ဒေါက်ဒေါက်ဟူသော အခန်းတံခါးခေါက်သံနဲ့အတူ မမအသံကတစ်ခါတည်းကပ်ပါလာခဲ့သည်။ဘေးနားအိပ်တဲ့မေမေကတော့ အိပ်ယာပေါ်ဝယ်မရှိတော့ပြီ။
"စစ်ရေ...ညက ဟိုဖက်က မစိုးလေ...သူ မနက်အစောခေါင်းလျှော်ချင်လို့တဲ့...ဖုန်းဆက်ထားတာ"
"ဟုတ်မကြီး စစ်လုပ်ပေးလိုက်မယ်"
မနက်ငါးနာရီဆို စစ်ပုံမှန်ထချိန်။ မကြီး က ထမင်းဟင်းချက်တာကြောင့်စစ်ကပဲ ဆိုင်တွေဘာတွေထဖွင့်ရတာ။ မနက်စောစီးခေါင်းလာလျှော်တဲ့သူတွေလဲရှိတာမို့ စစ်တို့မှာ အစောထလုပ်ပေးရတာပင်။
တခါတရံ မကြီးက တချို့ပွဲအတွက်မိတ်ကပ်ဆံပင်လဲလိုက်ပြင်ပေးတတ်သေးတာ။ စစ်တော့မိတ်ကပ်ဖက်ကိုစိတ်မဝင်စား။
စစ်ထပြီးမျက်နှာသစ်သွားတိုက်တာနဲ့ပဲ ငါးခွဲနေပြီ။ အမေကတော့ ဘုရားခန်းထဲမှာ တရားစာရွတ်သံတွေနဲ့ စီဝေနေသည်။
မီးဖိုခန်းထဲရောက်တော့ မကြီးတော့ချက်ပြုတ်နေသည်။
"မကြီး စစ်ထမင်းကြော်စားချင်တယ်အာ့လုပ်ပေးနော်"
"မနေ့ညတည်းကပြောတော့ ငါးပေါင်းစားမယ်ဆိုလို့ နင့်ခဲအိုပေါင်းထားပေးပြီးပြီလေ...အာ့မစားဘူးလား"
"စားမှာလေ...ခုလဲထမင်းကြော်စားချင်စိတ်ပေါ်လာလို့ဟာ"
"ထမင်းဖြူ နဲ့မှစားကောင်းတာကို စစ်ရယ်....ဟုတ်ပါပြီကြော်ပေးမယ်ဟုတ်ပြီလား"
"ရှယ်ကြော်နော်မကြီး"
"အေးပါ သွားတော့ မစိုးလာတော့မယ်"
"ဟုတ်ဆိုင်သော့ ဖွင့်ထားပြီမလား"
"အင်း"
အိမ်ရှေ့ဖက်မှာဖွင့်ထားတဲ့ ဆိုင်ခန်းလေးဆီသို့ သွားလိုက်သည်။ စစ်က ထမင်းကြော်ဆိုကြိုက်သည်။ ထို့အတူ ငါးပေါင်းသံပုရာကောပေါ့။ ထမင်းကြော်ရှယ်ကြော်ဆိုသည်မှာ ပဲသီး မုန်လာဥနီတွေကြက်သားမျှင်တွေနဲ့မွှေကြော်ထားတာကိုခေါ်ခြင်းပင်။ ရိုးရိုးထမင်းကြမ်းကိုကြော်တာမျိုးတော့မကြိုက်ပါ။
ဆိုင်ထဲ ပစ္စည်းတွေ စနစ်တကျ ထုတ်စီပြီးတာနဲ့ ထိုင်ခုံမှာထိုင်မယ်လုပ်ရုံရှိသေး ကားရပ်သံကြားတာနဲ့ အပြင်ဖက်ကြည့်မိတော့
"ဟော..မစိုး...ကွက်တိပါလား..."
အနက်ရောင်ကားကြီးပေါ်မှ အသက်သုံးဆယ့်ငါးနှစ်အရွယ်မိန်းမတစ်ဦးဆင်းလာသည်ကို စစ်အပြုံးနှင့်ဆီးကြိုလိုက်သည်။
"အချိန်မှန်းလာရတာပေါ့ စစ်ရဲ့....ချစ်ကော"
"မမက ဟင်းချက်နေတယ်စစ်ကိုတာဝန်လွှဲပေးထားတယ်မမကိုခေါ်ပေးရမလား"
"အာ စစ်နဲ့လဲဖြစ်တာပေါ့ "
"ဒါဖြင့်စရအောင်...လျှော်ရုံပဲလား ညှပ်ဦးမလား"
ခေါင်းလျှော်တဲ့စင်ပေါ် အိပ်စေပြီးရေနွေးစပ်ပေးထားတဲ့ရေနဲ့ဆံပင်ကိုလောင်းရင်းမေးလိုက်သည်။
"မညှပ်တော့ဘူး တရက်စာလေးရေလှိုင်းကြီးပုံစံကောက်ပေးလို့ရလား"
"တရက်စာလား ရတယ်လေ မစိုး ဘယ်သွားမလို့လဲ"
"ရွှေဘုန်းပွင့်ဘုရားမှာ ကြာသင်္ဃန်း လှူမလို့"
"ဟင်အာ့ကတမြို့လုံးလှူတာဟုတ်ဖူးလား"
"ရော်... အဲ့မှာမောင်ဝမ်းကွဲ ဦးဇင်းဝတ်နေတယ်လေ ဂူထဲက ဘုရားတွေကို လှူမှာ"
"ဪ..."
