"ဝှါး...အိပ်ချင်လိုက်တာ....ဒီနေ့မှ လူကဘာဖြစ်နေလဲမသိဘူး မလန်းဘူးဖြစ်နေတယ်"
ကိုရီးယားစောင်ပုံကြီးထဲမှာကွေးပြီးဖုန်းနှိပ်နေတဲ့ နန်းကြောင့်အနီးကကေသီက မျက်စောင်းရွယ်လိုက်ရင်း
"မလန်းတာ မပြောနဲ့...ညက စစ်ကိုဘယ်လောက်တောင်ရစ်လိုက်လဲ စစ်ဖြင့်သနားစရာ"
"ရစ်စရာလား...ဖြစ်သင့်တာကိုပြောပြတာလေ..သူ့ကိုကရူးနေတာကိုး"
ဟုတ်သည်။ ညကပျော်ပျော်ပါးပါးဆိုပြီး ခြံထဲမှာမီးပုံပွဲလေးကို မကြီးကစီစဉ်ပေးထားလေသည်။ဆိုင်အသစ်လေးနှင့် အိုကေမှစိုပြည်နေတဲ့ စစ်တစ်ယောက်ကတော့ တစ်ပတ်မှာသုံးရက်လောက်သာ အိမ်ပြန်အိပ်တတ်သူပါလေ။ မနေ့ညကတော့ပြန်လာသည်။ ကြီးကြီးနှင့်မကြီးတို့မိသားစုတွေ ဝင်အိပ်သွားသည်အထိ စစ်ရယ်နန်းရယ်ကေသီရယ်နောက်ဆိုင်ဝန်ထမ်းကောင်မလေးသုံးယောက်ရယ်က စားရင်းသောက်ကြရင်းနှင့်ညဉ့်နက်လာတော့လူကလဲထွေ စိတ်ကလဲထွေလို့စကားတွေများဖြစ်ကြသည်။
အချစ်ရေးအကြောင်းဆွေးနွေးဖြစ်ရင်း ဝိုင်းကခွာဖို့ပြင်နေတဲ့စစ်ကို နန်းကပဲအစပျိုးလိုက်မိတာ။
ကိုယ့်ကိုလက်မတွဲရဲလို့ပဲ တစ်ခြားတစ်ယောက်နဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ချစ်သူဟောင်းကိုယခုအထိ ပြစ်ချက်ကိုမမြင်တဲ့ စစ်အစားမကျေမချမ်းဖြစ်ကာ တဖက်သားကိုပိုစိတ်တိုသည်။ မူးမူးနဲ့ဘယ်လောက်ထိတောင်စစ်ကိုစိတ်ထိခိုက်စေမိသည်မသိ။ စစ်မှာညကြီးနက်မှ သူ့အိမ်ကိုပြန်သွားခဲ့တာလဲမသိ။ နိုးလာတော့ဘာမှလဲသိပ်မမှတ်မိ။
"တကယ်ပဲ နန်းစကားတွေလွန်သွားတာလား..မကေသီ"
"လွန်တာဆိုလဲ နန်းကစေတနာနဲ့ပေါ့...ဒါပေမယ့်သိတဲ့အတိုင်းပဲ စစ်ကဘယ်သူ့အပေါ်မှာမှမကောင်းဖူးတဲ့သူမဟုတ်ဖူးလေ...သူ့အပေါ်မကောင်းရင်တောင်မှပေါ့...သူချစ်ရတဲ့သူဆိုဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်သူကခွင့်လွှတ်နေမှာ..နာကျင်ရပေမယ့်လဲပေါ့"
ဒါပေါ့။ အနည်းငယ်အေးစက်တည်ငြိမ်နေပြီထင်နေခဲ့တာ။ သူ့အလုပ်လေးနဲ့သူ ခါတိုင်းလိုအေးဆေးအဆင်ပြေနေတယ်ထင်ခဲ့တာ၊ တကယ်ကအရွယ်နဲ့မလိုက်အောင်ရင်တွင်းခံစားချက်တွေပျက်စီးနေတာဘယ်သူမှမမြင်ခဲ့ဘူး။ သူစိမ်းတစ်ယောက်အတွက်နဲ့ စိတ်ဓာတ်တွေပြိုလဲနေစရာလား မမစစ်ရယ်။
ဖြစ်နိုင်ရင်သွေးဆိုတဲ့မိန်းမထက်အစစအရာရာမှာသာလွန်တဲ့ယောက်ျားမိန်းမတွေကို မမစစ်ရနိုင်သေးရက်နဲ့။ ဝိုင်းဝိုင်လည်နေတာကိုသိရက်နဲ့အနားကပ်မခံတဲ့ မမစစ်။ တကယ်ချစ်မိသွားတာနဲ့အဲ့လောက်သစ္စာမြဲနေရသလား။
"မကေသီလဲ မြင်နေတာပဲမလား....တခြားဂရုတွေမှာအချစ်ရေးအကြောင်းတင်လိုက်ရင်ကို အဲ့အဖြူအစိမ်းစုံတွဲပုံကနေရာတကာမှာပေါ်ပြူ လာဖြစ်နေတာလေ....ဒါကိုမြင်နေရက်နဲ့လွှတ်မချနိုင်တဲ့ မမစစ်ရဲ့စိတ်ကိုအံ့သြမိတယ်...မမစစ်ငြိမ်ပြီးခံစားရလေလေ နန်းက ဟိုမိန်းမကိုသွားသတ်ပစ်ချင်လေပဲ"
နန်းပြောတာလဲမှန်သည်။ တစ်ချိူ့ဆိုချစ်လွန်းလို့ပရိုဖိုင်တွေတောင်ချိန်းထားပေးကြသေးတာလေ။
စစ်နေရာမှလဲကိုယ်ချင်းစာသည်။ကေသီကိုယ်တိုင်လဲပဲကြုံဖူးခဲ့သည်ကိုး။
"ဒါကတော့ကွယ်...စိတ်ဒဏ်ရာ အသည်းကွဲဒဏ်ရာဆိုတာ ချက်ချင်းကုလို့မရဘူး...စိတ်နာတယ်ဆိုပြီးလဲအတင်းပဲအချစ်စိတ်ကိုနှင်ထုတ်လို့မရသေးဘူး...နှစ်နဲ့ချီကုစားရတယ်"
"မသိဘူး...မမစစ်အစားဒေါသထွက်တယ်...ကိုယ့်ကိုလဲဖြတ်တာမဟုတ်ဘူး...နောက်ကွယ်မှာတောင်ပေါ်တင်ဖောက်ပြန်တာ...အနေနီးစပ်ရာသာယာတာ....အကျင့်မကောင်းတဲ့မိန်းမဆိုတာအသိသာကြီး...ရွံလိုက်တာ"
ပြောကာမှပဲ ပိုလို့ပင်ဒေါသထွက်ပြနေသေးသည်။ ကျန်တဲ့လူတွေကတော့ အနောက်ခန်းထဲမှာတီဗီသွားကြည့်နေလေသလား ဂိမ်းဆော့နေကြသလားပျောက်ချက်သားကောင်းနေသည်။ ဆိုင်ကလဲမနက်ဖက်အေးတာကြောင့်ပဲလား မပြောတတ်လူပါးနေသည်။
