အမေ ပင်ပန်းမှာစိုးလို့ တစ်ခါလောက်လေး အဝတ်ကူလျှော်မိပါတယ်။ အဲ့နေ့တစ်ခါလေးက စပြီးလျှော်ပေးလိုက်တာနဲ့နောက်ရက်သွေးအဝတ်လျှော်တော့မည်ဆိုတိုင်း တစ်အိမ်လုံးရဲ့အဝတ်တွေက ပါလာတော့သည်။ ဒီလိုကျတော့လဲ ငြီးငွေ့လာသား။
ကိုဟိန်းတို့ ငြိမ်းတို့များ အရင်ကဆို ကိုယ့်အဝတ်ကိုယ်လျှော်နေကျ...ခုမှသွေး မလျှော်မချင်းအဝတ်တောင်းထဲကနေကိုဘယ်သူမှမထုတ်တဲ့အပြင်တရက်ထက်တရက်ပိုတိုးလို့လာတာပဲအဖတ်တင်လာတာ။ မနေနိုင်တဲ့သွေးကသာ ယူယူလျှော်ပေးနေရတာ။
ဘာလိုလိုနဲ့သွေးလဲ ဒုဋ္ဌဝတီမင်းသမီးဖြစ်နေပြီ။ အဝတ်အိတ်ကြီးခေါင်းပေါ်ရွက်ပြီး မြစ်ထဲလာလျှော်ဖွတ်ကမ်းပါးထိပ်မှာ အဝတ်လှန်းဖို့ အဖေတန်းလေးလုပ်ပေးထားတော့သွားလှန်းလိုက်နဲ့ ခုထိတဝက်မကျသေး။
ပန်းအနည်းငယ်ရှိနေတော့ ညနေမှပဲ ခူးတော့မည်မို့အမေတို့တွေခြံထဲမဆင်း။ အိမ်ခြံထဲမှာပဲ သရက်ပင်ရှင်းနေကြ လိမ္မော်သီးအကြွင်းအကျန်များဆွတ်နေကြလားမသိ။
"မသွေးရေ...မသွေး"
ဟင်...ဋ္ဌေးတောင်အဝတ်လာသိမ်းပေးဖို့ရောက်လာပြီ။ ငါဖြင့်လျှော်လို့တဝက်ကျတုန်း။
ကိုဟိန်း ဆိုင်ကယ်ယူပြီးရုံးသို့ခဏဆိုပြ်ိးသွားခဲ့၍ သွေးအပြန်အဝတ်တွေကို ကိုဟိန်း အိမ်ပြန်ရောက်ရင်ဆိုင်ကယ်နဲ့လာသယ်ခိုင်းထားတာကိုး။ အဝတ်တွေကလဲခြောက်ရင်တော့ကိစ္စမရှိ၊ စိုနေတော့သွေးလဲမနိုင်ဘူးလေ။
နောက်သို့ လှည့်မကြည်ပဲ ကိုဟိန်းဂျင်းဘောင်းဘီကို တုတ်နဲ့အဆက်မပြတ်ရိုက်ရင်း
"ဝေး...ငါ ဒီမှာ မပြီးသေးဘူး...နင်ကဲရင်လာလျှော်ကူဦး"
"ဧည့်သည်လာနေတယ်"
"ဟင်..ဘယ်ကဧည့်သည်တုန်း အမေတို့မရှိကြဘူးလား"
"ရှိပ ခုကမသွေးဧည့်သည်"
"ဟာ...ဘယ်က ငါ့ဧည့်သည်လာဖိူ့ရှိမတုန်း ငါ မအားသေးဘူး ဒီမှာလုပ်လက်စကြီး"
လှည့်ပင်မကြည့်ပဲ အဝတ်တွေပဲဆက်ရိုက်လျှော်နေတော့
"မြန်မြန်ပြီးအောင်ကူလျှော်မယ်လေ"
အသံကြည်ကြည်လေးကြောင့်လှည့်ကြည့်မိတော့
"အမ်...ဟိုဟာ..."
"မေ့နေပြီလား...စစ်လေ..တောင်ကြီးကလာခဲ့တာ"
ဟုတ်သားပဲ။ စစ်တစ်ယောက်သွေးရဲ့အနီးဆုံးလေးမှာလာရပ်နေသည်။ဋ္ဌေးကတော့ ဧည့်သည်ပို့ပြီးတာနဲ့ သူ့ကိုခိုင်းမှာစိုး၍လားမသိ။ အိမ်ပြန်သွားချေပြီ။
အဝါရောင်အစင်းကြားရှပ်လက်ရှည်နဲ့ အနက်ရောင်အသားပျော့ဘောင်းဘီရှည်နဲ့ အဝါရောင်ချည်ရှူးဖိနပ်လေးနဲ့ စစ်ပုံစံဟာသွေး စတွေ့တုန်းက ရုပ်ကလေးအတိုင်း၊ လိုင်းပေါ်ပို့ပေးနေတဲ့ ပုံကလေးအတိုင်း ကြည်လင်ရှင်းသန့်လို့နေသည်။
"ဘယ်..ဘယ်တုန်းကရောက်လာတာလဲ"
အဝေးကြီးကနေ ထင်မှတ်မထားတဲ့သူရောက်မယ့်ရောက်လာတော့ြဗုန်းစားကြီးမို့သွေးတောင်အံ့အားတသင့်နဲ့မို့ စကားတွေထစ်ကုန်သည်။
"ခုပဲရောက်လာတာလေ..."