"စစ်လိုက်မလား အန်တီ့ဆီကခွင့်တောင်းပေးမယ်"
"လိုက်တော့ပါဘူး မစိုးရယ်....လူများရင်စစ်မနေတတ်ဘူး"
ဆံပင်လျှော်ခြင်းကို ကျွမ်းကျင်သွက်လက်စွာ ခဏတည်းလုပ်ပေးလိုက်သည်။ မစိုးဆိုတာက မကြ်ိးနဲ့ကျောင်းနေဖက်..မကြီးမှာ ခုနှစ်တန်းသားလေးတယောက်လေးတန်းသားကတယောက်ဖြင့်စိုပြေနေချိန်မှာ မစိုးကတကိုယ်တော်အပျိုလုပ်ကောင်းတုန်း။ တနေရာသွားဖို့ရှိပြီဆို အမြဲတမ်းဆိုင်လာပြီးတနေ့တာအတွက်ပြင်ခိုင်းနေကျ။
နက်မှောင်ထူအိနေတဲ့ ဆံပင်တွေကို အလှိုင်းကြီးသဖွယ်ကောက်ပေးလိုက်သည်။
"အဆင်ပြေရဲ့လား"
စစ်အမေးကို မှန်ထဲအပြန်ပြန်ကြည့်ပြီးမှ
"ကြိုက်တာပေါ့ စစ်ဘယ်ဆိုးလို့လဲ ဒီပုံစံက ချစ်တောင်တခါမှမလုပ်ပေးဖူးသေးဘူး"
ဆံပင်လေးကို ကိုင်ပြီး သဘောကျစွာပြောလေသည်။
"စစ်တောင်မနေ့ညက လိုင်းပေါ်တွေ့တာနဲ့ ကြည့်ထားမိလို့စမ်းလုပ်ပေးကြည့်တာရယ်"
"တော်လိုက်တာ"
"မျက်နှာပြင်ဦးမှာလား ပြင်မယ်ဆို မကြီးကိုခေါ်ပေးမယ်"
"အင်း ပြင်မှာ ထုံးစံအတိုင်းပြင်နေကျပဲကို"
ဟူတ်သည်လေ။ မစိုး လာတိုင်း အလှပြင်ဖို့အတွက်ပဲလာနေတာကိုး။
"ဟုတ်စစ်သွားခေါ်လိုက်မယ်"
အိမ်ထဲ ပြန်သွားပြီး မီးဖိုထဲအလုပ်ရှုပ်ဆဲဖြစ်နေတဲ့ မကြီးကို မြင်တော့
"မကြီး မစိုးက မိတ်ကပ်ပြင်ဦးမှာတဲ့ "
"ဟင်းအိုးကတန်းလန်းကြီး စစ်ရဲ့"
"အမေလာပြီ သမီးကြီး သွားလိုက်တော့ စစ်အကြီးကောင်ကိုကျူ ရှင်လိုက်ပို့ပေးလိုက်ဦး"
အပေါ်ထပ်မှ အမေဆင်းလာပြီးပြောတာမို့တော်သေးသည်။ မဟုတ်ရင်မီးဖိုထဲမှာ စစ်တစ်ယောက်ပြာလောင်ခတ်တော့မည်ကိုး။
"ဟူတ်အမေ "
"ဪ ဒီနေ့ နန်းနန်းတို့ မီးပုံးပျံကွင်း သွားလည်မလို့တဲ့ စစ်လိုက်ချင်လိုက်သွားလေ"
သိသားပဲ။ မနေ့ညတည်းက နန်းနန်းတို့အုပ်စု လည်မယ်လို့အဲ့လောက်ခေါ်နေတာ။ ဒီနေ့အတွက်လဲ ဆိုင်မလာဘူးဆိုတာ မကြီးဆီကခွင့်တောင်းသွားပြီးသား။
ဒါကို အမေက မသိသေးပဲ လာပြောပြနေသေးတာ။
"စစ်မသွားချင်ဘူး မကြီးတို့လဲ သွားကြည့်မယ်ပြောနေတယ်ဆိုင်စောင့်သူမရှိလောက်ဘူး"
"တရက်တလေ ပိတ်လိုက်လဲရတာပဲကွယ်"
"သွားချင်ပါဘူးအမေရယ်...စစ်ကိုကမသွားချင်တာပါနော်သွားတော့မယ်"
လူတွေအများကြီးထဲမှာ လည်ရပတ်နေရတာထက်တနေရာရာမှာ ငြိမ်ငြိမ်လေးထိုင်ပြီး အင်တာနက်ပေါ်က ဆံပင်ညှပ်နည်းတွေ အရောင်ပြောင်းတာလေးတွေကို ကြည့်နေတာကမှ ကိုယ့်အတွက်ပညာလဲရသေးသည်လေ။
ဆောင်းလေအေးတွေ နှင်းစက်တွေပက်ဖြန်းနေတဲ့ မနက်ခင်းမှာ လမ်းလျှောက်ရတာကြိုက်ပေမယ့်လို့ ဆို်ကယ်မောင်းရမှာတော့ ပျင်းတာပေါ့လေ။ သိူ့သော်မီးဖိုထဲ မဝင်ရတာနဲ့စာရင်တော်ပါသေးရဲ့။ အကြီးကောင်ကျူ ရှင်ပို့ရင်း ပျင်းနေတာနဲ့ဈေးက တို့ဟူးနွေးကို ဝင်စားလိုက်သေးသည်။
......
