တောင်ကြီးမိုးကလဲ အချိန်မဟုတ်အခါမဟုတ်ရွာတတ်လေသည်။ သင်္ကြန်မိုးရယ်လဲမဆိုသာ။ သင်္ကြန်ရဲ့အငွေ့အသက်တစ်ချို့လဲရနေပြီလေ။
ဆိုင်မှာလဲ လူကတစ်ရက်ထက်တစ်ရက်ပိုပိုများလာသည်။ ခါတိုင်း ဆိုင်ပိတ်ချိန်ထက်ကိုကျော်လွန်ပြီး ဆံပင်လုပ်ပေးရတဲ့အချိန်လဲများလာသည်။ ခုဆို စစ်မှာဖြင့်စုထားတဲ့စုဗူးလေစတွေတောင်သုံးလုံးကျော်မက ပြည့်နေပြီ။ ခုထိ ဘာဆက်လုပ်ရမည်မသိသေး။ မကျောင်းတက်နေသည့်ကာလအတွင်း စစ်လဲလိုင်းလဲသိပ်မသုံးဖြစ်။ အစိုးရအလုပ်ခွင်မှာ အလုပ်တစ်ခုရဖို့မလွယ်ဘူးဆိုပေမယ့်မတော့တစ်ခါလေးစာမေးပွဲဝင်ဖြေတာနဲ့ တန်းအောင်သွားလေသည်။အောင်သွားပြီး သင်တန်းတက်ရတော့လဲ မအားတာနဲ့ပဲစစ်နဲ့အဆက်အသွယ်ပြတ်လုနီးနီး။ စစ်ကတော့ လိုင်းတက်သည့်အချိန်မှန်မှန်မဆီ စာပို့တရက်မှမပျက်။ စကားလက်ဆုံကျသည်မှာလဲမရှိသလောက်ရှားသွားသည်။
မတော့ပျော်နေသည်ထင်။ တစ်လတစ်ခါတောင်ပုံမတင်တတ်ပဲနဲ့ကျောင်းတက်တော့ ခုမှစသိတဲ့သူငယ်ချင်းတွေအဖွဲ့လိုက်ပုံတွေစုတင်တတ်လာသည်၊ မနှင့်အရွယ်တူသောကောင်လေးတွေလဲတစ်ခါတရံ ပုံတွေတက်လာသည်။
မသည်အဖြူ အစိမ်းလေးနှင့်ဆံထုံးလေးနှင့်သိပ်ကိုလိုက်သည်။ လှရက်နိုင်လွန်းသည်။ မကိုကျောင်းဆရာလောင်းလေးတွေလဲမျက်စိကျနေကြမှာအမှန်။
ခုမှပဲ စစ်ရဲ့ကျောင်းစာသင်ခြင်းမှာနစ်နာခဲ့တာကိုနောင်တရမိလာသည်။ကျောင်းဆက်မတက်ခဲ့ခြင်းအတွက်အချိန်တွေနောက်ပြန်ဆုတ်ချင်လာသည်၊
ပညာဂုဏ်အသိုင်းအဝိုင်းထဲမှာ မတစ်ယောက်ပွဲလယ်တင့်နေတော့ ဘာမှမရှိတဲ့စစ်ကိုမှသတိရပါသေးရဲ့လားမသိ။
ကျောင်းတက်စရက်တွေတော့ဖြင့်ကိုယ်ပိုင်အချိန်ဆိုပြီး ညကိုးနာရီနောက်ပိုင်းတွေဆို စစ်ဆီစာလေးဘာလေးပို့တတ်သည်။ ပုံလေးတွေတောင်းစရာမလိုပဲ ပို့လာသည်။
အဲ့တုန်းကတော့ တစ်နေ့စစ်ကိုထားသွားခဲ့ရင်ဆိုတဲ့အတွေးထက်မ မထားခဲ့လောက်ဘူးဆိုတာပဲတွေးဖြစ်ခဲ့တာ။
မ ကို tag တွဲတွဲပြီး ပုံတွေစာတွေတင်တတ်တဲ့ကောင်လေးတစ်ယောက်ကိုများ မရွေးချယ်သွားခဲ့မည်ဆိုလျှင်....။
"ဟော....မမစစ်ကြီး....သတင်းစာကိုပြောင်းပြန်ဖတ်ပြီး ဘာတွေတွေးနေတုန်း..."
နံဘေးနားစွေ့ခနဲလာထိုင်ပြီးအော်လိုက်တဲ့နန်းရဲ့အသံစူးစူးကြောင့်လက်ထဲကသတင်းစာကိုစားပွဲပေါ်ချလိုက်သည်။
"ဒီလိုပါပဲ...စာဖတ်နေတာပါ"
"ဇာတ်လမ်းတွေများလား...တော်တော်ဝမ်းနည်းစရာကောင်းပုံပဲ...မမစစ်ပါးပေါ်မှာမျက်ရည်စီးကြောင်းတွေနဲ့"
နန်းပြောမှပဲ ပါးပြင်ကိုယောင်ယမ်းကာစမ်းမိတော့ ဟုတ်ပေသား။ အတွေးနဲ့တင်ကိုပဲ မျက်ရည်ကျအလွယ်တကူကျလာလို့ရလေသလား။
"နင်ခု ဘာလုပ်နေတာလဲ..."