'ဟိုလေ...သွေး အိမ်ကို ဘယ်လိုသိတာလဲလို့ အဲ့..အဲ့ဒါ"
သတိလက်လွတ်လေးတုတ်ကိုင်ပြီး ရပ်နေတော့ စစ်ကသွေးလက်ထဲကလက်ရိုက်တုတ်လေးကို ယူပြီးသွေးအဝတ်လျှော်ရင်ထိုင်တဲ့ကျောက်ငုတ်ကြီးပေါ်ထိုင်ချလိုက်သည်။
"မကလဲ ..စစ်ရောက်လာတာ မကြိုက်သလိုပဲ...မေးနေလိုက်တာ"
"အာ...အဲ့လိုမဟုတ်ပါဘူး ရုတ်တရက်မို့ အံ့သြနေတာပါ"
"လာ ထိုင်အဝတ်လျှော်မယ်မလားနေအရမ်းပူတယ်မရဲ့ စစ်ကူမယ်"
ကမန်းကတန်းစစ်ရိုက်ပြီးအဝတ်လျှော်မယ့်ပုံလုပ်တော့သွေး စစ်လက်ထဲကတုတ်ကို ဆတ်ခနဲယူပြိ်းသွေးပဲလျှော်ရန်ပြုကာ
"ဒါဖြင့်ပြောပြလေ...မကူနဲ့ ပြီးတော့မှာ"
"စစ်ဒီဖက်ရောက်နေတာတပတ်ကျော်ပြီ မရဲ့...ဒီရက်ပိုင်း မက လိုင်းမတက်တော့အသိမပေးဖြစ်ဘူးလေ..."
"အာ့များ ဘာလို့ ခုလိုမလာခဲ့ရတာလဲ"
"အရင်လာတာ မူဆယ်ကိုလေ မူဆယ်ကအမျိုးဆီလာတာ...ဒီနေ့မနက်အစော ကြီးလားရှိုးထွက်လာကြပြီး စစ်ကသီပေါကိုမှီရာကားနဲ့ပြန်လိုက်လာတာ"
"တစ်ယောက်တည်းလာတာလား"
"ညီမတယောက်ပါတယ်သူကလားရှိုးမှာလည်ကျန်ခဲ့တာ စစ်က မဆီရောက်ချငိတာကြောင့်လားရှိုးမလည်ခဲ့ဘူးလေတန်းလာတာ ဒီရောက်တော့ အဲ့ သီပေါတံတားအလွန်လို့မကပြောဖူးတယ်လေ...အဲ့လိုနဲ့ မ ဆက်တဲ့ဖုန်းကိုဆက်တယ်...မ အကိုကိုင်တယ်...စစ်လဲ ဘယ်မှမသွားတတ်တာနဲ့ တံတားနားလေးဆင်းပြီး အဲ့နားကခေါက်ဆွဲဆိုင်မှာ မ အကိုက ရုံးမှာရောက်နေလို့ခဏကျလာခေါ်မယ်ပြောလို့စောင့်နေလိုက်တာ"
အမလေး....စစ်တို့များ သတ္တိရှိချက်။ ကိုယ်တစ်ခါမရောက်ဖူးပဲ လိုင်းပေါ်ခင်ရတဲ့လူတစ်ယောက်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်အောင်လာရဲတယ်လို့။သွေးဆိုတွေးရင်းနှင့်ပင်ကြောက်နေသေးသည်။ မတော်လို့အကိုများဖုန်းမကိုင်ဖြစ်ခဲ့ရင်စစ်တစ်ယောက်သီပေါတံတားနားလေးမှာ မျက်နှာငယ်လေးနဲ့ ဘယ်လိုပုံမျိုးဖြစ်နေမည်မသိ။ စစ်တို့မြို့လေးက မြို့ကြီးပြကြီးတွေလို ကယ်ရီတွေအများကြီးရှိမနေ။
"တော်သေးတာပေါ့..အကိုနဲ့ဆုံသေးလို့..မဟုတ်ရင်ဘယ်လိုလုပ်မလဲ"
"ရော်...ဘယ်လိုလုပ်ရမလဲ ဆိုတော့ အဲ့နားကလူတွေမေးပြီးတည်းခိုခန်းသွားနေမှာပေါ့..ဒီမှာတည်းခိုဖို့တော့ ရှိတယ်မလား"
"ရှိတော့ရှိတာပေါ့ စစ်ကလဲ"
