"ကိုကို စစ်တို့ ဇာတ်လမ်းရပ်ချိန်တန်ပြီ"
ပြောမယ့်သာပြောလိုက်ရပေမယ့်စိတ်ထဲနည်းနည်းလေးမှကိုမကောင်း။ ကိုကိုနဲ့တွဲလာခဲ့တာလဲကြာပြီလေ။ အမြဲတမ်းစစ်အပေါ်ဆို အပြစ်တင်စိတ်မရှိပဲအကောင်းပဲမြင်ပြီးနားလည်ပေးခဲ့တဲ့ ကိုကို့ကို တစ်ဖက်သတ်လမ်းခွဲလိုက်တဲ့စစ်ကပဲ မှားနေမှန်းသိသည်။
"ခလေး တကယ်ချစ်ရမယ့်သူတွေ့နေပြီလားဟင်"
အချိန်တော်တော်ကြာမှ ဒီစကားလေးကို ကိုကိုပြောလိုက်မှန်း အသံလေးနားထောင်ကတည်းကသိလိုက်သည်၊ အရင်က ချစ်သူအဖြစ်တွဲခဲ့စဉ်က ခလေးမှာတကယ်ချစ်ရမယ့်သူရှိလာရင်လဲပြောနော်ကိုကိုလမ်းခွဲပေးမယ်လို့ပြောခဲ့သော်လဲ အကြာကြီးတွဲလာ၍ ရင်းနှီးခဲ့ပြီးမှတကယ့်တကယ်တမ်းလမ်းခွဲစကားဆိုလာတော့ ဘယ်လိုလုပ်ပြီးစွန့်လွှတ်ပေးဖို့တွေးနိုင်ပါမည်နည်း။
"စစ်အသစ်တွေ့လို့ မဟုတ်ပါဘူး ကိုကိုမေမေသိသွားပြီး အရင်ပတ်ကစစ်အရိုက်ခံရတာ"
လိမ်ညာခြင်းမမည်တဲ့ မုသားစကားသုံးလိုက်ခြင်း။ အသစ်တွေ့လို့ပါဆိုရင်ရော အခြေအနေကကောင်းလေမည်လား။ အမေမကြိုက်လို့ပါဆိုတဲ့အကြောင်းပြစကားနဲ့တင်ပဲ လုံလောက်လေမလား။
"ကိုကိုတို့ ကြိုးစားကြမယ်လေ ခလေး ခလေးမေမေသဘောတူလာအောင်စိတ်ပြောင်းလာအောင်ကိုကိုတို့အများကြီးကြိုးစားကြမယ်လေ....ကိုကိုလေ တကယ်ခလေးကိုမဖြတ်ပေးနိုင်ဘူးဗျာ....ဘယ်လိုလုပ်ရမလဲ"
ရှိုက်သံတွေပဲ့တင်ထပ်နေတဲ့လေလှိုင်းထဲက ကိုကို့အသံကစစ်နှလုံးအိမ်တည့်တည့်ကိုလာရောက်ထိမှန်သည်။
သူစိမ်းတစ်ယောက်အတွက်မျက်ရည်ကျတယ်ဆိုတာ အဲ့သူစိမ်းကကိုယ့်ရင်ထဲဘယ်အနေအထားမှာရှိနေလဲဆိုတာအသိသာကြီးပါ။
"စစ်လန့်သွားပြီကိုကို...မေမေကလေ ငိုတာကိုကိုရဲ့...စစ်မမိုက်ချင်တော့ဘူး ပြီးတော့ကိုကို့ကိုအမေကယောက်ျားမဟုတ်ဖူးလို့ပြောရင်စစ်ကမကြိုက်ဘူးမကြားချင်ဘူးမကြားရက်ဘူး...ကိုကိုရယ်....စစ်တို့ ဒီလောက်ပဲရပ်လိုက်ရအောင်"
မိန်းကလေးချင်းကြိုက်နှစ်သက်သူဖြစ်တဲ့ စစ်အရှေ့မှာ ဘဝတူတွေအကြောင်းအကဲ့ရဲ့စကားဆိုလာပါလျှင်အမေပြောတာတောင်ခေါင်းငုံ့ပြီးခံမနေချင်တာစစ်စိတ်ရင်းအမှန်ပါ။ တကယ်တမ်း သူတိူ့လဲလူ့အသိုင်းအဝိုင်းကလူတွေချည်းပါပဲ။.ကဲ့ရဲ့စရာကိုမရှိပါပဲသူတိူ့လေးတွေအပြောခံနေရတာပါ။
"ကိုကိုတို့ ခိုးပြေးလိုက်ရင်ရော...ခလေးဆီကိုကိုလိုက်လာပြီးခလေးကိုလာခေါ်မယ်လေ...ဖြစ်ပြီးမှတော့ခလေးမေမေလဲအတင်းမခွဲလောက်တော့ပါဘူး"
"ဪ...ကိုကိုရယ်...စစ်တို့ကမိန်းမချင်းပဲလေ...ယူပြီးတော့တောင်ပြန်ခွဲလို့ရတယ်ကလေးပါလာတာလဲမှမဟုတ်တာအပျိုဟာအပျိုတိုင်းပဲမို့ပြန်သိမ်းချင်ရင်လဲအလွယ်လေး....ဒီလိုပြောရင်ခံရခက်မှာ။....ကိုကိုရေရှည်စဉ်းစားစရာမလိုဘူးတွေးကြည့်ရုံနဲ့ရတယ်...ကိုကိုမိသားစုအတွက်တောင်မအားရုံတမည်လုံးပန်းနေရတာ...စစ်ပါရောက်လာမယ်ဆိုရင်ပိုခက်ခဲသွားလိမ့်မယ်....လူတစ်ယောက်ရဲ့စရိတ်စကဆိုတာဘယ်လောက်ကြီးသလဲကိုကိုအသိဆုံး"
"ဒါပေမယ့်ခလေးအတွက်ကိုကိုစုထားတာလေးတွေလဲရှိတယ်လေ....ခလေးတစ်ယောက်လေးအတွက်ကိုကိုပိုရှာလို့လဲရတယ်"