"ဪ...အိမ်ထဲခဏသွားဦးမယ်...မနေ့ညကဖုန်းကအထဲမှာထားခဲ့လို့"
"ဟုတ်မကေသီ"
မကေသီလဲ နန်းကိုပြောပျင်းလို့လား။နားကြားပျင်းကပ်ပြီးပဲတမင်ရှောင်ထွက်သွားလေသလားမသိ။
နန်းပြောတာလဲမှန်နေသားပဲကို။
ကိုယ်ချစ်ရသူကိုတစ်ခြားသူနဲ့ပလူးနေတာမြင်ရတော့ မမစစ်ခမျာဘယ်လောက်တောင်သည်းခံနေရရှာမလဲ။
ခေါင်းကလဲကိုက်နေသည်။ ညကစပိုင်တွေသောက်တာပဲ များသွားလို့လား။
တံခါးဝမှာတပ်ထားတဲ့ဆည်းလည်းသံလေးကြောင့်မှေးခနဲ အိပ်ပျော်မလိုဖြစ်နေစဉ်လန့်နိုးလာရသည်။
"မင်္ဂလာပါ ကြိုဆိုပါတယ်ရှင်....ဘာများအလိုရှိပါသလဲ"
ခြုံလွှမ်းထားတဲ့စောင်ကိုခြေရင်းသို့ကန်ချရင်းမျက်လုံးပွတ်ကာကမန်းကတန်းပြောလိုက်ရသည်။ အမြင်အာရုံတွေကသိပ်မပီပြင်။
"နန်း..ညီမ....အစ်မပါ..မှတ်မိလား"
အသံတော့ ကြားဖူးသလိုပေမယ့်မမှတ်မိ။ မျက်စိကိုသေချာပွတ်ရင်း ကြည်ကြည်လင်လင်ဖြစ်လာတော့မှ
"ဟင်.....ရှင်"
အနွေးထည်အပြာရောင်ပွပွကြီးကို ဝတ်ထားကာကျောပိုးအိတ်တလုံးကိုလွယ်ထားပြီးဂျင်းပင်န်နှင့်ကြိုးသိုင်းဖိနပ်နှင့်ခေါင်းစွပ်ဦးထုတ်နှင့်ဆိုေတာ့ ရုတ်တရက် မမှတ်မိလိုက်။သေချာကြည့်မိတော့မှ ဒီမိန်းမကိုနန်းသေသေချာချာသိနေတာပေါ့။ မခို့တရို့လား။ ရှက်အမ်းအမ်းနဲ့ပြုံးနေသည်လား။ တစ်မျိုးတော့တစ်မျိုးပဲ။ ခဏကပြုံးချိုပြီးကြိုနေတဲ့ကိုယ့်မျက်နှာထားတွေပြန်ပြင်လိုက်သည်။
ကိုယ်ကိုလဲပြန်မတ်ရင်း
"အဟမ်း...ဘာကိစ္စရှိလို့လဲ အစ်မ"
"စစ်...စစ်ရှိလားလို့...စစ်နဲ့တွေ့ချင်လို့ပါ"
ချီးပဲ။ တမလွန်မှာသွားရှာနေလိုက်။
လူငယ်ပီပီ စိတ်ခံစားမှုမှန်သမျှက နန်းရဲ့မျက်နှာမှာပေါ်နေမှန်းသိသည်။
"မမစစ်မရှိဘူးရှင့်"
"သူဘယ်သွားလို့လဲ..."
"ရန်ကုန်သွားတာကြာပြီလေ...အစ်မကိုမပြောပြဘူးလား...မပြန်လာတာကြာပြီကော"
ပုံမှန်ဆို နန်းမလိုအပ်ပဲမညာဖူး။ ဒီကိစ္စမှာတော့မလိုအပ်ဘူးဆိုပေမယ့်အမြင်ကပ်ပုဒ်မဖြင့်သာ တမင်တကာကြီးကို ညာပစ်လိုက်သည်။ ထိုအစ်မကြည့်တော့ မျက်နှာကသိသိသာသာညိုးငယ်သွားသည်။
လဲသေလိုက်တော့ အစ်မရေ
"ဟုတ်လား...တကယ်ပြန်မလာဘူးလား"
"ဟုတ်....ပြန်မလာဘူး အဲ့ဖက်မှာပိုပြီးအဆင်ပြေတယ်တဲ့....အရေးကြီးကိစ္စရှိရင်ရန်ကုန်လိုက်သွားလေ...အစ်မတို့အဆက်အသွယ်ရှိနေမှာပဲကို...မမစစ်ကလဲကွာ..ပြောမထားဘူးလားမသိဘူး"
ဧည့်သည်လာတာကို ထိုင်ပါဟု လည်းမပြောဖြစ်။ မပြောချင်တာပါ။နောက်ဖေးတံခါးမှကေသီဝင်လာသံကြားလိုက်ရသည်။ ဒုက္ခပဲ။ကေသီလာရင်သိတော့မှာမို့စကားစအမြန်ဖြတ်လိုက်သည်။
"ကျေးဇူးပဲနော်..တကယ်လို့များ....ထားပါတော့...အစ်မသွားတော့မယ်"
အပြင်သို့နှေးကွေးစွာထွက်သွားနေသော သူ့ခြေလှမ်းတွေကိုမတားဆီးမိ။ သူ့ထိုက်နဲ့သူကံ ခံရတဲ့အလှည့်လဲလှိမ့်ပိန့်နေအောင်ခံရပါစေ။
ကိုယ်နဲ့တော့စစ်နဲ့ပတ်သက်ပြီးမှသိတာမို့လို့သူစိမ်းလိုပါပဲ။ မလိုအပ်ပဲနဲ့တော့ခင်မင်မှုမပေးနိုင်။ သာမာန်ဆိုရင်တော့ကြိုဆိုဦးမည်။ခုက မုန်းနေတာကိုး။
စိတ်ထဲမှာတော့...
မမစစ်ကိုတွေ့ချင်လို့ ဒီအထိအသိမပေးပဲလိုက်လာတာများလား...
ဒါဆိုသူတော့အခက်တွေ့တော့မှာပဲ
ငါ ပြန်ခေါ်ပြီးပြောလိုက်ရမလား
ဒါမှမဟုတ်ဒီအတိုင်းထားလိုက်ရမလား....
စိတ်ထဲခေါ်ရနိုးမခေါ်ရနိုးနဲ့ဒွိဟတွေဖြစ်နေချိန်ပဲသွေးက ခပ်ဝေးဝေးကိုရောက်သွားခဲ့သည်။ ဆိုင်သို့လဲဧည့်သည်တွေလာလိုက်တာနဲ့နန်းလဲမအားဖြစ်တော့။ ဒီအကြောင်းကို မမစစ်ကိုမပြောပြတော့ဟု။
....
