.
လူတွေရဲ့ မျက်လုံးအစုံကသွေးကိုယ်ပေါ်မှာကျဆင်းနေသည်။ ခဏကဆူညံနေခဲ့သလောက်ခုတော့ငြိမ်သက်နေသည်။ ရှင်းသန့်မောင်ပြောလိုက်တာတိုးတိုးလေးပေမယ့်ခြံဝင်းထဲက လူတွေတော့ကြားရလောက်သည်။
"ဟင်....မသွေး....ကျနော်ပြောတာ လက်ခံရဲ့လား"
သွေး ဘာမှပြန်မပြောပဲ ပတ်ဝန်းကျင်သို့တစ်ချက်ဝေ့ဝဲကြည့်မိသည်။ယောက်ျားတစ်ယောက်ရဲ့လူဘုံအလည်ချစ်ခွင့်ပန်ခြင်းကို ခုမှပထမဆုံးနဖူးတွေ့ဒူးတွေ့ကြုံနေရတော့ချွေးစေတွေလဲ ပျံချင်နေသလို လက်တွေလဲအေးစက်နေသည်။ ဒါ ရင်တွေသိပ်ခုန်နေလွန်းလို့ဖြစ်နေတာမဟုတ်မှန်းသွေးကိုယ်တိုင်လဲသိသည်။မျှော်လင့်တကြီး ကိုယ်ကိုငုံ့ကိုင်းပြီးကြည့်နေတဲ့ ရှင်းသန့်မောင်မှာသွေးအမြင်ဝယ်စစ်ဖြစ်လို့နေသည်။
အမြဲကြည်လင်လတ်ဆတ်နေတဲ့အပြုံးပိုင်ရှင်လေး။
အပူအပင်ကင်းမဲ့ပြီးသွေးကိုသိပ်ဂရုစိုက်တတ်တဲ့ ကလေးမလေး။
"မ...စစ်ကိုမထားခဲ့နဲ့နော်....မကိုအဆင့်မြင့်မြင့်ထားနိုင်ဖို့ စစ်ကြိုးစားမယ်နော်"
စကားပြောဖြစ်တိုင်း ဆုံတွေ့လေတိုင်း.မျက်နှာငယ်လေးနဲ့
အသနားခံရုပ်လေးနဲ့ အမြဲဆိုနေကျ။ေသွးချစ်သူဟာကိုယ့်ထက်ငယ်ရွယ်သော ဆယ်တန်းတောင်မနေဖူးခဲ့တဲ့ ကလေးမလေးတစ်ယောက်ပါဆိုတာ ဖွင့်ချပြလိုက်ရင်ဝိုင်းပြီးမေးငေါ့ကာအတင်းပြောတော့မယ့်ပတ်ဝန်းကျင်ကရုပ်ပုံလွှာတွေ။
အဖေအမေတို့ရဲ့စိတ်ဆိုးနေကြသော ပုံရိပ်ယောင်တွေ။
မျက်စိထဲမြင်ချင်ရာတွေ စွတ်မြင်ပြီးနောက်တော့...။
"ဟာ...မ...မသွေး...လုပ်ကြပါဦးဗျ....မသွေး"
ကြောင်ကြည့်နေကြသော လူတွေလဲရှင်းသန့်အသံကြောင့်ပြန်ပြီးအသိဝင်လာကြတော့သည်။ပျော့ခွေပြီးလဲကျနေသောသွေးကိုမြေပေါ်ကျမသွားစေရန်ရှင်းသန့်မောင်ထိန်းလိုက်စဉ်နှစ်ယောက်လုံး လဲကျသွားသည်။ ချက်ချင်း ကုန်းထပြီးသွေးကိုရင်ခွင်ထဲထည့်ကာ ပါးတွေကိုင်လိုက်ကိုယ်ကိုလှုပ်ခါလိုက်နဲ့ယောက်ယက်ခတ်ကုန်သည်။
"ဆေးရုံသွား....ငရှင်း လာလာ...ကားပေါ်တင်"
တစ်ခြံလုံးရုတ်ရုတ်သဲသဲကိုဖြစ်လို့ သတိမေ့နေတဲ့သွေးကို ရှင်းသန့်ကားပေါ်အမြန်တင်ပြီးမောင်းထွက်သွားလေတော့ အိမ်ထဲမှာမောင်ရှင်းသန့်မောင်နှစ်ဆယ်နှစ်ပြည့်မွေးနေ့ဆိုသော ကိတ်လေးက စားပွဲပေါ်အတင်တိုင်းကျန်ရစ်ခဲ့လေတော့သည်။
....
"ဟား...ဘယ်လိုတောင်ဖြစ်တာလဲသွေးရာ..."
အခန်းထဲတွင်ခေါက်တုန့်ခေါက်ပြန်လျှောက်ရင်း ဘာတွေအခဲမကြေဖြစ်နေလဲမသိသော နန်းမြသီကိုမျက်စိနောက်လာသောသွေးက
"ကျမ မျက်စိနောက်လာပြီနော်....ငြိမ်ငြိမ်နေစမ်းပါ...စာလုပ်လို့မရတော့ဘူးတကယ်"
ပြောကာမှခေါက်ပြန်လျှောက်နေတဲ့ နန်းမြသီခြေလှမ်းတွေသွေးကုတင်ဆီဦးတည်လာသည်။ ကုတင်ပေါ်ခေါက်စားပွဲလေးချပြီး စာလုပ်နေတဲ့သွေးမျက်နှာအားစေ့စေ့ကြည့်ရင်း
"သွေး....ရှင်တကယ်ရှင်းသန့်မောင်ကိုကြိုက်နေတာလား"
"ဘာလို့လဲ"
ဒဲ့မေးလဲမရ။ဝေ့ဝိုက်မေးလဲလိုချင်တဲ့အဖြေထွက်မလာသည့်အပြင်မေးခွန်းကပြန်၍ထုတ်နေလေတော့ နန်းမြသီစိတ်ကမရှည်။ ပုံဆွဲစာအုပ်ပေါ်ပဲ ခဲတံတစ်ချောင်းနဲ့အလုပ်ဖြစ်ပြနေတဲ့သွေးပုံစံကတည်ငြိမ်လွန်းလှသည်။
"လူတွေပြောနေကြတယ်သိရဲ့လား...ရှင်းသန့်ကဖွင့်ပြောတာခံလိုက်ရလို့သွေးမူးလဲတာဆို...ပျော်လို့မူးလဲတယ်လို့ပဲပြောနေကြတာ"
"ပျော်လို့မူးလဲတာတဲ့လား....ဆရာဝန်ပြောတာတော့ အာစနည်းလို့ပါတဲ့....မနက်တိုင်းပဲဟင်းပဲစားနေရတဲ့အပြင်ဝယ်စားရမယ့်နေ့လယ်စာကိုအလွတ်ခံပြီးဗိုက်ဟောင်းလောင်းနဲ့နေရတဲ့ကျမက အားနည်းတယ်ဆိုတာဖြစ်နိုင်တယ်မလား...ဘယ်နှယ့်ချစ်ခွင့်ပန်ခံရတာနဲ့မူးလဲမတဲ့လား"
"မသိဘူး...ငါ့လဲ ရှင့်ရှင်းသန့်အပူကပ်လွန်းလို့နေစရာမရှိဖြစ်နေပြီ"
လက်စသတ်တော့ အဓိကအောင်သွယ်တော်ကသွေးအခန်းဖော်ဖြစ်လို့နေသည်လေ။
"ဪ...တနယ်တည်းသားမို့ကူညီနေတာလား...သွေးမှာရည်းစားရှိတယ်လို့ပြောလိုက်ရင်ခုလောက်သူစိတ်ရှုပ်ခံရမှာမဟုတ်ဖူး"
"ဟမ်...သွေး...ရည်းစားရှိတယ်ဟုတ်ရဲ့လား...ဖုန်းပြောတာလဲတစ်စက်မှမမြင်ဖူးတဲ့အပြင်ဖုန်းထဲလဲဘယ်ယောက်ျားပုံမှရှိမနေတာကို...သွေးကိုသိတဲ့သီပေါသူကိုလဲမေးပြီးပြီ...စုံစမ်းသလောက်လဲသွေးမှာရည်းစားမရှိဘူးဆိုတာသေချာနေတာပဲကို"