"ခုပဲ ကားဂိတ်က ပစ္စည်းသွားသယ်လာတာလေ...ခဏနားနေတာ...မကြီးကအိမ်ထဲလာခဲ့ဦးတဲ့"
"ဒီမှာလူများနေတာကို...မကြီးကသူလဲမလာပဲနဲ့ ဘာလို့ခေါ်ခိုင်းတာလဲ"
"ဟင့်...မမစစ်ဘာလုပ်နေလို့လဲ ခုအားလို့ထိုင်နေတာမလား သွားလိုက်ဦး...တော်ကြာဆူနေမယ်...နန်း ယူလာတဲ့ပစ္စည်းတွေထုတ်ပြီးစီလိုက်ဦးမယ်"
"အင်း.အင်း"
ခြေလှမ်းတွေက စိတ်မပါလှစွာဖြင့်နှေးကွေးလေးလံ၍နေလေတော့သည်။ မနက်တည်းကဘာမှမစားဖြစ်သေး။ဗိုက်ကဆာလောင်ပြီးအော်မြည်နေပေမယ့်လို့ စားချင်စိတ်ကမရှိသဖြင့်မစားဖြစ်။ ဂရုတစိုက်ကျွေးတတ်တဲ့ မကြီးကလဲမင်္ဂလာဆောင်မည့်သတို့သမီးကိုအလှသွားပြင်ပေးနေတာနဲ့မို့ စစ်လဲပေတေပြီးဆိုင်ထဲဝင်နေရခြင်းပင်။
အိမ်ထဲရောက်တော့ မကြီးက သူ့အိပ်ခန်းထဲမှ ထွက်လာပြီး
"မနက်စာတောင်မစားဘူးဆို စစ်ကလေး...မကြီးဘာချက်ပေးရမလဲ"
အမြဲလိုဆူပူငေါက်ငမ်းတတ်ပေမယ့်ဒီလိုကျတော့ အမေ့ထက်ကိုပိုပြီး အသေးစိတ်ကအစဂရုစိုက်ပေသား။
"ဟုတ်...မစားချင်လို့ပါ...မကြီးခေါ်တယ်ဆိုလို့"
"ထိုင်ဦး"
အိမ်ဧည့်ခန်းထဲမှာ ဆက်တီတွင်ထိုင်မိစဉ်မကြီးကပြေလျော့နေသောဆံပင်ကိုကပိုကရို အပေါ်သို့ထုံးဖွဲ့တင်ရင်း မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
"စစ်ကိုပြောမလို့....မကြီးသွားသင်ခဲ့တဲ့ရန်ကုန်ကအလှပြင်သင်တန်းမှာ အခုလူခေါ်နေတယ်...မကြီးတို့ကိုသင်ပေးတဲ့ဆရာက စစ်လိုအခြေခံတတ်တဲ့သူတွေကိုဆိုရင်အလုပ်လဲသင်လစာလဲပေးဆိုပြီး သပ်သပ်ဆိုင်မှာထားပြီးသေချာသင်ပေးမှာတဲ့...အဲ့ဒါစစ်စိတ်ဝင်စားမလားလို့"
"စစ်က သင်ပြီး ဘာလုပ်မှာမို့ ပြီးတော့ရန်ကုန်ဆိုတာအဝေးကြီး...အမေလွှတ်မှာမဟုတ်ဖူး"
ဒီနယ်တစ်ဝိုက်တွင်ပဲ ခဏတဖြုတ်ခရီးသွားတာတောင်စိတ်မချတတ်တဲ့ အမေကစစ်များရန်ကုန်သွားမယ်ဆိုလျှင်ဘယ်လိုခွင့်ပြုပါ့မလဲ။
"စစ်သင်ချင်တယ်ဆိုရင်မကြီိးကအမေ့ကိုကူပြောပေးမှာပေါ့...နောက်ဆို ကလေးတွေကျောင်းကြိုရပို့ရနဲ့မကြီးကအလုပ်ရှုပ်တော့မှာ...အဲ့ကျရင်ခုလိုမနက်အစောအလှပြင်ဖို့လာခေါ်ရင်စစ်သွားလို့ရတာပေါ့....အလှပြင်တာဘာမှမခက်ခဲမပင်ပန်းဘူး...ဆံပင်ထက်ပိုပြီးရလွယ်တယ်...တစ်ခါပြင်ပွဲကြီးဆိုလေးငါးသောင်းလဲတစ်ခါတည်းပွဲဖြစ်တာကို..."
"ဒါမဲ့ စစ်သွားရင်မကြီးကိုဘယ်သူကူမှာလဲ"
စစ်ချက်ချင်းပင်တွေးကြည့်မိသည်။ စစ်လုပ်ဆောင်သမျှအရာတွေတိုင်းရဲ့ စိတ်ကူးယဉ်အနာဂတ်မှာ မနဲ့အတူနေရင်ဆိုတာတွေချည်းသာ။
"မပူနဲ့...သွားရင်ဒီအပတ်တနင်္လာသွားရမယ်...ဘာမှစိတ်ပူစရာတော့မရှိဘူး...ကားဂိတ်ထိ ဆရာလာကြိုလိမ့်မယ်..မကြီးညီမဆိုတာ သူတို့ကအပြောနဲ့တင်ရင်းနှီးနေပြီးသား...ဂရုလဲစိုက်ကြမှာ"
သဘောကတော့ မကြီးလဲသွားစေချင်တဲ့ပုံ။ ဒီမှာ မရဲ့အငွေ့အသက်တွေရှိနေတာကြီးကိုပစ်ပယ်ပြီးတစ်မြေခြားသွားဖို့ဆိုတာ စစ်အတွက်တော့မဖြစ်နိုင်သေး။ သို့သော်မ ကို အဆင့်မြင့်မြင့်ထားချင်သည့်စိတ်ကလဲ ရင်ထဲမှာဘာနဲ့ပဲယှဉ်လာယှဉ်လာအမြဲအလေးသာနေခဲ့သည်။
"စစ်စဉ်းစားဦးမယ်မကြီး..အချိန်နည်းနည်းယူပါရစေ"
"ဟုတ်ပြီ..စဉ်းစားထား..ဒါမှဘဝတက်လမ်းရှိမှာနော်..."
"ဟုတ်...သွားတော့မယ်"
"ဟဲ့ တစ်ခုခုစားသွားဦးလေ...အိမ်မှာမစားချင်ရင်လဲ အပြင်မှာတစ်ခုခုသွားဝယ်စား...မုန့်ဖိုးပေးမယ်"
"ရပါတယ်...စစ်မစားချင်သေးလို့"
မကြီးတော့နောက်ကွယ်မှာ စစ်ရဲ့အနာဂတ်တွက်ဘာတွေတွေးပြီး ရင်လေးနေသည်မသိ။ အစ်မတစ်ယောက်အနေနဲ့တော့ စစ်ရဲ့ဘဝကိုမြင့်သထက်မြင့်အောင်မြှင့်တင်ပေးချင်နေသည်ပဲထား။ စစ်ကကော ...။
...