ဒေါက်....ဒေါက်
တံခါးခေါက်သံကြောင့်နှင်း အရင်မနိုးပဲ အအိပ်ဆတ်တဲ့သွေးကပဲအရင်နိုးလာရတော့သည်။ နာရီကြည့်လိုက်တော့ ရှစ်ခွဲနေပြီ။ ခရီးပန်းတာကြောင့်မနေ့ညနေရောက်တည်းက အခန်းထဲအောင်းပြီး အိပ်နေလိုက်ကြတာ တရေးမှကိုမနိုး။
မထချင်ထချင်နဲ့ ထပြီး တံခါးဖွင့်လိုက်တော့ ခိုင်တစ်ယောက်စိတ်ဆိုးနေသောမျက်နှာဖြင့်
"ငါ အဲ့လောက်ဖုန်းခေါ်နေတာကို "
ဒီလောက်အိပ်စုံမှုံဖွား ပုံစံပေါက်နေတာကို ခုမှထမှန်းမသိဘူးတဲ့လား။ ခိုင်က လည်ပတ်ဖို့ အဝတ်အစားတွေတောင်လဲထားပြီးနေပြီလေ။ ခိုင်စိတ်ဆိုးနေသလောက်သွေးကခပ်အေးအေးပင်တံခါးဖွင့်ပေးပြီးအိပ်ယာဘေး ပြန်လာလိုက်သည်။
"ငါ့ ဖုန်းကတောင်ကြီးစရောက်တည်းက ပါဝါပိတ်ထားတာ အားတောင်မသွင်းရသေးဘူး"
"ဟဲ့ နှင်း ထတော့ အဲ့လောက်အိပ်နေရလား နင်တို့တောင်ကြီးကို အိပ်ဖို့လာကြတာလား လည်ဖို့လာတာလား"
တည်းခိုခန်းတစ်ခုလုံး ခိုင်အသံကို လွှမ်းလို့နေသည့်အတိုင်းပင်။ ခိုင့်အသံကြောင့်နှင်းဆီလဲ လူးလွန့်နိုးလာပြီ။ မနိုးလာလို့လဲမရ။ ခိုင်ကစောင်တွေကို အတင်းဆွဲခွာနေတာကိုး။
"ကဲပါ ခိုင်ရယ်နောင်နောင်တို့က ထပြီမို့လား"
"ရေတောင်ချိုးနေကြပြီယောက်ျားလေးတွေကမြန်တယ်နင်တို့ပဲ....ပြင်ရဆင်ရ နဲ့ ကြာမှာစောနှိုးရအောင်လဲဖုန်းတွေကပိတ်ထားလိုက်သေးတယ်"
"ဆယ့်ငါးမိနစ်ပဲ ခိုင်ငါတို့ အဲ့အချိန်မှာအကုန်ပြီးစေရမယ်ဟုတ်ပြီလား"
"မြန်မြန်နော်အချိန်ကသိပ်ရနေတာမဟုတ်ဖူး"
"အေ့ပါ"
နှင်းဆီကသာ သွက်သွက်ခါအောင်ရေချိုးဖို့ပြင်ဆင်နေတာ။သွေးကတော့အေးအေးသာသာ အဝတ်တွေထုတ်နေလိုက်တာကိုခိုင်တစ်ယောက်ကြည့်ပြီးစုတ်တစ်ချက်သပ်ကာ အခန်းပြင်ပြန်ထွက်သွားလေသည်။
တစ်ဖွဲ့လုံးမှာ အားလုံးကို ခိုင်တစ်ယောက်ဗိုလ်ကျလို့ရသလောက်ဘာမှသိပ်ဝင်မပြောသလို အရမ်းလဲမရောဖြစ်တဲ့သွေးတစ်ယောက်ကိုတော့ သိပ်မပြောရဲပေ။
အဘယ်ကြောင့်ဆိုသော်ခိုင်မာလာ နှင်းဆီဆိုတာက တမြို့နယ်တည်းသားတွေလေ။မွေးနှစ်ကလဲတစ်ခုတည်း... နှင်းဆီသာ သူတို့ထဲအငယ်ဆုံး။ လလောက်သာမတိမ်းမယိမ်းကွာနေကြတာ။သွေးကတော့ မာလာနဲ့နှင်းဆီအကြားမွေးဖွားသူပင်။ အားလုံးထဲ နှင်းအငယ်ဆုံး။
ရေချိုးပြင်ဆင်ပြီးတည်းခိုခန်းပြင်ထွက်လာတော့ အကုန်လုံးက သွားဖို့အဆင်သင့်ဆိုင်ကယ်ပေါ်မှာထိုင်လျက်သားစောင့်နေကြလေသည်။ ခိုင်ကတော့စိတ်ဆိုးချက်နေသည့်ပုံ။
"သွေး ခိုင်ငါတို့ကိုစိတ်ဆိုးနေလားမသိ"
တိုးတိုးလေး နားနားကပ်ပြောသည့်နှင်းစကားကြောင့်သွေး မျက်နှာမဲ့လိုက်ရင်းဖြေလိုက်သည်။
"ဆိုးလဲဆိုးပါစေပေါ့ မတတ်နိုင်ဘူးဟယ်"
ဆိုင်ကယ်ပေါတက်တာနဲ့တစ်ခါတည်းကိုမောင်းထွက်တော့တာပင်။
အဝေရာကွင်းဖက်သွားတဲ့လမ်းပေါ်မှာ ဆိုင်ကယ်ကော ကားကောရှုပ်သလားမမေးနဲ့။ သို့သော်စည်းကမ်းတကျမောင်းနေကြတာမို့ သိပ်အန္တရာယ်တော့မရှိ။ Express ကားကြီးတွေနဲ့ နိုင်ငံခြားသား ခရီးသွားအုပ်စုလဲအများအပြား။အေးလေ......မြန်မာသာမကပဲ ကမ္ဘာပါကျော်တဲ့ရှမ်းပြည်ရိုးရာပွဲကြီးကိုး။
ကွင်းထဲအရောက်ဆိုင်ကယ်မတိုးနိုင်။ ရဲဘော်ဈေးဖက်ကမှ ကွင်းထိကိုဈေးဆိုင်တန်းတွေနဲ့ ပြည့်နှက်နေတာမို့ အဆောင်တစ်ခုတွင်ဆိုင်ကယ်အပ်ထားကာ လမ်းကိုပင်လူကြားထဲတ်ုးကာလျှောက်ခဲ့ရသေးသည်။
ဆိုင်ကယ်ရပ်ဖို့တောင်နေရာလွတ်ကသိပ်မရှိသလောက်မို့ ရှိရာအပ်ထားရတာပင်။လေးစီးတနေရာတည်းမဟုတ်..
