယ်"
အဝါရောင်ကုတ်အင်္ကျီထူကြီးဘေးအိတ်ကပ်ထဲလက်နှိုက်ရင်း နန်းကဆိုင်ထဲကသဘောကျစွာကြည့်၍ပြောလေသည်။
စစ်ဘာမှမပြောရသေးခင်မကြီးက
"ဘယ်ရမလဲ မိနန်းရဲ့...အသစ်တွေ့လို့အဟောင်းမမေ့ရဘူးလေ....စစ်မရှိတော့မကြီးဆိုင်ကနန်းကိုပဲလက်ထောက်ချပြီးလုပ်ရတော့မှာကို"
မကြီးစကားကြောင့်စစ်မျက်နှာ အနည်းငယ်ပျက်ယွင်းသွားရသေးသည်။ သို့သော်အတိတ်ကအတိတ်ပါပဲလေ။ ခုဆို သူလဲပဲတစ်ခြားသူနဲ့ သာယာနေတော့မှာကို။ စစ်ပုံစံမြန်မြန်ပြောင်းလိုက်ပေမယ့်နန်းကမျက်စောင်းလှမ်းထိုးလိုက်သည်။
"သိပါတယ်...မမစစ်ကလဲ နန်းကိုမခေါ်ချင်ပါဘူး...ဆိုင်ဟောင်းမှာလုပ်တာကမှလစာတိုးဦးမယ်...မမစစ်ဆီမှာဆိုမုန့်ဖိုးသာသာပဲရနေဦးမှာ...ဟွန့်"
"ငါက မုန့်ဖိုးတောင်စဉ်းစားပြီးမှပေးမှာ..."
"ကြည့်ပါလား...ကပ်စီးနည်းမှာလူတိုင်းသိပါတယ်တော်..နေပါပြော.တောင်မနေနိုင်ဘူး"
"ကဲ ...နောက်မှငြင်းတော်မူကြ...နောက်မှာကြည့်စရာရှိသေးတယ်"
နှစ်ယောက်သားအပြန်အလှန်စောင်းချိတ်ရင်း မကြီးနောက်လိုက်ရပြန်သည်။ ဆိုင်ခန်းနဲ့ အိမ်အကြားမြေကွက်လပ်လေးတစ်ခု။ ကားတစ်စီးတော့ကောင်းကောင်းရပ်လို့ရသည်။လျှောက်လမ်းလေးကို သဘာဝဆန်ဆန်ကျောက်ပြားလေးတွေနဲ့ခင်းထားပြီးဘေးတွင်ပန်းခြံအသေးစားလေးလုပ်ဖို့အုတ်ဘောင်လေးတွေနဲ့ အကန့်လိုက်လုပ်ထားပေးသည်။ ဘာအပင်မှတော့မစိုက်ရသေးချေ။
ဆယ့်ငါးပေပတ်လည်သစ်သားအိမ်သေးသေးလေးတစ်လုံး။ အမိုးကိုနိုင်ငံခြားစတိုင်ချွန်ချွန်လေး။ အထဲဝင်တော့ တစ်အိမ်လုံးထင်းရှူးနံတွေသင်းလို့နေသည်။ အပေါအထပ်ခိုးတက်မယ့်လှေကားသေးသေးလေးပေါ်သို့ စစ်အရင်ဆုံးတက်လိုက်သည်။
လိုက်ကာမတပ်ရသေးသော မှန်ပြတင်းပေါက်လေးတစ်ခု။ သစ်သားစားပွဲလေးတစ်လုံး၊ တစ်ခြားဘာမှမရှိ။ သစ်သားကြမ်းပြင်လေးကပြောင်လက်လို့နေသည်။ ရှူ မိလိုက်တာနဲ့နှာခေါင်းဝကိုတိုးဝင်လာသောအနံ့လေးကို စစ်ချစ်သည်။ ပြတင်းပေါက်လေးဖွင့်တော့ပြင်ပကလေအေးတစ်ချို့ အခန်းအတွင်းအစုအပြုံလိုက်တိုးဝင်လာတော့ကိုယ်ကိုကျုံ့ပစ်လိုက်သည်။ ပြတင်းကနေလှမ်းမြင်နေရသော မြို့ရှုခင်းကိုသဘောကျစွာ ကြည့်ပြီးပြုံးလိုက်သည်။
မွေ့ယာလေးတစ်လုံးဝယ်ပြီးအပေါ်တင်မည်။ ဒီနေရာက အိပ်ယာသီးသန့်။နွေရာသီဆိုတောင်အောက်ကဖြတ်တိုက်လာတဲ့လေအေးအေးတွေခံစားရင်း ပြတင်းလေးဖွင့်ကာအိပ်မည်။ခုလိုဆောင်းဆိုမွေ့ယာထူထူလေးနဲ့သစ်သားခန်းလေးထဲမှာအိပ်မည်။ ပြတင်းပိတ်ထားရင်နွေးထွေးနေသောအခန်းလေး။
ရှင်းသန့်နေတဲ့အောက်ထပ်လေးမှာတော့ ထမင်းချက်ရာရေချိုးခန်းအိမ်သာကိုတကယ့်တယောက်စာလေးနေရာကျဉ်းပေမယ့်သက်တောင့်သက်သာဖြစ်အောင်ဖွဲ့ထားပေးသည်။ အပေါ်တက်တဲ့သစ်သားလှေကားအောက်မှာစာအုပ်စင်လေးကပ်ရက်။
"သဘောကျတော်မူရဲ့လား"
"ကျဆိုစကားလုံးတောင်ရှာမတွေ့တော့ဘူးမကြီးရာ..."
"တစ်ယောက်စာလေးပဲအကုန်လုပ်ပြီး အပိုဧည့်သည်တောင်လက်မခံဘူးပေါ့"
"ဟင့်အင်း...ဒါ စစ်ရဲ့ကိုယ်ပိုင်သီးသန့်နေရာလေ...အမြဲတော့မနေပါဘူး...အမေစိတ်မချဖြစ်အောင်မလုပ်ရဲပေါင်..."