ခရီးထွက်ဖို့အဝတ်အစားတွေကို မကြီးကသူကိုယ်တိုင်ရွေးပြီး ထည့်ပေးနေလေတော့ စစ်ကဘာမှမပြောပဲထိုင်ကြည့်ပေးနေလိုက်သည်။
"ရန်ကုန်က သိပ်ပြီးမပူဘူးဆိုပေမယ့်အပြင်ထွက်ရင်ပြန်လာပြီးချင်းရေမသောက်နဲ့ဦး..အပူရှပ်မယ်"
"မမစစ်ရဲ့...တောင်ကြီး သင်္ကြန်တောင်မနေဘူးတဲ့လား...ဒီမှာ နာမည်ကျော်တွေပဲသီချင်းလာဆိုမှာလို့ကြေငြာထားတာနော်"
ပွဲကြိုက်ခင်နန်းတစ်ယောက်တော့ မကြီးနဲ့အတူအဝတ်တွေကူခေါက်ရင်းတောင်ကြီးသင်္ကြန်မှာအပြတ်ကဲဖို့တွေးထားပုံရသည်။ စစ်က သိပ်စိတ်မဝင်စားသလိုနဲ့ ဖုန်းဖွင့်ပြီးဂိမ်းထိုင်နှိပ်လိုက်သည်။
"အဲ့နာမည်ကျော်တွေလဲ လူပဲမလား...အထူးအဆန်းလုပ်ပြီးရေစိုခံသွားမကြည့်ချင်ပါဘူး...ကြည့်ချင်ရင်တီဗီမှာလဲလာနေတာပဲ..အေးဆေးထိုင်ကြည့်နေရုံ"
"ဟာ..မတူဘူးလေ...သူတို့ဆိုနေတုန်းရေစက်အောက်မှာကခုန်ရတာ ဘယ်လောက်တောင်စိတ်လှုပ်ရှားဖို့ကောင်းလိုက်သလဲ"
"ငါ စိတ်လှုပ်ရှားတဲ့အချိန်ဆိုတာ ငါ့ရည်းစားနဲ့အတူမမောမပန်းတောင်တက်နေရတဲ့အချိန်ပဲ"
ခပ်တည်တည်ဖြင့်စစ်ပြောလိုက်တဲ့စကားကြောင့်နန်းကမကြီးဖက်မျက်ရိပ်ပြလိုက်ပြီး ဘာဆက်ပြောရမှန်းမသိငြိမ်သွားသည်။ မကြီးကတော့ဘာမှမသိစွာဖြင့်ရယ်နေသည်။
"ရည်းစားနဲ့ရုပ်ရှင်ကောမကြည့်ချင်ဘူးလား စစ်....ဘာလို့အမောခံတောင်တက်နေမှာလဲကွ"
ဟု မကြီးကပါ စိတ်ရှိလက်ရှိဆွေးနွေးလာတော့ အစပျိုးမိတဲ့ကိုယ့်စကားကိုယ်ပြန်ရုတ်သိမ်း၍မရတော့။ စပြီးမှတော့ဇာတ်လမ်းကိုဆက်ပြီးကရတော့မည်၊
"ချစ်သူနဲ့အတူရှိတုန်း ဘာလို့အချိန်ကုန်ခံပြီးရုပ်ရှင်ကြည့်အချိန်ဖြုန်းနေမလဲ မကြီး...ဒီလိုပဲအိမ်မှာစားချင်တာဝယ်စားပြ်ိးစကားတွေပြောမှာပေါ့...စက်ပစ္စည်းတွေနဲ့လူများကြားတဲ့ဝင်တိုးမယ့်အစား သဘာဝအလှတရားဆီမှာနှစ်ယောက်သားအတူခိုလှုံမှာပေါ့...ငြိမ်းချမ်းမယ့်ဖြစ်ခြင်း"
"အမလေး...စိတ်ကူးကယဉ်နေလိုက်တာများ....တွေ့နေပြီမို့လား"
"တွေ့တယ်မဟုတ်ပါဘူး မကြီးမေးလို့ဖြေတာပါနော်..."
စကားပြောလို့ကောင်းနေတုန်း မ ဆီမှအဝင်ဖုန်းလေးဝင်လာခဲ့သည်။ အသံမြည်လာတော့ နန်းကမသိမသာဘယ်သူဆက်တာလဲဆိုပြီး လာချောင်းကြည့်သွားသေးသည်။
ရင်ထဲမှာလှုပ်ရှားသွားသဖြင့်မျက်နှာပေါ်ကပြုံးချင်ချင်ဖြစ်နေတဲ့ပုံစံကိုမရမကထိန်းရင်း
"ဖုန်းပြောလိုက်ဦးမယ်"
ဟု ဆိုကာ ကမန်းကတန်းအောက်ထပ်ဆင်းပြေးလာပြီးမှ ကိုင်လိုက်သည်။
"မ...ဘာဖြစ်လို့လဲ ဟင်...စာမသင်ဘူးလား"
ရုတ်တရက်မဆက်စဖူးဆက်လာတယ်ဆိုတော့ အကြောင်းထူးတစ်စုံတရာရှိမှာစိုးလို့ စိတ်ကပူနေရသေးသည်။
မဖက်က ရယ်သံသဲ့သဲ့လေး ကြားရတော့မှ အနည်းငယ်စိတ်အေးရတော့သည်။
"အားရဲ့လား...ဒီနေ့ ပိတ်ရက်လေ "
"ဪ...ဟုတ်သားပဲ....မ နားနေတာပေါ့"
ခါတိုင်းတနင်္ဂနွေနေ့တွေဆိုလျှင်တော့ ကံကောင်းရင်ခုလိုပဲစကားပြောခွင့်ရတတ်သည်မဟုတ်ပါလား။ သို့သော်မပြောဖြစ်တာကြာသွားတော့တာကတစ်ကြောင်း၊ သတိရလွန်း၍ ဖုန်းဆက်ဖြစ်လျှင်တောင်မ ဖက်ကမကိုင်ဖြစ်တာကတစ်ကြောင်းကြောင့်သိပ်သတိရလာလျှင်တောင်မှမဆက်ဖြစ်တော့တာမို့ လက်ရှိဖုန်းဆက်လာတာတောင်ဝမ်းသာနေရတဲ့အဖြစ်ကြီးလေ။
"အင်းပ...သူများတွေတော့ ရုပ်ရှင်သွားကြည့်ကြတယ်"
"မကကော လိုက်မသွားဘူးလား...ခု ဘယ်မှာလဲ"
"လိုက်ဘူးလေ...ခုအဆောင်တင်ပဲ...အဝတ်တွေလျှော်ပြီးစာခကြည့်နေတာ...ပြီးတော့စစ်ကိုမေးစရာလဲရှိလို့"
တစ်ခါတစ်လေလေးများ စစ်ကိုလဲလွမ်းလို့ဆိုပြီးပြောပါဦးလား မရယ်။ လွမ်းနေတယ်ဆိုတာကြားရရုံနဲ့တင်ဒီလူသားမလေး ဘယ်လောက်တောင်ပျော်လိုက်မယ့်ဖြစ်ခြင်း။