ကွင်းပြင်ကျယ်ကြီးကားနေရာလပ်မရှိအောင်ပင်လူတွေပြည့်သိပ်နေသည်။ ရပ်နီးရပ်ဝေးမှလူတွေလဲတကူးတကကြီးလာလည်တာသည်ကိုး။သွေးတို့အုပ်စုနေ့ဖက်အရုပ်မီးပုံးပျံတွေလွှတ်တာကို လူကြားတဲ့တိုးပြီးမမြင်ဖူးတဲ့အတိုင်းကိုခြေတောင့်မတတ်ပြူးပြဲသွားကြည့်ကြသေးသည်။
တစ်ဖွဲ့လုံး မနက်စာကို မစားရသေးပဲ ပွဲမက်နေကြတာပင်။
တလမ်းလုံးဈေးဆိုင်ပြည့်နေတာတောင်စားဖို့လဲ သတိမရကြ။
"ခိုင်ငါတိူ့ တနေကုန်ဒီမှာပဲနေကြမှာလား"
နေရာအနှံ့ သီချင်းသံတွေ ပျံ့လွှင့်နေသည်မို့ အနားကပ်တောင်အော်ပြောနေရသေးသည်။
"နေချင်ကြလားမသိ....ကျော်ဦးတို့ကတော့ ဟိုမှာအိုးစည်ဝိုင်းမှာပျော်နေကြပြီ"
ဟုတ်သည်။ ရှမ်းပြည်တစ်ပြည်လုံးမှာရှိတဲ့ တိုင်ူရင်းသားတွေအကုန်လုံး ကိုယ်ပိုင်ရိုးရားဝတ်စုံတွေနဲ့ သူ့အစုကိုယ့်အစုပျော်နေကြတာ။ ရှမ်းအိုးစည်ဝိုင်း ဓနုအိုးစည်ဝိုင်း အများကြီး။ ဓနုတွေမှာ အိုးစည်သံတွေနဲ့သံချပ်တွေလဲအပြိုင်အော်နေကြသေးတာ။ အဲ့ဝိုင်းနားမှာ နိုင်ငံခြားသားတွေလဲပုံတွေရိုက်လိုရိုက်ဝင်ကသူက နဲ့ကျော်ဦးတို့ကောင်လေးအုပ်စုပါ ပါလိုက်သေး။
"ငါတော့ဗိုက်ဆာနေပြီ...တခုခုသွားရှာစားကြရအောင်"
အစားအသောက်ဆို အဓိကထားတဲ့မာလာတစ်ယောက်တော့ ဆာနေပါပြိ်။ နှင်းကလဲ သူ့ဗိုက်ကလေးပွတ်ကာ
"ဟုတ်တယ်ဆာနေပြီ ခု ဆယ့်တစ်ခွဲနေပြီဟ"
"အေ...ခဏ ဟိုကောင်တွေကိုခေါ်ဦးမှရမှာဟ"
"အေ့လေ လူကွဲနေမှပဲ"
ခိုင်ကကောင်လေးတွေကိုသွားခေါ်နေချိန်နှင်းမှာ
"သွေးကော မိသွေး"
"အဲလေ ဟုတ်သား ရှာဥိး မိသွေးဟာလေ အမြဲကွဲကိုထွက်နေတာပါပဲ"
လူအုပ်ကြားထဲမှာတိုးဝှေ့ရင်းသွေးကိုရှာရပြန်သည်။တွေ့မယ့်တွေ့တော့လဲ နိုင်ငံခြားသားတစ်ယောက်နဲ့အတူ စကားတွေပြောပြီး ပုံရိုက်ကာ အရုပ်မီးပုံးပျံဆီကို လက်ညိုးထိုးပြပြီး ဘာတွေရှင်းပြနေသည်မသိ။
အဖွဲ့ထဲမှာသွေးက အင်္ဂလိပ်စကားအတတ်ဆုံး။ စာဆိုရင်တော့ သူမသိ။ အင်တာနက်သုံးပြီး နိုင်ငံခြားသားတွေနဲ့ပြောဖြစ်နေတာများများဆိုတော့စကားတွေတော့ကျွမ်းနေတာဖြစ်မည်။
"ဟေးသွေးသွေး လာလေ"
အော်ခေါ်တော့မှ ကြည့်ဖော်ရလာသည်။ ပြီး ဟိုလူအားဘာတွေပြောပြီး ဖုန်းနံပတ်တွေယူနေလားမသိ။သွေးက ရည်းစားမထားသူဖြစ်ပေမယ့်မြန်မာပြည်သားချင်းအထင်မကြီးတာလားမသိ။ လိုင်းပေါ်မှာတော့ နိုင်ငံခြားသားနဲ့အတော့်ကိုအဆင်ပြေနေတာပါပဲ။
"ဟဲ့ နင်ဘာတွေဇာတ်လမ်းသွားရှာနေတာလဲ"
"ဘာမှ မရှာရပါဘူးတော်....အရုပ်မီးပုံးပျံတွေလဲပြိုင်ပွဲလုပ်နေတာလားဆိုပြီးလာမေးနေလို့...ငါ့ဟာငါပုံရိုက်နေတာ ငါကစပြီးမရှာပါဘူး"
"ခဏက ဖုန်းနံပတ်တွေယူနေတာလား"
"အင်စတာဂရမ်နဲ့ဖေ့ဘွတ်ခ်အကောင့်အပ်နေကြတာဟဲ့...ပေါက်ကရတွေတွေးမနေနဲ့ ခိုင်ကော"
"ဟိုဖက်မှာဗိုက်ဆာလာလို့ တခုခုထွက်စားကြမလို့ ဟိုကောင်တွေကိုသွားခေါ်နေတယ်"
"သွားကြစို့"
.....
ဆိုင်မှာ ဘယ်သူမှလဲမရှိ။ စစ်တစ်ယောက်တည်း ဖုန်းသုံးနေတာ။ စစ်ရဲ့ အချစ်တော်လဲ အလုပ်ချိန်မို့လို့ လိုင်းလဲတက်မလာတာကြောင့်ပျင်းနေရသည်။ မနက်ဖက်ကတော့ ဆံပင်ညှပ်သူ သုံးယောက်လောက်လာသည်။ စစ်လဲဆုတောင်းနေရတာပင်။ဖြောင့်သူဆေးဆိုးသူလာရင်တယောက်တည်းနဲ့အကြာကြီးအလုပ်ရှုပ်တော့မည်မို့ပင်။
ဆိုင်အဝင်ဝက ထိုင်ခုံတွင်ပင်ခြေချိတ်ထိုင်ပြီး စိမ်ပြေနပြေဇာတ်ကားကြည့်နေတာ။နေ့ခင်းတစ်နာရီရှိနေတာတောင်စစ်နေ့လည်စာ မစားဖြစ်သေး။ အိမ်မှာဘယ်သူမှလဲမရှိ။ မမတို့မိသားစုနဲ့အတူ အမေပါ ဘယ်က ကထိန်ဆိုလဲမသိ သွားခဲ့ကြတာမို့ အိမ်ဝင်းတစ်ခုလုံးခြောက်သွေ့နေတာပင်။
📱📱📱
ဖုန်းလာတော့ အမည်မှတ်မထားတဲ့ နံပတ်အသစ်ကြီးဖြစ်နေတော့ ကိုင်ရမကိုင်ရစဉ်းစားနေတုန်း ကျသွားသည်။
အမလေး ငစစ်ရယ်ပျင်းနေတာကို ကိုင်လိုက်ရင်ပြီးရော ထပ်ခေါ်လာစမ်းပါ.....