ဒီဇင်ဘာလတွေဆို အရိုးကွဲအောင်အေးတတ်သောတောင်ကြီးဆောင်းရာသီနဲ့တော့ဟုတ်နေပါပြီ။ ဆိုင်ထဲမှာ အကူကလေးမတွေကိုတာဝန်ယူခိုင်းထားပြီး မနေ့ညက အိပ်မရခဲ့တာနဲ့ အတိုးချအိပ်နေလိုက်တာ နိုးလာတော့နေ့လယ်ဆယ့်နှစ်နာရီကျော်နေပြီ။
နေရင်းနေရင်းနဲ့ဒီသစ်သားအိမ်လေးကို စစ်သဘောကျပြီးရင်းကျလို့နေသည်။ အဖြူရောင်မွေ့ယာကုတင်ပေါ်မှာဇိမ်ကျကျနှပ်နေရတာရယ်ဝါကျင့်ကျင်မီးမှိန်မှိန်လေးရယ်နွေးနေတဲ့အိမ်လေးရယ်။ စစ်အချစ်ဆုံးတွေချည်းပါပဲ။
စောင်ကိုမခေါက်တော့ပဲအောက်သို့ဆင်းလာသည်။ရေနွေးနဲ့စပ်ချိုးလိုက်ပြီး အနွေးထည်အနေတော်လေးကိုစွပ်လိုက်သည်။
မနက်စာနှင့်နေလည်စာအတွက်ဗိုက်ကတဂွီဂွီတောင်းနေလေပြီ။ရေမိုးချိုးအဝတ်အစားလဲပြင်ဆင်ပြီးတာနဲ့ အိမ်တံခါးလေးသော့ပိတ်လိုက်သည်။ ဘယ်သူစိမ်းကိုမှ အိမ်လေးထဲဝင်ခွင့်မပြု။
ဆိုင်ထဲ တစ်ချက်ချောင်းကြည့်ရင်း
"ညီမတို့ရေ....အစ်မ အပြင်သွားလိုက်ဦးမယ်နော်...ဘာမှာကြဦးမလဲ"
ဒါကတော့ စစ်အပြင်မှာကိစ္စတစ်ခုခုရှိလို့သွားလေတိုင်းပြောနေကျ စကား။ အပြန်ဆိုရင်လဲစားစရာတစ်ခုမဟုတ်တစ်ခုဝယ်လာပေးတတ်သည်လေ။
"မမှာတော့ဘူး မမစစ်....ဆိုင်မှာ လူများတယ်သိပ်တော့မကြာစေနဲ့ဦးနော်...ခဏကမနှိုးရဲလို့"
ဆိုင်ထဲမှာကောင်မလေးတစ်ယောက်ကထွက်ပြောသည်။ ဟုတ်မှာ။ ဘယ်သူမှစစ်အနားကိုလာပြီးနှိုးရဲမှာလဲ။ အလုပ်သမားတွေလဲစည်းကမ်းကအကောင်းကြီး။ အိမ်နားသို့ခြေတစ်လှမ်းမှကြွမလာ။
"သိပ်မကြာဘူး တစ်ခုခုသွားစားရုံတင်...အမြန်ပြန်ခဲ့မယ်...ဂရုစိုက်ထားပေးပါဦး...သွားပြီနော်"
ဆိုင်ဖွင့်ပြီး တလအကြာမှာတော့ အဆင်ပြေလာတာနဲ့ ဆိုင်ကယ်လေးတစ်စီးဝယ်ပစ်လိုက်သည်။ မိန်းမအနေနဲ့မလိုက်ဖက်ပေမယ့်လည်းပေါ့။ ဆံပင်ကိုလဲ နားရွက်ပေါ်ဝဲကျနေတဲ့အထိညှပ်ပစ်လိုက်တဲ့အပြင်အရောင်ပါဖွဖွလေးပြောင်းထားလိုက်သေးတာ။
ဆိုင်ကယ်မောင်းလက်အိတ်လေးကိုစွပ်ပြီးမောင်းလာမိတာပဲကိုယ့်ကိုကိုယ်ချီးမွမ်းမဆုံး။နေ့လည်ခင်းတောင်အေးချက်။
စားနေကျ တိုဟူးနွေးဆိုင်လေးမှာပဲဝင်စားလိုက်သည်။ ဆိုင်ကကောင်မလေးတွေအတွက်ပါပိုပြီးမှာကာပါဆယ်ဆွဲခဲ့လိုက်သည်။ တကယ်ပဲလဲဆိုင်ထဲမှာလူများနေတာမို့လို့မြန်မြန်ပြန်မှဖြစ်မည်။
ဒီနေ့မှတောင်ကြိးမြို့ကလဲစည်နေပြန်ပြီ။ ကားတန်းရှည်ကြီးတွေကမကြာခဏဖြတ်နေသေး။ ခပ်အေးအေးပင်ပါဆယ်ထုတ်တွေကို ဘက်မှန်မှာချိတ်ပြီးအေးအေးလူလူဆေးလိပ်ဖွာရင်းကားလမ်းရှင်းရန်စောင့်နေစဉ်
ဟင်...မ....မ..နဲ့တူလိုက်တာ
မျက်နှာချင်းဆိုင်ပလက်ဖောင်းပေါ်မှာခေါင်းငိုက်စိုက်နဲ့လျှောက်လာသောကောင်မလေး။ တဖက်ကားလမ်းကိုကူးချင်နေသည်လားမသိ။ လမ်းရှင်းမရှင်းကိုစောင့်ကြည့်ရင်းလျှောက်လာနေသည်။
နှလုံးခုန်သံတွေပေါက်ထွက်မတတ်ဆူညံလို့လာသည်။
မ မှ မ အစစ်ပါ။ ဆံပင်တွေရှည်လာပြီးခါတိုင်းထက်ပိန်ကျသွားတာကလွဲရင်ကျန်တာအကုန်မ ပါပဲ။
မ ဒီကိုဘာလာလုပ်တာပါလိမ့်။
ကျောပိုးအိတ်လေးကို လွယ်ပြီးလမ်းလျှောက်နေပုံထောက်ရင်မ တစ်ခုခုပဲ။ အနောက်ကိုကြည့်တော့လဲဘယ်သူမှပါပုံမရ။
စိတ်ကတင်းထားနေပါလျက်နဲ့ကို လက်ထဲကစီးကရက်ပစ်ချပြီးဆိုင်ကယ်ဒေါက်ထောက်ကာ ဆင်းပြီးနေပြီ။
ဒီနေရာမှာလဲ ဦးနှောက်ထက်နှလုံးသားကပိုသွက်လက်နေပြန်ရော။
ဟုတ်လားမဟုတ်လား လွန်ဆွဲပွဲမှာခြေထောက်အောက်ကဖိနပ်လေးကပဲ သက်သေအခိုင်အလုံဖြစ်လို့နေခဲ့ပြီမို့လို့။
အချိန်တွေရပ်တန့်ကုန်သလို စစ်ငေးမောရပ်တန့်နေစဉ်လမ်းကရှင်းသွားပြီး မ တစ်ဖက်သို့ကူးဟန်ပြင်မှ အဝေးကလာနေတဲ့ကားတစ်စီးအရှိန်ပြင်းပြင်းနဲ့လမ်းပေါ်ဝင်လာတာကို မ သတိထားမိပုံမပေါ်။
စိုးရိမ်စိတ်ကငယ်ထိပ်သို့ဆောင့်တက်လာရကား ဒုံးပျံအလျင်နဲ့မကိုပြေးဆွဲမိတော့သည်။
တီ.....