"ဟုတ်...မေးလေ...မ..ဘာမေးချင်လို့လဲ"
"ရန်ကုန်သွားမလို့ဆို...ဟိုနေ့က စစ်စာပို့ထားတာကို မ ခုဏလေးတင်မှလိုင်းတက်ရင်းတွေ့လိုက်မိတာ....လိုင်းမတက်တာကြာပြီလေ...ခုရက်ပိုင်းစာတွေများနေလို့"
စာတော်တဲ့ မက ခု သင်တန်းစာလေးကိုတောင်မပျက်မကွက်အသည်းအသန်လိုက်မှတ်နေရတာတဲ့လား။
မကြီးခေါ်ပြီးပြောတဲ့နေ့တည်းက မ ဆီကအကြံညဏ်ကိုစစ်မေးပြီးသား။ ဖုန်းတော့မဆက်မိ။ စာမပြန်တာသုံးလေးရက်လောက်ဆိုတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်သွားတော့မည်ဟုလုပ်နေတာလေ။
"မ သဘောကကော...မကြီးတော့သွားစေချင်တယ်အမေတော့သိပ်သဘောမတူချင်ဘူး တနယ်တကျေးမှာနေမကောင်းဖြစ်နေရင်ဒုက္ခတွေ့မှာစိုးလို့တဲ့"
"ဟုတ်လဲဟုတ်တာပေါ့...ဒါမဲ့ ကိုယ့်ဘဝတိုးတက်ရာတိုးတက်ကြောင်းအတွက်သွားရမှာပဲလေ...ဒါမှ စစ်ဘဝလေးလိုလေသေးမရှိပြည့်စုံမှာပေါ့ မသဘောဆိုရင်သွားစေချင်တယ်..ပြီးရင်ကျန်းမာရေးဂရုစိုက်နော်...စစ်စာပို့ထားသလိုဆို တနင်္လာစ သွားရမယ်ဆိုတော့မနက်ဖြန်ပေါ့နော်"
စစ်ဘဝ လိုလေးသေးမရှိပြည့်စုံမှာ ဆိုတာနဲ့ပဲ မက ထွက်သွားစေချင်တာလား။ စစ်ပို့သမျှစာတွေကိုတော့လေစလေးနက်နက်ဖတ်ထားပုံရသည်။ ဒါလေးပဲကြံဖန်ဝမ်းသာကျေနပ်နေရတာမို့လား။
"စစ်ဘယ်လိုအခြေအနေမျိုးနဲ့ပဲနေရနေရ မ မရှိပဲနဲ့တော့ ပြည့်စုံမယ်မထင်ပါဘူး မရယ်"
ရင်ထဲက လှိုက်လှိုက်လှဲလှဲကြီးထွက်သွားတာမို့လားမသိ။ မ.ဖက်ကအသံတို့တိတ်ဆိတ်သွားသည်။ စစ်လဲ မဖက်ကဘာပြန်ပြောလာမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့စောင့်နေရသည်။
"မ...စစ်စကားများမှားသွားလို့လားဟင်....တောင်းပန်တယ်နော်...အဟမ်း ဘာတွေလျှောက်ပြောနေမှန်းမသိတော့ဘူး...မနေ့လယ်စာစားပြီးပြီလား"
အတန်ကြာကြီးတိတ်ဆိတ်နေမှတော့ စကားစရသူက စစ်ပဲဖြစ်သည်။ စစ်မှားလဲစစ်တောင်းပန်...မ မှားလည်း စစ်ကပဲတောင်းပန်။ မရဲ့ရာဇဝင်မှာ မအမှားဆိုတာမှမရှိခဲ့တာလေ။
"စစ်...နောက်ထပ်မေးဦးမယ်မှန်မှန်ညာနော်"
ပြောမယ့်ပြောလာတော့လဲ စစ်မေးတာကိုမဖြေပဲတစ်ခြားစီ။အေးစက်စက်စကားစုလေးက ခုန်နေတဲ့ရင်ကိုတုန့်ခနဲရပ်သွားစေသလို။
"မကို စစ်မညာပါဘူး ဘယ်တုန်းကမှလဲမညာခဲ့ဘူး...နောက်လဲညာမှာမဟုတ်ဖူး"
"ဒါဖြင့်ရင်မေးပြီ...စစ်ရဲ့အရင်ရည်းစားဟောင်းနဲ့တွေ့ဖြစ်သေးလား"
ဘုရားရေ....ဒါလုံးဝမထင်ထားတဲ့စကားမျိုး။ မ ပါးစပ်က ဂည်းစားဟောင်းနဲ့ပတ်သက်ပြီးပြောထွက်တာဒါပထမဆုံး။
မကို ဘယ်သူဘာတွေပြောပြထားပါလိမ့်။
စစ်မဖြေသေးခင်မှာပဲ မဆီကအက်ရှရှရယ်သံတစ်ချို့။
"ဟက်...မေးခွန်းကိုမရှင်းတာလား....မေးခွန်းမှားသွားတာလား....ဟင်..စစ်"
"ဟာ...မရယ်...စစ်အံ့သြနေတာပါ...စစ်ရည်းစားဟောင်းနဲ့မတွေ့ပါဘူး အတိတ်ကိုထားပစ်ခဲ့တာကြာပါပြီ"
"ဟုတ်လား"
တကယ်လဲ စစ်မေ့ထားခဲ့သည်မှာကြာလှပြီပဲ။ ဒါကိုမကခုမှဘာလို့အစဖော်ပြီးရစ်ချင်နေလဲမသိ။ အရင်ကတောင်တစ်ခွန်းမှမဟဖူးတာ။ ဒါဆိုရင်.....မ ...စစ်ကို လမ်းခွဲဖို့အစပျိုးနေတာများလား....
"စစ်ရှင်းပြပါရစေ...သူနဲ့ပတ်သက်ပြီး စစ်မှာဘာအစွဲမှအတွေးမှမရှိတော့ပါဘူး....စစ်ကိုယုံပေးပါ မရယ်..."
"ဟုတ်လား ဒါဖြင့်ဘာလို့သူ့အကောင့်မှာမင်းပုံကြီးရောက်နေရတာလဲ...ဒါတော့မင်း ငြင်းလို့မရဘူးနော်...save the date ဆိုတာကပါသေးတယ်"
ဒါတွေ စစ်လုံးဝမသိ။ ဘာလို့သူ့အကောင့်မှာစစ်ပုံရောက်နေရမှာလဲ။ မဖြစ်နိုင်တာ။ သူပဲလိုလိုလားလားလမ်းခွဲပေးခဲ့တာမလား။