"ကဲပါ မဆီပဲရောက်လာပြီ...မ မိဘတွေနဲ့ခဏတွေ့ခဲ့သေးတယ်...အိမ်မှာပဲတည်းတဲ့...မ သဘောကကော"
"အိမ်မှာတည်းဆိုတည်းပေါ့ ကိုယ့်ဆီလာတဲ့သူကို တည်းခိုခန်းတည်းခိုင်းစရာလားလို့"
"ဟမ့်မကလဲ မဖြစ်မနေ လက်ခံရသလိုမျိုးလား"
"မဟုတ်ပါဘူးနော်...ကဲရော့ဆောင်းထားနေအရမ်းပူတယ်တော်ကြာစစ်အသားတွေမဲကုန်မှ"
ပြောရင်းသွေးဆောင်းထားတဲ့ဝါးခမောက်ကလေးကို စစ်ခေါင်းပေါ်တင်ပေးလိုက်သည်။
"အာ...မလိုပါဘူး စစ်ကထိုင်နေရုံပဲဟာ...မပဲဆောင်းပါ"
စစ်ကသွေးကို ပြန်ဆောင်းပေးမည်လုပ်တော့
"မကနေနေကျ...တော်ကြာ မဆီရောက်မှနေမကောင်းဖြစ်နေဦးမယ်"
"ဒါဖြင့်စစ်မလျှော်ပြီးသားအဝတ်တွေရေလျှော်ပေးမယ်"
ပြောပြောဆိုဆိုနဲ့သွေးဆပ်ပြာတိုက်လျှောက်ဖွတ်ပြီးသားအဝတ်တွေကိုရေထဲဆင်းပြီးရေကြည်လျှော်ပေးရန်အတွက်ကမ်းစပ်ကချုံအရပ်လေးမှာ စစ်ပတ်ထားတဲ့ရွှေရောင်နာရီလေးရယ်ရှူးဖိနပ်လေးကိုချွတ်ပြီး အင်္ကျီလက်မောင်းပင့်ကာရေထဲဆင်းတော့သည်။
သွေးကအားနာလှစွာဖြင့်
"အယ်...စစ်ရယ်အားနာစရာကွာ အဲ့အရိပ်လေးပဲစောင့်နေပါလား....မ ခဏဆိုပြီးတော့မှာကို"
"ရပါတယ်စစ်လဲပူလို့ရေဆော့ချင်နေတာ"
"ကျောက်ခဲတွေချော်တယ်နော်ဂရုစိုက်ရေစပ်လေးတင်လုပ်ဦးရေစီးကသန်တယ်"
"မ ဒီမြစ်က လူစားလား"
"မစားပါဘူးရေစီးသန်တော့မျောမှာစိုးလို့ပါနော်..."
"ဟုတ်ကဲ့ပါ မကလဲ ဒါလေးမေးတာ မျက်နှာတွေလဲပျက်လို့ဟီး"
"ရီမနေနဲ့ စစ်ကအပြင်မှာလဲရုပ်ပြောင်လေးပဲ "
"ဒါမဲ့ပြောင်လဲချောတယ်မို့လား"
ပြန်လည်လှည့်မေးရင်း ပြုံးစစဖြင့်သွေးဆီသို့ရေစက်ရေပေါက်အချို့ပက်ထည့်လိုက်တော့သွေးကျောဖက်ရေအချို့ကျရောက်လာသည်။
"ဟယ်နေပူကြီးရေမပက်နဲ့လေ"
"မတို့လဲဒီထဲမှာပဲရေချိုးတာလား"
"အင်းပ အိမ်ဘေးနားလဲရေတွင်းသေးသေးလေးရှိတယ်အဲ့မှာလဲချိုးတဲ့အခါချိုးတယ်ဒါမဲ့ ဒီဖက်ပဲအလုပ်လာရင်းချိုးပြန်ဖြစ်တာများများ"
"ရေလဲစိမ်းကြည်နေတာပဲ နံလဲမနံဘူး အမှိုက်တွေလဲပါမလဲဘူး သန့်ချက်"
"ရေစီးသန်တဲ့မြစ်ဆိုတော့အဲ့လိုဖြစ်မယ်...ရပြီ စစ်မ ပြီးပြီ ပြန်ကြစို့"
"ဟုတ်ကဲ့ မ"
နေ့လယ်ခင်းနေပူကျဲကျဲ မြစ်ကမ်းစပ်မှာ အဝတ်တွေအတူလျှော်လို့ စကားဆိုကြတာတွေကိုသွေးအတွက်တော့မထူးဆန်းလောက်ပေမယ့်စစ်အတွက်အမှတ်တရတွေတော့ဖြစ်နေတော့မှာအမှန်ပင်။