သီသီလေး မကို ကယ်တင်နိုင်ခဲ့ပြီ။ နှစ်ယောက်စလုံးတော့ ကတ္တရာလမ်းမကြီးမှာလဲကျနေတာ။ အချိန်မှီဘယ်လက်ထောက်လိုက်လို့သာ ရုပ်ပျက်ဆင်းပျက်ဖြစ်မသွားခြင်းပင်။
"လမ်းကူးရင်သတိထားမှပေါ့...ဘယ်လိုတောင်လောနေတာတုန်း"
ဂရုဏာဒေါသောဖြင့်ခပ်မာမာလေးပြောပစ်တော့ မက စစ်ကိုမကြည့်ပဲ ထရပ်လိုက်ပြီး
"တောင်းပန်ပါတယ်ကယ်ပေးတဲ့အတွက်ကျေးဇူးပါ"
စကားဆုံးတာနဲ့ တဖက်ကို ပြန်ကူးဖို့ပြင်နေသည်မို့ စစ်ကထရပ်လိုက်ပြီး မ လက်တစ်ဖက်ကိုဆုပ်ကိုင်သည်။
"ဒီကို ဘယ်လိုဖြစ်ပြီးရောက်နေတာလဲ မ"
မ ဆိုတဲ့အသံကြားတော့ဖျပ်ခနဲလှည့်လာသည်။ စစ်ကိုမယုံနိုင်သလို အရည်တွေဝိုင်းနေတဲ့မျက်ဝန်းအစုံရယ်ပြီး နှုတ်ခမ်းကတဆတ်ဆတ်တုန်နေသည်။ အကြာကြီးအကြည့်ချင်းဆုံပြီးသည့်နောက်စစ်ခါးကိုခပ်တင်းတင်းဖက်ခြင်းခံလိုက်ရသည်။
"အယ်...မ...လမ်းမကြီးမှာလေ"
ကျောပြင်လေးတသိမ့်သိမ့်တုန်နေတာကြောင့်မ ငိုနေပြီထင်ပါသည်။ ဘာအကြောင်းကြောင့်ဒီရောက်လာလဲမသိသေး။ ဘာစကားမှလဲမကြားရသေး။
"မ...လမ်းမှာကြီးလေ...နော်....လာ လာ..."
ခဏကထောက်လိုက်သော လက်ကောက်ဝတ်နာသွားတာကို အရေးမထားမိတော့။ မကိုဖေးမပြီးဆိုင်ကယ်ဆီခေါ်လာတော့သည်။
"ပြော....မ ဘာလာလုပ်တာလဲဟင်....လက်တွေလဲအေးစက်တောင့်ခဲနေတာပဲ"
ထိုအခါ မျက်ရည်အရွှဲသားနဲ့မော့ကြည့်လာသည်။
"စစ်ကိုတောင်းပန်ချင်လို့...ပြီးတော့ ရှင်းပြချင်လို့....ပြီး....ပြီးတော့လွမ်းနေလို့"
လွမ်းနေလို့ဆိုတာလေးနဲ့တင်မကျေနပ်ချက်တွေအရည်ပျော်သွားလေပြီ။ နီစွေးနေတဲ့နှုတ်ခမ်းတွေအနည်းငယ်ပြာခြောက်နေသယောင်မို့ ဖက်တွယ်ထားတဲ့ မ လက်တွေကိုအသာလေးဖြေချပြီး
"ကဲပါ...မငိုပါနဲ့တော့...ဟုတ်ပြီလား...လာ တက်"
ဆိုင်ကယ်ပေါ်တက်ခွပြီး မကိုတက်ရန်ခေါ်လိုက်သည်၊ မကမတက်ပဲ စစ်ကိုပဲရပ်ကြည့်နေဆဲမို့
"ဘာလဲ...စစ်ကိုလာတွေ့တာမဟုတ်ဖူးလား...တက်....အေးခဲသွားလိမ့်မယ်ရှင့်"
ဆွဲမတင်ရုံတမယ်ခေါ်လိုက်တော့ ကျားကုပ်ကျားခဲတက်လာသည်။ လက်လက်နှစ်ဖက်ကိုနောက်ပြန်ဆွဲယူပြီးစစ်ခါးပေါ်တင်လိုက်သည်။
"ဒါမျိုးဆိုင်ကယ်က ခါးဖက်စီးမှနောက်လူအတွက်စိတ်ချရတာ မရဲ့....သွားမယ်နော်"
မောင်းထွက်တည်းက မ မျက်နှာလေးစစ်ကျောပေါ်လာအပ်သည်။
မ ဘာတွေဖြစ်နေပါလိမ့်...သူ့ချစ်သူနဲ့အတူလာတာလား...ပြသနာဖြစ်လို့ကြုံတုန်းဆိုပြီးစစ်ကိုလာရှာတာလား။
ဟိုတွေးသည်တွေးနဲ့နောက်ကြည့်မှန်ကနေ မကိုချောင်းချောင်းကြည့်ရတာအမော၊ လွမ်းတာပေါ့...စစ်လဲလွမ်းနေတာပေါ့ မရဲ့။ စစ်ဖုန်းထဲမှာမရဲ့သက်မဲ့ပုံလေးတွေမှတပုံကြီး။ မနဲ့မကောင်လေးပုံတွေကောပေါ့လေ။
အိမ်သို့ရောက်သော်ဆိုင်ထဲကကလေးမတွေက ထွက်ကြည့်နေကြသည်။
စစ်တို့အရွယ်ကော ဆယ့်ခြောက်နှစ်အရွယ်လေးတွေကသွက်သွက်လက်လက်နဲ့သင်ယူလိုစိတ်ရှိတာမို့လို့ ငယ်သူတွေကိုပဲ စစ်ကခန့်ထားတာ မှန်သည်ဟုယူဆမိသည်။ ရုပ်လေးတွေကလဲအလန်းလေးတွေမို့ဆိုင်ကလူမပြတ်။ ခုလဲအပြင်မှာထိုင်စောင့်နေသူတွေမှအများကြီး။
အသက်အငယ်ဆုံးဖြစ်တဲ့ နန်းမွေလောဝ်ကိုမြင်တော့
"မွေ....ခဏလာဦး ဒီမှာစားစရာဝယ်လာတယ်လာယူ"
ဟုတ်ဆိုပြီး ဆိုင်ထဲကအပြေးထွက်လာသည်။ စားစရာလှမ်းပေးနေသော စစ်ထက်ဆိုင်ကယ်ဘေးမှာရပ်ပြီးစစ်မျက်နှာပဲကြည့်နေတဲ့ မဆီကိုပဲအကြည့့်ရောက်နေသည်မို့
"ဟဲ့ ဘာကြည့်နေတာလဲ ယူစရာရှိမယူပဲနဲ့"
ခပ်ဆတ်ဆတ်လေးပြောလိုက်မှ မျက်လုံးတွေဝိုင်းသွားကာ ပါဆယ်ထုပ်လေးလှမ်းယူလိုက်သည်။
"ဟိုလေ...မမစစ်....ဆိုင်ထဲလူတွေများနေတယ်လို့...အာ့လာကူပေးဦးဆို"
"လာခဲ့မယ်....ဟုတ်ပြီလား"
"ဟုတ်ကဲ့...ဟုတ်...ဟုတ်"
အလုပ်သမားတွေကို ညီအစ်မလိုပဲဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ စစ်ကိုလူတိုင်းကချစ်ပြီးသား။ ခုမှအသံလေးဆတ်တောက်ကြဲနဲ့မို့ ကလေးမလန့်သွားခြင်းပင်။
မ လွယ်ထားသောကျောပိုးအိတ်လေးကိုကူဆွဲပေးချင်ပေမယ့်မ လာတာ ဘာအတွက်လဲသေချာမသိသေးသည်မို့ရှေ့ကပဲဦးဆောင်ကာ
"လာလေ..မ...ဒါ စစ်ရဲ့အိမ်နဲ့ဆိုင်"
ဆိုပြီး ဒါကဘာ ဟိုကဘာနဲ့ အိမ်ထိရောက်သွားလေပြီ။ နံရံကပ်တီဗီအပြားကြီးရှေ့မှာမှန်စားပွဲအသေးလေးနဲ့သုံးယောက်ထိုင်ဆိုဖာတစ်လုံး။ စစ်က
"မ ထိုင်ပါဦး...လာ...အေးနေရော့မယ်"
စကားခွန်းမှန်သမျှ စစ်ဆီကပဲထွက်နေသည်။ မကတော့တိတ်ဆိတ်စွာပင်စစ်ကိုပဲကြည့်နေသည်။
"မ...ဘာလို့ စစ်ပဲကြည့်နေတာလဲ"
"ခု စစ်နဲ့မက ဘာအခြေအနေလဲ...ဟင်"
ရုတ်တရက်ပွင့်ဟလာတဲ့နှုတ်ခမ်းဝကထွက်လေသောစကားကြောင့်စစ်မှာထပဲရပ်ရမလို ဆက်ပဲထိုင်ရမလိုဖြစ်သွားသည်။
"ဟင်...မ..."