"ကိုကို့မိသားစုကိုပဲရှိတဲ့အားနဲ့တွန်းတင်လိုက်ပါတော့နော်...စစ်ကိုခွင့်လွှတ်ပါ....အမေငိုနေတာကိုထားခဲ့ပြီးကိုကို့နောက်တော့စစ်လိုက်မယ်ဆိုသမီးမိုက်ဖြစ်သွားမှာပေါ့...စစ်အဲ့လိုမိုက်ရူးရဲမဆန်တတ်ဘူး ကိုကိုစစ်ကိုနားလည်ပေးပါ....ပြီးတော့....ကိုကို စစ်လေ ခုချိန်ထိကိုကို့ကိုချစ်မနေခဲ့ဘူး....စတွဲတည်းက ကိုကို့အချစ်ကိုစစ်ကလက်ခံရုံလက်ခံခဲ့တာ....အမေမသိသေးရင်နောက်လဲ ကိုကိုနဲ့လက်တွဲနေဦးမှာဆိုတာတော့ယုံ....စစ်ကိုကို့ကိုမချစ်ဘူး ဒါပေမယ့်ကိုကို့ချစ်သူအနေနဲ့ပဲရှိချင်ခဲ့တာပါ...ဒီလိုပြောလို့စစ်ကိုမုန်းချင်ရင်လဲမုန်းနိုင်သလိူ ကိုကိုဆဲချင်သလိုလဲဆဲပါ စစ်နားထောင်ပါ့မယ်"
ဒီစကားကြားတော့ ကိုကို့ဖက်က အကြာကြီးငြိမ်သက်သွားသည်။ မုန်းသင့်ပါသည်၊ တွဲလာတာလဲကြာပြီ။ စစ်မချစ်မှန်းလဲကိုကိုသိနေမှာကြာလောက်နေပြီ။
ကိုကိုလာတွေ့ပြီးအတူလျှောက်လည်ခဲ့တာတောင်ရင်ထဲဘာဆိုဘာမှကျန်ရှိခြင်းမရှိ။ မချစ်ပဲနဲ့ ဘာလို့အဲ့လောက်တွဲခဲ့တာလဲမေးရင်ကိုကို့အချစ်ကိုယုံပြီး လက်ခံစရာကောင်းနေခဲ့လို့ဟုသာ။ ဒါဖြင့်ဘာလို့လမ်းခွဲတာလဲဆိုရင်အမေ့ကြောင့်ဟုခေါင်းစဉ်တပ်ပြောနေပေမယ့်လို့ကိုကို့ကိုမချစ်တော့တာကိုအကြောင်းပြပြီးအမေ့ကိစ္စပေါ်လာတာကအံဝင်သွားသလိုပင်။
အမေသာသိမသွားခဲ့ရင်စစ်နဲ့ကိုကိုတို့ဇာတ်လမ်းကဘယ်တော့မှပြတ်မည်လဲမသိ။ ပြတ်ဖို့ရာကိုလဲစစ်လဲမတွေးခဲ့ဖူး။
"အင်းပါ ခလေး.ခလေးကိုကိုကိုခွင့်လွှတ်တယ်နားလဲလည်တယ်ကျေးဇူးတင်ပါတယ်ကိုကို့အချစ်ကိုလက်ခံပေးပြီးကိုကိုဆိုးခဲ့သမျှစစ်မချစ်ပဲသည်းခံခွင့်လွှတ်ပေးခဲ့တတွေအတွက်လဲကျေးဇူးတင်ရင်းအားလဲနာတုန်းပဲ.....ခလေးစိတ်ချမ်းသာသလိုနေနော်....ကိုကိုကအမြဲတမ်းခလေးပြန်လာမယ်ဆိုအချိန်မရွေးတံခါးဖွင့်ထားပေးတယ်.....တကယ်လို့များ ခလေးတကယ်ချစ်တဲ့သူပေါ်လာရင်လဲကိုကိုကခလေးရဲ့ချစ်သူအတွက်ပါမိတ်ဆွေကောင်းဖြစ်စေရမယ်...ကိုကိုကတိပေးတယ်နော်...ခလေးကိုမနှောင့်ယှက်တော့ဘူး"
တည်တည်ငြိမ်ငြိမ်လေးပဲ လွတ်လပ်ခွင့်ပေးလိုက်တဲ့သဘောပေလား။ ဒါဖြင့်တစ်ခါတလေတဇွတ်ထိုးဆန်ဆန်မိက်ရူးရဲလုပ်တတ်တဲ့ကိုကိုဆိုတာဘယ်ရောက်သွားပါသလဲ။
"ကိုကို စစ်အကောင့်ဖျက်လိုက်တော့မယ်....စိတ်ပြေလက်ပျောက်နောက်အသစ်တစ်ခုနဲ့သုံးတဲ့အခါကိုကို့ကိုလာအပ်မယ်နော်ရတယ်မလား"
"ရတာပေါ့ ကိုကိုပြောပြီးသားလေ...ခလေးတွက်ဆိုအမြဲတမ်းတံခါးဖွင့်ထားပါတယ်လို့...ခလေးရေ...ဒါဆိုကိုကို နှုတ်ဆက်တယ်နော်....အလုပ်လုပ်ရတော့မှာမို့"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုကို"
ဟုတ်သားပဲ။ ဒီအချိန်ဟာ ကိုကိုအလုပ်လုပ်ချိန်ရောက်နေပြီ။ ဒီနေ့ကစပြီး ကိုကို့ရဲ့အလုပ်ခွင်အချိန်တိုင်းမှာ အရင်ကလိုတက်ကြွလန်းဆန်းမနေပဲနွမ်းလျပြီးပန်းတိုင်ပျောက်သလိုဖြစ်နေလေမည်လား။
စစ်တောင်းပန်ပါတယ်ကိုကိုရယ်....တကိုယ်ကောင်းဆန်တဲ့ စစ်ကို နာကြည်းသင့်တာ...