"ဟုတ်ပါပြီ...ခုတော့ပြန်ရအောင်မနက်ဖြန်အိမ်သစ်တက်နဲ့ဆိုင်ဖွင့်ပွဲအတွက်ပြင်ရဦးမယ်ဆိုတော့"
"စစ်တွေးထားသလိုလေးတွေလုပ်မယ်...အများကြီးပဲ"
'မမစစ်ကလဲရောက်ရောက်ချင်းနားလဲမနားပဲနဲ့....သူ့နောက်လိုက်ရတာမောတယ်...ဆိုင်မှာဆိုစောင်ပတ်ပြီးလူမလာရင်ကွေးနေရုံ"
"ငပျင်းမ...လစာညာယူနေတယ်မကြီး သတိထား"
ခဏကြာတော့ အသံစာစာလေးတွေပျောက်သွားသည်။ ကားလေးတငြိမ့်ငြိမ့်နဲ့ခြံဝင်းတွေသော့ခတ်ပြီးထွက်သွားလေတော့သည်။
...
"ဒီနေရာကနေ လမ်းခွဲပြီးရင်ကျနော်တို့ဘယ်တော့မှ ထပ်ဆုံခွင့်ရဦးမလဲ"
အအေးဗူးကို ဖွင့်ဖောက်ပေးရင်း ရှင်းသန့်ကဆွေးလျလျလေးပြောလာသည်။ သူကမ်းပေးတဲ့ဗူးကိုတစ်ချက်ယူမော့လိုက်ပြီး
"ဘွဲ့ယူချိန်တွေ့ရမယ်လေ"
"မဟုတ်ဖူးလေ....ဒီအတိုင်း အပြင်မှာပြောတာပါ"
"တွေ့ဦးမှာပါ...ရှင်းသန့်လက်ထပ်ပွဲကျင်းပတဲ့အခါဖိတ်လိုက်ပေါ့....ဘယ်ဆီမှာပဲရောက်နေနေကျမကလာမှာ"
သွေးစကားကြောင့်နုပျိုနေတဲ့သူ့မျက်နှာလေးအနည်းငယ်အိုစာသွားသယောင်။ ခုချိန်ထိလဲ အများအမြင်မှာသွေးနဲ့ရှင်းသန့်က ချစ်သူတွေ။
"မ....မသွေး ရာ....ကျနော့်ကိုဘာကြောင့်များငြင်းရတာလဲဗျာ....ကျနော့်ဖက်ကများမသွေးချစ်သူဖြစ်ဖို့အတွက်ဘာချို့ယွင်းချက်တွေရှိနေခဲ့သလဲလို့"
"မရှိပါဘူး...အရင်ကတော့ဘယ်လိုစိတ်မျိုးတွေနဲ့ရှင့်ကိုငြင်းပစ်ခဲ့တာလဲတော့မမှတ်မိတော့ဘူး...ဒါပေမယ့်ခုချိန်မှာတော့ ပိုင်နိုင်သေချာတဲ့ဆုံးဖြတ်ချက်တော့ရခဲ့ပြီ"
သူသွေးရဲ့မျက်နှာသို့မျှော်လင့်ချက်တွေတသီကြီးနဲ့အားကိုးတကြီးကြည့်လာသည်။ ဒါကိုမြင်ရတော့သွေးသည်လဲပဲစိတ်တော့မကောင်း။
ချစ်ခြင်းတရားကိုစတင်လက်ခံဖို့ဆိုတာ အားနာခြင်းတွေနဲ့မှအစပြုလို့မရပေပဲလေ။
"အခု ကျမ ရင်ထဲမှာလူတစ်ယောက်နဲ့တင်ပြည့်သွားပြီ"
"ဗျာ....အဲ့လူကဘယ်သူဆိုတာကော သိခွင့်ရမလား"
တုန်ယင်စွာမေးလာတဲ့သူ့စကားကိုသွေးဘယ်လိုပြန်ချေကရမလဲမသိ။ အမြဲဂရုစိုက်ပြီးသွေးဆီကအချစ်တွေကို စိတ်ရှည်ရှည်နဲ့စောင့်ပေးနေတဲ့သူ့ကိုတော့သနားမိပါရဲ့။ သနားစိတ်နဲ့အချစ်စိတ်လွန်ဆွဲတဲ့ပွဲမှာ နှလုံးသားက အချစ်ကိုပဲဦးစားပေးဖြစ်သည်။
ကိုယ်ရွေးချယ်လိုက်တဲ့လမ်းဟာ စိတ်ကူးထဲမှာတောင်လွယ်ကူတဲ့လမ်းမျိုးမဟုတ်ဖူးဆိုတာလည်းသိသည်။
"ရှင်းသန့်...ဒီလောကမှာကျမတို့တွေစိတ်တိုင်းကျရွေးချယ်နိုင်တဲ့အရာတွေကဘာတွေဖြစ်တယ်လို့တွေးမိလဲ"
"ကျနော့်အတွက်တော့ ဘာမှမရှိခဲ့ဘူးလို့ပဲဆိုရမလား....ဒါပေမယ့်ရည်မှန်းချက်ပေါ့...ကျောင်းလဲပြီးရော ကျနော်ကျောင်းဆရာတစ်ယောက်ဖြစ်ချင်လာတယ်...အိမ်ကသိပ်တော့သဘောမကျခဲ့ပေမယ့်ကျနော့်တသက်စာရွေးချယ်မှုကိုတော့မကန့်ကွက်ခဲ့ဘူး...ဒီကျနော်ရွေးလိုက်တဲ့လမ်းမှာလျှောက်နေရတာစိတ်ချမ်းသာတယ်...ပြီးတော့နောက်တစ်ခုက အချစ်...ကျနော်ဘဝတစ်လျှောက်လုံးအတွက်ဆိုပြီးမသွေးကိုချစ်တယ်...မသွေးပြန်မချစ်လို့ဝမ်းနည်းတာတော့မှန်ပေမယ့်ကျနော့်ကိုချစ်ခွင့်ပေးထားတဲ့အတွက်ကျေးဇူးလဲတင်တယ်...ခုလိုမသွေးဘေးနားနေခွင့်ပေးထားတာကိုလဲ ကျနော်ပျော်တယ်...ကျနော့်နဲ့အနီးမှာမသွေးရှိနေရင်စိတ်ချမ်းသာတယ်ဗျာ...မသွေးကကော"
"ကျမတို့တွေမွေးလာတည်းက ဘယ်မိသားစုထဲဝင်စားမယ်ဆိုပြီးရွေးချယ်ခွင့်မရခဲ့ဘူး...ကျမတို့လူဖြစ်နေတုန်းမှာကိုယ်တိုင်ရွေးချယ်စရာဆိုလို့ သူငယ်ချင်းတွေနဲ့ချစ်သူပဲရှိတယ်....ရှင်ပြောသလိုပဲ အချစ်ဟာကိုယ့်ကိုစိတ်ချမ်းသာစေတယ်ဆိုရင်ကိုယ်လိုချင်တဲ့ကိုယ့်ကိုချစ်ပြီးကိုယ်ကလဲပြန်ချစ်တဲ့ထပ်တူညီအချစ်မျိုးနဲ့ဆို ဘယ်လောက်များပျော်စေလိမ့်မလဲလို့...ကိုယ့်မှာရွေးချယ်နိုင်တဲ့အရာဆိုလို့အဲ့ဒါပဲရှိတယ်လေ"
"ဒါဖြင့်ကျနော်ကျတော့ရွေးချယ်ခွင့်တော့ရပေမယ့်ဘာလို့မပိုင်ဆိုင်ရတာလဲဗျာ...ဒါတော့မတရားဘူးနော်"
"အခါအခွင့်မသင့်သေးလို့ပါ..ရှင်းသန့်ရယ်....လူဆိုတာဖြစ်လာတာနဲ့ ကိုယ့်ကံကြမ္မာကသတ်မှတ်ပေးထားတဲ့ပါရမီဖြည့်ဖက်ဆိုတာ လူတိုင်းမှာပါလာပြီးသားပါ အကြောင်းကြုံကြိုက်ဆုံရတဲ့အခိုက်မှာ အခွင့်သင့်သလိုပေါ်လာတတ်တာမျိုးပါ....ဘယ်သူမဆို ဘဝမှာကိုယ်ကချစ်ရပြီးကိုယ့်ကိုလဲပြန်ချစ်တဲ့သူဆိုတာ တစ်ခါမှာတစ်ယောက်လောက်တော့ရှိလာဦးမှာပါ..."