"စစ်နဲ့မကဘာလဲလို့"
"ဘာလို့မေးတာလဲ မ....ဒီမေးခွန်းအတွက်စစ်မှာဖြေချင်သလိုဖြေခွင့်ရမယ်ဆိုရင်စစ်မသိဘူးလို့ဖြေမယ်"
သူစိမ်းတွေလေ လို့ဖြေရမလား။ မိတ်ဆွေတွေပါလို့ဖြေရမလား။ ရည်းစားဟောင်းတွေတစ်ချိန်မှာပြန်ဆုံတွေ့ကြရင်ဘယ်လိုအခြေအနေမျိုးလဲ။
အရင်ရည်းစားနဲ့တုန်းက ကိုယ့်အပေါ် ကောင်းခဲ့တဲ့သူမို့လို့မမုန်းမိပဲမိတ်ဆွေလိုပဲသဘောထားနိုင်ခဲ့သေးသည်။ ခုကျတော့ကော။ ချစ်သူဟောင်းချစ်နေရသောသူ။ သူ့မှာပိုင်ရှင်ကြီးနဲ့ဆိုတော့။
"မကို မုန်းနေလား....ဟင်"
မ မျက်ဝန်းတွေကို စစ်မကြည့်ပေမယ့်အရည်တွေရစ်သိုင်းနေမှာကိုတော့အဖျားခတ်သွားတဲ့မအသံကြောင့်ငိုချင်နေပြီဆိုတာကိုမှန်းဆ၍ရနေလေသည်။
ဒါဘယ်လိုအခြေအနေဆိုးကြီးပါလိမ့်
"ဟင့်အင်း ... မမုန်းပါဘူး...စစ်မှာမအတွက်အမုန်းတွေရှိမနေဘူး"
မျက်နှာတမင်လွှဲထားပေမယ့်အေးစက်နေတဲ့မလက်အစုံက စစ်ရဲ့ပါးပြင်တွေပေါ်ဖွဖွကိုင်လာပြီးမျက်နှာချင်းဆုံကြည့်သည်။
"မုန်းပါ...စစ်ရယ်....စစ်အမုန်းတွေခံဖို့ မ အရောက်လာခဲ့တာ....မကိုမုန်းသင့်တာပဲမလား..."
မရယ်...အမှန်ဆို မကိုခွင့်လွှတ်ပါကွယ်လို့ပြောလိုက်တာနဲ့စစ်ကအရာရာကိုသင်ပုန်းချေပြီးသားပါ။ ဘာလို့အတင်းကြီးမုန်းခိုင်းနေရတာလဲ။
မ ငိုနေသည်။ မ ပါးပြင်ကမျက်ရည်စီးကြောင်းတွေကို သုတ်ပေးချင်မိသည်။ သို့သော်မတို့ထိမိ။
ဘာစကားမှလဲထပ်မဆို။ စစ်မှာဖြေစရာပြောစရာစကားတွေမှမရှိတော့တာလေ။ အရင်လိုသာဆိုပြောချင်တာကမှရင်ဘတ်ထဲမှာအပြည့်။ ခုတော့ပြောချင်တာမှန်သမျှကို ကန့်သတ်ထားသောစကားတွေအဖြစ်နယ်မြေမကျူးကျော်စေဖို့ကိုယ့်စိတ်ကိုယ်သတိပေးနေရသည်။
"လူအတော်များများ မကိုမုန်းကြတယ်...မုန်းကြပါစေ...စစ်လဲမုန်းတယ်မလား...မုန်းနေတယ်မလား...မကိုသတ်ပစ်ချင်စိတ်တွေပေါ်တယ်မလား"
ပြောရင်းစစ်လက်ကိုဆွဲယူပြီးသူ့ပါးကိုရိုက်စေသည်။
"ဟာ...မ...မလုပ်နဲ့လေ...ဘာလို့မုန်းရမှာလဲ...မကစစ်ချစ်ရတဲ့သူလေ...ချစ်ရတဲ့သူတစ်ယောက်ကိုအချစ်စိတ်ကနေအမုန်းစိတ်ဖြစ်အောင်ဘယ်လိုပြောင်းပစ်ရမှာလဲ "
ဆွဲရိုက်နေတဲ့ မ လက်တွင်းကနေ ရုန်းပစ်လိုက်သည်။ ကုန်ပြီ။ ထိန်းချုပ်သမျှတွေ တာကျိုးပေါက်ကုန်ပြီ။
ဘာအတွက်ကြောင့်ချစ်နေသေးကြောင်းဝန်ခံမိပါလိမ့်။
"မက မကောင်းဘူးလေ...မ ဘယ်သူ့အတွက်မှမကောင်းပေးခဲ့ဘူး...အကုန်လုံးမ အပြစ်တွေကြောင့်နာကျင်ခဲ့စေတယ်"
"စစ်အပေါ်မှာ မကောင်းခဲ့ပါတယ်....မ ဘာလုပ်လုပ်စစ်ကအမြဲကြည်ဖြူခွင့်လွှတ်ပြီးသားမို့လို့ အပြစ်ရှိတယ်မပြောပါနဲ့...မဘဝမရွေးချယ်တာပဲ...မလဲမမှားသလိုသူများလဲမနာကျင်ရပါဘူး"
"မရွေးချယ်ခဲ့တာမဟုတ်ပါဘူး....မ....မ...တကယ်ချစ်ရသူကစစ်ပါ....အဲ့ဒါက မတော်တဆ မကမူးပြီး............"