ဆိုင်နောက်ခန်းထဲမှာ စစ်ဖုန်းပြောနေစဉ်ဆေးတွေလာစပ်နေတဲ့ မကြီးတော့အကုန်ကြားနေသည်အမှန်။ သို့သော်လဲ ဘာမှမပြော သူ့ဟာသူဆေးစပ်ပြီးစစ်ကိုပင်ပြုံးပြသွားခဲ့သေးသည်။ စစ်ကိုရိုက်ပြီးတည်းက အမေအိမ်မှာမနေသေး။ နန်းကိုအိမ်သို့ပို့ပြီး အမေကနန်းတို့အိမ်သွားနေသည်။
"မမစစ်ဆံပင်လာညှပ်ပေးဦးတဲ့ မကြီးချစ်ခေါ်ခိုင်းလိုက်တယ်"
"အေး လာပြီ"
ဖုန်းလေးထဲက facebook app , messenger appကို တစ်ခါတည်း ဖျက်လိုက်သည်။ ပြီးတော့ အကောင့်ကိုလဲ အပြီးချင်ပေမယ့်လဲနှမြောနေသေးသည်လေ။.ထို့ကြောင့်မသုံးပဲဒီအတိုင်းထားလိုက်ခြင်းကိုပဲရွေးချယ်လိုက်ရသည်၊ လက်ဆေးပြီးနောက်ခန်းကထွက်လာတော့ ချစ်စရာကောင်းသောကောင်မလေးနှစ်ယောက်ကား ဆိုင်အတွင်းမှာ စစ်လာတာကိုစောင့်နေကြသည်။ မကြိးကတော့တစ်ခြားတစ်ယောက်ကိုဆံပင်ဆေးဆိုးပေးနေသဖြင့်လှည့်မကြည့်အား။ အဲ့နှစ်ယောက်ကိုမြင်တော့ စစ်စိတ်ထဲရင်းနှီးသလိုလိုရှိနေသော်လဲ ဘယ်လိုဘယ်ပုံရင်းနှီးနေသည်ကိုကား ရုတ်တရက်မမှတ်မိ။
"ဘယ်ကအစ်မ ညှပ်မှာလဲရှင်"
"ကျွန်မပါ...ဒီလိုပုံလေးညှပ်ပေးပါရှင်"
သွက်သွက်လက်လက်ရှိလှသောကောင်မလေးက သူ့ဖုန်းထဲမှသိမ်းထားသော ပုံကိုပြလေသည်။
"သဲကလဲ မ ပြတဲ့ပုံကိုကျ မညှပ်ဘူး ဒါကတအားတိုလွန်းပါတယ်ဆိုနေ"
ထိုင်နေတဲ့ အစ်မကြိးက ခုဏပြတဲ့ပုံကိုသိပ်သဘောကျဟန်မတူ။
"ဒီမယ်.မနှင်းနှင်းဝေ....မ ညှပ်မှာလား သဲညှပ်ရမှာလား "
"သဲ မျက်နှာလေးက ဒိကေလေးနဲ့မှလိုက်တာ ဟိုဟာဆိုကောင်လေးပုံစံဖြစ်သွားမှာပါဆိုနေ"
သူတိူ့နှစ်ယောက်ရဲ့ခပ်ကြိတ်ကြိတ်အငြင်းပွားနေမှုကြားမှာ စစ်ကတ်ကြေးကိုင်ပြီးခင်မဆိတ်နေလိုက်သည်။
"ဟို ညီမလေး ဒီပုံနှစ်ပုံထဲက ဘယ်ပုံက အစ်မနဲ့ပိုလိုက်လဲဟင်"
နောက်ဆုံးတော့ သူတို့ပြသနာက စစ်ခေါင်းပေါ်ရောက်လာတော့သည်၊ ဖုန်းနှစ်လုံးအပြိုင်ထိုးပေးနေကြသည့်သူတို့ရဲ့လက်လေးတွေမှာ ဆင်တူလက်စွပ်မြင်လိုက်ရတော့ အလန့်တကြားမျက်နှာတွေကိုတစ်ချက်ပြန်ကြည့်လိုက်စဉ်ဝယ်
"ဟင်....ဟိုလေ...အစ်မတို့က မန်းလေးကမို့လား"
ဟု စစ်က ဖုန်းတွေယူပြီးမေးလိုက်တော့ နှစ်ယောက်တည်းက သွက်လက်တဲ့ကောင်မလေးကပဲပြန်ဖြေလေသည်။
"အင်း ဟူတ်တယ်...ညီမလေးက အစ်မတို့ကိုသိလို့လား"
"ဟုတ်သိတာပေါ့ မန်းလေးက မနှင်းနှင်းဝေနဲ့လားရှိုးကမဆိုင်နွန်းတို့ ကို မသိတဲ့လူကရှားတယ်"
"ဟယ်မ ကျန်း သဲတို့ကို သိနေတယ်တဲ့ အံ့သြစရာနေပါဦး ညီမကဘယ်လိုသိတာလဲ"
"လိူင်းပေါ်မှာလေ...စကားသာမပြောဖြစ်တာ...အစ်မတို့အကောင့်နဲ့တော့ fri ဖြစ်ထားတယ်ဒါနဲ့ အစ်မတို့နှစ်ယောက်တောင်ကြီးလာလည်ကြတာလား"
"ဟုတ်ပ မ အလုပ်ကိစ္စနဲ့လာရင်းလေ...အားနာလိုက်တာ ညီမကိုအစ်မတို့ကမမှတ်မိဘူး"
"ဘယ်မှတ်မိမလဲ စကားတောင်မပြောဖြစ်တဲ့ဟာကို ဒီမှာ ဒီအစ်မဖုန်းထဲကပုံနဲ့ဆိုပိုလိုက်တယ်အစ်မမျက်နှာလေးကဒီပုံစံနဲ့မှ အဆင်ပြေမှာ"
မနှင်းနှင်းဝေဖုန်းထဲက ပုံကိုရွေးချယ်လိုက်တော့ တစ်ယောက်က ပြုံးသွားပြီးတစ်ယောက်ကမဲ့သွားလေသည်။
"ပြောသားပဲ သဲကိုကတစ်ဇွတ်ထိုးလုပ်ချင်နေတာ"