အိမ်ပြန်အဝတ်တွေလှန်းပြီး စစ်ကိုနေ့လယ်စာကျွေးဖို့အမေအသင့်ပြင်ထားပေးပေမယ့်စစ်ကခေါက်ဆွဲဆိုင်မှာကိုဟိန်းကိုထိုင်စောင့်ရင်းစားဖြစ်ခဲ့တာမို့ မကျွေးဖြစ်တော့။
အိမ်ရှေ့ကွပ်ပျစ်လေးမှာ လက်ဖက်ရည်ကြမ်းဝိုင်းနဲ့ ပဲခွေသုပ်လေးမြည်းရင်း အဖေအမေတို့တွေနဲ့ စစ်စကားစမြည်ပြောနေချိန်မှာသွေးတစ်ယောက်စကားဝိုင်းထဲ မပါရရှာ။ အကြောင်းမှာ မနက်ဖက်သွေးအရင်ထပြီးဈေးသွား ပန်းပို့ ပြန်လာတော့ အိမ်ဘေးမြက်ရှင်းနေတာနဲ့အပေါ်ထပ်ပင်မတက်ဖြစ်သောအခါ ညီမငယ်ဋ္ဌေးတစ်ယောက်အိပ်ယာထ၍ ဘယ်သောအခါမျှစောင်မခေါက်ခဲ့ဖူးသောကြောင့်မတော်၍စစ်များနားချင်ကာအပေါ်တက်လာရင်ဖြင့်အရှက်တွေကွဲရကိန်းကြီးလေ။
စောင်တွေခေါက်အဝတ်တွေသိမ်းနဲ့ အလောတကြိးရှင်းလိုက်ရသည်။
အိမ်အောက်ထပ်ပြန်ဆင်းပြီး
"စစ်လာနားချင်ရင်နားလေ...လာ"
သွေးခေါ်တော့ အဖေတို့ကလဲ အလိုက်သိစွာ
"ဟုတ်သားပဲ သမီး သွားနားချေဥိး ပင်ပန်းရော့ပေါ့"
"မပင်ပန်းပါဘူး ဦးလေး"
"လာပါ ခဏလောက်လှဲနေလိုက်"
စစ်ကို လက်ဆွဲမခေါ်ရုံတမယ်ပြောဆိုခေါ်ပြီးအပေါ်ထပ်အခန်းထဲခေါ်သွင်းလိုက်သည်။
အိပ်ယာဘေးက ပြတင်းပေါက်နှစ်ခုစလုံးဖွင့်လိုက်သည်။ ဒါမှလေဝင်ပြီးအေးမှာလေ။
"ဒါက မ အခန်းလား"
"အင်းပ ကျဉ်းကျဉ်းလေးဆိုတော့ စစ်နေတတ်ပါ့မလား"
"စစ်လဲကျဉ်းကျဉ်းလေးမှနေတတ်တာမရဲ့..အိမ်မှာအမေနဲ့အိပ်တောင်ဒီထက်ကျဉ်းမလားပဲ"
"လျှောက်ပြောမနေနဲ့ လှဲချင်လှဲလိုက်တော့"
သင်ဖြူးဖျာလေးကို ခင်းထားပေးလိုက်သည်။ ညကျရင်တော့ အငယ်မဋ္ဌေးကိုတော့ အပြင်ပို့ရမည်။ အခန်းထဲက ပစ္စည်းတွေကော စုံစီနဖာမို့လို့ လူနှစ်ယောက်တောင်မနည်းအိပ်ရတာပင်။
"မကော မလွဲဘူးလား"
သွေး အိပ်ယာပေါ်ကို စစ်ခြေဆန့်လက်ဆန့်လှဲလျောင်းပြီး အကြောဆန့်လိုက်သည်။
"ခဏနေကျရင်ပန်းသွားခူးရဦးမှာ"
သေသေချာချာ ဖွက်ထားတဲ့ဖုန်းဘူးလေးကိုယူပြီးသွေးလဲ စစ်ဘေးတွင်လှဲလိုက်သည်။သွေးတော့ ပုံမှန်ဘာမှမဖြစ်ပေမယ့်စစ်ကတော့စိတ်ထဲမရိုးမရွကိုဖြစ်လို့နေသည်။
"မ ဘာလို့မသုံးပဲအဲ့တိုင်းထားတာလဲ"
"စစ်ကိုစောင့်နေတာလေ..."