တကယ်ချစ်ရသူက စစ်ပါတဲ့။ ဒီစကားလေးကြားပြီး စစ်ရင်ထဲသိမ့်ခနဲနဲ့ကြည်နူးသွားသည်။နောက်ပိုင်း မ ရှင်းပြနေတာကို မကြားတော့။ ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့ မရဲ့ချစ်တယ်ဆိုတဲ့စကားနဲ့တင်ပြည့်စုံနေပြီ။ ဘာအပြစ်ကြီးပဲရှိနေနေ ခွင့်လွှတ်သည်။ မအကြောင်းကလွဲပြီးသူများအကြောင်းမသိချင်။
မျက်ရည်အရွှဲသားနဲ့သူ့ဇာတ်လမ်းကိုသေချာရှင်းပြနေတဲ့မကလေး။ ငိုရင်းပြောနေရတော့ပင်ပန်းရှာပေမည်။ ထို့ကြောင့်စစ်ရဲ့ရင်ထဲအသာတကြည်ဆွဲသွင်းရင်း
"စစ်ခွင့်လွှတ်တယ်...နားလည်ပါတယ်နော်...ရပြီ..မငိုနဲ့တော့....မကစစ်ကိုချစ်တယ်ဆိုတာနဲ့တင်ရပါပြီ...ဖြစ်တတ်တဲ့သဘာဝတရားမို့လို့ ကံကြမ္မာကျီစားသွားတာမို့လို့ ခဏလေးအဆင်မပြေဖြစ်သွားတာပါ...မရဲ့...နော်"
"စစ်ကခုလိုလွယ်လွယ်ခွင့်လွှတ်လိုက်လေ...မကပိုပြီးကိုယ့်ကိုကိုယ်မုန်းမိလေလေပဲ....စစ်ရဲ့အမုန်းကိုခံလိုက်တာကမှပိုသက်သာဦးမယ်"
"ဟာ...မမုန်းပါဘူး....စစ်ကမကိုချစ်တယ်....မကလဲစစ်ကိုချစ်တယ်...ဘာလိုသေးလို့လဲနော်...မငိုပါနဲ့တော့...အခုစစ်ဆီကိုလာတာမလား...တစ်ယောက်တည်းလား"
မ မျက်ရည်တွေသုတ်ပေးပြီး စကားလွှဲပစ်လိုက်သည်။
ပေါ့ပေါ့ပါးပါး နဲ့ မ စိတ်ချမ်းသာစေဖို့ စိတ်သက်သာစေဖို့ပေါ့လေ။
"အင်း...တစ်ယောက်တည်း စစ်ကိုအနည်းဆုံးတော့မျက်နှာလေးမြင်ခွင့်ရရုံလေးများရှိမလားလို့..."
"ဟုတ်လား ဆိုင်ကိုရောက်သေးလား"
ဆိုတော့ မ မျက်နှာတစ်မျိုးလေးဖြစ်သွားသည်။ ပြီးတော့အသံတိုးတိုးနဲ့ခေါင်းညိတ်သည်။
"အင်း...စစ်မရှိဘူးတဲ့"
သေချာပြီ။ မ မျက်နှာလေးညိုးသွားတာမြင်တည်းက နန်းနဲ့ပဲတည့်တိုးလာဖြစ်မည်။ တခြားသူသာဆိုစစ်ရှိရာကိုလမ်းညွှန်လိုက်မှာပေါ့။ နန်းကိုလဲတော့ အပြစ်မတင်ရက်တော့ပါ။
"ဟုတ်လား....အခုတောင်ကံကောင်းလို့ပေါ့ မဟုတ်ရင်စစ်နဲ့တွေ့ရမှာမဟုတ်ဖူး....မ ဘာစားပြီးပြီလဲ"
"ဟင့်အင်း မစားရသေးဘူး....ရောက်ရောက်ချင်းစစ်ဆိုင်ကိုသွားတာ....မရှိဘူးဆိုတာနဲ့ဒီအတိုင်းလမ်းလျှောက်လာတာ...ကားကအပြန်ရှိမရှိတောင်မစုံစမ်းရသေးဘူး"
စိတ်အားငယ်စွာနဲ့မျှော်လင့်ချက်မရှိ ဖြစ်သွားပုံပင်။ ကားတောင်တိုက်မိတော့မလိုဖြစ်သေးတယ်လေ။
"ဟုတ်လား...မ ဘာစားချင်လဲ စစ်ကလေးတစ်ယောက်ကိုသွားဝယ်ခိုင်းလိုက်မယ်လေ..."
ပြောပြီးထရပ်မည်ပြင်တော့ မက စစ်ကိုပေးမထစေပဲ စစ်ရင်ထဲခေါင်းလေးတိုးကာ ဝင်လာတော့သည်။
"မစားချင်တော့ဘူး....စစ်မျက်နှာလေးမြင်ရပြီပဲ....မ အာဟာရပြည့်သွားပါပြီ...ဒီအတိုင်းလေးပဲနေပေး....ခဏကျကားကိုဖုန်းဆက်ရမယ်"
အစတည်းက ဒီလိုစကားလှလှလေးတွေနဲ့ခြွေပါလားမရယ်။
"ဟင်...ပြန်တော့မလို့လား"
"ဟုတ်တယ်လေ....စစ်ကချစ်သေးတယ်ဆိုတာသိလိုက်ရတော့အပျော်နဲ့ပြန်တော့မှာပေါ့...."
"ဘယ်လိုလုပ်ပြီးလွယ်လွယ်ပြန်လို့ရမယ်ထင်နေသလား..."
အတည်ကြီးနဲ့ပြောလိုက်တော့ မ လန့်သွားသည်။
"ဟင်...ဘာလို့လဲ"
"မပဲအပြစ်လုပ်မိတယ်ပြောတယ်မလား...အပြစ်ကြီးကြီးပေးရဦးမှာမို့လို့ မ ကိုပြန်ခွင့်မပေးနိုင်ဘူး....ဒီမှာပဲဆက်နေရမယ်ဟုတ်ပြီလား"
"ဟိုလေ...အိမ်ကိုတရက်ပဲနေမယ်ပြောလာတာရယ်..."
"မရဘူး....စစ်နဲ့အိမ်ကိုတစ်ခုခုရွေးပေါ့...."