"ဟင့်မကလဲ ကဲ ညီမရေ အစ်မကိုအဲ့ပုံစံသာညှပ်ပေးပေတော့ သိလား"
"ဟုတ်အစ်မ လာ ဒီပေါ်ထိုင်"
ဒီနှစ်ယောက်အတွဲလေးကိုတော့ စစ်တို့ lgbt အသိုင်းအဝိုင်းကလူတွေ မသိသူမရှိသလောက်ကို သိကြမည်ထင်ပါသည်။ အတော့်ကိုချစ်ကြပြီးသစ္စာရှိလွန်းသော ဒီအတွဲ။ သူတို့နှစ်ယောက်ကြား ပြသနာဆိုတာလဲမရှိ။ လိုင်းပေါ်မှာ ပုံလေးတွေတင်ခုခေတ်စားနေတဲ့ tit tokဆော့ကစားနေတဲ့အတွဲလေး သူတို့ပုံတွေတောင်စစ်ဖုန်းထဲမှာ ရှိနေသေး။ သူတို့တွေတောင်တစ်နေရာစီကနေထိုင်ကြပြီး
လိုင်းပေါ်ကနေသိကျွမ်းခဲ့တဲ့နောက်ချစ်သူဖြစ်ခဲ့ကြတာပဲ။ အစပိုင်းတော့ အခက်အခဲများစွာရင်ဆိုင်ဖြတ်ကျော်ခဲ့ပြီးမှ ခုတော့ဖြင့်နှစ်ယောက်စလုံးက အလုပ်ကိုယ်စီနှင့်အေးချမ်းနေကြပြီ။ မိဘတွေလဲကြည်ကြည်ဖြူ ဖြူ မို့လို့သူတို့အတွဲကိုအားကျတဲ့သူများတာ မဆန်း။
(ဒီနှစ်ယောက်ကတော့ အချစ်ဖြင့်ပြီးပြည့်စုံသော ဇာတ်လမ်းထဲက သဲနဲ့မ အတွဲလေးပါနော်မိဘကြည်ဖြူအောင်သူတို့လေးတွေဘယ်လောက်ထိကြိုးပမ်းခဲ့ရလဲဆိုတာအဲ့ထဲဖတ်ကြည့်တော့)
ဆံပင်ညှပ်ပေးပြီးတော့ခေါင်းလျှော်တဲ့နေရာထိ မနှင်းနှင်းဝေလိုက်သည်။
"ဒါ ညီမတို့ ဆိုင်လား"
"ဟုတ်ကဲ့ အနောက်ကဟာညီမတို့အိမ်လေ...ခု အစ်မတို့ဘယ်မှာတည်းကြတာလဲ"
"တောင်ကြီးဟိုတယ်မှာ ညီမ ဆိုင်လေးကချစ်စရာလေးပဲ"
"ဟုတ်...ဘာပဲဖြစ်ဖြစ်အစ်မတို့ကို ညီမတအားအားကျခဲ့တာ...ခုလိုအပြင်မှာဆုံရမယ်လို့တောင်မထင်ထားဘူး တကယ်ဝမ်းသာတယ်"
"ဟီး မင်းသမီးတွေလဲ မဟုတ်ပဲနဲ့....မရေ အာ့ သဲလှလို့ "
"မကို ပိုချောနေတာတော့ဘယ်သူမှငြင်းမရဘူးလေနော့်"
နှစ်ဆယ်ကျော်အစိတ်ပိုင်းလေးတွေ အချစ်နဲ့တွေ့တော့လဲ နုပျိုနေတော့တာပါပဲ။ စကားပြောတာလေးတောင်စကားနိုင်လုပြီးသူ့ထက်ငါသာ လုပြောနေကြတာလေးကိုကချစ်စရာ။
"အစ်မတို့ ဒီကို ဘာနဲ့လာတာလဲ"
"လာတာက မန်းလေးကနေ ကားနဲ့လေ...ခု ဒီကိုလာတာက..ဟိုတယ်က ဝန်ထမ်းကောင်လေးရဲ့ဆိုင်ကယ်ငှါးလာကြတာ...."
"ဟုတ်လား ဘယ်တွေလည်ကြပြီးပြီလဲ အလုပ်ကိစ္စကောပြီးသွားပြီလား"
"ဟိုတယ်တင်ပဲ စည်းဝေးလုပ်တာ လည်ဖို့ပဲကျန်တယ်...ခုဏလေးတင်မှ လည်ပတ်ဖို့နေရာရှာတုန်း"
"ဒါဖြင့်ညီမကအိမ်ရှင်ဆိုတော့လိုက်ပို့ပေးမယ်လေ...ဧည့်ဝတ်ကျေခွင့်လေးပြုပါလား "
"အားတော့နာသား။ ဟီး ဒါပေမဲ့ ဂိုက်လိုနေတာတော့အမှန်ပဲ...မဟုတ်ရင်ကြောင်တောင်တောင်ဖြစ်နေမှာ...နော်မ ဒီ ညီမလေးကိုဧည့်ဝတ်ကျေခွင့်ပေးလိုက်ရအောင်"
"ဟယ်သဲရယ်...သူ့ကိုအားနာစရာကြီး..အလုပ်လုပ်နေတဲ့ဟာကို"
ဆိုင်နွန်းက စစ်ကိုခေါ်ချင်နေသော်လဲ နှင်းနှင်းဝေကအားနာနေပုံရလေတော့ စစ်ကပဲ
"မကြိးတို့ရှိနေတာကို .. ညီမ အားပါတယ်အားမနာနဲ့နော်"
အမယ်။ စစ်ကလေးကတောင်ကြီးမြို့ သိပ်ကျွမ်းကျင်တဲ့လူဆိုတော့။ တစ်ခုနားမလည်တာကတော့ဖြင့်တောင်ကြိးကို ခဏလေးလာတာဖြစ်ပေမယ့်ဘာလို့များဆံပင်ကိုအရေးတကြိးလာညှပ်ရတာလဲမသိ၊ လိုင်းပေါ်မှာသိတဲ့က ဆိုင်နွန်းဆိုသည်မှာအတော်လေးကိုအသန့်ကြိုက်သောသူပင်။
ဆံပင်လုပ်လို့ပြီးသွားတော့ မကြီးကို ဆိုင်အနောက်ခန်းထဲသို့အသာလေးခေါ်ကာ
"ဘာလဲ စစ်ရဲ့..."