"ကျမမှာ ရည်းစားထားဖို့အရည်အချင်းတွေမလုံလောက်သေးပါဘူး မမြသီရယ်"
"အလို...ရည်းစားထားဖို့က ဘာအရည်အချင်းတွေရှိနေရဦးမှာလဲ"
"ကိုယ့်ခြေပေါ်ကိုယ်မရပ်တည်နိုင်ပဲနဲ့တစ်ခြားသူကိုသွားကြိုက်မိရင်ဘယ်မလဲအနာဂတ်အတွက်ကြိုတင်ပြင်ဆင်စရာ...မတော်လို့လွန်ကြူးမိရင်လဲ ယူဖို့လဲအဆင်မပြေဖြစ်တာတွေလာဦးမှာ...ဒီတစ်ယောက်ကိုထားလို့ဒီတစ်ယောက်နဲ့ပဲညားရင်တော်သေးတာပေါ့...သွေးကတော့ ရပ်တည်နိုင်မှချစ်ရသူတစ်ယောက်ကိုတွဲပြီး သူနဲ့ပဲလက်ထပ်ချင်တဲ့အထိကိုတွေးတာ"
"ရှင်းသန့်က ရှင့်ကိုအတည်မှန်းတာပါအေ...သူ့မှာဝန်ထမ်းမလုပ်လဲရတဲ့အခြေအနေကြိး...သူ့အိမ်ကလဲမချုပ်ခြယ်ထားဘူး...သူတို့သားသမီးတွေစိတ်တိုင်းကျနောက်ကလိုက်ပေးမယ့်သူတွေချည်း...သွေးသာခေါင်းငြိမ့်ပြီဆိုတာနဲ့သူကတန်းလက်ထပ်မှာ"
"ရှင်ပဲသေချာနေလိုက်တာ...ဟိုကဖြင့်ဘယ်လိုနေမလဲမသိ"
"ကျုပ်ကိုပြောလို့ပေါ့တော်...ရှင့်မလဲ ချစ်တယ်ပြောထားတဲ့သူ့ကိုတောင်စိတ်ကူးထဲထည့်ထားပုံမပေါ်ဘူး"
"တော်ပါပြီ....အေးဆေးနေပါရစေ....ရှင်စာလုပ်ရင်လုပ်နော်...တန်းပြဆင်းရတဲ့အချိန်အခက်ကြုံနေဦးမယ်"
"ရှင့်အတွက်လာပြောနေတာလေ....ရှင်ကအမြဲအဲ့လိုချည်းပဲ....ကျေးဇူးက်ုမတင်ဘူး"
နှုတ်ခမ်းလေးစူထော်ပြီး အပြင်ဖက်ထွက်သွားလေသည်။
တွေးကြည့်တာပေါ့။ ရှင်းသန့်မောင်အကြောင်းတွေ နန်းမြသီမပြောပဲလဲထမင်းစားချိန်pt လုပ်ချိန်တွေမှာသူ့အကြောင်းက မိန်းကလေးတိုင်းလိုလိုရဲ့ပါးစပ်ဖျားမှာရေပန်းစားနေသည်ကိုး။ ဘာလိုလိုနဲ့ ဘယ်သူ့မှအရောမဝင်ပဲပုံမှန်အေးအေးနေတတ်တဲ့သွေးတောင်သူနဲ့ပတ်သက်ပြီးကျောင်းမှာအမည်ကျော်နေလေပြီ။
သွေး သူ့ကိုရည်ရွယ်ပြီးစဉ်းစားမယ်လုပ်တိုင်း စစ်မျက်နှာကပေါ်လာသည်။ စစ်ကိုက နှလုံးသားကရွေးတာပါ။ ရှင်းသန့်မောင်ကိုကျတော့ ခင်သည်။ တစ်ခုခုလိုအပ်ရင်သူ့ကိုအားကိုးလို့ရသည်။ကျောင်းမှာဟင်းသိပ်မစားရတော့အိမ်ကိုကြော်လှော်ပို့ပေးတဲ့ဟင်းဘူးတွေကို ရှင်းသန့်သွားယူပေးနေကျ။ ယူတိုင်းလဲသွေးကခွဲကျွေးနေကျ။ တစ်ခါတရံ သူ့အိမ်ကပို့ပေးတဲ့ဟင်းကြော်တွေကိုသွေးအတွက်ပါပိုထည့်ပေးတာဆိုပြီး ထည့်ပေးခံရတာမျိုး။သွေးအကြောင်းကိုသူ့အိမ်ကလဲ သိထားပုံရသည်။
အဲ့ဒီတုန်းက ဘာလို့များချစ်သူရှိပါလျက်နဲ့မရှိဘူးဟု ယတိပြတ်ငြင်းလွှတ်ရဲခဲ့တာလဲမသိ။ ပြန်စဉ်းစားကြည့်တော့သွေးရှက်သည်။ မှားခဲ့သည်။ သည်စကားလေးနဲ့တောင်စစ်အပေါ်သွေးသစ္စာဖောက်နေသလို ခံစားရသည်။
စစ်ကိုမချစ်၍မဟုတ်။သွေးနဲ့တန်းတူပညာမတတ်လို့လဲမဟုတ်။ မိန်းကလေးဖြစ်နေခြင်းတစ်ခုတည်းသာလို့ဆိုရအောင်ကလဲ စတည်းကမိန်းမမှန်းသိရက်နဲ့ကိုချစ်တယ်လို့ဝန်ခံခဲ့ဖူးပြီပဲမလား။
သူအကြိမ်ကြိမ်နားလည်မှုပေးလေတိူင်းသွေးသည်သူ့တန်ဖိုးကိုမသိဟန်ပြုကာ ဘာသိဘာသာနေခဲ့သည်။
အဲ့ချိန်မျိုးတွေကို စစ်တစ်ယောက်ပဲ ဘယ်လိုတောင်အံကြိတ်ပြီးကျော်ဖြတ်ခဲ့ရပြီလဲမသိ။
တကယ်တော့သွေးရှက်သည်။ယောက်ျားတစ်ယောက်ရဲ့ချစ်ခွင့်ပန်ခြင်းခံရလောက်အောင်သွေးကရှင်းသန့်ရှေ့မှာ ဘယ်လိုတောင်ချွဲုပြခဲ့လေသည်လဲမသိ။ ကိုယ့်မှာချစ်သူရှိပါလျက်နဲ့ သူစိမ်းယောက်ျားတစ်ယောက်ကကြိုက်နေရလောက်အောင်ကိုယ်ဘယ်လောက်တောင်မှဆွဲဆောင်ခဲ့မိပြီလဲမသိ။
ဒီအထဲသွေးမှာချစ်သူရှိတယ်လို့ဝန်ခံလျှင်လဲသွေးနောက်ကြောင်းကိုမရမကဖော်ဦးကြတော့မှာ။ ဒီသင်တန်းမှာသွေးကိုမသိတဲ့သူမရှိသလောက်ဖြစ်နေကြတဲ့အပြင်သွေးချစ်သူဟာမိန်းမလေး။သွေးဟာမိန်းမချင်းကြိုက်သူမှန်းအကုန်သိသွားကြရင်အထင်သေးမျက်လုံးတွေနဲ့ ဝိုင်းကြည့်တာခံရပြီး ပယ်ချကြမှာကိုမလိုလား။ တသက်လုံးတည်ငြိမ်အေးဆေးပြီးမိသားစုအပေါ်သိတတ်တဲ့ သမီးအလိမ္မာလေးအဖြစ်လူတိုင်းကမြင်ခဲ့ကြပြီးမှ ခုကိစ္စကြောင့်နဲ့တော့အထင်သေးကဲ့ရဲ့ခြင်းမခံလို၊
ကိုယ်ချစ်ရတဲ့သူနဲ့ ပတ်သက်ပြီးအနာဂတ်အကြောင်းတွေးမိလေတိုင်း ရင်ထဲမှာအမည်မသိတဲ့ဝေဒနာကထွက်ပေါက်မရှိအောင်မွန်းကြပ်လို့နေသည်။ ဘယ်လိုဖက်ကပဲတွေးတွေး လမ်းမဆုံးသေးခင်ဝေးကြဖို့ပဲကြိုမြင်နေတော့တာပါပဲလား။
.....