တွေးနေရင်း ထပ်ခေါ်လာတော့ ကိုင်လိုက်သည်။
"ဟလို အမိန့်ရှိပါရှင်"
"စစ်လား"
သြရှရှအသံလေးကို ရုတ်တရက်မို့် မမှတ်မိနိုင်ပဲ ပြန်ပြောဖို့တိတ်ဆိတ်နေစဉ်
"စစ်မိုးရည်ချိုပါ"
ထိုအခါမှ အသံကျက်မိသွားကာ
"ဪ မိုးလား စစ်ကတွေးနေတာ နံပတ်အသစ်မိူ့လို့ဘယ်သူပါလိမ့်လို့"
"စစ်ပွဲမသွားဘူးလား"
"သွားပါဘူး ပျင်းလို့ အိမ်စောင့်မရှိတာလဲပါတာပေါ့"
"စစ်ဘာလုပ်နေလဲ ခု"
"ဆိုင်ထဲမှာပဲလေနေ့လယ်စာ စားဖို့တောင်ပျင်းနေလို့ အိမ်ထဲသွားမစားရသေးဘူး ဟီး"
"စားတော့လေနောက်တောင်ကျနေပြီ မိုးကစစ်ဖုန်းမကိုင်လောက်ဘူးထင်နေတာ"
"အာ စစ်က အဲ့လောက်ထိမချေတတ်ပါဘူးနော်ပေါင်းကြည့်ပါ သိလာပါလိမ့်မယ်"
စကားပြောကြည့်တော့မှ မိုးရည်ချိုဆိုသည်မှာလဲ အတော့်ကိုခင်ဖို့ကောင်းတဲ့သူမှန်း သိလိုက်ရသည်။ သူ စကားပြောကောင်းနေတာနဲ့ အချိန်အတော်ကုန်သွားတာ။ ဆိုင်ကလာဘ်ပိတ်ပေမယ့်စစ်အတွက်ကံကောင်းသည်ဆိုရမည်။ လူလဲမလာတာမို့ တယောက်တည်းလွတ်လပ်နေတော့တာ။ မိုးနဲ့အတော်အကြာကြီးစကားပြောပြီး ချသွားတာနဲ့ တခါလိုင်းပြန်တက်လိုက်သည်။
တက်ပြီးပြီးချင်း နန်းနန်းဗီဒီယိုကောလ်ခေါ်လာတော့
"ဝေ့..."
ကြည့်ရတာ အပြင်လည်နေကြပုံပင်။
"မစစ်ရေ...နန်းတို့ စူဋ္ဌာမဏိမှာ ... လာခဲ့ပါလား"
နန်းနန်းနဲ့အတူကောင်မလေးတွေလဲပါသေးသည်။ စူဋ္ဌာမဏိဘုရားရှေ့က ပန်းခြံအသေးစားထဲမှာ ထိုင်နေကြတုန်းခေါ်တာကိုး။
"ငါမအားဘူးဟဲ့ ဆိုင်မှာဘယ်သူမှမရှိ"
"ဘယ်သူမှမရှိတာကို ပိတ်ခဲ့ပါလားလို့"
"လုပ်စရာလားဟဲ့"
"လမ်းတအားပိတ်တယ်မစစ်ရာမွေတော်ကက္ကူ ဖက်သွားလည်မို့ဟာကို"
"ဟဲ့ ကလေးမတွေ ပွဲရက်ကြီး အဝေးလျှောက်သွားမနေကြနဲ့...လမ်းရှုပ်တယ်ပြီးမှအေးဆေးလည်"
"မစစ်မုန့်လာကျွေးလို့ ဒီမှာ လူတွေအများကြီးပဲ"
လူတွေအများကြီးဆိုပြီး ကင်မရာကိူ လှည့်ပြလိုက်စဉ်စစ်ရဲ့ကမ္ဘာကြီးဇောက်ထိုးမိုးမျှော်ဖြစ်သွားရပါတော့သည်။ အကြောင်းမှာရေပန်းကျောက်ဆောင်ရှေ့တွင်ရပ်ပြီး ပုံရိုက်ခံနေသောကောင်မလေးသုံးယောက်ကို ပုံရိုက်ပေးနေသောကောင်မလေးတစ်ယောက်ကြောင့်ပင်။ဘေးတစ်စောင်းလေး မြင်လိုက်ရတော့ ပါးတဖက်မှာ ပြုံးနေတာကြောင့်လားမသိ ပါးချိုင့်လေးတစ်ဖက်ခွက်ဝင်နေတာပဲမြင်လိုက်ရသည်။
"တွေ့လား...သူများတွေကအုပ်စုတောင့်တယ်နန်းတို့ပဲ သုံးယောက်တည်းရယ်"
ကင်မရာပြန်လှည့်ပစ်လိုကိတဲ့အချိန်မှာတော့ စစ်ရင်ထြု လစ်ဟာသလိုနဲ့မောကျန်ခဲ့သည်။
"ဟိတ်မစစ်မမစစ်...စကားပြန်ပြောဦးလေ"
နန်း၏ အသံစာစာလေးပြန်အော်လိုက်မှပဲ အကြံရကာ
"သိပ်မမြင်ရဘူး နန်းနေရာလေးပြောင်းထိုင်ဦးရေပန်းဖက်ကိုကျောပေးလိုက်အာ့မှနေရောင်မထိုးမှာ"
ဟုတ်ဟုတ်မဟုတ်ဟုတ်ပတ်ရွှီးလိုက်တော့နန်းခမျာနေရာပြောင်းလိုက်သည်။ နန်း၏နောက်ကျောတည့်တည့်တွင်ခဏကကောင်မလေးပုံကထင်းခနဲပေါ်လာသည်မို့ စစ်ကျေနပ်သွားရသည်။ကျောလယ်လောက်ဖြောင့်စက်းနေတဲ့အနက်ရောင်ကေသာတွေ နှာခေါင်းလုံးလုံးလေး မျက်စိကျဉ်းကျဥ့်းလေးဝယ်မျက်ရစ်ကမပါ...မျက်တောင်လဲသူများလို့ကော့ပျံပြီးရှည်မနေ...ရုပ်ရည်ကသာမာန်ပေမယ့်ထူးခြားတာက ပါးတစ်ဖက်တည်းတွင်ပင်တည်ရှိနေတဲ့ပါးချိုင့်လေးတစ်ခု..နှစ်ဖက်စလုံးပဲပါနေလေလားမသိ.....အရပ်ငါးပေကျော်လေးနဲ့ ကိုယ်ကသေးသေးလေး...အချောအလှစာရင်းထဲမပါ။ သိပ်ပြီးထူးခြားစရာမဟုတ်ပေမယ့်ဒီလိုရုပ်ရည်နဲ့ကောင်မလေးမျိုးကို မှ စစ်ကဘာကြောင့်ကြွေဆင်းမိပါလိမ့်။
"ဟိတ်မမစစ်ကြားရဲ့လား အဲ့လက်ကဘာလုပ်တာလဲ"
ဟုတ်သား။ မြင်ကွင်းထဲမှ ထိုကောင်မလေးပျောက်ကွယ်သွားချိန်စစ်ကြည့်လို့မဝသေးသဖြင့်လက်ကာပြီးတားလိုက်စဉ်နန်းကကြောင်အသွားသဖြင့်အော်လိုက်ခြင်းရယ်။
"ဪ လိုင်းမကြည်ဘူးဟ ဝိုင်ဖိုင်နဲ့မို့လို့ နင်ဘာပြောတာလဲ"
"ညကျ လည်ရအောင်လို့ လာခေါ်မယ်"
"လည်ဘူး ပျင်းတယ်"
"အဒေါ့်ကိုပြောပေးမယ်လေ ညကျမမစစ်တို့အိမ်မှာအိပ်မယ်လို့"
"မရပါဘူးဆိုမှ"
နန်းနန်းက စစ်တို့နဲ့အမျိုးတော်သူပင်။ ဆယ်တန်းအောင်ပြီးအဝေးသင်တက်မှာမို့စစ်တို့ဆိုင်မှာလာလုပ်နေတာ။ တခါတလေ စစ်တိူ့အိမ်မှာလဲအိပ်သွားတာပင်။
ခဏကကောင်မလေးကို ပြန်တွေ့ချင်သေးသည်။ သို့သော်ဘယ်လိုရှာရမလဲမသိ။ ခုချက်ချင်းဘုရားလိုက်သွားရင်တောင်ရှာလို့ရမည်မထင်။
"မမစစ်ကလဲ..."