"စစ်သူတို့နဲ့ခဏလိုက်သွားဦးမယ်အဲ့ဒါ"
"ဟယ်သိလို့လား "
"ဟုတ်လိုင်းပေါ်မှာသိတာမကြိး သူတို့ကမန်းလေးကနေဒီကိုလာတာ...ဆိုင်ကယ်ကဟိုတယ်ကငှါးခဲ့တာတဲ့ ဘယ်လည်ရမှန်းမသိဘူးလို့ပြောနေလို့ စစ်ကလိုက်ပို့ပေးမလို့"
"အေ့ပါဟယ်ဆိုင်ကယ်စီးရင်လဲဂရုစိုက်စီးသွားဦးနော်...သိပ်အဝေးကြီးတွေလဲ မသွားနဲ့ဦး.."
"ဟုတ်...နန်းရဲ့ကလစ်ဘီးလေးယူသွားမယ်...စစ်ဆိုင်ကယ်အကြီးကောင်ယူစီးပြီးဘရိတ်ချောင်နေလိူ့"
စားပွဲပေါ်တင်ထားတဲ့ နန်းဆိုင်ကယ်သော့လေးယူပြီး ဖုန်းကိုဘောင်းဘီအိတ်ထဲထည့်ကာထွက်မည်အပြု
"ဪ ဟဲ့ သွားမှာက ဧည့်သည်တွေနဲ့လေ စစ်ကအိမ်ရှင်ပိုက်ဆံလေးဘာလေးယူဦး ကလေးကလဲပြောမှသိတယ်"
ဟုတ်သား။ မကြီးပြောမှပဲသတိရလိုက်တာ။ မကြီးပေးတဲ့တစ်သောင်းတန်ငါးရွက်ကို ဖုန်းကာဗာနောက်ထဲပြည့်သိပ်နေအောင်ထည့်လိုက်သည်။
"ကျခဲ့ဥိးမယ်....တကတည်း ပိုက်ဆံအိတ်ဝယ်ထားပေးလဲတစ်ခါမှမလွယ်ဘူး"
"မကျပါဘူး ထည့်နေကျပဲကို ဒီကာဗာလေးကတော်တော်လေးခံသား စစ်သွားတော့မယ်ဟိုမှာစောင့်နေတာကြာလောက်တော့အားနာစရာကြီး"
အိမ်နေရင်း အင်္ကျီတောင်မလဲနိုင်ပဲ ကတိုက်ကရိုက်ထွက်သွားသော စစ်အားကြည့်ပြီး ကလေးပျော်နေရင်ပြီးကောဆိုတဲ့ ခွင့်လွှတ်ပေးသောအပြုံးလေးဖြင့်သာ။
....
ဟိုတယ်နဲ့နီးသော စူဠာမုနိဘုရားကိုတော့ရောက်တည်းကလမ်းလျှောက်သွားလည်ပြိးပြီတဲ့။ ဆိုတော့လောလောဆယ်ဘယ်ခေါ်လည်ရမလဲဖြစ်လို့နေစဉ်အဲ့ဘုရားကိုပဲထပ်သွားဦးမယ်ဆိုတော့ လိုက်ပို့ဖြစ်သည်။ သူတို့က နှစ်ယောက်တစ်စီးနောက်ကြည့်မှန်ကနေကြည့်ရင်မနှင်းနှင်းဝေရဲ့ခါးလေးကိုဖက်လို့မဆိုင်နွန်းလေးက။
အမလေး သာယာလိုက်ကြတာ။ ကိုကိုနဲ့စိးတုန်းကကျ အဲ့လိုဖက်မှန်းလဲဝေးစွ။ ကိုကိုလာဖက်မှာကိုတောင်ကြောက်နေရသေးတာ။ ဒါမဲ့ မနဲ့စီးစဉ်အခါကလဲ လက်ကမရဲ။
စစ်ဘုရားထဲလိုက်မပို့တော့ပဲနဲ့ အပြင်ဖက်ခုံတန်းလေးတွင်ထိုင်ကာ
"အစ်မတို့ အိတ်တွေထားချင်ထားခဲ့လေ ညီမဒီကပဲစောင့်ပေးမယ်....နော်"
"ဟင်ညီမကအထဲမလိုက်တော့ဘူးလား"
"လိုက်တော့ဘူး "
"ဒါဖြင့်ထားခဲ့မယ်အကုန်မ ဖုန်းယူခဲ့ဦး ပုံရိုက်ဖို့"
ခုမှသိတဲ့ စစ်ကိုယုံကြည်စွာ အပ်နှံထားခဲ့သော ပိုက်ဆံအိတ်နဲ့တကွဖုန်း ဆိုင်ကယ်သော့တွေကိုပေါင်ပေါ်တင်ထားပေးလိုက်သည်။
ရေပန်းဖွားလေးကျနေတာမြင်တော့ မကို သတိရမိသား။ ပါးချိုင့်လေးတစ်ဖက်နဲ့ စစ်ရဲ့စိတ်စွမ်းအားအကုန်လုံးကိုသိမ်းပိုက်သွားခဲ့တာ။
ဟိုနှစ်ယောက်ကလဲ ဘုရားထဲဘာတွေလုပ်နေကြသည်မသိ။ ကြာကြီးရှိနေပြီ။ စစ်ကတော့ ဘုရားတရားစိတ်မဝင်စား။ ဘယ်ဘုရားရောက်ရောက်ပန်းဆီမီးလှူဖိူ့နေနေသာသာဦးသုံးကြိမ်ချပြီးအပြင်ထွက်လာတတ်တာချည်းပင်။ ပျင်းနေတာနဲ့ မကိုဖုန်းခေါ်လိုက်သည်။ လိုင်းတော့မတက်ချင်ဘူးလေ။ မလဲအားချင်မှအားမှာမို့ကိုး။
တူ တူ တူ
ဖုန်းကဝင်နေသည်။ မ မအားဘူးထင်ပြီးချတော့မည်အပြု လာကိုင်တော့သည်။
"ဟလို..."