"မသွေး....ခဏလောက်စကားပြောချင်တယ်"
နေ့လယ်ထမင်းစားချိန်ဆိုရင်ကျောင်းစတက်တည်းကကင်တန်းမှာသွားဝယ်ရမှာပျင်းလို့မစားဖြစ်တဲ့ရက်ပေါင်းများစွာမှာ ဒီအပင်ရိပ်လေးမှာသွေးနေနေကျလေ။ ခုလဲ ဘာရယ်မဟုတ်ပါပဲ ယင်းမာဖိနပ်အဖြူလေးကိုဖင်ခုထိုင်ပြီးကျောင်းဝင်းထဲမှာလှုပ်ရှားသွားလာနေတဲ့သူတွေကိုငေးလို့ကောင်းတုန်း နံဘေးသို့ရှင်းသန့်မောင်အလောတကြီးရောက်လာခဲ့လေသည်။
"မသွေး...ကျနော်ပြောတာကြားရဲ့လား"
ကျောင်းမှာစာသင်ချိန်ဆို ဖုန်းမကိုင်တတ်တဲ့သွေးတစ်ယောက်ဒီတစ်ခါမှာတော့ဖုန်းမယူလာမိတာကိုပဲကြံဖန်နောင်တရမိသည်၊
ရှောင်လာလေသမျှဒီတစ်ခါတော့ ထိပ်တိုက်ကြုံဆုံရလေပြီမို့ မလွဲသာတော့ပေ။
ထိုင်နေတော့ အနည်းငယ်အပေါ်ဖက်တိုးတက်ပြီးခါးပေါ်နေတော့ခါးတိုအင်္ကျီဖြူ ရင်ဖုံးလေးကိုဆွဲဆန့်ပြီးကိုယ်ကိုမတ်မတ်ပြင်ထိုင်လိုက်သည်။ ပြီးမှရှင်းသန့်နှင့်မျက်နှာချင်းဆိုင်လိုက်သည်၊
"ပြောလေ...ရှင်းသန့်...ဘာကိစ္စရှိလို့လဲ"
"မသွေး ကျနော့ကိုဘာလို့ရှောင်နေတာလဲ"
ရှောင်သည်။ ဟုတ်သည်။ သူပြောသလိုပဲသွေးသူ့ကိုရှောင်နေသည်မှာကြာပဲကြာလှပြီ။ဆေးရုံဆင်းကတည်းကဆိုပါတော့။ သူ့မျက်နှာကအနည်းငယ်ဝမ်းနည်းနေသယောင်ဖြစ်နေပေမယ့်သွေးကတော့တည်တည်ငြိမ်ငြိမ်ဖြင့်
"ကျမကဘာကိစ္စရှောင်နေရမှာလဲ...စာမေးပွဲနီးပြီဆိုတော့စာကိုလုပ်နေရတာပေါ့...ရှင်တို့လိုညဏ်ကမကောင်းဘူးလေ"
အမှန်မှာတော့ ဒီကျောင်းစာတွေကဘာမှအသေအလဲလိုက်မှတ်နေစရာကိုမလိုတာပင်။
"မဟုတ်သေးဘူး...ခါတိုင်းပိတ်ရက်တွေအပြင်ထွက်တဲ့အခါကျနော်ခေါ်ရင်မသွေးလိုက်တယ်...ခုတော့ငြင်းတာများလာတယ်..အကြောင်းပြတာလဲစုံလာတယ်....အဆိုးဆုံးကဗျာ...ကျနော့်ဖုန်းမကိုင်တော့တာပါပဲ....ဘလော့ထားတာမလား"
ဒီတစ်ကြိမ်လည်း သူ့စကားကမှန်သည့်ဖက်သို့ရောက်နေသည်။ ငြင်းပါများသွားတော့သူလဲမြင်တတ်လာပြီထင်သည်။
"ဖုန်းမကိုင်တာဆိုတာထက်...ကျမ ဖုန်းကိုမသုံးတော့တာပါ...အရေးတကြီးသုံးနေစရာလဲမလိုတော့အားလဲသွားမသွင်းဖြစ်ဘူး အဆောင်ထဲပဲပုန်းနေမိတာ...ဘလော့ထားရအောင်ရှင်နဲ့ကျမကြားဘာမှမရှိတာ....ပါဝါပိတ်ထားတာကြာနေပါပြီ"
မုသားလဲမဆို အမှန်တရားလဲမဟုတ်တဲ့စကားတို့ကိုဆိုတတ်နေလေပြီ။ အဖြူ အစိမ်းဝတ်ကောင်ချောလေးနဲ့ ဘာမှန်းမသိပဲသူနဲ့ပတ်သက်ပြီးလူသိများလာရတဲ့သွေးတို့နှစ်ယောက်အပင်ရိပ်လေးမှာစကားဆိုဖြစ်နေတာကိုမြင်တဲ့သူတိုင်းက တီးတိုးသဖန်းပိုးတစ်မျိုးမျိုးတော့ဝေဖန်နေကြတာတော့အမှန်။
"ဒါဖြင့်နောက်အပတ်စနေကျရင်မလုပ်ဖြစ်လိုက်ရတဲ့ ကျနော့်မွေးနေ့အတွက်မသွေးပြန်လျော်ပေးမလား"
"ဘယ်လိုမျိုးလျော်တာလိုချင်လို့လဲ"
"ကောလိပ်ကသူငယ်ချင်းတွေနဲ့အတူ အပြင်မှာတညကုန်ဆုံးခွင့်လေ.."
"ဖြစ်ပါ့မလား..."
"ဖြစ်တာပေါ့...ပြီးရင်ကျနော်တို့ကိုယ်စီဋ္ဌာနေပြန်ရတော့မယ်လေ...တန်းပြဆင်းရတော့မယ်လေ....နောက်ဆုံးပါတီပေါ့ဗျာ"
"မွေးနေ့မလုပ်ဖြစ်လိုက်တာ ကျမကြောင့်ဆိုတော့အဲ့ပချိန်တွက်ရှင်တောင်းဆိုတာကိုဖြည့်ဆည်းပေးဖို့သဘောတူပါတယ်"
သွေး အဖြေကြောင့်ရှင်းသန့်မျက်နှာဝင်းလက်သွားတော့သည်။ သူဘယ်လောက်ပျော်သွားလဲဆိုတာသူမျက်နှာပေါ်ကအရိပ်အယောင်တွေကဖော်ပြလို့နေသည်။
"ကျေးဇူးပါဗျာ...ကတိနော်"
"ကျမ မညာတတ်ပါဘူး...စိတ်ချလိုက်ပါ...ခုတော့ကျမ အတန်းထဲပြန်သွားတော့မယ်"
လက်မှနာရီဖြူ ဖြူလေးကိုတစ်ချက်ငုံ့ကြည့်ပြီးသွေးထရပ်လိုက်တော့ သူကအလိုက်သိဟန်ဖြင့်
"ကောင်းပါပြီဗျာ...."
ယင်းမာဖိနပ်အဖြူလေးကိုသေချာစီးပြီးဖုန်တွေပေနေတဲ့ထမီအနောက်ကိုတစ်ချက်ခါလိုက်ကာသူ့ထက်အရင်ထွက်လာလိုက်သည်။ အနည်းငယ်ပွယောင်းယောင်းဖြစ်နေတဲ့ဆံထုံးလေးကိုတော့အတန်းထဲရောက်မှပြင်ထုံးတော့မည်။ သူ့ရှေ့သွားပြင်ထုံးမိလျှင်ဒါသည်လည်းပဲဆွဲဆောင်ခြင်းတစ်မျိုးဟုသတ်မှတ်သွားလျှင်ခက်ရချည်ရဲ့။ ခပ်တည်တည်ပဲ သူ့ရှေ့ကနေနောက်သို့တစက်မှ လှည့်မကြည့်ပဲထွက်ခဲ့နိုင်လေပြီ။
...
ရောင်စုံမီးရောင်အောက်ဝယ်ကခုန်နေကြသော သူများအားကြည့်ပြီးသွေးခေါင်းတွေကိုက်နေရသည်။ ထွက်ပေါ်လာတဲ့သီချင်းတွေအကုန်အလွတ်ရနေသူချည်ူလားမသိ။ ပါးစပ်ကလဲလိုက်အော်ဆိုနေကြသည်။ ဂုဏ်ကျက်သရေရှိသော အဖြူ အစိမ်းဝတ်ကောင်လေးကောင်မလေးတို့တတွေသည်လည်းပဲ လူထဲကလူဖြစ်နေပေသည်။ စနေတနင်္ဂနွေ ပိတ်ရက်ဆိုအိမ်ကိုတညအိပ်ပြန်ခွင့်ရှိသည်။ စနေပြန်ပြီး တနင်္ဂနွေနေ့ညနေလေးနာရီအဆောင်သို့အရောက်သတင်းပို့ရသည်။ ခိုင်မာသော အကြောင်းပြချက်လဲပေးရသည်။ခုကတော့အေးဆေး။ တစ်ချို့ပြန်တဲ့သူတွေ ပြန်ကုန်ကြပြီ။သွေးတို့ကမနက်ဖြန်မှပြန်ရမည်။ ကားလက်မှတ်တောင်မဖြတ်ရသေး၊
စိတ်တော့မလုံဘူးပေါ့။ မတော်လို့များ ဒီမှာလာပြီးဖြစ်ပျက်သောင်းကျန်းနေပုံကိုကောလိပ်ကဆရာဆရာမတစ်ဦးဦးကများ မြင်သွားမည်ဆိုလျှင်ဖြင့်အကုန်လုံးကျောင်းထုတ်ခံရကိန်း။
ကျောင်း ပိတ်ပြီဆိုမှတော့မြင်လဲဘာအရေးလဲလေ။ သူတို့လဲခုမှပျော်ရပါးရတာကို။
ကြည့်စမ်းပါဦး။ မြင်နေကျမြန်မာဆန်ဆန်ရင်ဖုံးထမီလေးတွေဝတ်နေကျကောင်မလေးတွေက အခုတော့စကတ်အတိုလေးတွေဘောင်းဘီအတိုဂါဝန်အတိုလေးတွေနဲ့ မလုံ့တလုံလေးတွေ။ ပုဆိုးနဲ့ရှပ်နဲ့သန့်ရှင်းသပ်ရပ်နေတဲ့ကောင်လေးတွေကလဲ ဂျင်းတွေဂျာကင်တွေနဲ့တကယ့်ကိုမှအလန်းစားတွေ။
ဂျင်းအနက်ရောင်ဒူးပြဲလေးနဲ့ တီရှပ်လက်ရှည်အနက်ရောင်ကိုတွဲဝတ်ထားပြီးနဖူးမှာ အင်္ဂလိပ်စာတန်းတွေပါသော ပုဝါကိုစည်းထားတဲ့ ရှင်းသန့်မောင်ဟာဆိုရင်ဖြင့်မီးရောင်အောက်မှာ တီးလုံးသံတွေနဲ့အတူစည်းချက်အညီလိုက်ကနေလေတော့သည်။ ထိုင်ခုံမှာသွေးတစ်ယောက်တည်းထိုင်ပြီး စားပွဲပေါ်ရှိသမျှပုလင်းတွေကိုလိုက်ငေးနေရသည်။
တကယ်က ရှင်းသန့်မွေးနေ့မှာသူမကြောင့်မပျော်ပဲအချိန်ကုန်ခဲ့တဲ့အတွက်အဲ့အစားပြန်လျော်ပေးဟုတောင်းဆိုတာကြောင့်မဖြစ်မနေထွက်လာခဲ့ရတာပင်။ ဒီလိုနေရာမျိုးဆိုတာသွေးအိမ်မက်ထဲတောင်မလာရဲ။
"မသွေး...လာလေဗျာ..."