"တကယ်ပါ...စစ်မသိဘူး..သူ့အကောင့်လဲဝင်မကြည့်မိဘူး စကားမပြောဖြစ်တာလဲကြာနေပြီကို...အရင်တစ်ခါသူတောင်ကြီးလာတုန်းကပဲနောက်ဆုံးဆုံဖြစ်ကြတာပါ "
"သူက ဘာလာလုပ်တာလဲ မပြောပြဖူးပါဘူးသူလာတဲ့အကြောင်း"
မ စိတ်ခုမှာ စိုး၍ စစ်သူ့အကြောင်းမဟခဲ့တာ။ ပြီးတော့မဟုတ်ကဟုတ်ကတွေစွပ်စွဲပြီးသဝန်တိုတတ်တဲ့သူက မ မဟုတ်ကြောင်းကိုလဲ စစ်နားလည်ထား၍သာမပြောဖြစ်ခဲ့တာ။
ခုမှပြသနာကရှုပ်လာပြီ။
"မ...မသိချင်ဘူးထင်လို့ပါ...စစ်နဲ့ပြတ်ပြီး မနဲ့ချစ်လို့ကြာမှသူလာတာပါ...မရယ်...ပုံကလဲအဲ့တုန်းကမရိုက်ဖြစ်ကြပါဘူး"
",ခု ရန်ကုန်သွားမှာက အဲ့ကိစ္စကြောင့်တော့မဟုတ်ဖူးမလား"
"မဟုတ်ပါဘူး....မကြီးဆရာအိမ်မှာပဲနေမှာပါ...အပြင်လဲမထွက်ပါဘူး...စိတ်ချပါ"
"ကောင်းပြီိလေ...စောင့်ကြည့်ရသေးတာပေါ့...ခု ဘာလုပ်နေတာလဲ"
"အဝတ်ထည့်နေတာ...မ တနေကုန်အားပြီလား"
"မအားဘူး...ညနေဖက်ကျအပြင်ထွက်ဖို့ရှိသေးတယ်....သူငယ်ချင်းတစ်ယောက်ကညစာကျွေးချင်တယ်ဆိုလို့"
"ဘယ်သူလဲ...မ"
"ပြောလဲသိမှာမဟုတ်ပဲဘာလို့မေးနေတာလဲ...တော်ပြီ...သွားရင်လဲဂရုစိုက်နော်..ဘုရားတရားလဲမမေ့နဲ့"
"ဆောရီး...မ...ဟုတ်...မမေ့ပါဘူး"
မေးမိတဲ့ကိုယ့်ပါးစပ်ကိုပဲတိပ်ဖြင့်ကပ်ထားလိုက်သင့်တာ။ ဒါဆိုရင်သူ့သူငယ်ချင်းဆိုတာမိန်းကလေးတော့မဖြစ်နိုင်တာသေချာသွားပြိလေ။
"ပြောစရာရှိသေးလား...မရှိရင်ဖုန်းချမယ်"
"ဟုတ်...ချလိုက်ပါတော့...မ..အပြင်ထွက်ရင်ဂရုစိုက်ဦးနော်...စစ်တော့ မကိုသိပ်လွမ်းနေတယ်"
"အင်း...တူတူပဲ ချပြီ"
ရင်ထဲမှာပြောစရာကအပြည့်အသိပ်။ သို့သော်ဘာပြောရမှန်းမသိလောက်အောင်ဆွံ့အသွားမှတော့ ဘယ်လိုကဆက်ရမလဲ။ တစ်ဖက်ကဖုန်းချသွားသော်လဲ စစ်မှာဖုန်းကိုနားနားကပ်ပြီးကြောင်တောင်တောင်ဖြစ်လို့နေသည်။
သေချာနေပါပြီ။
နဂိုတည်းကမှအနေဝေးရသည့်အထဲ အခြေတွေကလဲမတူလေတော့ အဆက်အသွယ်ပြတ်လေတိုင်း နှစ်ယောက်သားရဲ့ကြားထဲမှာလေစိမ်းအချို့ဝင်လာနေပါပြီ။
စစ်ဖက်ကနွေးထွေးချင်ပေမယ့်လို့ မ ဖက်ကလေစိမ်းတွေတိုက်တာများသွားရင်တော့ စစ်မျှော်လင့်တကြီးကြိုးစားမယ့်အနာဂတ်ပန်းတိုင်ကြိးဆိုတာ တဝက်တပျက်ပြိုလဲရတော့မည်လား။
အပြင်မှာဖြစ်ခဲ့လို့သာပေါ့။
စစ်တို့ဇာတ်လမ်းကို ဇာတ်လမ်းသဖွယ်ချရေးရင်တောင်ဖတ်သူမရှိ ငြီးငွေ့းရာအတိဖြစ်နေတော့မှာပင်။
တစ်နေရာစီဖြစ်ပြီး ပုံမှန်ဆက်သွယ်မှုမရှိ။ သိပ်ချစ်ပြနေရတဲ့အချိန်လဲမရှိ။.ကြင်နာနေချိန်လဲမသိ။
ဘယ်လိုဇာတ်မျိုးနဲ့သိမ်းရမလဲတောင်မသိ။
ခု မပြောတဲ့ ကိစ္စကိုလဲရှင်းရမည်။ ပြတိပြီးသားရည်းစားပုံကိုဘာကိစ္စရှိလို့လိုင်းပေါ်တက်တင်ထားလဲမသိ။
စစ်ဖက်ကရှင်းပြီးသား။ စိတ်ကူးနဲ့တောင်ပြန်ပတ်သက်မှာမဟုတ်တဲ့အတွက်လိပ်ပြာလုံနေသည်။ သူလာတာကိုလဲစိတ်ရင်းနဲ့မိတ်ဆွေတစ်ယောက်လိုသာ ဆကိဆံခဲ့တာ။ ဘာပုံမှလဲမရိုက်ဖြစ်။
ခြံထဲက ခုံတန်းလေးမှာထိုင်လိုက်ပြီး သူ့အကောင့်ဝင်ရှာတော့သည်။ မပြောသလိုပင်သူ့ကာဗာပုံကစစ်ပုံ။
လိုင်းပေါ်မရှိတာကြောင့်ဖုန်းဆက်တော့လဲတော်ရုံမကိုင်။ အလုပ်ပိတ်ရက်ကြီးကိုတမင်မကိုင်တာလားမသိ။
ဖုန်းခေါ်မရတော့ စိတ်ပျက်ပြီးအိမ်ထဲဝင်မည်လုပ်မှ ဖုန်းပြန်ခေါ်လာလေသည်။
"ဟလို ခလေးလား...ကိုကို မကြားလိုက်လို့ပါနော်...ဆောရီး...ဘာဖြစ်လို့လဲဟင်...ကိုကိုလွမ်းနေတာ ခလေးရာ"
ဖုန်း.စ.စ ကိုင်ခြင်းမှာပဲကြားလိုက်ရတဲ့စကားကြောင့်စစ်ငိုချင်သွားသည်။ မသာအနားရှိရင်ဘယ်လိုနေမည်မသိ။
"လိုင်းပေါ်တင်ထားတဲ့စစ်ပုံတွေဖျက်ပေးပါလား"
"ဗျာ ဘာလို့လဲ"