"မသွေးပြောတာတော့ ကျနော်သိပ်နားမလည်ဘူး...ဒါပေမယ့်လို့ကျနော်ကတော့အချစ်ဆိုတာချစ်နေဖို့....မသွေးချစ်သူရလို့လက်ထပ်သွားတောင်ကျနော်ကချစ်နေဦးမှာပဲ"
အမှန်တော့ ဒါဟာမကောင်းမှန်းသွေးသိနေသည်ပဲ။ ဟုတ်တယ်လေ။ ပိုင်ရှင်ရှိမှန်းသိသိကြီးနဲ့ချစ်နေဦးမယ်ဆိုတော့ ပစ်မှားရာကျမနေဘူးလားလို့။ သို့သော်သူ့ကိုမတားရက်။
"ကျမ မတားပါဘူး....နှလုံးသားဆန္ဒဆိုတာ လူကထိန်းချုပ်လို့မှမရပေပဲလေ....စိတ်ရင်းအမှန်နဲ့တော့ဆုတောင်းပေးချင်မိတယ်....ရှင်းသန့်ကချစ်တဲ့ ရှင်းသန့်ကိုလဲချစ်တဲ့သူတစ်ယောက်နဲ့မြန်မြန်လေးဆုံစည်းပါစေလို့"
"ဘယ်တော့မှမပြည့်နိုင်တဲ့ဆုပဲဖြစ်လိုက်မယ်မသွေးရာ...ဒီလိုတစ်ဖက်သတ်ဖြစ်ဖို့အတွက်လဲကံတရားက ရှိလာပြီသားထင်ရဲ့..."
အမြဲလို သွက်လက်တက်ကြွပြီးလန်းဆန်းနေတဲ့ သူ့မျက်နှာချောချောမှာ ဝမ်းနည်းအားငယ်စိတ်တွေကထင်ဟပ်လို့နေသည်။သွေးလဲဘယ်လိုချေပစကားဆိုရမည်မသိတော့ ငြိမ်နေလိုက်တော့သည်၊ သူ့ကိုအားလဲနာသည်။ ဒါမဲ့နှလုံးသားဆန္ဒကလဲတားမရတာတွေရှိသေးသည်လေ။သူနဲ့ဆုံလိုက်တိုင်း စစ်ကိုပိုချစ်တာသေချာလာသည်။ သူ့ကိုမြင်တိုင်းစစ်ကိုသတိရသည်။
နေမှကောင်းရဲ့လား ကလေးရယ်....စာတွေကျက်နေရတောင်မင်းအကြောင်းတွေချည်းစိုးမိုးနေလို့ စိတ်နှစ်ပြီးကျက်လို့မရဘူးကွယ်....စိတ်တွေပူလိုက်တာလေ...
....
ဒုတိယအပတ်မလာခင်အမေ့ကိုအပ်ခိုင်းထားတဲ့ အင်္ကျီဖြူလေးကိုအသစ်စက်စက်ထုတ်ဝတ်လိုက်သည်။ ညရေးပျက်တာများတာကြောင့်အင်္ကျီကအနည်းငယ်တောင်ပွချင်ချင်။ ဒီနေ့ စာမေးပွဲဖြေပြီးတာနဲ့ ဒီကောလိပ်ကြီးကိုနှုတ်ဆက်ရပေတော့မည်။
ဒီပညာသင်နေစဉ်ကာလအတွင်းသွေးတအားရင်းနှီးနေတာဆိုလို့ အခန်းဖော်နန်းမြသီထက်ရှင်းသန့်မောင်ကပိုလို့နေသည်။ ထူးထူးခြားခြား လွမ်းစရာဆိုလို့ သူပဲရှိသည်ပဲလေ။
သူ့မှာလဲသွေးအမှားအယွင်းတစ်ခုကြောင့်နဲ့သွေးချစ်သူဖြစ်နေရသည်မဟုတ်ပါလား။ သူ့အကောင့်မှာ relationship တင်ထားတုန်း။သွေးကိုဆိုပြီး ရည်ရွယ်ထားပေမယ့်သွေးဖက်မှာဘာမှတင်မထား။ ပုံတော့ပြန်ဖျက်ထားဝည်။ အရင်ကအပျော်ရိုက်ဖူးခဲ့သောပုံတွေကသည်အတိုင်း။
ညက စာကျက်နေသဖြင့်အိပ်ရာဝင်နောက်ကျခဲ့တာတောင်အိမ်မက်ဆိုးကမက်ဖြစ်အောင်မက်သေးသည်။
အိမ်မက်ဆိုးတိုင်းမှာ စစ်ဟာတစ်ခုပြီးတစ်ခုဆိုးဆိုးဝါးဝါးဖြစ်နေခဲ့တာချည်း။ နိုးလာရင်လဲချွေးတွေရွှဲနစ်နေပြီး အသက်ရှူ မဝသလိုအမြဲဖြစ်နေခဲ့သည်။
ဒါကြောင့်စာမေးပွဲကိုအမြန်ပြီးစေချင်ပြီ။ ပြီးတာနဲ့စစ်ဆီသွားမည်။ အိမ်မက်ထဲကလိုသေကွဲမကွဲခဲ့ရင်တောင်ရှင်ကွဲလဲမကွဲလို။သွေး စစ်အပေါ်သိပ်ချစ်တဲ့အကြောင်းကိုမျက်နှာချင်းဆုံပြီးသေသေချာချာပြောပြချင်သည်။ ပြီးတော့ စစ်လိုချင်တဲ့ အနမ်းလေးလဲပေးချင်သေးသည်ပေါ့။