စားပွဲပေါ်ကပုလင်းတစ်လုံးကိုအဖုံးဖွင့်ပြီးမော့ချလိုက်တဲ့ ရှင်းသန့်ကိုသွေးငေးရင်း
"ဟင့်အင်း ကျမ အဲ့လိုမကတတ်ဘူး..."
သွေးနံဘေးသို့နီးကပ်စွာ ဝင်ထိုင်လိုက်သောကြောင့်သွေးကိုယ်ကိုပိုကျုံ့ ဝင်လိုက်သည်။
"ဘာမှလဲမသောက်ဘူးလား...ဘာမှမစားမသောက်လို့တော့မရဘူးနော်...ဒီနေ့တော့ ကျနော့်အတွက်ပေးထားတာကို..ဟုတ်တယ်မလား"
သွေး ဒီလိုအရည်တွေသောက်ဖို့မတွေးဖူး။သောက်လဲမသောက်ချင်။ ရှင်းသန့်ကိုလဲ အားနာသေးသည်။ ကိုယ့်ကြောင့်သူ့ပျော်စရာရက်ပျက်ကွက်သွားခဲ့သည်မဟုတ်ပါလား။
"အင်းပါ...သောက်ပါ့မယ်"
"ယေ့...ဒါမှ မသွေးကွ...ရော့..."
သွေးဖြေပြီးပြီးချင်း နီးရာပုလင်းတစ်လုံးကိုယူ၍ကောက်မော့လိုက်တော့ ရှင်းသန့်မှာသွေးကိုတိုက်ဖို့ပုလင်းတစ်လုံးကမ်းနေရာမှ မျက်လုံးအစုံပြူးကျယ်သွားတော့သည်။ တစ်ကျိုက်မော့တော့အရည်တွေကမီးစလိုပူပြင်းပြီးလည်ချောင်းတစ်လျှောက်စီးဆင်းသွားပုံများ တစ်ကိုယ်လုံးပေါက်ကွဲထွက်တော့မလို။ ပြန်လဲမထွေးထုတ်ရဲတာမို့ မျက်စိစုံမှိတ်မျိုချလိုက်ရသည်။
"အဲ...မသွေး...ဘယ်လိုနေလဲ"
"ပူပြီးခါးသလိုစပ်သလိုနဲ့ လုံးဝတစ်မျိုးကြိ်း...လူပါကျွမ်းသွားမလားပဲ"
လည်ချောင်းကို လက်နှစ်ဖက်ဖြင့်လှည့်ပွတ်ရင်းပြောသည်မို့ ရှင်းသန့်ပြုံးစိစိဖြစ်သွားသည်။ ကျွမ်းမှာပေါ့။ ရှင်းသန့်တို့ယောက်ျားလေးတွေတောင်ခဏကသွေးသောက်လိုက်တာမျိုးကိုလူတိုင်းမသောက်နိုင်ဘူးလေ။ ဘီယာတွေဝိုင်တွေ တခြားအရက်တွေသောက်လို့ရင်းနှီးပြီးကာမှဒါမျိုးစသောက်ရဲကြတာ။ ခုတော့ဖြင့်ဝိုင်ဆိုတာတောင်ဖြူ လားမဲလားမသိပဲ စ စချင်းသောက်လိုက်တဲ့သွေးရင်ထဲဘယ်လိုနေမလဲဆိုတာတွေးကြည့်ရုံနဲ့သိနေပြီ။
ကိုယ်သောက်စေရန်ပေးရုံကမ်းလိုက်သည့်လက်ထဲကဝိုင်ပုလင်းလေးကိုတော့စားပွဲပေါ်ပြန်ချလိုက်သည်။
အနက်ဖြူ ကြားရှပ်ကွက်လက်ရှည်ကိုတံတောင်လောက်ခေါက်ဝတ်ထားပြီး ဆံနွယ်အချို့ကိုအနောက်မှာစုစည်းထားတော့မျက်နှာလုံးလုံးလေးကပေါ်လွင်နေသည်။ သူများတွေလိုခေတ်ဆန်ဆန်အတိုအဟိုက်လေးတွေဝတ်မလာပဲ ဂျင်းဘောင်းဘီရှည်ကို ကြိုင်းသိုင်းဖိနပ်လေးနဲ့တွဲဝတ်လာတဲ့သွေးကတော့ မဆန်းပေမယ့်ရှင်းသန့်မျက်စိထဲတော့ သဘောကျမဆုံးဖြစ်၍နေလေသည်။
"ဘယ်လိုလဲ ရှင်းသန့်...ကျေနပ်ပြီလား"
ဝီစကီတန်ခိုးကြောင့်နီရဲသွားတဲ့မျက်စိတွေရယ်ပါးတွေရယ်ကိုအသဲယားလှစွာကိုင်ကြည့်ချင်စိတ်တို့တစ်ဖွားဖွား။
"အာ...ကျေနပ်ပါတယ်...မသွေး အဆင်ပြေရဲ့လား..."
"မပြေဘူး တစ်မျိုးကြီးလို့ပါဆိုနေ...ကရင်သွားကလေ...ကျမတစ်ယောက်တည်းဖြစ်ပါတယ်"
"ထပ်မသောက်နဲ့တော့နော်...ရပြီအဲ့လောက်ဆိုကျနော်ကျေနပ်တယ်ဟုတ်ပြီလား ထပ်မသောက်နဲ့"
"ဟေး ရှင်းသန့်ဘာသွားကပ်ချွဲနေတာလဲ လာလေကွာ"
ကနေတဲ့အုပ်စုတွေထဲမှလှမ်းအော်သံကြောင့်ရှင်းသန့်ကသွေးကိုထပ်မသောက်ဖို့အထပ်ထပ်မှာပြီး လူအုပ်ကြားထဲဝင်ရောသွားလေပြိ်။ ကျန်နေခဲ့တဲ့သွေးမှာသာတစ်ယောက်တည်းဒေါင်ချာစိုင်းချင်နေပြီ။ တစ်ကျိုက်လေးသောက်လိုက်တာကိုဘာလို့များအူပြတ်မတတ်ခံစားရခက်နေသည်မသိ။
အဆိပ်ကိုအဆိပ်နဲ့ဖြေရတယ်ဟူသောသဘောကို သတိရမိသွားတော့ ခဏကမော့ပြီးသား ပုလင်းကိုထပ်မော့လိုက်သည်။ ဒီတစ်ခါတော့ပထမလောက်အဝင်မဆိုးလှတော့။
စားပွဲပေါ်မှဖုန်းမီးလင်းလာလေသည်။သွေး ဘာစိတ်ကူးပေါ်၍ အမည်မရေးပဲ အသံပုံသုံးခုတန်း၍ပေးထားလဲမသိ။
"ဟလို...."