လာကိုင်တဲ့အသံက မ အသံမဟုတ်မှန်းသိသည်မိူ့
"မသွေးရှိလားရှင်"
"မသွေး ဖုန်းလာနေတယ်လာကိုင်ဦး"
မ က အနီးအနားရှိနေလိမ့်မညိ။အော်ခေါ်သံကြားလိုက်သည်။ ပြီးဘာမှလဲပြန်မပြောပဲတစ်ဖက်ကတိတ်ဆိတ်သွားသည်။တော်တော်လေးကြာနေတော့မှ
"စစ်မခေါ်တာတောင်ကြာနေပြီနော်"
လွမ်းနေရတဲ့ မ အသံလေး။ အမေရိုက်ပြီးတည်းကအဲ့ညပဲစကားပြောဖြစ်ပြိး တပတ်တိတိအိပ်ယာထဲလဲနေချိန်စစ်ဖုန်းလဲ မသုံးဖြစ်လို့အဆက်ပြတ်နေတာလေ။ မကလဲ သိပ်မာနကြီးတာ၊ စစ်မခေါပဲနဲ့များသူ့ဖက်ကသတိတရခေါ်တယ်ရယ်လို့ကိုမရှိ။
"ဟုတ်မ စစ်နေမကောင်းလို့လေ ဖုန်းနားလိုက်တာ မျက်စိတွေကိုက်လို့"
"ဟုတ်လား ဘာလို့မျက်စိကိုက်တာလဲ ခုကောသက်သာလား"
ဒိလိုတော့လဲအေးအေးဆေးဆေးနဲ့စိတ်ပူရှာလေသား။ စစ်တိူ့ရင်ဝယ်ပီတိဂွမ်းဆီထိလိုက်သလိုပါပဲ။ တကတ်စာအလွမ်းတွေကိုပြေလို့။
"အစက စစ်မျက်မှန်တပ်တယ်လေ အာ့ ဖုန်းသုံးတာများသွားတော့မတပ်ဖြစ်ဘူး အာ့ကြောင့်ပြန်ကိုက်နေတာ"
"စစ်က မျက်မှန်နဲ့လား မတော့မျက်မှန်နဲ့လို့တစ်ခါမှမမြင်ပါဘူးနော်"
"ဟင်မကလဲ စစ်ကအိမ်မှာပဲတပ်ဖြစ်တာစာဖတ်မှ တစ်ခါတလေမှတပ်တာ"
"တပ်လေ မျက်မှန်လေးနဲ့ဆို မတော့သိပ်သဘောကျတာပဲ "
"မပဲသဘောကျနေ စစ်တော့မတက်ချင်ပါဘူးရှက်စရာကြီး မျက်စိမကောင်းလိူ့တပ်နေရတာ အလှမျက်မှန်ဆိုတစ်မျိုးပေါ့"
"ဟင့်အင်း မတော့ပါဝါမျက်မှန်ကိုကြိုက်တယ်....မတောင်ကောင်းနေလို့မတပ်ရတာ တကယ်တပ်ချင်တယ်"
သူများတောင်မတပ်ချင်တာကို မက တပ်ချင်နေသတဲ့။ အဆန်းသား။
"စစ်က မကိုလွမ်းနေတာသိလား မကတော့မေ့နေတာထင်ပ ဖုန်းတောင်စစ်မဆက်ရင်ဆက်ကိုမလာဘူး"
"မဆက်ရဲလို့ပေါ့ အရင်ခါတွေကဆက်သားပဲ စစ်မအားလို့မကိုင်ဖြစ်တာများများမို့လို့"
ဟင့်....နှစ်ခါလေးရှိတာကို။ တစ်ခါကဆံပင်ညျပ်နေလို့။ တစ်ခါကပြေးနေလို့ကို မကိုင်ဖြစ်တာကိုများ။ပြောမဆုံးတော့ဘူး။
စကားပြောနေတုန်း မဆိုင်နွန်းဖုန်းဝင်လာတော့ စစ်မှာကိုင်ရမလိုမကိုင်ရမလိုနဲ့ဖြစ်နေတုန်းကျသွားခဲ့ပြီ။
"ဪ မမေးမလို့ လားရှိုးကလေဆိုင်နွန်းဆိုတာသိလား"
"ဟမ်...ဘယ်သိမလဲ မ အသိထဲတော့မရှိပါဘူး....လားရှိုးမှာအဲ့အမည်နဲ့လူတွေရှိရင်လဲအများကြိး ဆိုင်နွန်းဆိုတာ ရှမ်းလူမျိုးတွေမှည့်တတ်တာကြီး..."