စစ်နဲ့တွေ့ရင်ဆိုပြီးလဲ အမြဲစိတ်ကူးယဉ်တတ်နေခဲ့ပြီ။
စိတ်ထဲမှလည်း စစ်ခွင့်လွှတ်ပါစေဟု အထပ်ထပ်အကြိမ်ကြိမ်ဆုတောင်းရင်း...။
"ဟယ်...သွေး...ဘာလို့ ပါးကွက်ကြားကြီးနဲ့တုန်း"
အမြဲလိုလို အခန်းထဲဝင်ရင်တံခါးမခေါက်တတ်တဲ့နန်းမြသီကြောင့်အတွေးလွန်နေတဲ့သွေးထိတ်ခနဲလန့်သွားရသည်။
"လန့်အောင်သိပ်လုပ်တာပဲ...အေးဆေးပြောလဲရသားနဲ့ကို"
"အကျင့်ပါနေလို့ပါတော်...ရှင်ကလဲအတွေးလွန်လွန်းနေတာကြီး"
"မတွေးလဲရုတ်တရက်ဆိုလန့်တာပဲလေကွယ်"
"အဲ့ဒါထားဦး...ပုံရိုက်မှာဆိုရင်သနပ်ခါးပါးကွက်နဲ့ဆိုမလှဘူးလေဟယ်...နည်းပါးမိတ်ကပ်လေးလိမ်းပါဦးဆို"
"ဘာဖြစ်လို့လဲ ကျမနဲ့မတည့်ဘူး မိတ်ကပ်တွေ က"
"တစ်ခါလေးပဲကို...ပုံရိုက်ပြီးတာနဲ့တန်းဖျက်မှာလေ..အရင်အပတ်စဉ်တွေထဲကအတွဲပုံတွေကြည့်ပါလား...အလန်စလေးတွေကို....ခုအပတ်စဉ်ကျမှ ရှင်ကပါးကွက်နဲ့ဆိုမလှဘူးပ"
"ဒါဖြင့်ရင်တခြားသူရွေးပေါ့...ကျမထက်လှတဲ့သူတွေမှပုံလို့ကို....စတည်းကပြောပြီးသားနော်...လက်မခံချင်ပဲငြင်းမရလို့လက်ခံထားတာလို့...ဟိုဟာလုပ်ဒါလုပ်လို့ခိုင်းရင်တော့မရိုက်ဘူး...ဘယ့်နှယ်အေးကအေးနဲ့ကို....အဖြူအစိမ်းနဲ့ချည်းရိုက်ရမယ်ဆိုတော့ ဒုက္ခရောက်လွန်းတယ်"
"သဘောရှိပါအေ...မပြောတော့ဘူး ဆံထုံးလေးတော့ကျမထုံးပေးပါရစေ...ငြိမ်ငြိမ်လေးခံတော်မူ"
သွေးကုတင်ပေါ်တက်လာပြီးသွေးနောက်မှနေ၍ ဆံပင်ထုံးပေးနေလေသည်။
အပတ်စဉ်တစ်ခုပြီးတိုင်းကျောင်းသားကျောင်းသူတွေကgroupဖွဲ့ထားနေကျလေ။ အဲ့မှာပေါ်ပြူလာအတွဲကိုပုံတင်ဖို့ဆိုပြီးသွေးနဲ့ရှင်းသန့်ကိုကမ်းလှမ်းလာတာပင်။သွေးကဘာမှမဟုတ်ပေမယ့်လို့ လူအများကြားရေပန်းစားနဲ့ရှင်းသန့်ကြောင့်အလိုလိုနေရင်းကို လူတွေသိနေကြတာ။ ဒီကြားထဲ ဘယ်သူတွေလက်ကမြင်းထားလဲမသိ။ we love ရှင်းသန့်မောင်&သွေး ဆိုတဲ့ ဂရုပါရှိနေသေးတာ။ ဖျက်ခိုင်းလဲမရ။ ဒါကြောင့်သွေးနဲ့ရှင်းသန့်ဆက်ဆံရေးကိုအလွယ်တကူဖျက်ချလို့မရလေတော့ နှစ်ယောက်သားပဲပွင့်လင်းမှုယူလိုက်ပြီးကျန်သူတွေဘာလုပ်လုပ်အမှုကိုထားမနေတော့တာ။ ဒီနေ့နောက်ဆုံးနေ့ဆိုတော့စာမဖြေခင်နှင်းတွေကျနေတုန်းကျောင်းအရှေ့မှာ ပုံရိုက်ချင်လို့တဲ့။ ပုံရိုက်သူကလဲသင်တန်းနည်းပြဆရာတစ်ယောက်ဆိုတော့ငြင်း၍မရ။ ချည်ပြီးတုပ်ပြီးမှခေါ်လေတော့ အကျပ်ရိုက်။စိတ်ကမပါနဲ့။ တမင်တကာသနပ်ခါးပါးကွက်ကိုလိမ်းပစ်သည်။ ပြီးရင်သွေးတို့အတွဲပုံတွေနေရာတကာမှာမြင်နေရပါဦးမည်။
အဝေးက ချစ်ရသူကတော့ဘယ်လောက်တောင်မှသွေးကိုမုန်းတီးနေမည်မသိ၊
....