"ဟာ..မရယ်...စစ်က တခြားဘာစိတ်မှမရှိပါဘူးရိုးရိုးသားသားပေးတဲ့ဟာကို ပြီး စစ်မှာလဲရှ်တယ်"
လှဲနေရာမှ ထပြီး စစ်လွယ်လာတဲ့ကျောပိုးအိတ်ထဲမှ ဖုန်းကိုထုတ်ယူလိုက်လေသည်။ စစ်ကသွေးဆီလာတာကျောပိုးအိတ်ထဲအဝတ်သုံးလေးစုံသာထည့်ယုလာခဲ့တာ။ ကျန်တာတော့ နန်းနန်းဆီပဲထားပစ်ခဲ့တာလေ။ သူ့ကောင်လေးကသီပေါထိပို့ပေးမှာဆိုတော့သူ့ကားပေါ်ကတောင်အထုတ်တွေအောက်ချစရာမလို။ ထို့ကြောင့်အေးအေးသက်သာပဲ အိတ်လေးတစ်လုံးနဲ့ပေါ့ပေါ့ပါးပါးလာဖြစ်ခဲ့တာ။
သွေးထုတ်ထားတဲ့ဖုန်းနဲ့စစ်ယူလာတဲ့ဖုန်းက အနီရောင်ချင်းတူနေလေတော့
"ဟင်အတူပဲဝယ်တာလား"
"အင်းပ ဒီဖုန်းကကောင်းတယ်လေ...မရဲ့ ကင်မရာလဲလှတယ်လိုင်းဆွဲအားလဲဂွတ်"
"ဖုန်းဆိုင်မှာစစ်သွားလုပ်ပါလား ညွှန်းနေတာ"
"မ ကို ဖုန်းခေါ်မယ်ကြည့်"
"မ ဘာကဒ်မှမထည့်ရသေးတာကို"
"ပြမယ်"
ဖုန်းနံပတ်အချို့ကိုနှိပ်ရင်းခေါ်လိုက်တော့သွေးလက်ထဲကဖုန်းမြည်လာတော့သည်။
"ဟင်စစ်ထည့်ထားတာလား"
"အင်းပေါ့ နံပတ်ကလဲစစ်နဲ့တစ်လုံးပဲကွာတာ"
"ကဲပါ နားတော့ ပင်ပန်းလှပြီး မလဲခဏအိပ်မယ်"
ဖုန်းတွေကိုယူပြီးအပ်ယာခြေရင်းကသေတ္တာလေးပေါ်တင်ပြီးသကာလသွေးမှာပြတင်းပေါက်ဖက်မျက်နှာမူကာ အိပ်စက်သွားလေတော့သည်။
စစ်မှာတော့ မျက်စိထဲအလင်းရောင်ရနေသဖြင့်အိပ်၍မရ။ အိမ်မှာလဲနေ့ခင်းအိပ်နေကျမဟုတ်၍မအိပ်တတ်သောကြောင့်ပင်။သေးသေးကွေးကွေးမရဲ့နောက်ကျောပြည့်ပြည့်လေးကိုကြည့်ပြီးချစ်မဝဖြစ်လို့နေတော့တာ။
...
"အယ်မမ အဲ့လို မညှပ်ရဘူးလေ..
ဒီမှာ ကြည့်အောက်မှာအကိုင်းထွက်ဖို့ အညှောက်ကလေးထွက်နေတယ်မြင်လား အဲ့အပေါ်ကနေညှပ်ရမယ်"
"အဲ့လိုပွေ့သွားရင်ဆူးတွေစူးမှာပေါ့ ဒီမှာဆာလာအိတ်နဲ့ပန်းတွေကိုပတ်ပြီးသယ်ရတာ"
ခါတိုင်းသွေးတို့ပန်းညှပ်နေတာ တိတ်ဆိတ်ငြိမ်သက်လို့
ခုတော့ တခြံလုံးဋ္ဌေးအသံချည်းပျံ့လွှင့်နေသလို နှီးထိုးပေးနေတဲ့တဲပေါ်ကအဖေရယ်အခင်းစပ်လေးမှာပန်းစည်းနေတဲ့အမေရယ်အခင်းထဲမှာ ပန်းညှပ်နေတဲ့သွေးရယ်တို့အကြည့်တွေက တစ်နေရာတည်းသို့ကျရောက်နေသည်။ဘောင်းဘီရှည်ကို ဒူးအထက်ထိပင့်တင်လို့ အင်္ကျီလက်ရှည်လေးကိုလဲ တံတောင်ဆစ်အထိပင့်တင်ထားသေးသည်။ ဝဲကျနေတဲ့ဆံပင်အချို့ကို အိပ်ယာခေါင်းရင်းဖက်ကတုံးပေါ်တင်ထားသောသွေးခေါင်းစည်းကြိုးလေးဖြင့်ကပိုကရိုလေးစည်းထားတော့ ဆံနွယ်စအချို့နဖူးပေါ် နားသယ်စပ်အချို့တွင်ဝဲကျနေလေသည်။
ကပိုကရိုနဲ့ ပန်းခင်းအလယ်တွင်ဋ္ဌေးနဲ့ပန်းညှပ်ရင်း မလုပ်တတ်မကိုင်တတ်ဖြစ်နေသော စစ်ကိုဋ္ဌေးကသင်ပြနေခြင်းပါ။
မလုပ်နဲ့ဟုပြောသော်လဲ ဟိုဖက်ပြေးလိုက်သည်ဖက်ပြေးလာလိုက်နဲ့မို့ပြောမရအဆုံးလွှတ်ထားပေးခြင်းရယ်။
ဆာလာအိတ်နဲ့ပတ်ထားသော နှင်းဆီခက်အချို့ကိုဒေါ်နီဆီသယ်သွားလိုက်သည်။