"ဟိုလေ ရန်တိုင်းအောင်ဘုရားဖက်မှာ ဆီဆိုင်ကုန်စုံဆိုင်ဖွင့်ထားတယ်တဲ့ မ သိလား"
"အဲ့ဖက်မှာဆီဆိုင်ကြီးတွေမှပုံလို့...စစ်ကသိနေလို့လား"
"အင်း ဆိုင်တော့မသိပါဘူး ခုက သူတိူ့နဲ့အပြင်မှာ"
"ဪ အာ့ဆိုဖုန်းချတော့လေ မလဲမအားတော့ဘူးဋ္ဌေးဆံပင်သွားညှပ်ပေးမလို့"
"ဟုတ်ကဲ့မ ဆိုင်ကယ်စီးရင်ဥိးထုပ်ဆောင်းနော်ဂရုလဲစိုက်"
"အင်းပါ ချလိုက်ပြီ"
မကိုသာ စိတ်တွေပူပြီးဦးထုပ်ဆောင်းဖိူ့ပြောပေမယ့်စစ်တော့မပါလာ။ ဟိုဖက်မှာ မဆိုင်နွန်းတို့လဲစစ်ဆီလာနေပြိလေ။
"အေးစိမ့်နေတာပဲ ဘုရားထဲမှာ ဒါနဲ့ခိုတွေလဲမရှိဘူးနော်"
"ဟုတ်အစ်မ အရင်ကခိုတွေရှိတယ်...ခုလဲဂှိတော့ရှိတယ်ခိုစာလေးတွေကျွေးရတာ ဒါမဲ့အမြဲကြမ်းပြင်တွေညစ်ပတ်တော့သိမ်းမနိုင်တာနဲ့ခိုစာမကျွေးရတော့ဘူးလေ..."
"ဪ ဒါနဲ့ ညီမအမည်က"
"စစ်ပါ....တစ်လုံးတည်းပဲ"
စစ်အမည်ပြောလိုက်တိုင်းတစ်လုံးတည်းလားဆိုပြိးမေးမေးနေတတ်သဖြင့်တစ်ခါတည်းသာဆက်ဖြေလိုက်သည်။
"အင်း စစ်ချစ်စရာလေးပဲ....အစ်မတို့ကျေးဇူးတင်ပါတယ်နော်...လာ အမှတ်တရပုံလေးရိုက်ရအောင်"
ဆိုင်နွန်းကတော့ အမြဲတမ်းပုံရိုက်တတ်သူမို့လို့ စစ်နဲ့ပါအမှတ်တရပုံရိုက်ဖြစ်သွားပြန်သည်။
"ဪ ဖုန်းလာသေးတယ်အစ်မ "
"ဟုတ်လား ခဏနော်"
စစ်ဘေးချထားတဲ့ ဖုန်းကိုယူပြီးဆိုင်နွန်းကြည့်လိုက်တော့
"ဟယ်မ မှုံခေါ်တာ သိလား"
"အယ်ပြန်ခေါ်လိုက်လေ ထူးထူးခြားခြား ပဲ ဘာအရေးကြီးလို့လဲမသိ"
"ခဏခေါ်ကြည့်မယ်"
ရေပန်းဖွားဖက်သွားပြီးဆိုင်နွန်းဖုန်းခေါ်နေလေတော့နှင်းနှင်းဝေနှင့်စစ်သာကျန်ခဲ့လေတော့သည်။ နှင်းနှင်းဝေကအေးဆေးတည်ငြိမ်သမားမို့လားမသိ။ စကားကိုဆိုင်နွန်းလောက်မပြော။ ပြုံး၍သာနေနေသည်လေ။
စစ်လဲ ဘာပြောရမှန်းမသိ။ စစ်လဲအနေအေးတဲ့သူပေပဲမလား။
"ညီမစစ်ကကော အစ်မတို့လိုပဲလား"
အေးချမ်းတဲ့အပြုံးလေးနဲ့ကြည်မွေ့တဲ့အသံတို့ကြောင့်မဆိုင်နွန်းအသဲစွဲနေတာဖြစ်မည်။ တကယ့်ကိုလူကြီးပီပီသသလေး။ သူမေးတာကို စစ်လဲနားလည်သဖြင့်
"ဟုတ်ဒါမဲ့ အစ်မတို့အတွဲကိုအားကျရုံကလွဲပြီး အိမ်ကိုကြောက်နေရသေးတော့နောက်ဆုတ်နေရတယ်"
စစ်.အဖြေကြောင့်မျက်နှာလေးအနည်းငယ်ညိုးကျသွားတာကိုမြင်လိုက်ရသည်။
"အစ်မတို့ဘဝတွေက အဲ့လိုပါပဲလေ ဘယ်သူကမှတော့ ဒီအခက်အခဲတွေကိုလိုချင်ကြမှာမဟုတ်ဖူး အစ်မတို့ဆိုလဲဘဝနဲ့ချီပြီးအချစ်အတွက်ယုံကြည်မှုတို့သစ္စာရှိတာတို့နဲ့လောင်းကြေးထပ်ခဲ့ရတယ်အများကြီးလဲဆုံးရှုံးခဲ့ရတယ်မျက်ရည်မြစ်တွေကူးခပ်ပြီးမှ ဒီလိုပန်းခင်းလမ်းလေးပေါ်ရောက်လာတာပါပဲကွယ်ညီမလေးလဲ အားမငယ်ပါနဲ့ ငယ်ငယ်လေးပဲရှိသေးတာ.....အဓိကက အစ်မအားပေးချင်တာကတော့ မိဘအပေါ်ပဲမှီခိုနေရင်ကိုယ်ဖြစ်ချင်တာလုပ်ချင်တာမလုပ်ရတော့ဘူး ကိုယ့်ကိုကိုယ်အမှီမပါပဲရပ်နိုင်တော့မှလုပ်ချင်တာလေးလုပ်ရဖို့သတ္တိရှိလာတာ...ဒါကြောင့်ကိုယ့်ခြေကိုယ်ရပ်နိုင်ဖို့အရင်ကြိုးစား သိလား"
"ဟုတ်ကဲ့....ကြိုးစားနေတယ်ဟီး ဘယ်တော့ဖြစ်လာမလဲမသိသေးဘူး"
စကားပြောနေစဉ်မှာပဲ ဆိုင်နွန်းဖုန်းပြောပြီးစစ်တို့ဆီပြန်လာကာ
"မရေ မှုံလဲတောင်ကြိးရောက်နေတယ်တဲ့ သွားတွေ့ရအောင်"