"လုပ်မနေနဲ့ အိပ်အိပ်မအိပ်အိပ်ငါတော့မလိုက်ဘူး ဒါပဲ"
ပြောပြီးလိုင်းပိတ်ချလိုက်သည်။
ခုံမှာသေချာထိုင်ပြီး ခဏကကောင်မလေးပုံကိုမျက်စိထဲပြန်ဖော်ကြည့်မိသည်။ ဘယ်ကမှန်းမသိတဲ့ မိန်းမတစ်ယောက်အား တစ်ခဏမြင်ရရုံနဲ့စွဲလန်းသွားလိမ့်မယ်လို့ တစ်ခါမှမတွေးဖူးပေ။ အမှန်ဆို စစ်မှာချစ်သူရှိနေတာပဲ။ ဘာလို့နောက်ထပ်စိတ်ဝင်စားစရာထပ်ရှိရမှာလဲ။
စဉ်းစားပေမယ့်လို့အဖြေကမပေါ်ပဲထိုပုံရိပ်သာတရိပ်ဝဲဝဲပေါ်လာတော့သည်။
ဒီနေ့ကစ ငါ့စိတ်တွေဖောက်ပြန်ပါရောလားကွာ....
....
မြေပြင်မှာ ကြယ်ရောင်စုံတွေ ပြန့်ကျဲနေပြိးကောင်းကင်အလှ မီးရောင်စုံနဲ့ ခြယ်ကာသတဲ့ နာမည်ကျော်တောင်ကြီးတန်ဆောင်တိုင်ပွဲကြီးဆိုသည်မှာ တကယ့်ကိုကြိတ်ကြိတ်တိုးစည်ကားလှပါကြောင်းကိုယ်တိုင်ကြုံဖူးမှပဲ ယုံကြရသည်။ ညကနေ့ထက်ပိုပြီးလူစည်သည်။ အတွဲလေးတွေလဲအများကြီး။ ရှိုးပွဲထဲလဲအပြည့်။ ရိုးရာဝတ်စုံတွေနဲ့ မီးပုံးပျံပြိုင်ပွဲဝင်စိန်နားပန်မီးကြီးလွှတ်မယ့်ပဖွဲ့တွေပွဲခင်းထဲဝင်လာတော့ ခန့်ညားလိုက်လေခြင်းရယ်။ လွှတ်တင်မယ့်အဖွဲ့သားတွေက တူညီဝတ်စုံနဲ့နောက်မှာ လိုက်လာတဲ့အိုးစည်ဝိုင်းနဲ့ကရင်းသီဆိုရင်းလိုက်လာကြသူတွေက ရိုးရာဝတ်စုံနဲ့ တကယ့်ကို ညီညာစည်းလုံးလေခြင်း။
တစ်ဖွဲ့ပြီးတစ်ဖွဲ့ အိမ်တလုံးစာ မီးပုံးပျံအကြီးကြီးတွေကိုအောက်ကမီးရှုးမီးပန်းတွေနဲ့ရောင်စုံမီးပုံးတွေနဲ့ကော ရင်သပ်ရှုမောစရာ အပေါ်လွှတ်တင်တဲ့အခါ ပုံရိုက်ရရင်းနဲ့လဲမောလို့။
အပေါ်တက်ဖို့အရေးအောက်ကနေ ပရိတ်သတ်တွေရဲ့ ညာသံပေးသံလဲ မိုးယံအနှံ့ ပျံ့လွှင့်လို့။ ပွဲခင်းထဲမှာပဲ တချို့မီးပုံးပျံအသေးလေးတွေလွှတ်တင်နေကြသည်မှာလဲ အများကြီး။ တက်တဲ့ဟာတက်တုန်း လွှတ်ဆဲ မီးစာကုန်လို့ ကျတဲ့ဟာလဲကျ။ တကွင်းလုံးရဲ့အပေါ်ယံမှာမီးပုံးပျံတွေအများကြီး။
လူတွေအများကြား အဖွဲ့ကွဲမှာစိုးရသည့်အတွက်သွေးတို့အုပ်စု လက်ချင်းတွဲထားရသေးသည်။
လျှောက်လည်နေကြရင်းမှ အပေါ်ရောက်ပြီးသား မီးပုံးပျံကြီးတစ်လုံးမီးလောင်ပြီး ပျက်ကျလာတော့ ဝရုန်းသုန်းကားဖြင့်လွှတ်ရာပြေးကြရသေးသည်။
သိန်းပေါင်းများသွာကုန်ကျခံပြီးလူကောအချိန်ပါအားကုန်စိုက်လုပ်ထားတဲ့ စိန်နားပန်မီးပုံးပျံတစ်လုံးပျက်ကျမှုက ဆုံးရှုံးမှုတန်ဖိုးကြီးမားလွန်းသည်။ စိတ်တောမ့ကောင်းမိ။
လောလောဆယ်တော့ ခဏကပြေးရင်းခလုတ်တိုက်လဲတုန်းက ဂျင်းဘောင်းဘီကဒူးနေရာတည့်တာ့်ပြဲစုတ်သွားတဲ့သွေးအဖြစ်ကား ရီရမလို ငိုရမလိုနဲ့သွေးအချို့စို့ထွက်လာသည်ကိုလဲ ဂရုမပြုအား။
အကုန်လုံးက ပွဲငတ်သူတွေမလား။ တသက်နဲ့တကိုယ်ီးူလိုပွဲတော်မျိုး ခုကဲ့သို့လွတ်လွတ်လပ်လပ်လာလည်ရလိမ့်လို့ တစ်ခါမှမတွေးခဲ့ဖူးတာကိုး။ပျော်လဲပျော်ရသည်။မောလဲမောရပါသည်။
"ငါတို့ ပြန်မှဖြစ်မယ်"
ဒီတခါတော့ ခိုင့်စကားကို ငြင်းပယ်ချင်ကြသည်။