"အန်တီ စစ်လဲစည်းမယ်လေ...သင်ပြပေါ့"
"ရပါပြီ စစ်ရယ်ဆူးစူးမယ်ကွဲ့"
"မစူးပါဘူးအန်တီရဲ့ ဘယ်လိုစည်းတာလဲ ပြလေ"
"ကဲပြောမရလဲ ကြည့်"
ဒေါ်နီပေါင်ပေါ်တင်ထားသောနှီးကိုယူမည်ပြုတော့တပင်တည်းကျန်တော့တာမို့ နှီးထိုးနေသောသွေးအဖေဆီသို့သွားကာ
"ဦးလေး ဒီအစိုနဲ့ စည်းလို့ရတယ်မို့"
"ရတယ်လေကွယ်ဥိးလေးနဲ့အတူတဲပေါ်လာထိုင်နေပါလားကွယ်ခြံမြေကစိုစိစိနဲ့အေးနေပါဦးမယ်"
"ရပါတယ်ဦးရဲ့ စစ်ကဒီလိုလုပ်ရတာပျော်တယ်အိမ်မှာဆိုဒီလိုမြေနင်းဖိုတောင်မရှိဘူး"
"ဟုတ်လား...ဘာလို့မြေမရှိတာလဲ"
"တစ်ခြံလုံးအင်္ဂတေအပြည့်ခင်းထားတာကိုးလေ"
"ဪ ဒါကြောင့်ကိုး"
"ယူသွားတော့မယ်နော်"
ရှေ့မှာပုံချထားတဲ့နှီးပင်အချို့ယူခဲ့ပြီး နှင်းဆီပန်းစည်းရင်ပြင်လေပြီ။သွေးအမေထိုင်သလိုပဲမြေကြီးပေါ်ဖြစ်သလို ထိုင်ချဟန်ပြင်စဉ်
"အဲ အဲ့လိုမထိုင်ချနဲ့လေပေသွားကုန်လိမ့်မယ်ကွယ်အဲ့ဒီဆာလာအိတ်ခင်းပြီးပဲထိုင်ပါနော်"
ပါးစပ်ကလဲပြောရင်း ဆာလာအိတ်ကိုစစ်ထိုင်မယ့်နေရာခင်းပေးလိုက်တော့အားနာသွားရသည်။
"စစ်တော့ ငရဲရတော့မယ်အန်တီရဲ့...ဟီး...တစ်စည်းမှာ ဆယ်ပွင့်နော်...."
ဒီလိုနဲ့ မိုးချုပ်သည်အထိ ပန်းစည်းလိုက်ပန်းသယ်ကူလိုက်နဲ့ စစ်ရဲ့ ပထမနေ့ကုန်ဆုံးသွားလေသည်။ရေကိုတော့ ခြံထဲက တဲဘေးတန်းပေါ်တွင်တင်ထားသော မရဲ့ရေချိုးဝတ်ထမီလေးဝတ်ပြီး မနဲ့အတူ ဒုဋ္ဌဝတီမြစ်ရေထဲတွင်စိမ်ချိုးလိုက်ရပါသည်။ရေချိုးနေရင်း မကို မကြည့်မိစေရန်ထိန်းချုပ်ရသည်မှာလဲ အမော။ ကြည့်မိရင်လဲမျက်နှာမလွှဲနိုင်ရတော့လောက်အောင်မို့ စိတ်ထဲကနေ မကိုအားနာရသည်လေ။
မတို့မိသားစုက လူစုံမှထမင်းစားတတ်ကြသည်လို့ မပြောဖူးတဲ့စကားတော့အမှန်။ စစ်ကိုလာကြိုတဲ့မ အကိုကလွဲရင်စစ်ပါ စုံညီထမင်းစားလိုက်သည်။ မရဲ့မောင်လေးငြိမ်းဝေဆိုသောကောင်လေးသည်ထမင်းဟင်းချက်ကောင်းသောကောင်လေးတစ်ယောက်ပင်။ စစ်တောင်မိန်းကလေးဖြစ်ပါလျက်မချက်တတ်။
အောက်ထပ်ဧည့်ခန်းသေးသေးလေးမှာ မိသားစုတွေတီဗီကြည့်နေစဉ်မကတော့အပေါ်ထပ်မှာဘုရားဝတ်ပြုနေပြီ။
ဒီလိုလေးတွေကအစစစ်မြတိနိုးနေမိပါတကား။
"ဟော..စစ်မအိပ်သေးဘူးလား"
အိပ်ခန်းအတွင်း စစ်တယောက်တည်း ပျင်း၍ ဖုန်းကလိနေစဉ်သွေးဝင်လာရင်းမေးလိုက်သည်မို့ လက်ထဲကဖုန်းချပြီးဘေးတစ်ဖက်သို့ တိုးပေးလိုက်သည်။
"ဟုတ်မအိပ်သေးဘူး မ ထမင်းစားများသွားတော့တမျိုးကြီးဖြစ်နေတာ"
ဗိုက်ကလေးပွတ်ကာပြောနေသော စစ်အားသွေးက ကလေးတစ်ယောက်ကိုချစ်စနိုးဖြင့်ပြုမူသကဲ့သို့ စစ်ပါးလေးအားမနာအောင်ဖွဖွလေးလိမ်ဆွဲလိုက်ကာ
"ဟုတ်လို့လားငြိမ်းလက်ရာက အဲ့လောက်မကောင်းပါဘူး"
"အ ဟုတ်တာပေါ့ တကယ်ကောင်းတာယောက်ျားလေးဖြစ်ပြီးအချက်ကျွမ်းတယ်သူ့ကိုယူမယ့်မိန်းမကတော့ကံကောင်းပြီ"
"စစ်နဲ့သဘောတူပေးမယ်လေ..."