အထုတ်တွေအပြည့်နဲ့ပြန်လေတော့ ရှင်းသန့်ကသူ့ကားနဲ့ဂိတ်ထိလိုက်ပို့ပေးသည်။
ပြတင်းအပြင်ဖက်သို့ငေးရင်းပါလာသောသွေးအားအရိပ်တကြည့်ကြည့်နဲ့ဖြစ်နေပြီးတစ်ခုခုပြောချင်သလိုမို့လို့
"ရှင်းသန့်ဘာပြောချင်လို့လဲ"
သွေးကပဲအစပျိုးပေးလိုက်ရသည်။
"ကျနော်တို့နှစ်ယောက်ကို သူများတွေအထင်လွဲနေတာဘယ်လိုဖြေရှင်းရမလဲလို့ပါ...ကျနော့်ဖက်ကတော့ တကယ်လဲချစ်နေတာမို့ကိစ္စမရှိပေမယ့်မသွေးဖက်ကျမကောင်းဘူးလေ..အဲ့ဒါ"
ပွင့်ပွင့်လင်းလင်းနဲ့သူ့စိတ်ထဲရှိတဲ့အတိုင်းပြောတတ်တဲ့ရှင်းသန့်။ ဟုတ်တာပေါ့။ သူကချစ်နေရသူဆိုတော့သူများတွေပြောနေကြတာကို အပြုံးနဲ့ရင်ဆိုင်နိုင်တာပေါ့။ မိန်းကလေးဖြစ်တဲ့သွေးမှာသာ ချစ်သူလဲရှိပြီးသား။ ရှိတဲ့ချစ်သူကလဲမုန်းသွားလေပြီ။ဖြေရှင်းဖို့နည်းလမ်းကလဲဘာမှရှိမနေ။ မိမိကြောင့်ဖြစ်ခဲ့တာချည်းမို့လို့ ကိုယ့်ဖက်ချည်းပဲကြည့်ပေးလို့ကလဲမရတော့။
"ရပါတယ်...စိတ်ထဲမထားပါနဲ့...ကျမအဆင်ပြေတယ်...ကျမအမှားကြောင့်လေ"
"မဟုတ်တာဗျာ....လူတွေကလဲနည်းနည်းဆိုများများပွားဖြစ်ရမှ...တဖက်သားကဘယ်လိုဆိုတာကျအသေအချာမသိပါပဲနဲ့"
"အချိန်တန်ရင်သူ့အလိုလိုပြီးသွားမှာပါ...အပြစ်လဲမတင်ပါနဲ့...သူတို့အမှားလဲမှမဟုတ်တာကိုလေ....ဒီအတိုင်းကြာလာရင်မေ့သွားမှာ...စကားစပ်မိမှပဲဒီအကြောင်းတွေပြန်သတိရကြမှာပါ"
"မသွေးကော....ကျနော့်ကိုစကားစပ်မိမှပဲသတိရမယ်မလား"
"မဟုတ်ပါဘူး...ရှင်းသန့်က ကျမအတွက်အကောင်းဆုံးသူငယ်ချင်းလေးပါ...အမြဲသတိရနေမှာပါ...ဘွဲ့ယူရင်လဲတွေ့ရဦးမှာလေ"
"ကျေးဇူးပါဗျာ...ကျနော့်ကိုမုန်းမသွားလို့"
အထူးအဆန်းစကားသဖွယ်ပြောလိုက်သည်မို့သွေးမျက်ခုံးပင့်ပြီး သူ့ကိုကြည့်လိုက်သည်။
"ဘာကိစ္စမုန်းရမှာလဲ"
"ဒီလိုလေ..မသွေးကမချစ်ဖူးလို့ငြင်းထားတာတောင်ကျနော်ကချစ်နေတယ်လေ....တစ်ချို့ကောင်မလေးတွေဆိုပါးချပြီးအပြီးတိုင်မုန်းတော့မှာဗျ"
"ဪ...ဒါတော့ ဘယ်တတ်နိုင်မလဲ...ကိုယ့်ကိုချစ်တာနဲ့မုန်းစရာလား...ချစ်ကံရှိလို့ချစ်ခွင့်ရှိနေသေးတာ...ကံမရှိတော့ရင်ချစ်ပါဆိုပြီးကျမကအတင်းလိုက်ကပ်နေရင်တောင်ရှင်ကချစ်တော့မှာမဟုတ်ဖူး"
ပြောနေရင်း စစ်မျက်နှာ ဖျပ်ခနဲပေါ်လာသည်၊ စစ်အတင်းတွေသူမကိုချစ်နေတုန်းက သူမဂရုမစိုက်မိ။ ဒီချိန်မှသူမဖက်ကအရူးအမူးချစ်မိလာမှ အဆုံးရှုံးမခံနိုင်ဖြစ်လာမှ စစ်ဖက်ကအဆက်အသွယ်ကိုမလုပ်တော့။ သိသိသာသာကြီးသွေးအေးတိတ်ဆိတ်နေသည်။
ချစ်ကံရှိတုန်းချစ်ပေးခဲ့ပြီး သူမကပြန်ချစ်ကာမှ စစ်ဖက်ကချစ်ကံမရှိတော့သည်များလား။
စကားကိုပင်ဆက်မပြောနိုင်တော့လောက်အောင်ရင်ဘတ်ထဲအောင့်တက်လာသည်၊ တကယ်များဝေးသွားခဲ့လျှင်.......
ငြိမ်သက်သွားသောသွေးကြောင့်ရှင်းသန့်စိတ်ပူသွားဟန်တူသည်။ ကားကို လမ်းဘေးထိုးရပ်လိုက်ပြီး
"အဆင်ပြေရဲ့လား...မသွေး....ကျနော်မှားသွားလားဟင်....မှားလဲမှားတာပေါ့...ဒါပေမယ့်ချစ်နေတာကိုမချစ်ဖူးလို့လဲမညာဝံ့ဘူး...နှလုံးသားကိုညာရင်အကြိမ်တရာမကစိတ်ဆင်းရဲရတတ်လို့"
ကျလုလုမျက်ရည်တစ်ချို့ကခေါင်းငုံ့ကာမျက်တောင်ခတ်၍ သိမ်းဆည်းပြီး နှုတ်ခမ်းထက်အပြုံးဖန်ဆင်းကာ
"ရှင်းသန့်မမှားပါဘူး....ရှင်ကသိပ်ချစ်ပေးတာတောင်ကျမကရှင့်ကိုပြန်ချစ်လို့မရဘူးလေ...အဲ့အတွက်စိတ်မကောင်းဖြစ်နေမိတာပါ..."