"အခု စစ်မှာချစ်သူရှိနေပြီ...သူကပြောတယ်...စစ်ရဲ့ပုံတွေတွေ့နေရတယ်တဲ့ အာ့တွေမြင်နေရတာတကာ်အဆင်မပြေဘူးတဲ့"
"ဟုတ်လား..ယောက်ျားလေးလား"
"မိန်းကလေး ပါ...ကျေးဇူးပြုပြီးဖျက်ပေးပါနော်..စစ်တို့မပတ်သက်ပဲကင်းအောင်နေကြရအောင်...အတိတ်ကဘယ်လောက်ပဲရင်းနှီးခဲ့ပါစေ...ရည်းစားဟောင်းဆိုတာဖြစ်သွားတဲ့နောက်ပိုင်းတရင်းတနှီးနေပြစရာလဲမလိုတော့ဘူးလေ...လက်ရှိချစ်ရသူကိုလဲအားနာနေရတယ်..ပြီးတော့စစ်ကသူ့ကိုတကယ်ချစ်ခဲ့တာကြောင့်ဘာအကြောင်းနဲ့မှမပြတ်နိုင်လို့ပါ"
သူစိမ်းတစ်ယောက်ရှေ့မှာ...ရှင်းရှင်းပြောရရင်ရည်းစားဟောင်းရဲ့ရှေ့မှာချစ်သူသစ်အကြောင်းပြောရတာမကောင့းမှန်းသိပေမယ့်ပြောနေသည့်အချိန်အတွင်းစစ်စိတ်ထဲကျေနပ်လို့နေသည်။
"ကိုယ့်ဆီကိုပြန်မလာနိုင်တော့ဘူးလား"
"ပြီးခဲ့တာတွေလဲပြီးခဲ့ပါပြီ...နှစ်ယောက်စလုံးကျေကျေနပ်နပ်လမ်းခွဲခဲ့ကြတာပဲကိုလေ...နော်...စစ်ခုလက်ရှိချစ်သူနဲ့ပဲမြဲတော့မယ်လို့စိတ်ကူးထားလို့ပါ....တကယ်လဲစစ်ပုံတွေမတင်သင့်တော့ဘူး...စစ်ဘယ်သူ့ကိုမှမမုန်းချင်ဘူးမို့ပါ"
"ဆောရီးပါဗျာ..ကိုယ်တောင်းပန်ပါတယ်နော်....ပြန်ဖျက်ပေးပါ့မယ်...မြဲပါစေလို့ပဲဆုတောင်းပါတယ်...ကွဲစေချင်လို့တမင်တကာကြ်ိးတင်ထားတာမဟုတ်ရပါဘူးဗျာ"
"ရပါတယ်...ဖြစ်နိုင်ရင်ခုပြန်ဖျက်ပေးလို့ရပါပြီ...ကျေးဇူးလဲတင်နေမှာပါရှင်"
ပြေပြေလည်လည်နဲ့အေးအေးဆေးဆေးဖြေရှင်းနိုင်ခဲ့လို့ ကိုယ့်စိတ်နဲ့ကိုယ်ကျေနပ်မိသည်။ ဒီတစ်ခေါက်ဖုန်းချလိုက်တာနဲ့ သူနဲ့ပတ်သက်သမျှတွေတခန်းရပ်ပြီးဆုံးသွားမည်ဖြစ်သည်။ ဘယ်သူဘာပဲဖြစ်ဖြစ်စစ်အပေါ် မရဲ့သံသယစိတ်ကလေးတွေ မြူ တစ်မှုံစာမျှ ရှိမနေစေချင်။ ချစ်သူဆက်ဆံရေးကြားမှာလဲ ဘာအဖုအထစ်မှမဖြစ်စေလိုပါ။ ခိုးကြောင်ခိုးဝှက်နဲ့အရဲစွန့်ပြီး ချစ်သူဘဝထူထောင်ခဲ့တာမို့လို ဘာမဟုတ်တဲ့အရာလေးနဲ့တောင်ဝေး၍ မဖြစ်။
....
"သွေး...စာကျက်နေတာလား"
အခန်းဖော်မေးလိုက်သံကြောင့်ဖုန်းထဲမှဇာတ်ကားကြည့်နေသည်ကို ခဏရပ်ထားကာ
"မကျက်ပါဘူး...ဇာတ်ကားကြည့်နေတာပ"
စကားနည်းတဲ့သွေးကြောင့်အတူနေလာတာကြဲာပေမယ့်လို့ အခန်းဖော်ဖြစ်လဲစကားသိပ်မပြောဖြစ်ကြဘူးလေ။
သွေး ဝမ်းလျားမှောက်ပြီးဇာတ်ကားကြည့်နေရာသို့ လာထိုင်ပြီး
"သွေး...ရှင့်ကို ရှင်းသန့်မောင်ကကြွေနေလို့တဲ့..."
ရှင်းသန့်မောင်။ စားဖိုဆောင်တွေတာဝန်ခွဲတမ်းချတော့သွေးတို့နှင့်အတူ တသင်းတည်းကျလေသူ။သွေးကိုပုံလှလှလေးတွေလဲရိုက်ပေးတတ်လေသူ။ သွားစွယ်နှစ်ဖက်နှင့်အင်မတန်မှမိန်းကလေးတိုင်းမျက်စိကျစရာကောင်းသောသူ။ အရပ်ကရှည်ရှည်။ဒေးတက်ပြီးဘွဲ့ယူတာချက်ချင်းစောလေတော့သွေးထက်ပင်တစ်နှစ်ငယ်သောကောင်ချောလေး။
သွေး ဖုန်းကိုပိတ်လိုက်ပြီး အခန်းဖော်နန်းမြသီနဲ့အတူ ကုတင်ပေါ်မှာပဲအောက်သို့ခြေတွဲလောင်းချ၍ ထိုင်လိုက်သည်။ နန်းမြသီတော့သွေးစိတ်ဝင်စားနေသည်ဟုထင်ကာသွေးလက်ကိုဖြန်းခနဲရိုက်ရင်း
"သွေး...ရှင်စိတ်ကူးမလွဲနဲ့နော်...သိလား....မူဆယ်ကဆိုတော့ဘောစိပဲ ရုပ်ရည်ကလဲပြောစရာမရှိ...ပညာအရည်အချင်းဆိုပြန်ရင်လဲ အီးမေဂျာနဲ့ဘွဲ့ယူထားပြီးအခုအတူတူကျောင်းဆရာလုပ်မယ့်သူ"
သွေး ဘာမှမပြောသေးပဲ နန်းမြသီပြောသမျှကို ပြုံးပြုံးကြ်ိးနားထောင်နေလိုက်သည်။ သူပြောသလိုပဲ ထိုကောင်လေးကအဘက်ဘက်က ပြည်စုံလွန်းနေတာကိုတော့သွေးလဲမြင်နေရသည်ပဲ။
"စိတ်ကူးမလွဲနဲ့ဆိုတော့ ဒဲ့စိတ်ကူးရင်အဖြေကဘယ်လိုဖြစ်မှာတဲ့လဲ"