သွေးပြောတဲ့စကားက အပေါ်ယံစနောက်လိုက်ပေမယ့်စစ်စိတ်ထဲသိပ်မကောင်း။
အေ့လေ....အစ်မကိုကြိုက်လို့လာပါတယ်ဆိုမောင်နဲ့တောင်စပ်ေပးနေသကိုး။
"မကလဲ စစ်က ကိုယ့်ထက်ငယ်တဲ့သူသဘောမကျပါဘူး စစ်လဲထမင်းဟင်းချက်တတ်သူယူမှာ
စစ်ကချက်တတ်ဘူး"
"သင်ထားပေါ့ ထမင်းဟင်းမချက်တတ်ရင်လူပီသတယ်မခေါ်ဘူးကွယ်"
ခြေလေးဆန့်ပြီးခေါင်းအုံးကိုအိမ်နံရံတွင်ဒေါင်ဘိုက်ထောင်ကာ စစ်ကိုယ်ကမတ်မတ်လေးလျောက်းနေသည်ကိုသွေးက နံဘေးဝင်လျောင်းရင်းစစ်အပေါ်သို့စောင်လွှားခြုံပေးလိုက်လေသည်။
'ဘာလို့လဲ မရဲ့ စစ်မှချက်စရာမလိုတာ အိမ်မှာမမချက်တယ်လေ"
"တချိန်ကျ လိုတယ်လေ လူဖြစ်ပြီးကိုယ်အမြဲစားနေတဲ့စားစရာမတီထွင်တတ်တာတောင်မှသူများစိုက်ပျိုးပြီးသား ချက်စားဖို့အသင့်ကိုတော့ ချက်ပြုတ်တတ်ရမှာပေါ့"
"လောကမှာ ပိုက်ဆံပဲလိုတာပါ လူ့ဘဝမှာပိုက်ဆံရှိရင်ရတယ်ချက်စားစရာမလိုအောင်ချက်တဲ့သူလခပေးငှါးလိုက်မယ်နောက်ဆုံးပါးစပ်ရှေ့အရောက်ခွံ့ကျွေးမယ့်သူတောင်ငှါးလို့ရတဲ့ခေတ်ကြီး မရဲ့ ခုခေတ်က လူချမ်းသာတွေကသိပ်ပြီးအပင်ပန်းမခံကြတော့ဘူး"
"အပြောတွေချည်းပါ ပိုက်ဆံကအရာရာတိုင်းအတွက်တော့ အရေးမပါပါဘူး ပိုက်ဆံရှိတိုင်းပိုင်ဆိုင်ခွင့်မရတာတွေလဲလောကမှာအများကြီး"
"အချစ်တို့သေမင်းနဲ့လုတာတို့တော့မပါဘူးပေါ့"
"စစ်တော့အေးချမ်းတဲ့နေရာမှာနေလို့လားတော့မပြောတတ်ဘူး အရင်က ဒီဖက်မှာစစ်တွေဖြစ်တယ်မြို့တွင်းကဆ်ုင်တွေပိတ်လို့ တစ်ချို့ဆိုင်တွေဆို ပိုက်ဆံဘယ်လောက်ေပးပေးသူတို့ကုန်ပစ္စည်းတွေမရောင့းကြတော့ဘူး သူတိူ့လောက်ငဖို့အတွက်ပဲချန်ထားကြတယ်ဒီလိုနေရာတွေမှာဆိုဘယ်မလဲပိုက်ဆံကအရာရာဖြစ်တယ်ဆ်ုတာ....အလကား...အရေမရအဖတ်မရတွေလျှောက်ပြောနေကြတာ"
စကားထဲမှာမာန်သံတွေပါလာပြီမို့ စစ်ပဲလက်လျှော့ရကာ
"ကဲ ဟုတ်ပါပြီစစ်မငြင်းတော့ပါဘူးနော်မပြောသလိုပဲလူပီသအောင်ထမင်းဟင်းချက်စားတတ်ဖို့မ သင်ပေးပေါ့ ခုတော့ အိပ်မယ်"
"အင်း စစ်လဲအိပ်"
အိပ်မယ်ဆိုတော့လဲ ချက်ချင်းကြီးတစ်ဖက်သိူ့မျက်နှာမူပြီးစစ်ကိုကျောခိုင်းကာ အိပ်သွားလေပြီ။ ဒီညဲလဲအိပ်ပျော်ပါ့မလားစစ်ရေ။ စစ်ကသာဂေးနေကွေးနေပေမဲ့ အဖြောင့်မမသွေးကြီးကတော့ အပူအပင်မဲ့စွာအိပ်မောကျနေပါပြီ။
...