"ဟာဗျာ...ကျနော်ပြောသလိုပဲလေ...နှလုံးသားကိုမညာရဘူးလို့....မသွေးမှာလဲချစ်ရသူပေါ်လာဦးမှာ...သူ့အတွင်ပဲထားလိုက်ပါ...စိတ်ချလက်ချနဲ့..စိတ်သန့်သန့်နဲ့ပေါ့"
အမယ်...သူကပဲပြန်အားပေးတယ်ရှိရသေး။
"သံသရာဆိုတာ အမြဲလည်နေတာမလား.....အခြားတစ်ကွေ့မှာပြန်တွေ့ခဲ့ရင်ရှင်းသန့်ချစ်သူဖြစ်ပေးပါမယ်"
သွေးစိတ်ထဲမှာ ဘယ်သူနဲ့ဆိုပြီးသံသရာအဆက်ဆက်ပါရမီဖြည့်ဖက်ဆိုပြီးတွေးမထား။ စစ်ကိုကောပေါ့။
သွေး အဆင်ပြေမှန်းသိတော့ သူကကားပြန်မောင်းထွက်ရင်း
"ဒါဖြင့်ရင်ကျနော်အရင်သွားစောင့်နေတော့မယ်ဗျာ"
ငြိမ်သက်သွားတဲ့အခြေအနေကို ပြန်ထိန်းတဲ့သဘောနဲ့ ရှင်းသန့်ကပြောင်ချော်ချော်ပြောရင်းသူ့ဟာသူရီနေလေတော့သွေးလဲစိတ်ပေါ့စေရန်လိုက်ရီလိုက်ပြီး
"လုပ်ပါနဲ့ကွယ်...ခက်ခဲဒေသက ကလေးတွေကိုစာသင်ပြီးကုသိုလ်ယူပါဦး...ရှင်နဲ့အတူငရဲပြည်တော့ကျမမလိုက်ဘူးနော်"
"ဟုတ်ပါပြီဗျာ...နတ်ပြည်ပဲခေါ်မှာပါဗျ"
တရိပ်ရိပ်ကျန်ခဲ့တဲ့ လွမ်းစရာ့နယ်မြေလေးတစ်ခုလဲ ဒီလားရှိုးမြေကဖြစ်ခဲ့သေးသည်ပဲ။ တကြိမ်တော့ထပ်လာရဦးမည်။ သို့သော်သွေးစိတ်ထဲမှာဒီမြို့လေးကိုခွဲခွာလာရတာနောက်ဆုံးသဘောလိုမျိုးရင်ထဲနင့်နေအောင်လွမ်းမိသလို။ဘေးကကားမောင်းနေတဲ့ လူချောကောင်လေးကိုကောပေါ့။ သူသတိမထားမိတဲ့အချိန်တွေဆိုသွေးကြည့်နေမိသည်။ သူ့ကိုလဲထပ်ပြီးမတွေ့နိုင်တော့တဲ့လူတစ်ယောက်လိုမျိုးခံစားလို့ရနေသည်။
အိမ်မက်ထဲကစစ်နေရာမှာ သူများဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးကလဲဝင်လာတော့ ကားထွက်ကာနီးအထုတ်တွေတင်ပြီး လူလဲအပေါ်ရောက်ပြီးမှလက်ပြနေတဲ့သူ့ဆီသို့ ထပ်ဆင်းလာလိုက်သည်။
"ဟင်...ဘာလို့လဲ မသွေး....ဘာလိုလို့လဲ"
ရုတ်တရုတ်တက်ထိုင်နေပြီးမှပြန်ဆင်းလာတာမြင်တော့အံ့သြနေလေသည်။သွေး ဘာမှမပြောပဲ သူ့ကိုဖက်လိုက်သည်။ အရပ်ရှည်တဲ့သူ့ကိုဖက်ရသည်မှာခါးပတ်လည်သာ။
သူကတော့ပြန်ဖက်ရမလို ဒီအတိုင်းပဲဂပ်နေရမလိုနဲ့ဒုက္ခရောက်နေမှာအမှန်။
အဖြူ စင်ဆုံးစိတ်နဲ့နောက်ဆုံးအကြိမ်ဆိုရင်တောင်ပွေ့ဖက်ပြီးနှုတ်ဆက်ခွင့်လေးတော့ရခဲ့ချင်သေးတာပေါ့။ ကိုယ့်အပေါ်ကောင်းပေးခဲ့တဲ့သူပဲလေ။
ကားဂိတ်နားရှိတဲ့လူတွေတော့ ရှပ်အင်္ကျီအနက်ကွက်ကြားလေးနဲ့ကချင်ပုဆိုးတွဲဝတ်ထားသောကောင်ချောလေးအားလည်းကောင်း၊ ရှမ်းထမီနဲ့ အဖြူရောင်အနွေးထည်ဝတ်ထားတဲ့ကောင်မလေးကိုလည်းကောင်းကြည့်နေကြပြီးအကဲပိုတဲ့အတွဲလေးအဖြစ်ထင်ကောင်းထင်နေလိမ့်မည်၊ ကားပေါ်မှာလဲသီပေါကျောက်မဲဖက်ကကျောင်းလာတက်တဲ့ကောလိပ်ကသွေးတို့လိုကျောင်းသူတွေလဲရှိနေသည်လေ။
ဒါတွေသွေးဂရုမစိုက်။ တစ်ခုခုကိုဆုံးရှုံးရတော့မည့်ပုံစံမျိုးလို့ ရင်ထဲမှာလှိုက်၍ လှိုက်၍ နင့်နေအောင်ကြေကွဲနာကျင်ရသည့်ခံစားချက်မျိုးမို့လို့ ငိုလဲငိုချင်နေပြီ။ မျက်ရည်တစ်ချို့လဲကျနေပြီ။
အတန်ကြာဖက်ထားပြီးမှ လက်ကိုဖြေလွှတ်လိုက်ပြီးသူ့ဂှေ့တည့်တည့်ရပ်သည်။
"ရှင်းသန့်ဒီကအပြန်ကားကိုဂရုစိုက်မောင်းနော်...ကျန်းမာရေးဂရုစိုက်...ဒဏ်ရာအနာတရလဲမဖြစ်စေနဲ့....ကျမတို့ထပ်ဆုံချင်သေးတယ်"
သွေးစကားကို နားမလည်သလိုကြောင်ကြည့်နေသည်။သွေးမျက်ရည်တွေမြင်တာနဲ့သူမျက်နှာပျက်သွားသည်။ ထို့နောက်လက်ကလေးကမျက်ရည်သုတ်ဖို့သွေးမျက်နှာရှေ့ရောက်လာတော့သွေးကိုယ်တိုင်အရင်သုတ်ပစ်ရင်း
"ဂရုစိုက်ပြီးနေနော်....ကျမ ရှင့်ကိုသတိရနေပါ့မယ်..."