"မကလေး....ဘယ်ရောက်နေတာလဲ ဆူညံနေတာပဲကွာ"
"ဪ..စစ်...မ အပြင်မှာရောက်နေတာ...စစ်ကောအဆင်ပြေရဲ့လား...ဘယ်မှမလည်ဘူးလား"
အသံတွေဆူညံမှုကြောင့်နားတစ်ဖက်တည်းလက်ညိုးထိုးထည့်ပြီးဖုန်းကအသံကျယ်ကျယ်နဲ့အော်ဖြေနေရသည်။
"ဟုတ်...ခု ဆရာအိမ်မှာတစ်ယောက်တည်းရယ်...ဆရာတို့မိသားစုနဲ့တစ်ခြားသင်တန်းသူတွေကတော့ ဆရာ့မိတ်ဆွေသားရဲ့ ပါတီကိုသွားကြတယ်....စစ်ကတော့ မ ပိတ်ရက်ဆိုပြီးစကားပြောချင်လို့မလိုက်ပဲနေရစ်တာ"
"ဟုတ်လား...ကျစ်....မလဲအပြင်မှာရောက်နေတာ...စစ်ရဲ့...အသံတွေကသိပ်ဆူတာပဲ"
"KTVရောက်နေတာလား...မ..ဘယ်သူတွေနဲ့လဲ ညတောင်နက်နေပြီကို "
လက်မှနာရီကြည့်မိတော့ ဆယ်နာရီသို့လက်တံကညွှန်ပြနေသည်။ ဒီအချိန်စစ်ကမအိပ်ပဲ သူမကိုစောင့်နေသည်တဲ့လား။ နှစ်ယောက်စလုံးမအားလပ်ဖြစ်နေခဲ့ချိန်များမှာ စစ်သည်သာသူမထံသို့အားချိန်လုပြီးဖုန်းဆက်ရသူမလား။
"ဟုတ်ဖူး မ ကလပ်မှာ..ကျောင်းကလူတွေနဲ့လေ...စစ်အိပ်တော့နော်...မ ပြန်တဲ့အခါဖုန်းဆက်မယ်..ဒီညအပြင်မှာအိပ်ရမှာ...အဆောင်ပြန်လို့မရတော့ဘူး...ကျောင်းကပိတ်ပြီ"
"ပြန်တော့လေ မရဲ့...တခြားမှာအိပ်ရင်လဲဂရုစိုက်နော်...မိုးချုပ်နေပြီကိုလေ...မနေမကောင်းဖြစ်မယ်..."
"စိတ်လဲမပူပါနဲ့အဖော်တွေအများကြီးပါကွာ...စိတ်ချနော်..စစ်ကလေးအိပ်ချေတော့..."
"ဟုတ်...အရမ်းချစ်တယ်...မ...မ ပြန်တဲ့အခါစစ်ကိုပုံပို့ခဲ့ဦးနော်...လွမ်းလှပြီ"
"အင်းပါ...ချလိုက်တော့..ဘာမှကြားရတာမဟုတ်ဖူး"
စစ်ကို ချလိုက်ဟုပြောပြီးသွေးကပဲအရင်ချလိုက်သည်။ တစ်ယောက်တည်းပျင်းပျင်းနှင့်ထသောက်ပြန်သည်။ ဘာအမျိုးအစားမှန်းလဲမသိတော့တဲ့အပြင်စားပွဲပေါ်မှာသုံးပုလင်းလောက်ကတော့လဲနေပေပြီ။ လူလဲအသိစိတ်တို့ပျောက်ပြီ။ အိပ်လဲအိပ်ချင်ပြီ။ တီးလုံးသံမြူးကြွကြွအောက်မှာကခုန်နေတဲ့လူအချို့လဲမျက်စိရှေ့မှုန်ဝါးဝါး။ လူအုပ်ကြားထဲမှနန်းမြသီကိုရှာရန်ဆင်းလိုက်သည်။ လူတောင်ဒယီးဒယိုင်ဖြစ်လို့နေပြီ။ခြေလှမ်းတစ်လှမ်းနဲ့တစ်လှမ်းကိုတကမ္ဘာလောက်ကြာသည်ဟုထင်မိသည်။
ရင်ထဲမှာ ပူလောင်နေသလိုစိတ်ကလဲခပ်မြူးမြူး။
"ဟာ..မသွေး ကမို့လား...လာဗျာ..."
သွေးလက်ကိုဆွဲရင်းကပွဲအလယ်သို့ရောက်လာသည်။
"ရှင်းသန့်...မြ..မြသီကိုရှာနေတာ...တစ်နေရာမှာပြန်အိပ်ကြဖို့"
လျှာလေးအာလေးဖြစ်နေတဲ့သွေးကိုကြည့်ရင်းရှင်းသန့်သဘောပေါက်လိုက်သည်၊
"ထပ်သောက်မိတာလားဗျာ...ကဲ...သီချင်းသံနဲ့အပြိုင်လိုက်ခုန်ကြည့်...အမူးပြေသွားမှာနော်...ကျနော်ထိန်းထားပေးမယ်"
ခါးကို ဖက်တွယ်လာတဲ့ လက်နှစ်ဖက်ကို ဖယ်ချနေပေမယ့်အားကမပါ။ သူပြောသလို လိုက်ခုန်ကြည့်တော့ အမူးပင်ပျောက်လာသလို၊ မနည်းထိန်းရပ်နေတဲ့ကိုယ်ကိုသူထိန်းပေးထားတာမို့ လဲကျစရာအကြောင်းမရှိ။ စိတ်လွတ်လက်လွတ်ဖြင့်ကြိုက်သလိုခုန်ပေါက်နေမိသည်။ မျက်စိအမြင်တော့မှုံဝါးဝါး။နောက်သို့လန်လဲမလိုဖြစ်တော့ ရှင်းသန့်ကသူ့ဖက်ကိုသွေးကိုယ်လုံးအားဆွဲယူနီးကပ်စေလိုက်သည်။သွေးတစ်ကိုယ်လုံးရှင်းသန့်ရင်ခွင်တွင်းရောက်နေသလိုသွေးလက်တွေကလဲရှင်းသန့်ရဲ့လည်ပင်းကိုသိုင်းဖက်ထားသည်။
လူတကာအစုံဝိုင်းကြည့်နေတာကိုသွေးမသိ။ အကဲပိုတဲ့အတွဲတစ်တွဲဆိုပြီး ကြည့်နေကြတဲ့အပြင်ကျောင်းကသိတဲ့သူတွေလဲပြုံးစိစိဖြင့်။
"မ...ကျနော်မကိုသိပ်ချစ်တယ်"
မျက်လုံးချင်းဆုံတဲ့အခိုက်ရှင်းသန့်က မျက်နှာလေးငုံ့ကိုင်းပြီးသွေးနားနားကပ်၍ပြောလိုက်သည်၊သွေး ကြားယောင်နေသည်က ခဏကဖုန်းထဲစစ်ပြောခဲ့သောစကားကိုသာ။
"မ...အရမ်းချစ်တယ်...လွမ်းလှပြီ"
တဲ့။
ပြုံးလိုက်သည်၊ ပါးချိုင့်လေးတွေခွက်ဝင်နေအောင်ကိုလှိုက်လှိုက်လှဲလှဲပြုံးလိုက်သည်။ ဘယ့်နှယ်။ စစ်တို့များဟိုးရန်ကုန်ကနေရင်းကိုသွေးကိုစိတ်ပူလို့ဒီအထိလိုက်လာခဲ့တာမို့လား။
အမြင်အာရုံတွေမှာ စစ်ရဲ့မျက်နှာကသွေးနဲ့အနီးဆုံးမှာရှိနေလေသည်၊ စစ်ကလေးက မကိုအဲ့လောက်ချစ်တတ်တာ မ သိတာပေါ့။
"မ....ကျနော်တကယ်ချစ်တာနော်...မ...သိတယ်မလား...ကျနော့်ကိုပြန်ချစ်ပေးပါနော်"
စစ်တကယ်ချစ်မှန်း မ သိတာပေါ့။ မကလဲချစ်တာပေါ့။ အရာအားလုံးနဲ့ရင်းပြိး စစ်ကိုချစ်ခဲ့တာလေ။ သဘာဝတရားဆိုတာကိုလွန်ဆန်ပြီး အချစ်ကိုဦးစားပေးလို့ ဒီရင်ဘတ်ကြီးက စစ်မှစစ်ဖြစ်လို့နေတာကို။ လူဘုံအလယ်မှာ မ ချစ်သူဟာစစ်ဆိုတာချမပြသေးတာတစ်ခုတည်းရယ်။
ခေါင်းငြိမ်မိလား ။ခေါင်းခါမိလား။ မသိ။ ဘာဆိုဘာမှမသိ။ အမြင်အာရုံပျောက်ကွယ်လုနီးနီးမှာ စစ်မျက်နှာလေးသွေးဆီသို့တည့်တည့်ကြီးငုံ့မိုးကျလာသည်ကိုသွေးမျက်နှာလေးမော့ပြီး မျက်စိစုံမှိတ်ချလိုက်သည်။သွေး အိပ်ချင်နေပါပြီ။ စစ်ရင်ခွင်မှာဆိုတော့ လုံခြုံစိတ်ချစွာမှေးစက်လိုက်မည်ပေါ့၊ နှုတ်ခမ်းပေါ် ချိုအီမွှေးပျံ့စရာ အထိအတွေ့လေးတစ်ခုရဲ့နောက်မှာတော့....။
....