ရုပ်တည်ကြီးနဲ့မို့ စစ်ကို မ ဘယ်လိုပြန်ချေပမည်မသိ။ အတော်လေးငြိမ်သက်စွာစဉ်းစားနေပြီးမှ
"အွန်း...မကစစ်ကိုပဲရွေးပါမယ်...စစ်အနားမှာနေရမယ်ဆိုရင်ဘယ်လောက်ပဲကြာကြာကွာ။ မဘဝမှာတရက်လေးနေခွင့်ရရင်တောင်စစ်အနားမှာပဲနေချင်တယ်"
"ဟင်...တကယ်လား ချစ်လိုက်တာ မရယ်...ဒီလိုစကားလှလှလေးတွေနဲ့ချုပ်ပေးရင်ကို စစ်ကသိပ်ချစ်နေပါပြီ...အမြဲအဲ့လိုလေးတွေပြောပေးပါနော်"
"မ မဆိုးတော့ပါဘူးနော်..ကတိပေးတယ်...အာ့ဆို ရှင်းသန့်ကိုခုချက်ချင်းပုံတွေအပြီးဖျက်ခိုင်းလိုက်တော့မယ်လေနော်...မမှာချစ်ရတဲ့စစ်ကလေးရှိနေပါပြီလို့"
ရှင်းသန့်ဆိုမှ စစ်မျက်ခုံးကခပ်လှုပ်လှုပ်။ ဟုတ်သားပဲ၊ ကိုယ်အဆင်ပြေနေတိုင်းသူတစ်ပါးကိုတွန်းလှဲပစ်လို့လဲမရ။ သူ့သိက္ခာတွေလဲရှိသေးတာလေ။
"ရပါတယ်...ဖြေးဖြေးပေါ့ မရ....နော်...ခုချိန်မှာတခြားအကြောင်းတွေမတွေးနဲ့...သူ့ဟာသူအချိန်တန်ရင်အဆင်ပြေသွားလိမ့်မယ်...နော်....စစ်ကပတ်ဝန်းကျင်ကိုဂရုမစိုက်တတ်သူမို့လို့ အဆင်ပြေတယ်...အဓိကက စစ်နားလည်ဖို့ပဲလိုတာလေနော်...မကလေး...အရမ်းချစ်တယ်"
တစ်ယောက်နဲ့တစ်ယောက်ဖက်တွယ်ရင်း ချစ်စကားလေးဆိုနေရတာကိုက အရာအားလုံးကိုမေ့ပစ်နိုင်တာပင်။
မ ဆံပင်လေးဖွဖွသပ်တင်ပေးရင်း ခဏကြာတော့မက
"အိပ်ချင်တယ်...ကားမူးလာတာကိုလမ်းပါဆက်လျှောက်တော့မနားရသေးဘူး"
"ဒါဆိုတစ်ခုခု စားပြီးမှအိပ်လေ...ရေချိုးလိုက်မလား...မရေချိုးနေတုန်းစစ်တစ်ခုခုဝယ်ပြီးစောင့်မယ်လေ...ပြီးမှအိပ်ပေါ့"
"ဟင့်အင်းမချိုးချင်သေးဘူး....အိပ်ချင်တာပဲသိတယ်...မ အဝတ်အစားလဲနှစ်စုံပဲပါလာတာ"
"ကဲ...ဟုတ်ပါပြီ....အိပ်ချင်ရင်အိပ်ပါ..လာ..အပေါ်ထပ်ကို"
"အင်း"
မကိုအပေါ်ထပ်ပို့ပေးပြီးစောင်တွေခြုံပေးပြီးမှ
"ဒါဆိုမကောင်းကောင်းအိပ်နော်...စစ်အောက်ဖက်ကဆိုင်မှာရှိနေမယ်..ဟုတ်ပြီလား"
"အင်း...အေးဆေးလုပ်မကအိပ်ရင်ကြာတယ်"
"ဟုတ်....အရမ်းချစ်တယ်နော်...အိပ်အိပ်"
မွေ့ယာပေါ်မှာအိပ်ပျော်နေတဲ့မကိုအကြာကြီး ကြည့်ပြီးမှဆင်းလာလိုက်သည်။ တံခါးသေချာပိတ်ပြီးဆိုင်ထဲရောက်တော့ ကလေးမတွေငြိမ်သက်လို့ ဘာသီချင်းမှဖွင့်မထား။
"မီးပျက်နေတာလား"
"မပျက်ပါဘူးရှင့်..."
မေးသာမေးရတာ။မေးပြီးမှဆံပင်စက်ဆွဲနေတာကိုမြင်မှ စကားမှားသွားမှန်းသိရသည်၊
"ဘာလို့သီချင်းမဖွင့်ကြတာလဲ"
"မမစစ်စိတ်ဆိုးနေတယ်ဆိုလို့မဖွင့်ပဲထားတာပါ...တော်နေကြာတစ်ခုခု...."
ခဏကဟောက်လိုက်တာကြောင့်လန့်သွား၍ဖြစ်မည်။ တည်နေတဲ့မျက်နှာလေးပြန်ပြင်ပြီးမှ
"ဘယ်ကလာ စိတ်ဆိုးစရာလားလို့...ကဲ...အစ်မပဲဖွင့်လိုက်မယ်...ဧည့်သည်တွေပျင်းနေမှာပေါ့ဟ...ဒီကလေးတွေကတော့လေ...တွေးလိုက်ရင်ကိုယ်ကပဲလူဆိုးမကြီးကိုဖြစ်လို့"
ကိုယ့်ဟာကိုယ်အရှက်ပြေပြောရင်း သီချင်းဖွင့်လိုက်သည်။ ဒီညနေကတော့ဖြင့်အမြဲတမ်းတည်ငြိမ်ပြီးအေးဆေးလွန်းတဲ့ပိုင်ရှင်မမစစ်တစ်ယောက်သွားကိုမစေ့ပိတ်နိုင်ပဲ သီချင်းတွေအပြိုင်လိုက်ဆိုရင်း ဆိုင်အတွင်းမှာအူမြူးနေတာကိုတော့တွေ့တဲ့လူတိုင်းသတိထားမိသွားလေသည်။
ဒါတွေဟာသူတို့အတွက်အထူးအဆန်းကိုဖြစ်လို့နေမှာပေါ့။တော်တန်ရုံပြုံးပြတတ်သူမဟုတ်တဲ့လူတစ်ယောက်က ပြုံးရုံမကလို့ရီပါရီနေတာကိုး။
လူတစ်ယောက်ရဲ့ ရီမောခြင်းနဲ့ငိုကြွေးခြင်းတွေကို ချစ်ခြင်းကပဲ ပြုလုပ်ပေးနေတာမဟုတ်ပါလား။
...
ဘာရယ်မသိ။ လူအဲ့လောက်များနေတာတောင်စစ်ကဆိုင်ကိုပိတ်ပစ်ချင်နေမိသည်၊ မအနားပဲသွားကပ်ချင်နေသည်။ မတောင်နိုးနေပြီလားမသိ။ ဆိုင်ထဲဝင်လာပြီးလျှင်ကို အိမ်ဖက်သွားဖို့လမ်းမမြင်တော့။ အားလုံးအလုပ်ကိုယ်စီနဲ့ဖြစ်ကုန်ပြီလေ။
နန်းမွေလောဝ်တစ်ယောက်သာ တဘက်တွေပြေးလျှော်လိုက် အမှိုက်လှည်းလိုက်နဲ့ရှုပ်နေတာ၊
ဖြောင့်တဲ့သူကုန်သွားတော့ ဆိုင်ပိတ်ရန်ပြောမလို့လုပ်စဉ်
နောက်ဆုံးဆံပင်လျှော်သူတစ်ယောက်ရောက်လာတော့သည်မို့ မနဲ့ညစာထွက်စားရန်အစီစဉ်ပျက်ရတော့သည်။
အစတော့ညဖက်လည်ပတ်ရင်း မကိုတစ်ခုခုလိုက်ကျွေးမည်ပေါ့။ ခုတော့ကားစီး၍ပင်ပန်းနေသည့်မကို သနားသဖြင့်အိမ်မှာပဲပြင်ဆင်၍ကျွေးရတော့မည်။ ထို့ကြောင့်ထမင်းဟင်းမချက်တတ်သော စစ်ကဆိုင်ကိုသာအားကိုးရတော့မည်မို့
"ညီမတစ်ယောက်လောက်အစ်မကို ထမင်းဟင်းသွားဝယ်ပေးပါလား"
ဒီလိုလေးခိုင်းဖို့ကို တဖက်သားကိုအားနာသဖြင့်မပြောရဲပြောရဲအရဲစွန့်ရသည်ပေါ့။
"ခေါင်းလျှော်ပေးပြီးရင်ညီမသွားဝယ်ပေးမယ်လေ....ညီမလဲဟင်းဝယ်ရမှာဆိုတော့"
ကိုယ့်ဆိုင်မှာလူလေးသုံးလေးယောက်ရှိတာကို စကားသိပ်များတဲ့နန်းမွေလောဝ်အမည်ကလွဲ၍ စစ်မမှတ်မိ။ ညီမဆိုပြီးသာအကုန်လုံးကိုပတ်ခေါ်ဖြစ်သည်။
"အတော်ပဲ..အားတော့နာတယ်သိလား...အစ်မမထွက်အားတော့လို့လေ....ခေါင်းလျှော်တာ အစ်မလုပ်ပေးမယ်....ခုပဲသွားဝယ်လေ..."