သူကြောင်အနေတုန်းချာခနဲလှည့်ထွက်မည်ပြင်တော့မှသွေးလက်တစ်ဖက်လှမ်းဆွဲထားသည်။ ပြီးတော့
"ဟို..မသွေး...ကျနော့်ကို...."
"ဟင့်အင်း...ရှင်ထင်သလိုမဟုတ်ဖူး...ဒီတစ်ခါပွေ့ဖက်တာကစိတ်သန့်သန့်နဲ့ပါ...သူငယ်ချင်းတွေခွဲခွာသလိုမျိုးပေါ့"
သူ ကားထဲက maskတစ်ခုယူပြီးသွေးမျက်နှာမှာတပ်ပေးလိုက်သည်။
"မျက်ရည်စီးကြောင်းတွေနဲ့ကားပေါ်တက်သွားရင်လူတွေကြည့်နေလိမ့်မယ်....မသွေးရဲ့....ဂရုစိုက်ကျနော်လဲအမြဲလွမ်းနေမှာပါ....ပြန်ဆုံဖို့ရက်တွေရေတွက်နေပါ့မယ်"
သူ့စကားဆုံးတာနဲ့ကားပေါ်ပြန်တက်လာတော့ကားပေါ်ကလူတွေကြည့်နေကြသည်ကို မသိဟန်ဆောင်ကာ ထိုင်ခုံမှာဝင်ထိုင်ပြီးမျက်လုံးမှိတ်လိုက်သည်။ ကားစထွက်ခွာစဉ်မှာတောင်ရှင်းသန့်ကိုလှည့်မကြည့်ဖြစ်တော့။ သူမတို့ပုံကတော့ ဂရုမှာတက်လာဦးမည်မှာအမှန်။ ကားပေါ်ကကောင်လေးတစ်ယောက်ရိုက်နေသည်လေ။
ဘယ်လိုပဲဖြစ်ဖြစ်သူအန္တရာယ်ကင်းပါစေ။
....
အရင်ကဆို သည်လိုနှင်းတွေကြားမှာ နှင်းဆီခင်းထဲရှိနေရခြင်းကိုသွေးသိပ်သဘောကျတာ။ ခုတော့ကျောင်းကပြန်လာပြီးလဲငြိမ်သက်နေသည်။ စိတ်ခံစားချက်မရှိသလို။
မျက်လုံးတွေလဲအရင်လိုမတောက်ပတော့မှေးမှိန်နေသည်။ အဖေတစ်ခါတလေအရက်မူးလာရင်ခွန်းတုံ့ခွန်းပြန်ပြောလို့သွေးနဲ့စကားများနေကျ။ ခုတော့အဖေဘယ်လိုပဲပြသနာရှာရှာခေါင်းငုံ့ခံသည်။ သူ့ဖုန်းတွေအငယ်တွေဘယ်လောက်ယူသုံးသုံးအော်ဟစ်ဆဲဆိုမနေ။
သူ့ကျောင်းကသတင်းတွေ ကြားပါသည်။သွေးနဲ့ကောင်လေးတစ်ယောက်ချစ်သူဖြစ်နေတဲ့အကြောင်း။သွေးတို့အတွဲပုံလေးတွေကိုအတော်များများရဲ့ပရိုဖိုင်တွေဂရုတွေမှာမြင်နေရသည်။ မပြန်ခင်လေးကားဂိတ်မှာဖက်နေတာတောင်မှပုံကပါလာသေးတာ။
ရည်းစားတစ်ခါမှမထားဖူးသေးလို့အချစ်ဦးလေးကိုခွဲခွာရခက်ခဲနေလေသည်လား။
ညီမဖြစ်သူကို ကြည့်ပြီး ကိုဟိန်းတစ်ယောက်အားမရ။မေးမယ်မေးမယ်နဲ့လူမလစ်တော့မမေးရသေး။ ခုတော့ အဖေနဲ့အမေက တဲဖက်မှာမို့ ပန်းညှပ်နေတဲ့သွေးကိုမေးရန်စကားစလိုက်သည်။
"သွေး...ဘာဖြစ်နေတာလဲ"
ကြည့်ပါလား။ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ သူနဲ့ကိုယ်နှစ်ယောက်တည်းရှိပါလျက်နဲ့မေးနေတာကိုကြားပုံမပေါ်။
"ဟဲ့...မသွေး...ကြားရဲ့လား"
ခပ်ဆတ်ဆတ်အော်ချလိုက်မှ မျက်စိပြူးပြီးလှည့်ကြည့်သည်။
"ဘာဖြစ်နေတာလဲလို့ခေါ်မကြားအော်မကြား"
"ပန်းညှပ်နေတယ်လေ....ဘာပြောလိုက်တာလဲ"
"ဘာဖြစ်နေတာလဲ"
သူ့စကားအဓိပ္ပါယ်ကိုနားမလည်သလိုမျက်လုံးပေကလပ်ပေကလပ်နဲ့ကြည့်ပြန်သည်။ ခါတိုင်းလိုသာဆို ထိပ်ထုပစ်မှာ။
"ရည်းစားကိုခွဲရလို့မှိုင်တွေနေတာလား တစ်ခါတည်းမှိုင်ပြနေတာ တရက်လဲမကနှစ်ရက်လဲမက မြင်နေရတာစိတ်မချမ်းသာဘူးတကယ်"
ရည်းစားဆိုတဲ့စကားကြောင့်ပြောကာမှပဲ ပိုမှိုင်သွားသလို။ မျက်ရည်တောင်ဝိုင်းလာသလို အကြည့်တွေလွှဲသွားသည်။
"မဟုတ်ပါဘူး"
"ဘာဖြစ်နေတာလဲနင့်ပုံတွေမြင်တယ်နော်...အဲ့လောက်ပွထနေတာတော့မကောင်းဘူး"
"အဲ့ဒါအမှန်မဟုတ်ပါဘူး သူများတွေတင်တာပါ...ပြီး ရှင်းသန့်ကသွေးချစ်သူမဟုတ်ပါဘူး"
"အမ်...ဘာလို့လဲ...မကြိုက်ကြပဲသူများတွေလဲတင်ကြသလား...နေပါဦး ဒါဆိုခုနင်ကဘာဖြစ်နေတာလဲ"
မေးနေတာကို မဖြေပဲ လက်ထဲကပန်းခက်တစ်ချို့ကို တစ်နေရာမှာသွားပုံလိုက်သည်။ သူလဲထပ်မမေးတော့။ တစ်ခုခုတော့ဖြစ်နေတာသေချာသည်။ မဖြေချင်တာလား။ဖြေဖို့အဖြေမရှိတာလားမသိတော့တာမို့ ကိုယ့်အလုပ်ကိုယ်ပဲ ပြန်လုပ်နေရတော့သည်။
....