"သမီး...စစ်ရေ...မိတ်ကပ်တစ်ချို့ကို ကားနဲ့ထည့်ပေးလိုက်တာ အဆင်ပြေရဲ့လားလို့ ချစ်ကိုမေးလိုက်ဥိး...."
မွေးနေ့အတွက်မိတ်ကပ်ပြင်ပေးနေရာမှ ဆရာ့အသံကြောင့်စစ်အားသွင်းထားတဲ့ဖုန်းကိုသွားဖြုတ်လိုက်သည်။ရန်ကုန်မှာ အလှပြင်ဆိုင်တွေသိပ်ကိုပေါများနေတဲ့အပြင်နေ့စဉ်နဲ့အမျှ အလုပ်ဖြစ်နေတော့တာပင်။ စစ်တို့တောင်ကြီးကဆိုင်မှာ လူများတဲ့နေ့ဆိုတာ ဒီဖက်ဆိုင်ရဲ့လူနည်းတဲ့နေ့သာသာပဲဖြစ်လိုက်မည်၊ အလှူပွဲမွေးနေ့ပွဲ မင်္ဂလာပွဲတွေဆိုရင်မိသားစုလိုက်ကိုလာပြင်ခိုင်းတတ်ကြတာ။ တစ်ခါတလေအိမ်ထိလိုက်ပြီးပြင်ပေးရသည်။
မကြီးကိုဖုန်းဆက်တော့မကိုင်တာနဲ့ လိုင်းဖွင့်ပြီးစာရေးပို့လိုက်သည်၊ မကြီးထံစာရေးပြီး မအကောင့်ဝင်ကြည့်တော့ မ လိုင်းမသုံးတာတရက်ရှိနေပြီ။
"လွမ်းတယ်မရေ...အဆင်ပြေရဲ့လား....စစ်အလုပ်တွေသေသေချာချာကြိုးစားနေတယ်...မနဲ့နီးဖို့အတွက်ဆိုတာက စစ်အတွက်ကောင်းသောတွန်းအားတစ်ခုပါပဲရှင်...ချစ်တယ်နော်"
စာလေးပို့ပြီး လိုင်းပိတ်မည်အပြု ရုတ်တရက်မဝေါလ်ထဲဝင်ကြည့်မိသည်။ မကိုအမြဲtagတွဲတတ်တဲ့ ရှင်းသန့်မောင်ဆိုသောအကောင့်ကိုမထင်မှတ်ပဲသွားနှိပ်ကြည့်မိတော့
မြင်လိုက်ရတဲ့ မြင်ကွင်းကား စစ်ကိုကမ္ဘာပျက်သွားစေသည်။
ထိုကောင်လေး၏ ကာဗာပုံဝယ်မနှင့်နမ်းနေသောပုံ။
နောက်ခံမှာဖိုတိုရှော့ဖြင့်ရှုခင်းပုံတင်ထားသည်။ အဲ့အရှေ့မှာ မနဲ့အဲ့ကောင်လေးနမ်းနေကြတဲ့ပုံ။
ယိုင်သွားသော ခန္ဓာကိုယ်ကို ပြန်မတ်မတ်ရပ်လိုက်ပြီး ပုံကိုသေချာပြန်ကြည့်လိုက်သည်။
ဆံပင်အနည်းငယ်မျက်နှာပြင်ကိုဖုံးနေပေမယ့်လို့ မဆိုတာ စစ်သိတာပေါ့။ မ စီးထားတဲ့ဖိနပ်က စစ်တောင်ကြီးမှာဝယ်ပေးလိုက်တဲ့ဖိနပ်မို့လို့ အသေအချာကိုမှတ်မိနေသည်။
ဖုန်းကိုယူပြီး အိမ်သာဆီအမြန်ပြေးသွားလိုက်သည်။ အထဲရောက်တော့တံခါးပိတ်လိုက်ပြီး ပုံကိုကြည့်ကာအသံတိတ်ကြိတ်ငိုသည်။
ဘယ်လိုတောင်လဲ မရယ်...စစ်ဖြင့်မယုံနိုင်ပါဘူး...မ မဟုတ်ပဲတခြားသူတစ်ယောက်ဖြစ်လိုက်စမ်းပါ...
ခုလိုဖြစ်ပျက်နေတာတွေ အိမ်မက်သာဖြစ်ပါစေ။ ကိုယ့်ပါးကိုယ်အားပါပါနဲ့ရိုက်ကြည့်လိုက်တော့လက်ငါးချောင်းစာနီရဲနေတာ အထင်းသားပေမယ့်လို့နာကျင်မှုမခံစားရ။
တုန်ယင်နေသော လက်ချောင်းတို့က နံပတ်တစ်ခုကိုရိုက်နှိပ်ပြီးခေါ်လိုက်သည်။
"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသည်"
ထင်သည့်အတိုင်း မဖက်က စက်ပိတ်ထားသည်တဲ့။ တကယ်လို့ ဖုန်းကဝင်ပြီး မ လာကိုင်တဲ့အခါ စစ်ဘာစကားနဲ့စပြောရမလဲ။
အစစအရာရာ စစ်ကနားလည်ခွင့်လွှတ်ပေးခဲ့တာဟာ မကိုချစ်လို့ပါ...မကိုလည်းယုံခဲ့လို့ပါ...မကို....မကို....နောက်တစ်ယောက်ဆီသွားဖို့အတွက်တော့ စစ်သဘောမကောင်းနိုင်ဘူး မရဲ့...
ရှိုက်သံအချို့အပြင်သို့လျှံထွက်သွားတော့သည်။ အိမ်သာပေါ် ငုတ်တုတ်ထိုင်ပြီး ရင်ဘတ်ကိုလက်တဖက်နဲ့ဖိ၊ လက်တဖက်ကိုပါးစပ်မှကိုက်ပြီး အသံမထွက်မိအောင်ထိန်းကာငိုကြွေးသည်။
မိန်းမတစ်ယောက်ဖြစ်နေတဲ့ စစ်အချစ်တွေက မအပေါ်လုံလောက်မှုမရှိခဲ့လို့လား မရဲ့....
ယောက်ျားတစ်ယောက်ရဲ့အနမ်းကို မက ပြုံးပြုံးလေးနဲ့ခံယူနေတယ်...
ဘယ်သူမှမရဖူး မပေးဖူးခဲ့တဲ့ မရဲ့ပထမအနမ်းကို မ ချစ်သူဆိုပြီးခံယူနေခဲ့တဲ့ စစ်...စစ်တောင်ရယူဖို့မတွေးရဲသေးတာကို မကအခြားတစ်ယောက်အတွက်ပေးအပ်လိုက်တယ်တဲ့လား...
အနိုင်ယူပါ...မရယ်....စစ်ဘဝမှာ မတစ်ယောက်သာ ရှိခဲ့တာမို့လို့ မ အနိုင်ယူလိုသမျှစစ်ကပဲအမြဲအရှုံးပေးနေမှာပါ..