မျက်နှာလေးတွေညိုးကျကုန်သည်ကို ခိုင်သတိထားမိသော်လဲ
"အိမ်က ဖုန်းခေါ်ထားတာ သုံးခါရှိနေပြီ...ငါ မကိုင်ရဲလို့နောက်တစ်ခါဆို ဂွမ်းပြီ"
"ဒါဖြင့်ပြန်ကြမယ်လေ သွားကြစို့"
စည်းကမ်းတင်းကျပ်လွန်းသော ခိုင့်အိမ်အကြောင်းကား လူတိုင်းအသိပင်။ ဒီအထိခိုးလာတာ သိလို့ကတော့ခိုင်တယောက်ဖိုင်နယ်စာမေးပွဲပင်ဖြေရတော့မည့်ပုံမပေါ်။
ထို့ကြောင့်ပွဲခင်းထဲဆက်နေချင်ပါသော်လဲပဲ မဖြစ်သည့်အခြေအနေမို့ တပ်ဆုတ်လှည့်ပြန်ရတော့သည်။
...
"အား...ငါတော့ ဒုက္ခရောက်ပြီဟ"
ဆိုင်ကယ်မောင်းနေရင်း မျိုးသွင်စကားကြောင့်နှင်း လန့်သွားရသည်။
"ဘာဖြစ်လို့လဲ"
"ငါ့ဆံပင်မှာ ပီကေတွေ ကပ်လာတယ်ဟ"
သူပြောမှ နှင်းစမ်းကြည့်တော့ ဟုတ်နေသည်။ ညာဖက်နဘန်းအစပ်မှာ ပီကေတွေအထွေးလိုက်ကြီးကရုပ်ပျက်ဆင်းပျက်။
"ဟုတ်သား ဘယ်လိုကပ်လာတာလဲ"
"မသိဘူးဟ သွားပါပြီ ငါ့ဆံပင်တော့ ဘယ်လိုလုပ်ရမလဲ "
"ညှပ်မှရမှာပေါ့ ဘယ်သူမှကတ်ကြေးတော့ပါမလာလောက်ဘူး"
"နေဦး ဟိုကောင်တွေကိုပြောဦးမယ်"
ထူးထူးခြားခြား မျိုးသွင်အဖြစ်ကြောင့်ရယ်လိုက်ကြသည်။ မျိုးသွင်ကတော့ရှုံ့မဲ့မဲ့နဲ့မို့
"နင်တို့သူများရည်းစားနဲ့ဟာကိုလိုက်ကြောင်နေလို့ကပ်လိုက်တာထင်တယ်"
"မဟုတ်ပါဘူးမာလာရာ"
"ဪ ငါသိပြီ...ဟေ့ကောင်ငါတို့ မီးကျည်မီးပန်းလွှတ်တုန်းက သွားကြည့်တာ မင်းနောက်မှကလေးတယောက်သူ့အဖေဂုတ်ပေါ်ကနေပီကေဝါးရင်းကြည့်နေတာလေ အဲ့ဒါထွေးချလိုက်ရင်းနဲ့မင်းအပေါ်ကျတာဖြစ်မယ်"
"အေ့ဟုတ်သား ဒါပဲဖြစ်ရမယ်"
"လာဘ်ပါကြာ ဟားဟား"
ကောင်လေးအချင်းချင်းစနောက်ကြရင်း လမ်းမကြီးဘေးတွင်ရယ်သံညံသွားတော့သည်။
"ဒီညညှပ်မှရမှာ လမ်းဘေးဆိုင်တွေ့ရင်ဝင်ရအောင်ကွာစေးကပ်ကပ်ကြီးမနေတတ်ဘူးဟ"
"အေ့ပါ ကတုံးကေကြီးမြင်ယောင်နေသေး "
"ဟျောင့်မစနဲ့ကွာ ငမျိုး ငိုချတော့မှာ သွားသွား နင်တို့အရှေ့က"
တော်ရုံနဲ့ဆိုင်ကမတွေ့။တွေ့မယ်တွေ့တော့ ယမင်းရုပ်သွင်အမျိုးသမီးြဗူ တီဆလွန်းဆိုပါလား။ ဖွင့်လဲဖွင့်ထားတုန်း။ ရှစ်နာရီတောင်ဆိုင်မပိတ်သေး။
"ဒီထဲ ညှပ်ရအောင်"
"ဖြစ်ပါ့မလား မိန်းကလေးသီးသန့်ပါဆို"
"မသိဘူးကွာ ညှပ်မလားမေးကြည့်မယ်"
ဘယ်လောက်စိတ်အိုက်နေလဲမသိ။ မျိုးသွင်တယောက်တည်းဆိုင်ထဲဝင်သွားပြီးမေးတော့သည်။သွေးကတော့အေးနေသဖြင့်ဒူးကအနာကြောင့်ကိုက်ခဲလာသလိုခံစားရသည်မို့ ဆိုင်ကယ်ပေါ်ကမဆင်းမိ။ ခဏကြာတော့ မျိုးသွင်ပြန်ထွက်လာသည်။
"ပြောသားပဲ မရဘူးမို့လား"
"ရပ လာဦးအထဲကို"
ဆိုပြီး ပြန်ဝင်သွားတော့ကျော်ဦးတို့လိုက်ဝင်သွားကြသည်။ နှင်းနဲ့သွေးသာ အပြင်မှာကျန်ခဲ့တော့သည်။
"သွေး အပြင်မှာအေးတယ်အထဲသွားရအောင်"
"သွားလေ နှင်း"
ဆိုင်အထဲမှာ အကျယ်ကြီးပင်။ တကယ့်ဆိုင်အကြီးကြီးမှန်းမသိ။ မျိုးသွင်ကို ညှပ်ပေးနေသူကကောင်မလေးတစ်ယောက်ဟူဒီအဝါရောင်ဝတ်ထားပြီးနောက်ကဦးထုတ်ကြီးစွပ်ထားတော့မျက်နှာမမြင်ရ။