"လက်ခံလိုက်ပေါ့...သူတို့က မူဆယ်မှာသူဋ္ဌေးစာရင်းဝင်တွေနော်...ကားအပိုပစ္စည်းဆိုင်ဖွင့်ထားတယ်...တရုတ်မြန်မာငွေလဲပေးတယ်....ပြီးတော့သူကကျောင်းပိတ်ရင်သူ့သပ်သပ်ကားကောဆိုင်ကယ်ကောရေဆေးဆီလိုက်ဆိုင်လဲဖွင့်ထားသေးတာ..သူကိုယ်တိုင်လဲလုပ်တယ်...မူဆယ်မှာဆို သူ ခုလိုဆိုင်ကယ်မစီးဘူး ... ကားမောင်းတာ...သူ့မှာအစ်မတစ်ယောက်ပဲရှိတယ်...သူ့အစ်မက မန်းတလေးမှာကော်ဖီဆိုင်လေးဖွင့်ထားတယ်"
ပြောနေရင်းဖြင့်ရှင်းသန့်မောင်အကြောင်း လုံးစေ့ပတ်စေ့ကိုနန်းမြသီထံမှ သိရှိလိုက်သည်။ နန်းမြသီတော့ စကားစမပေးလျှင်ပြောရဲတဲ့သူမဟုတ်ပေမယ့်နည်းနည်းများစပေးလိုက်တာနဲ့ကိုယ်ကနားထောင်ရသူသာဖြစ်သွားရသည်ချည်း။ အစပေးတာနဲ့အဆုံးထိကို ကိုယ်ဝင်ပြောစရာမလိုတော့။
"ကုန်ပြီလား...သူ့အကြောင်း"
"အမလေး....သူ့အကြောင်းပြောရရင်ကုန်တယ်မရှိဘူး...သွေးပဲမသိသေးတာ....တစ်ကျောင်းလုံးကအကုန်သိတယ်သူ့အကြောင်း...အဲ အဓိကအချက်က သူဘယ်တုန်းကမှရည်းစားမထားသေးဘူးဆိုတာပဲ...သွေးကိုမှအသေအလဲပစ်ကြွေနေတာ...ဆရာမတွေတောင်သိနေတယ်"
ဘုရားရေ...ဒါအမှန်ပဲလား...ဆရာမတွေတောင်သိနေပြီဆိုမှတော့သွေးကဘယ်လိုလုပ်မျက်နှာပြရဲပါတော့မလဲ။ မျက်နှာတွေပူထူလာသည်။ ပုံမှန်သာဆိုသွေးလဲချက်ချင်းပင်ပြေးပြီးခေါင်းငြိမ့်မိမှာအမှန်။ သူနဲ့အပြင်သွားရင်ညစာတွေစားဖြစ်ရင်ဂရုတစိုက်ထိုင်ခုံနေရာပေးတာကအစ .. တစ်သျှူးလေးတွေခေါက်ပေးထားတာကအစပြုလို့ လမ်းမှာချိုင့်တွေတွေ့လျှင်လဲအညင်အသာရှောင်ဖယ်ပြီးမောင်းတတ်သူလေး။သွေးကိုကြိုက်နေသည်ဟုသာဆိုတာသွေးအနေရခက်အောင်သူမလုပ်။ မျက်နှာချင်းဆိုင်ပြီးမျက်လုံးဆုံအောင်ပင်သူမကြည့်။ ဒီအတိုင်းသာမာန်သူငယ်ချင်းတွေလိုသာပေါ့ပေါ့ပါးပါးစကားပြောဖြစ်ကြသည်မို့သွေးကိုစိတ်ဝင်စားနေသူဖြစ်ကြောင်း တကယ်မသိခဲ့ရိုးအမှန်ပင်။
"ချက်ချင်းခေါင်းငြိမ့်မှာဆိုရအောင်သူကြွေနေတဲ့အကြောင်း ကျမဆီလာပြောပြနေတာမှမဟုတ်တာ "
"ဟယ်...ကြည့်နေပါ....ပြောကိုပြောလာမှာ...ဒီနေ့လားမနက်ဖြန်လားပဲ"
"သေချာလှချည်လား မမြသီတို့မူဆယ်သူမူဆယ်သားပချင်းချင်းမို့မြှောက်ပြောနေတာဖြစ်ချင်လဲဖြစ်မှာပေါ့...ဘယ်သူမှတော့ပြည့်စုံလွန်းတယ်မထင်ဘူး"
"မြှောက်ပြောလားမပြောလားတော့ ကိုယ်တိုင်စုံစမ်းကြည့်လူတိူင်းသိတယ်....သွေးပြောသလိုပဲဘယ်သူမှမပြည့်စုံဘူးဆိုလို့ သူလဲပဲမပြည့်စုံဘူး"
"ဟင်...သူကဘာမပြည့်စုံဖြစ်နေတာမို့လဲ"
"မေးတတ်ရန်ကော...သွေးဆိုတဲ့သူ့ပါရမီဖြည့်ဖက်မှမရှိသေးတော့ ဘယ်ကလာပြီးပြည့်စုံနေမှာလဲ"
မိုက်ပါပေ့။ ဒီစကားကို ရှင်းသန့်မောင်တော့ပြောလားမပြောလားတော့မသိ။ သူတို့နယ်သူနန်းမြသီကတော့ဖြင့်သူ့အစားသွေးအားတော်ကီတွေနဲ့ချုပ်ပြီးအတင်းတွန်းပို့ပေးနေလေပြီ။
ဖုန်းနိုးစက်သံကြောင့်တိတ်ဆိတ်နေသော ညကြီးမှာအဲ့အသံဖြင့်လိုသည်ထက်ပို၍ ကျယ်လောင်သွားတော့ ကမန်းကတန်းနှိုးစက်ပိတ်လိုက်ရင်း
"ကဲ...ပြောလို့ပြီးပြီဆိုရင်ကိုယ့်ကုတင်ကိုယ်ပြန်ကြွပါ...ကျမအိပ်ချိန်ရောက်ပါပြီ"
"ဟယ်..သူများကအကောင်းလေးလာပြောပြတာကို ရှင်က ဘယ်လိုဆက်ဆံလိုက်တုန်း"
"ကျွေးစရာမုန့်ကလဲကြိုပြီးမဝယ်ထားလို့ပါရှင်...ခုလိုပြောပြပေးတာကျေးဇူးလဲတင်ပါရဲ့..ခုတော့ အိပ်ပါရစေ"
မကျေမနပ်ဖြင့်နန်းမြသီတစ်ယောက်သူ့ကုတင်ရှိရာဖက်ကူးသွားလေသည်။သွေးကတော့ခြင်ထောင်ချပြီးတာနဲ့စောင်ခေါင်းမြီးခြုံလိုက်သည်။
မျက်စိထဲ ရှင်းသန့်မောင်၏ ပုံရိပ်တို့တဝဲဝဲပေါ်လာလေသည်။ ပျိုတိုင်းကြိုက်သော နှင်းဆီခိုင်ဖြစ်တဲ့ ရှင်းသနိ့မောင်ကသူမကိုကြိတ်ကြွေနေသည်တဲ့လား။
....