မျက်ရည်တွေရွှဲနစ်လို့ လက်မှာလဲသွားဖြင့်ကိုက်ထားရာကြောင့်သွေးတွေစို့နေလေပြီ။ ဒဏ်ရာအနာထက်ရင်ထဲကအနာကပိုဆိုးသည်။ အိမ်သာကထွက်ပြီး လက်ဆေးရင်းမျက်နှာပါသစ်ပစ်လိုက်သည်။ တစ်ခြားအရပ်မှာ ခံနိုင်ရည်ရှိသလိုနဲ့ ဟန်ဆောင်ရမှာပေါ့။ ရင်ထဲမှာကမ္ဘာပျက်ပေမယ့်လဲပေါ့လေ။
အပြင်ပြန်ထွက်လာတော့ ဆရာက
"စစ်...အဆင်ပြေရဲ့လား....လက်ကဘာဖြစ်တာလဲဟင်...သွေးတွေနဲ့"
မျက်နှာမို့အစ်ပြီးညိုးငယ်နေပုံကြောင့်ဆရာသတိထားမိဟန်တူသည်။မေးနေရင်းစစ်လက်ကိုကိုက်တော့မည်အပြု စစ်ကနောက်သို့လက်နှစ်ဖက်ကိုဖွက်လိုက်ရင်း
"ဘာမှမဖြစ်ပါဘူး ဆရာ....လိုင်းပေါ်မှာပို့ထားတယ်..ဖုန်းဆက်လို့မရလို့"
"နေကောင်းရဲ့လား...ဒီနေ့နားလိုက်လေ...နော်"
စစ်ပုံစံကြောင့်ဆရာလဲတစ်ခုခုရိပ်မိဟန်တူပါသည်။ ခါတိုင်း အမြဲတက်ကြွလန်းဆန်းပြီးအပြုံးတွေနဲ့သွက်လက်နေသူမို့ခုလိုချက်ချင်းငြိမ်ကျသွားတော့ စိတ်မကောင်းဖြစ်မိမှာအမှန်။
"မနားပါဘူး ရတယ်ဆရာ...စစ်အဆင်ပြေပါတယ်"
ဆရာရှေ့ကနေ သုတ်သုတ်လေးထွက်ပြီး ခဏကလုပ်နေတဲ့အလုပ်ကိုပြန်လုပ်နေလိုက်သည်။ အငိုမျက်လုံးအပြုံးမျက်နှာလေးနဲ့ပေါ့။
လုပ်ရက်လေခြင်းလို့ပဲ တပြီး ညည်းဆိုရမလား။
မိန်းမဖြစ်နေတဲ့ကိုယ့်ဘဝကိုယ်ပဲ စိတ်နာရမလား။
မကိုတော့အပြစ်မတင်ရက်။
ဘယ်သူမဆို ဒီလိုခေတ်ကြီးမှာငွေတွေဂုဏ်တွေကသာအရာရာမဟုတ်လား။
မရွေးချယ်ခြင်းက မှန်ကန်တာပေါ့။ စစ်နဲ့ယှဉ်လိုက်ရင်လဲ ထိုကောင်လေးအဆင့်နဲ့ကမိုးနဲ့မြေလိုကြီးလေ။ စစ်ကသာကိုယ့်အခြေအနေကိုယ်မသိပဲနဲ့ မိုက်ရူးနေတာကို။
....
ကျောင်းကပြန်လာပြီး အိမ်ရောက်တော့သွေးမှာ အစားအသောက်ကလွဲပြီးကျန်တာဂရုမစိုက်တော့။ အဝတ်သေတ္တာရဲ့အောက်ဆုံးမှာထည့်ထားတဲ့ဖုန်းကိုလဲမဆယ်ဖြစ်။ နဂိုတည်းကစက်ပိတ်ထားတော့ အရေးတကြီးဆက်စရာလဲမရှိသည်မို့သွေးမေ့ထားတာပါ။ စစ်ကိုတော့ အိမ်ပြန်ရတော့မည့်အကြောင်းပြောထားပြီးသားကိုး။
အကယ်၍မပြောခဲ့ရင်တောင်စစ်ကထူးပြီးစိတ်ဆိုးနေတတ်သူမဟုတ်ဘူးလေ။
တန်းပြဆင်းမယ့်ရက်တွေမရောက်ခင်တုန်းကတော့ အိမ်အလုပ်ဖြင့်နားကိုမနားရ။ကောလိပ်မှာအစားဆင်းရဲခဲ့တာတွေကိုလဲအိမ်ပြန်ပြီးမှအတိုးချစားသောက်ရတော့သည်။
ခုလဲ ကွပ်ပျစ်ပေါ်မှာဋ္ဌေးကိုသွားဝယ်ခိုင်းထားတဲ့ မာလာဟင်းနှစ်ပွဲကိုပန်းကန်ကြီးတစ်ခုထဲပေါင်းထည့်ပြီးစိမ်ပြေနပြေစားနေတော့သည်။
"နင့်ကိုကျောင်းကတမင်အငတ်များထားသလား မိသွေး"
ဒါကို အနားမှာ စာရင်းလုပ်နေတဲ့ကိုဟိန်းကအမြင်ကပ်စွာပြောနေသည်။
"ငတ်ဆို ကိုဟိန်းရာ...ပြောကိုပြောမနေချင်ပါဘူး..မနက်စာဆိုပဲဟင်းပဲ...ညနေတော့အကောင်းကျွေးတယ်...နေ့လယ်စာတွေဆို ကန်တင်းမှာတန်းစီပြီးသွားဝယ်စားရတာ....အဲ့ဒါသွားမဝယ်ချင်လို့နေ့လယ်စာကိုမစားဘူး"
"ဝယ်ရလို့မစားဖြစ်တာလို့သူများထင်ရင်ဘယ်လိုလုပ်မလဲ...နင့်ကိုပိုက်ဆံလိုရင်မှာလို့ပြောသားနဲ့ကို...စားချိန်တန်မစားပဲနဲ့"
"မစားဆို မစားချင်လို့မစားတာလေ...အဲ့သွားဝယ်ရတာပျင်းလို့ပါဆို အစတော့သုံးလေယရက်တပတ်လောက်တော့ဆာတယ်...ဆာပေမယ့်အောင့်ခံပေါ့....နောက်ကျတော့နေသားကျသွားရော..."
"အိမ်ရောက်တော့အကုန်အတိုးချစားတာလား...နေသားကျခဲ့ပြီးမှဘာလို့အခုကအချိန်အခါမဟုတ်စားရတာလဲ"
"အာ...ဒါကတော့ မစားလို့ဘယ်ဖြစ်မလဲနော်..."
"နင်ဖုန်းလဲမကိုင်တော့သလိုပဲ ဖုန်းပျောက်ခဲ့တာလား"
"ဘယ်ကလာနော်...အဝတ်အိတ်ထဲကခုထိကိုမဆယ်ရသေးဘူး"
"ဟေ...နင့်ဘက်ထရီကကောင်းပါဦးမလားဟ..ဖုန်းကမသုံးလဲအားကသွင်းမှရတာနော်"
"ဟုတ်လား...ဋ္ဌေးရေ...ငါ့အဝတ်အိတ်အောက်ထဲကဖုန်းကိုထုတ်ပြီးအားသွင်းပေးထားဦး"
ပလုတ်ပလောင်း စားနေရင်း အမှိုက်ကျုံးနေတဲ့ဋ္ဌေးကိုလဲအော်ပြောလိုက်သည်။သွေးစားနေတာကိုဘယ်သူမှလာမနှိုက်စားကြ။ ကြည့်တောင်မကြည့်။ အငတ်ဘေးကလာခဲ့ရလို့စားနိုင်သမျှနင့်တစ်ယောက်တည်းစားစမ်းဆိုပြီး ကြည့်နေကြတဲ့ပုံ။
တစ်နေကုန်ဟိုဟာလုပ်လိုက်ဒါလုပ်လိုက်နဲ့ အချိန်နွေကုန်ပြန်သည်။ အိပ်ယာဝင်တော့မှဖုန်းဖွင့်ဖို့စိတ်ကူးရတော့သည်။ကျောင်းပိတ်သည့်နောက်ဆုံးညကသွေးမူးပြီးဘာမှမမှတ်မိ။ တည်းခိုရာသို့ဘယ်လိုကနေဘယ်လိုရောက်လာလဲမသိ။ နိုးလာတော့နန်းမြသီနဲ့အတူအိပ်နေတာပဲသိသည်။အဲ့ကောင်မလဲတော်တော်မူးခဲ့ဟန်ပင်။
ရှင်းသန့်ကားနဲ့ပဲ ကားဂိတ်လိုက်ပို့ခဲ့တာ။ တလမ်းလုံး နန်းမြသီစကားတွတ်ထိုးတာကိုနားထောင်နေရင်းနဲ့ ဘာမှကိုမပြောရ။ ကားထွက်ကာနီးမှ ရှင်းသန့်ကသူမထိုင်တဲ့ကားပြတင်းဘေးကို လာရပ်ပြီး
"မ...ပြန်ရောက်ရင်ဖုန်းဆက်နော်....ပြန်ဆုံမယ့်ရက်ကို ကျနော်မျှော်နေပါ့မယ်"
ဟု ပြတင်းဘောင်ပေါ်တင်ထားတဲ့သွေးလက်ကိုခဏဆုပ်ကိုင်ပြီး ထွက်သွားလေသည်အထိသွေးအူကြောင်ကြောင်ဖြစ်နေခဲ့သေးသည်။
ဖုန်းဖွင့်ပြီး အရင်ဆုံးသတိရသူက စစ်ဖြစ်နေတော့ သူ့နံပတ်ကိုခေါ်လိုက်သည်။
"ဟလို..."
သွေးမှတ်မိသလောက်ဖုန်းလာကိုင်တိုင်းမှာ ဘယ်တော့မှာ ဟလိုလို့မထူးပဲ မဟုတန်းခေါတတ်သည့်စစ်ကခုဘယ်လိုကြောင့်ပါလိမ့်။
"စစ်လား..."