"ဘာ....တောင်ကြီးသွားချင်လို့ ဟုတ်လား"
သရက်ပင်အောက်မှာ မီးဖိုလေးဖိုပြီး ညနေစောင်းမိသားစုဝိုင်းဖွဲ့ကာမီးလှုံနေတုန်း အဖေ့အသံကဟိန်း၍ထွက်လာသည်။
"ဘာသွားလုပ်မှာလဲသွေးရယ်"
"ကိစ္စလေးတစ်ခုရှိလို့ပါ...အဖေနဲ့အမေ"
အိမ်မက်တွေသိပ်မက်ပြီး စစ်အတွက်စိတ်ပူနေမှုတွေပိုပြီး ဆိုးလာတော့သွေး စစ်ကိုသွားတွေ့ချင်စိတ်က တားမနိုင်ဆီးမရဖြစ်လာတာမို့ဖွင့်ပြောဖြစ်သည်။
ကိုဟိန်းတော့ သူ့ဂျူတီကျတာမို့လို့ အိမ်မှာမရှိ။
"ဘာများအရေးကြီးလို့လဲနောက်လပဲဘွဲ့ယူရတော့မှာကို...အလကားပိုက်ဆံကုန်အောင်လုပ်ချင်နေတယ်"
"မကုန်ပါဘူး အသွားအပြန်လမ်းစရိတ်ပဲကုန်မှာ အဖေတို့ပေးစရာမလိုဘူးသွေးမှာရှိတယ်"
ကျောင်းတက်တုန်းကပိုက်ဆံတွေမသုံးရက်ပဲစုထားခဲ့သည်ကခုမှအသုံးဝင်မယ့်ကိန်း။ အဖေတော့ခွင့်ပြုမယ့်ပုံမပေါ်။ အမေကလဲ
"ဟုတ်သားပဲကွယ်...ဘွဲ့ယူပြီးအလုပ်ခွင်ဝင်ရတော့မှာကို ဘာလို့ သွားနေဦးမှာလဲ...ဘယ်လောက်များအရေးကြီးနေလို့လဲကွယ်"
"အမေရယ်...ဘယ်လောက်အရေးကြီးလဲဆိုရင်သွေးရဲ့သေရေးရှင်ရေးကိစ္စထက်တောင်အရေးကြီးပါတယ်"
အဖေ့တို့ရှေ့မှာလဲမရှက်တော့။ တနုံ့နုံ့နဲ့ရင်ထဲမှာ ခံစားနေရတာတွေက များသထက်များလာတော့နှလုံးသားမှာဒဏ်ရါတွေပဲဆင့်ကာထပ်လို့။
"ခရီးဝေးကြီးကွယ်...တော်ကြာတစ်ခုခုဖြစ်နေပါဦးမယ်...ဆရာမဖြစ်ကာနီးမှကို...ဘာကိစ္စများလဲ"
"ကိုယ်ရေးကိုယ်တာပါ အမေ...အဖေ့ကိုကူပြောပေးပါဦး...သိပ်မကြာပါဘူး...အသွားတစ်ရက်အပြန်တရက်ပဲကြာမှာပါ....နော်အမေ..ခွင့်ပြုတယ်ဆိုရင်သွေး မနက်ဖြန်သွားပါရစေ"
"ဘယ်မှမသွားရဘူး...အိမ်မှာပဲကိုယ့်အလုပ်ကိုယ်လုပ်"
ဒေါသတကြီးပြောပြီး ထသွားခဲ့တဲ့အဖေ။ အမေကတော့ မီးလှုံနေတဲ့သွေးလက်လေးကိုဆုပ်ကိုင်ကာ
"အမေဘယ်လိုပြောရမလဲ...ဘွဲ့ယူပြီးမှသွားပေါ့...အဖေကလဲခွင့်ပြုတာမဟုတ်ဖူးလေ...တော်ကြာလမ်းခရီးမှာတစ်ခုခုဖြစ်နေဦးမယ်...မသွားစေချင်တာထက်စိတ်ပူလိူ့ပြောတာပါ"
အမေ့စေတနာကိုလဲ နားလည်သည်။ ဒါပေမယ့်နေ့တိုင်းဖြေဆေးမရှိသလို ဒုက္ခပေးနေတဲ့နှလုံးသားဒဏ်ရာကိုလဲကုသချင်သည်။ ဘယ်လိုပဲဖြစ်ဖြစ်စစ်ဆီရောက်ဖို့အရေးကြီးသည်။ တတ်နိုင်သလောက်စစ်နားလည်မပေးသည့်တိုင်အောင်ရှင်းပြမည်။ ခွင့်လွှတ်ချင်မှခွင့်လွှတ်မည်။ အနည်းဆုံးတော့သွေးအမှန်အကန်ချစ်နေတာ စစ်ဖြစ်ကြောင်းသိစေချင်သည်။ အိမ်မက်ထဲကလိုတကယ်ကြီးကွဲသွားခဲ့တောင်ချစ်တဲ့အကြောင်းလေးသူသိသွားစေချင်သည်။
သစ္စာပျက်မကြီးလိုမြင်နေတဲ့ သူ့အမြင်တွေပြောင်းလဲပေးချင်သည်။ မုန်းကာမှမုန်းနေပါစေလေ။
တကိုယ်တည်းသေမလိုတွေရင်ကွဲနေတာနဲ့စာရင်ရှင်းပြပြီးမှသူ့အမုန်းဒဏ်ကိုခံလိုက်ခြင်းကပိုပြီးသက်သာမည်ထင်ပါသည်။
နောက်ဆုံးဘာမှမရခဲ့ရင်တောင်အဆင်ပြေနေတဲ့သူ့ရဲ့မျက်နှာလေးပဲမြင်ခွင့်ရချင်သည်။
"သွေးကတော့ ခုချက်ချင်းတောင်သွားချင်နေတာမို့လို့အမေတို့ခွင့်မပြုလဲသွားမှာပဲ...သွားမှကိုရတာ...စိတ်ချ အမေတို့စိတ်ပူရမယ့်အဖြစ်မျိုးတော့သွေးမလုပ်ဘူး"
....
Next....
KAMU SEDANG MEMBACA
Romansaသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့