"ဟုတ်လား သူဘယ်နားလဲဆိုတာ သဲသိလို့လား မတို့ဘယ်လိုသွားတွေ့ကြမလဲ"
"အယ်မကလဲ ဒီမှာစစ်ဆိုတဲ့ဂိုက်တစ်ယောက်လုံးရှိနေတာကို...အားမနာတော့ဘူး မှုံ့ဆီလိုက်ပို့ခိုင်းရမယ်နော်စစ်"
"ဟုတ်ဘယ်နားမှာတဲ့လဲ"
"မြသုခဆိုလား မြတ်သုခဆိုလား အဲ့ရုပ်ရှင်ရုံရှေ့နားလာခဲ့တဲ့ သူအဲ့နားလာမယ်တဲ့ သွားရအောင်လေ"
ဆိုင်နွန်းကလဲသွက်မှသွက်ခုဆိုခုချက်ချင်း။ သူတို့ပြောနေတဲ့မှုံဆိုတာဘယ်သူများပါလိမ့်။ သူတို့အတွက်အတော့်ကိုအရေးကြီးသူဖြစ်နေပုံပဲ။ လာတွေ့ဆိုတာနဲ့ချက်ချင်း။ စစ်သာမပါခဲ့ရင်လဲသူတိူ့ဟာသူတိူ့မဖြစ်ဖြစ်အောင်သွားတွေ့မည့်ပုံပင်။
စစ်ကပဲ ဦးဆောင်ပြီး ရုပ်ရှင်ရုံဖက်မောင်းလာလိုက်တော့သည်။ ခုချိန်ထိစစ်တစ်ယောက်တည်းပဲအူကြောင်ကြောက်နိုင်လှသည်။ အပျင်းပြေစကားပြောဖော်နန်းနန်းကိုပဲခေါ်ခဲ့ရင်အကောင်းသားဟုတွေးမိသေး။
နေရာလွတ်တစ်နေရာတွင်ဆိုင်ကယ်ချရပ်ပြီး မဆိုင်နွန်းကတော့ဖုန်းပြောနေသည်။ စစ်ကသာ ဘယ်ဖက်ကလာမည်မသိသော မှုံဆိုသူအားစောင့်ကြည့်ရင်း ဟိုဖက်သည်ဖက်ခေါင်းလှည့်ရရင်းနဲ့ညောင်းပင်ညောင်းနေပြိ။
ထိုအခိုက်ရုပ်ရှင်ရုံမရောက်ခင်တစ်ဖက်လမ်းမှ ကားလမ်းကူးဟန်ပြင်နေသော အဖြူရောင်ရှပ်အင်္ကျီလက်ရှည်နဲ့ဂျင်းပင်န်ဝတ်ဆံပင်ရှည်ရှည်ကောင်မလေးတစ်ယောက်မျက်နှာကတော့ mask တပ်ထားလို့လှမလှမသိ။ အနက်ရောင်ကြိုးသိုင်းဒေါက်ဖိနပ်လေးနဲ့ ကားလမ်းကိုရှင်းမရှင်းကြည့်ရင်းဖုန်းပြောလာနေသောမိန်းကလေး။
စစ်ပတ်ဝန်းကျင်ကိုသတိမထားမိတော့ပဲ ထိုမိန်းကလေးကိုပဲ ကြည့်နေစဉ်
ဟာ....ငါ့ဖက်လာနေပါလား
"ဟေး မှုံ တို့ဒီမှာ မတွေ့တာကြာပြီ"
"ရောက်တာ ကြာပြီလား "
"ခုပဲရောက်တာ မှုံ"
"မှုံ ဘယ်တုန်းကရောက်နေလဲတောင်ကြီးကို ဘာလာလုပ်တာလဲ"
"ရွာကစာကြည့်တိုက်လေးဖွင့်ချင်လို့ကြိုးစားနေတာ အာ့တောင်ကြီးမှာစာအုပ်လှူမယ့်သူတွေကလှူချင်တယ်ဆိုလို့ လာခဲ့တာ မှုံပဲတာဝန်ယူပြီးရွာကိုယူပြန်ပေးရမှာလေ"
"ဪ....ခုထိမှုံလေးက အိမ်ထောင်မပြုပဲ ပရဟိတလုပ်နေတုန်း ဒါကြောင့်တရက်ထက်တစ်ရက်လှနေတာနော်သဲ"
"ဟင့်သဲလဲလှတယ်မ အချစ်တွေကြောင့်"
စကားပြောနေတာကိုစောင့်ကြည့်နေတဲ့စစ်ကိုသူမကသတိထားမိဟန်ဖြင့်
"ဒါနဲ့ သူလေးကဘယ်သူလဲ မတို့နဲ့ပါလာတာလား"
"အင်းပ သဲ မိတ်ဆက်ပေးလိုက်ဦး"
"စစ်ကလေးငေးမနေနဲ့ဦး ဒီမှာမိတ်ဆက်ပေးမယ်လို့"
အနားနားကပ်ပြီးအသံစာစာနဲ့အော်လိုက်တဲ့ဆိုင်နွန်းအသံကြောင့်စစ်သတိပြန်လည်လာသလို။
ဪ မှုံဆိူတာသူမကိုး။ ရုပ်ရှင်ပြီးချိန်မို့ လူကလဲများသေး။ လူတွေကြည့်နေတာကိုသူတို့ဂရုမစိုက်။ နှစ်ရှည်လများမတွေ့ခဲ့ရသလို အပြန်အလှန်ပွေ့ဖက်နေကြတာ။ mask ချွတ်လိုက်မှ အတော်မှကိုအတော်လှကြောင်း သိလိုက်ရသည်။ စစ်တသက်နဲ့တစ်ကိုယ်ဒီလောက်လှသောမိန်းမမျိုးမမြင်ဖူးခဲ့။
"ဟေ့ စစ်ဘာငေးနေတာလဲ ဒါအစ်မတို့အတွဲရဲ့မြှားနတ်မယ်လေးလေ မှုံချယ်ရီဦး တဲ့....မှုံ ဒါလေးက မနက်ကမှတို့အတွက်တောင်ကြီးကဖန်ဂိုက်ကလေး စစ်"
"သဲကလဲ ဘယ်လိုတောင်မိတ်ဆက်ပေးနေတာလဲ"
ESTÁS LEYENDO
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့