"ဟုတ်ပါတယ်...စစ်ပါရှင့်"
အမြဲကြားနေကျ စစ်အသံပေမယ့်ဒီတစ်ခါတော့သွေးရင်ထဲတစ်မျိုးကြီးဖြစ်လို့နေသည်။ သူ့ကိုသွေးပစ်ထားတာကြာသွားလို့လား။
"မပါ...စစ်ဘာလုပ်နေလဲ...အိပ်နေပြီလား"
"မအိပ်ပါဘူး...တီဗီကြည့်နေတာ...မကော...အဆင်ပြေရဲ့လား"
"ပြေပါတယ်..စစ်တို့သင်တန်းပြီးတော့မှာလား...ဘယ်တော့အိမ်ပြန်မှာလဲ"
"မပြောတတ်ဘူး...မ...ကိုယ်သင်ချင်ရင်အပြီးထိသင်လို့ရတယ်...တတ်သွားရင်လဲဆရာ့ဆီမှာပဲသူ့ဆိုင်မှာလုပ်ချင်ရင်လုပ်...မလုပ်ရင်အိမ်ပြန်ပြီးဆိုင်ဖွင့်လို့ရတယ်"
"စစ်ကျွမ်းနေပြီပေါ့"
"သင်ယူတုန်းပါ..စစ်ကောင်းကောင်းတတ်မှတောင်ကြီးပြန်မှာ...ဒီကိုခဏခဏလဲမလာနိုင်ဘူးလေ"
"ဟုတ်တာပေါ့...စစ်ကညဏ်ကောင်းတာကြောင့်တတ်လွယ်မှာပါကွယ်...နေကောကောင်းတယ်မလား...ဖျားသေးလား.."
"လူကကောင်းပါတယ်...မဖျားတာကြာလို့ဖျားတောင်ဖျားချင်လာပြီ"
"ဟာ...မဖျားချင်ပါနဲ့...ကျန်းမာရေးကောင်းမှဖြစ်မှာပေါ့...မကပိန်တာရိုးဆိုမကြိုက်ဘူးနော်"
"စစ်အချိန်မှန်မှန်စားလို့ဝနေပါပြီ...မ လိူင်းမတက်ဘူးလား"
"စစ်နဲ့ပြောပြီးရင်တက်မယ်လေ...မ ခုမှဖုန်းဖွင့်တာ.ကျောင်းကပြန်လာတည်းကအဝတ်အိတ်ထဲမဆယ်မိဘူးလေ..."
"ဪ..ဒါဖြင့်ချတော့လေ...မ...ဘေလ်ကုန်နေဦးမယ်"
"စစ်လိုင်းပေါ်မှာတွေ့ရအောင်လေ....သတိရတယ်သိလား"
"စစ်လဲသတိရပါတယ်...မနက်ကျအလုပ်ရှိသေးလို့ စစ်ကစောအိပ်တော့မလို့....မလဲညနက်ထိသုံးမနေနဲ့ဦးနော်....ဂွတ်နိုက်မ"
စကားကိုတိုတိုတုတ်တုတ်ပြောပြီး ဖုန်းအရင်ချသွားလေတော့သွေးပဲအောင့်အောင့်ကြီးကျန်ခဲ့ရလေသည်။ တစ်ခုခုကိုစစ်ထံမှတောင့်တနေသလိုမျိုးရင်ထဲမှာဟာတာတာကြီးဖြစ်နေလို့နေသည်၊
ဖုန်းချခါနီးတိုင်း အရမ်းချစ်တယ်နော်လွမ်းတယ်မထားသွားနဲ့နော်ဆိုပြီးချွဲနွဲ့တတ်သောကောင်မလေးကို ပိုချစ်တယ်တို့လွမ်းတယ်တို့ပြန်မပြောမိပဲတူတူပါပဲဆိုပြီးဖုန်းချနေကျ။
ခုတော့ဘာမှမပြောတော့ပဲကိုဖုန်းချသွားတာလဲသူကအရင်ဆိုတော့ တစ်မျိုးကိုမှတစ်မျိုးကြီးဖြစ်လို့နေသည်။သွေးလိုင်းတက်ဖို့ကိုခဏခဏပူဆာတတ်သူကခုတော့တက်မယ်ပြောတောင်အိပ်တော့မှာတဲ့။
လိုင်းပေါ်ဘာစာတွေများပို့ထားပါသနည်း။ သိချင်စိတ်ဖြင့်အိပ်ယာသေချာပြင်ကာလိုင်းဖွင့်လိုက်သည်။
ထူးဆန်းစွာ စစ်ဆီမှဘာစာမှပို့မထား။ ပို့ပြီးသားစာတွေတောင်စစ်ဖက်ကနေပြီးမှပြန်ဖျက်ထားသည်ကအများအပြား။ ထင်မထားသည့်စာတွေကတော့ရှင်းသန့်မောင်ဆီမှစာတွေဖြစ်သည်၊
ဘယ်သူ့စာမှမပြန်သေးပဲ nfပေါ်တက်လေတော့...
ဟဲ့ဗုဒ္ဓေါရေ.. ..ငါ့ပုံကြီးကဘယ်လိုလုပ်..
Nfမှာ စစချင်းမြင်လိုက်ရသည်ကသူမနှင့်ရှင်းသန့်မောင်နမ်းနေသောပုံ။ like commentတွေလဲအများကြီးကိုမှအများကြီး။ မူးလဲမတတ်ဖြစ်သွားသည်၊
ဒါတွေဘယ်တုန်းကဘယ်လိုဖြစ်ပျက်ခဲ့သည်ကိုတော့သွေးတွေးလို့မရတော့။
ထိုပုံနဲ့ကပ်ရက်တော့ အနက်ရောင်ကိုပရိုဖိုင်ပြောင်းလိုက်တဲ့စစ်ရဲ့အကောင့်လေး။ like com လဲပိတ်ထားသည်။
ဘာတွေဖြစ်ကုန်တာလဲ....
မက်ဆင်ဂျာထဲပြန်သွားပြီး ရှင်းသန့်ဆီကစာတွေဖတ်ကြည့်သည်။
သွေးသည်ဘယ်အချိန်ကသူ့ချစ်သူဖြစ်သွားခဲ့သနည်း။
ကမ္ဘာကြီးလည်နေရာမှရပ်တန့်သွားလေပြီ။
ဒါကြောင့်မို့ ဒါကြောင့်မို့ စစ်ကသူမကိုအေးအေးလူလူတုန့်ပြန်ခဲ့တာပေါ့။
ဒုက္ခပဲ....စစ်အထင်လွဲသွားချေပြီ။
ကောလိပ်ကျောင်းသားကျောင်းသူတွေစုပြီးဖွဲ့ထားတဲ့ဂရုထဲမှာလဲသွေးတို့နှစ်ယောက်ပုံကပလူပျံနေသည်။
ဒီကိစ္စကိုဘယ်ကနေဘယ်လိုစပြီးရှင်းရမှန်းသွေးကိုယ်တိုင်လဲမသိတော့ချေ။
ဘယ်သူကမှားလဲမှန်လဲမတွေးတတ်။
ပြသနာအားလုံးမှာအပြစ်ရှိသူက စစ်လဲမဟုတ်ရှင်းသန့်လဲမဟုတ်ပဲ အဓိကတရားခံမှာမိမိကိုယ်တိုင်သာဖြစ်နေတော့သည်။
သွေး ရှင်းသန့်ကိုချစ်တာမှမဟုတ်တာ....သူငယ်ချင်းလိုသာခင်မင်ခဲ့တာကိုယ့်ကိုကိုယ်အသိဆုံး။သွေးချစ်တာကစစ်ကိုလေ။ ပထမအနမ်းကိုချစ်သူမဟုတ်တဲ့တခြားယောက်ျားကိုတောင်ကိုယ်ကဘယ်လိုဖြစ်ပြီးလိုလိုလားလားပေးရက်ခံယူရက်နိုင်ခဲ့တာလဲ။
ငါးပါးမှောက်ရုံမက အကုန်မှောက်ကုန်ပြီ။
ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်လောက်အောင်နာကျင်မုန်းတီးမိသည်။ အိမ်အောက်သို့ကမန်းကတန်းပြေးဆင်းပြီး စစ်ဆီဖုန်းခေါ်ကြည့်တော့ စက်ပိတ်ထားလေပြီ။ သူ့ကိုရှင်းပြရမည်။ တလောကလုံးကရှင်းသန့်နဲ့သွေးဟာချစ်သူလို့ယုံကြည်ရင်တောင်စစ်တစ်ယောက်ကတော့သူမကိုယုံကြည်ရမည်။ သူမချစ်တာစစ်တစ်ယောက်သာဖြစ်ကြောင်း။ သူမရွေးချယ်တာဟာရှင်းသန့်မဟုတ်ကြောင်း။
.....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့