"မသွေး...ကျနော်မသွေးကိုနေရာတစ်ခုလိုက်ပို့ချင်လို့ ရမလား"
ကန်ရေပြင်ထက်သို့လေညှင်းအချို့တိုက်ခတ်လေတော့ရေပြင်တစ်ချို့နေရာတွေလှုပ်ခတ်သွားတော့သည်ကို အဓိပ္ပါယ်မဲ့စွာ ကြည့်နေရင်းသွေးခေါင်းငြိမ့်လိုက်သည်။
"ပြောလေ...ရှင်းသန့်"
"ကျနော်ပြောတဲ့နေရာရောက်ရင်မသွေးကျနော့်ကိုစိတ်မဆိုးဖို့အတွက်ကြိုပြီးတော့တောင်းဆိုပါရစေ"
"ရှင်းသန့်ကလဲ ကျမ စိတ်ဆိုးစေမယ့်လုပ်ရပ်မျိုးမလုပ်ဖူးလို့ ကျမ ယုံကြည်ပါတယ်"
သွေး စကားကြောင့်ရှင်းသန့်မောင်မျက်နှာက ငိုင်ကျသွားသည်။ ပြီးမှချက်ချင်းမျက်နှာထားပြင်လိုက်ကာ
"ဟုတ်တာပေါ့..ကျနော်ဘယ်တုန်းကမှ မသွေးမျက်နှာညိုအောင်မလုပ်ဝံ့ပါဘူးဗျာ"
"ကျေးဇူးပါ စိတ်ချမ်းသာအောင်ထားပေးလို့"
"ဒါဖြင့်သွားကြရအောင်လေ...ညနေဖက်မသွေး အဝတ်လျှော်စရာရှိတယ်ဆိုတော့နောက်ကျမှာစိုးလို့"
ရှင်းသန့်ဆိုင်ကယ်နောက်သို့ လိုက်ထိုင်နေရစဉ်ရင်ထဲမှာတထိတ်ထိတ်ဖြစ်လို့နေသည်။လေတိုးတိုင်းအနီးကပ်ဆုံးရှိနေတော့သူ့ကိုယ်သင်းနံ့ပေလားရေမွှေးနံ့ပေလားမသိ။ နှာဝသို့အနံ့တစ်ခုအမြဲရလို့နေသည်။မွှေးတာလဲမဟုတ်။ အနံ့လေးကလူကိုလန်းဆန်းစေသလိုမျိုး။
ဘယ်ရပ်ကွက်တွေထဲရောက်လာလဲသွေးမသိတော့။ ခြံဝင်းတစ်ခုထဲကွေ့ဝင်လိုက်သည်နှင့်တပြိုင်နက်
"Happy birthday ရှင်းသန့်"
အသံကရုတ်တရက်ပေါ်လာတာကြောင့်လန့်ပြီးသူ့ခါးပေါ်လက်ရောက်သွားတော့သည်။
"ဟေး ရှင်းသန့်.. လာမယ့်လာတော့လဲကောင်မလေးနဲ့ပါလား"
"ဟိုက်ရှားပါး....ငါ့ကောင်ကတော့လုပ်ချလိုက်ပြီ"
"ငရှင်းတော့စွံပြီဟ...ကောင်မလေးကအယဉ်လေး"
တစ်ယောက်တစ်ပေါက်ဖြင့်တခြံလုံးဆူညံပွက်ဘောရိုက်နေတော့သည်။ ဆိုင်ကယ်ပေါ်မှဆင်းပြီးပြီးချင်းသွေး ဘယ်နားနေရမလဲမသိ။.လူအများကြီးထဲလဲသွေးနဲ့သိသူတစ်ယောက်မှမပါ။ ရှင်းသန့်ကတော့သူ့ဘေးမှာလူတွေဝိုင်းအုံလို့စကားပြောနေကြပြီး ခဏကြာတော့ဘယ်ပျောက်သွားလဲမသိ။
သွေးတစ်ယောက်တည်းဆိုင်ကယ်ဘေးနားအူကြောင်ကြောင်ရပ်ကျန်ခဲ့လေတော့သည်။ ဘယ်သူမှလဲသွေး
ကိုအဖတ်လုပ်ပြီးစကားလာမပြောတဲ့အပြင်ကို ကွက်ကြည့်ကွက်ကြည့်ဖြင့်ဘာတွေပြောနေလဲမသိ။
ဖုန်းထုတ်ပြီး.စစ်ကိုဆက်ရန်သတိရလာသည်မို့ခေါ်လိုက်စဉ်ဖုန်းကတော်ရုံနဲ့မဝင်၊ သုံးခါမြောက်မှ
"မ...နေကောင်းလား"
ဘယ်လောက်အဆင်မပြေတဲ့အချိန်ပဲရောက်နေနေ စစ်အသံမြူးမြူးလေးနဲ့တင်သွေးနွမ်းလျခဲ့သမျှတို့ပြေပျောက်စေသည်လေ။
"ကောင်းတယ်...စစ်ဘာလုပ်နေလဲ လိုင်းတွေလဲမတက်တော့ဘူးနော်"
"ဟုတ်..မ...ဆရာနဲ့အတူ ပွဲတွေလိုက်နေရလို့မအားဖြစ်ဘူး...မ သင်္ကြန်ဘယ်မှာကဲခဲ့သေးလဲ"
"ဘယ်မှမကဲဘူးတစ်ယောက်တည်းပဲ...စစ်ကော"
"ရန်ကုန်မှာဆရာတို့လိုက်ပို့တယ်...မ...အရမ်းလွမ်းတာပဲ...စစ်ကြိုးစားနေတာမနဲ့နီးဖို့နော်"
"အင်းပါ....ဂရုစိုက်ဦး..နေမကောင်းဖြစ်သေးလား"
"ရန်ကုန်မြေနဲ့တည့်လို့လားမသိ...ဖျားတောင်မဖျားဘူးရယ်...မရေ.....စစ်နောက်မှပြန်ဆက်မယ်နော်မအားတော့လို့"
တီခနဲကိုတန်းချသွားတော့သွေးခဏကလိုပဲအဖော်မဲ့ရပြန်လေသည်။တော်ရုံနဲ့ပေါ်မလာတဲ့ရှင်းသန့်ကိုလဲပစ်ထားခဲ့ရကောင်းလားဆိုပြီးစိတ်တ်ုနေတာ။
"မသွေး..."
အသံလာရာကြည့်လိုက်တော့ မိုးပျံပူဖောင်းရောင်စုံကို တွဲချည်ထားသောကြိုးအားလက်မှာချည်လျင်လာနေတဲ့ရှင်းသန့်ကိုတွေ့လိုက်ရသည်။
"ဪ ရှင်းသန့်လာပြီလား ဒီနေ့မွေးနေ့ဆိုရင်လဲ ဟက်ပီးဘတ်ဒေးနော်"
"မသွေးပေးတဲ့ဆုနဲ့ပြည့်ချင်လိုက်တာ"
"ပြည့်မှာပေါ့..."
"ဟုတ်...ဒါနဲ့ မသွေးမှာချစ်သူရှိလား"
"မရှိပါဘူး"
ဘာလို့များတန်းငြင်းဖြစ်သွားတာလားမသိ။သွေးမှာစစ်ရှိနေတာကိုလေ။
"မသွေးရဲ့ဘေးနားမှာ တသက်စာအတွက်ရပ်တည်မယ့်ပါရမီဖြည့်ဖက်အဖြစ် ကျနော့်ကိုနေရာပေးပါလားဟင်"
သွေးမှာ ချစ်သူရှိပါတယ်သူကမိန်းကလေးပါ ပညာတတ်ဘွဲ့ရမဟုတ်ပါဘူး စသဖြင့်ဝန်ခံလိုက်ရရင်ဖြင့်အရှက်ကွဲအကျိုးနည်းဖြစ်ရချည်ရဲ်။သွေးသည်မိန်းမချင်းကြိုက်သူအဖြစ်ပတ်ဝန်းကျင်သိသွားမှာကိုသေမတတ်ကြောက်နေလေပြီ။ စစ်ကိုလဲမပြောရဲ။
ဒါဆိုရှင်းသန့်ကို ကာဗာအနေနဲ့ချစ်သူပုံစံထားလိုက်ရင်ကောင်းမလား၊....
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့