အလင်းထဲရောက်မှခြေထောက်ကိုကြည့်မိတော့ ဒူးခေါင်းကဘောင်းဘီမှာ အတော့်ကိုစုတ်ပြဲနေပြီး အဲ့နေရာတဝိုက်သွေးစအချို့ပေကျံနေသည်။သွေး ဒဏ်ရာရသွားတာ ဘယ်သူမှမသိ။ သာမာန်ဒူးပြဲသွားတာလောက်ပဲသိကြသည်။
"ကတုံးဖြစ်မှာလား အစ်မ"
မျိုးသွင်ရဲ့ အမေးကို ထိုကောင်မလေးက
"မဖြစ်ပါဘူး ခုခေတ်စားနေတဲ့ စတိုင်လ်မျိုးတော့ရတာပေါ့"
"ကျနော့်ကိုက ကံဆိုးတာပါဗျာ "
"မဟုတ်ပါဘူး လူအရမ်းများတော့ဒီလိုမျိုးကဖြစ်တတ်တဲ့ကိစ္စပါပဲရှင်တော်သေးတာပေါ့ယောက်ျားလေးမို့လို့ မိန်းကလေးဆံပင်ဆိုမလွယ်ဘူး"
ဟုတ်ပေသားပဲ။ မိန်းကလေးသာဆိုထိုင်ငုိံရမယ့်ကိန်း။
သကောင့်သားတွေတော့ ဝိုင်ဖိုင်ရတာနဲ့ဖုန်းကိုယ်စီထဲရောက်နေကြပြီ။ ခိုင်ကလဲ အတွင်းကျကျထဲမှာသူ့အိမ်နဲ့ဖုန်းပြောနေသည်။
"ဟင်စစ်ဆံပင်ညှပ်နေတာလား"
အတွင်းဖက်မှ ခပ်ချောချောမိန်းမတစ်ဦးဝင်လာပြီးဆံပင်ညှပ်နေသူကိုမေးလိုက်သည်။
"ဟုတ်မမ ဒီမှာလေ ဆံပင်ပီကေကပ်သွားလို့တဲ့ အာ့ ဆိုင်ဆိုလို့စစ်တို့တစ်ဆိုင်ပဲတွေ့လို့ဝင်လာတာတဲ့"
"ဪ...ဟုတ်သားပဲ အများကြီးကပ်ကုန်တာကို...စစ်ညှပိပေးလို့ဖြစ်ရဲ့လား"
"ပြီးတော့မယ်စစ်ရေမကိုင်ချင်လို့လျှော်ရင်မကြီးလျှော်ပေးနော်"
"ရတယ်လေ...ဒီက ညီမတို့ ဒီတောင်ကြီးကမဟုတ်ဖူးထင်တယ်"
အကုန်လုံးဖုန်းလောက်နဲ့သာ အလုပ်ဖြစ်နေတော့သွေးကပဲဖြေလိုက်ရသည်။
"လားရှိုးကလာကြတာ အစ်မ"
"အို့ အဝေးကြီးပဲ ဘာနဲ့လာကြတာလဲ"
"ဆိုင်ကယ်နဲ့လာကြတာကျောင်းတက်နေရင်းမရောက်ဖူးလို့လာလည်ကြတာလေ"
သဘောကောင်းပုံရတဲ့အဲ့အစ်မကြီးနဲ့စကားတွေပြောဖြစ်ုကတော့သည်။ ဆံပင်ညှပ်ပြိ်းကာနိ်းတွင်စကားပြောရင်းမှသွေးခြေထောက်ကို ထိုအစ်မမြင်သွားသဖြင့်
"ဟင်ညီမသွေးတွေနဲ့ပါလား"
"ဟုတ်တယ်အစ်မ မီးပုံးပျံပျက်ကျလို့ပြေးရင်းချော်လဲတာနဲ့ပဲ"
ဘာမှမဖြစ်သလိုပြန်ဖြေရင်းသွေးပြုံးပြလိုက်သည်။
"မကြီး စစ်ညှပ်လို့ ပြီးပြီ ..ဟင်..."
ဆံပင်ညှပ်နေသောစစ်ဆိုသောကောင်မလေး ကနောက်သို့လှည့်လာရင်းသွေးနဲ့အကြည့်ချင်းဆုံသည်။ ခဏလေးပင်။ သူ့အကြည့်ကသွေးခြေထောက်ဆီ။သွေးတို့စကားသံတွေကိုသူလဲကြားနေသည်ကိုး။
"စစ်ရေ ဒီညီမကို အိမ်ထဲခေါ်ပြီး ဒဏ်ရာဆေးထည့်ပေးလိုက်ဦး"
"အာ ရပါတယ်အစ်မရဲ့ နည်းနည်းပါးပါး ကို"
သွေးက အားနာစွာ ငြင်းလိုက်ပေမယ့်စစ်ဆိုတဲ့ကောင်မလေးကသွေးလက်ကို ဆွဲကထိုင်ရာမှထစေလိုက်သည်။
"အေးနေတော့ပိုကိုက်ခဲပြီးနာနေမှာ ညီမရဲ့ သိပ်မကြာပါဘူးခေါ်သွားလိုက်စစ်"
အတင်းကြီးတိုက်တွန်းနေတော့သွေးတယောက်ယက်ကန်ယက်ကန်နဲ့ စစ်ခေါ်ဆောင်ရာဆိုင်အနောက်ဖက်အိမ်ကြီးဆီသို့ပါလာပါတော့သည်။ ကျန်သူတွေခုမှသိသည်မို့ အံ့သြစွာကျန်ရစ်ခဲ့တော့သည်။ လိုက်လဲမလာရဲကြ။ သူများအိမ်ထဲကိုးလေ။
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့