"စောသေးတာကို...မမစစ်ရဲ့....ဆာနေပြီမို့လား"
အေ့လေ...ခါတိုင်းဒီချိန်ဆိုင်မှမသိမ်းသေးတာကို။ ဟိုကလေးမတွေတောင်လူမရှိတာနဲ့ဆေးဗူးတွေစီနေသည်။
ဟိုတစ်ယောက်လဲဘာတွေသွားလျှော်နေသည်မသိ။
"မဟုတ်ပါဘူး ဒီတစ်ယောက်ပြီးရင်ဆိုင်ကိုစောသိမ်းမလို့လေ....ခဏနော်ချိုင့်သွားယူလိုက်ဦးမယ်"
အိမ်ထဲမှ ငါးဆင့်ချိုင့်လေးပြေးယူပြီး ထိုကလေးမအားပိုက်ဆံနဲ့တကွပေးလိုက်ကာ
"ဟင်းစုံစုံလေးယူခဲ့လိုက်နော်ထမင်းကပါဆယ်ထုပ်နဲ့ယူခဲ့လိုက်....ငါးဆင့်စလုံးဟင်းမရောစေနဲ့လို့..တစ်ဆင့်စီထည့်ပေးလို့သေချာပြောနော်"
တစ်ယောက်တည်းစားမှာကို ဟင်းကငါးဆင့်ကြီးနဲ့ဆိုတဲ့သဘောဖြင့်တအံ့တသြကြည့်သွားသောကောင်မလေးကိုရီသာပြလိုက်သည်၊ ထို့နောက်
"မွေရေ...ရေနွေးစပ်ထားပေး....ဒီမှာခေါင်းလျှော်ပေးတော့မယ်....ကျန်တဲ့သူတွေဆေးစီလို့ပြီးရင်ပြန်ဖို့လုပ်တော့...စောသိမ်းမှာ.."
ပါးစပ်ကလဲအဆက်မပြတ်အမိန့်တွေပေးရင်းနဲ့ ဆိုင်လုပ်ငန်းတရက်တာပြီးဆုံးသွားခဲ့လေပြီ။
ကောင်မလေးတွေအကုန်ပြန်သွားတော့ စားပွဲပေါ်က ငါးဆင့်ချိုင့်နဲ့ထမင်းပါဆယ်ဖော့ဘူးထည့်ထားသော အိတ်ကိုယူပြီး ဆိုင်ထဲကမီးပိတ်လိုက်သည်။ ပြီးနောက်ဝင်းတံခါးပါအထဲကသော့ခတ်လိုက်သည်။
အိမ်ထဲက မီးမထွန်းထား၍မှောင်မဲလို့နေသည်။ တံခါးမကြီးဘေးအစပ်ကမီးခလုတ်လေးဖွင့်လိုက်သည်။
ချောက်....
အမလေး....
မီးလဲလင်းရော...ဆိုဖာပေါ်တွင်ရေချိုးပြီးစစ်ဝတ်နေကျအင်္ကျီအဖြူ ကိုဝတ်ပြီးမက ငြိမ်ငြိမ်လေးထိုင်နေတော့ လန့်သွားလေသည်။
"ဟာ...မရယ်...လန့်သွားတာပဲ...အသံမပေးဘာမပေးနဲ့...ဘယ်တည်းကနိုးနေတာလဲ"
မ အနားသွားပြီးလက်ထဲကပစ္စည်းတွေ စားပွဲပေါ်တင်လိုက်သည်။ မက စစ်ကိုသူမဘေးနားဆွဲထိုင်ပြီးဖက်ထားလိုက်သည်။
"နိုးတာကြာပြီ...လူကမလန်းလို့ရေချိုးထားတာ...ချမ်းတယ်"
ချမ်းမှာပေါ့...ဝတ်စုံကပဲ ဒူးလောက်လေးရှိတဲ့ဟာကို ကျုံ့ကျုံ့လေးထိုင်နေတာတောင်မလုံ။
"မကလေးရယ်...အနွေးထည်လေးဝတ်ထားဦးမှပေါ့..."
"မဝတ်ချင်ဘူး...အင်္ကျီက ကားအနံ့တွေရနေသလိုပဲ မူးတယ်...ဒါကြောင့်စစ်အင်္ကျီလေးရေချိုးခန်းထဲကတွေ့တာနဲ့ဝတ်ထားတာ...ဒါနဲ့စစ်အင်္ကျီတွေဘယ်နားထားတာလဲ"
အိမ်အကျဉ်းလေးက ရှင်းသန့်နေတော့ ဝတ်စရာရှာမတွေ့တာဖြစ်ပေမည်။ စစ်က မ ဖက်ထားရာမှခွာလိုက်ပြီး
"ခဏနော်...မ...စစ်ယူပေးမယ်"
ရေချိုးခန်း နှင့်ကပ်ရက်စာအုပ်စင်လေးကို တဖက်သို့တွန်းလိုက်တော့ အခန်းလေးတစ်ခုပေါ်လာလေသည်။ ဒါကို
မက မြင်သောအခါ စစ်အနောက်လာရပ်ပြီး
"ဟယ်...လျို့ဝှက်အခန်းပါ လုပ်ထားတာလား"
"ကျဉ်းကျဉ်းလေးပါ...မရဲ့...အစကဆိုစစ်တောင်မသိဘူး...မကြီးပြောလို့သာ သိတာ...ဒါကတော့မကြီးစိတ်ကူးပဲထင်တယ်...အဲ့ထဲမှာ စစ်မဝတ်ရသေးတဲ့အတွင်းခံတွေရှိတယ်တံဆိပ်မဖြုတ်ရသေးဘူး...အင်္ကျီလဲမနဲ့တော်မယ့်ဟာယူဝတ်နော်...စစ်ပိုင်တာလဲမ ပိုင်တာပါပဲ"
"အဲ...စစ်က ဘယ်သွားမလို့လဲ "
"ညစာစားဖို့ ပြင်မယ်လေ...အစက အပြင်မှာလိုက်ကျွေးမလို့ပဲ...ဒါမဲ့ခရီးပန်းလာတဲ့မကလေးကိုအေးဆေးနားစေချင်လို့ ပါဆယ်ပဲယူလိုက်တယ်"
'ဪ...သွားလေ...လဲတော့မလို့ကို"
"ဟုတ်ကဲ့ပါရှင့်"
အင်္ကျီလေးလဲဖို့အရေးကို ရှက်၍လားမသိ။ စစ်ကိုနှင်လွှတ်ကာတံခါးပိတ်ပြီး လဲနေလေသည်။ မကအဲ့လိုလဲအရှက်ကြီးသတဲ့လား။
ဘာပဲပြောပြော ဒီနေ့ကစပြီးရာသီဥတုသာယာတော့မယ်ထင်ပါရဲ့။
.....
Next...
ESTÁS LEYENDO
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့