မနက်လေးနာရီခွဲဆိုသွေးထနေကျ။ တစ်ညလုံးသွေးဘေးမှာ စစ်အိပ်နေတယ်ဆိုတဲ့အသိနဲ့တော့ အိပ်မပျော်ဘူးဟုမရှိ။သွေးက ခါတိုင်းညီမနဲ့အိပ်ပြီး စစ်ရောက်လာတော့ ညီမကအပြင်ခန်းမှာအမေနဲ့သွားအိပ်တာပါ။ သူများတွေဆို သူစိမ်းတစ်ယောက်နဲ့အတူအိပ်ရလျှင်အိပ်မပျော်တတ်ဘူးဟုရှိသော်လဲသွေးကတော့ကျောင်းတက်စဉ်တည်းက သူငယ်ချင်းတွေနဲ့လဲကြုံရင်ကြုံသလိုအိပ်တတ်တာပါပဲ။ ထို့ကြောင့်စစ်နဲ့အတူအိပ်ချင်းကားသွေးအတွက်အဆန်းတကြယ်ဖြစ်၍မနေပါ။
နှိုးစက်မြည်တာနဲ့ ထပြီးဖုန်းမီးဖွင့်၍ စစ်ကိုကြည့်လိုက်တော့သွေးဖက်ကိုလှည့်၍စောင်မခြုံပဲကွေးကွေးလေးအိပ်ပျော်နေလေသည်။
သွေးမအိပ်ခင်ကခြုံပေးထားတဲ့စောင်ကတော့သွေးနဲ့စစ်ကြားလေးမှာအတန်းလိုက်ရှိနေသည်။စောင်လေးကိုမပြီး စစ်ကိုယ်ပေါ်ပြန်ခြုံပေးလိုက်သည်။
ဖုန်းမီးရောင်အောက်ဝယ်နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့ စစ်မျက်နှာလေးကို အမှတ်တမဲ့စိုက်ကြည့်မိသည်။
"ဖုန်းနဲ့ရိုက်ပြီးပို့တဲ့ပုံတွေတော့ လှနေတာကင်မရာလှတယ်လို့ပဲမှတ်နေတာ ဒါမဲ့ ဒီကလေးကတော့ အပြင်မှာပိုလှနေတယ်အိပ်နေတာတောင်အပြစ်ကင်းပြီးပိုလှသလိုပဲ...တို့တွေများအိပ်ရင်ဆံပင်တွေဖွာလန်ကြဲလို့..သူကတော့ ချပ်ချပ်ရပ်ရပ်နဲ့ဆံပင်လဲပျော့စင်းနေလို့လားမသိ.."
အခန်းလိုက်ကာစကို ပြန်ဆွဲပေးခဲ့ပြီးအောက်ထပ်ဆင်းလာလိုက်သည်။ ညနေထမင်းစားပြီးတည်းကသွေးက ထမင်းအိုးထဲဆန်တွေထည့်ပြီးချက်ဖို့အသင့်ဆိုတော့ရေထည့်ပြီးပလပ်ထိုးလိုက်ရုံ။
မျက်နှာသစ်သွားတိုက်အိမ်သာတက်အကုန်ပြီးမှအိမ်ထဲဝင်လာတော့ထမင်းကကျက်နေပြီ။ ပလပ်ဖြုတ်မီးမိန်းချခဲ့သေးသည်။ မဟုတ်ရင်အမေကခြောက်နာရီလောက်မှထတော့ မီးမီတာခတွေအကျများလိုက်မည်ဖြစ်ခြင်း။
ဆိုင်ကယ်ပေါ် ပန်းထုတ်လေး တင်သည်။ ညနေတည်းကသေတ္တာအလိုက်ပန်းထည့်ထားတာကိုဖောက်သည်လာယူသွားလို့ ဒီမနက်ကနောက်မှာပန်းသေတ္တာတင်စရာမလို။
အောက်ထပ်မှာသနပ်ခါးရည်ကျဲလေးလိမ်းပြီးအဝတ်အစားလဲရန်အပေါ်ပြန်တက်လာသည်။ စစ်နိုးသွားမှာလဲကြောက်သေးတာ။
အဝတ်စားလဲပြီးပြန်ထွက်မည်အပြု
"ဟင်မ ဘယ်သွားမလို့လဲ "
"အယ်စစ်နိုးနေတာလား"
စစ်အသံကြောင့်နောက်ပြန်လှည့်တော့ စစ်ကငုတ်တုပ်ထထိုင်ပြီး မျက်စိကိုလက်နှစ်ဖက်ဖြင့်ပွတ်နေသည်။
"ဟုတ်ခုမှနိုးတာ မ ဘာလုပ်မို့လဲ အစောကြီးထနေတာ"
"မဈေးကိုပန်းသွားပို့မလို့လေ စစ်ကဘာလို့ထလာတာ
လဲ"
"မ စစ်လဲလိုက်မယ်လေ"
"ဟယ်အစောကြီးရှိသေးတာ ပြန်အိပ်လိုက်ပါဦးနော်မ ပြန်လာမှ မြို့ထဲလိုက်ပို့ပေးမယ်လေ"
သွေးစကားကိုနားထောင်ရင်းစစ်က ထရပ်ပြီးစောင်ခေါက်လိုက်သည်၊
ပြီး သပ်ရပ်ပြီးသားဆံပင်ကို လက်နှစ်ဖက်ဖြင့်သပ်ချလိုက်ပြီး
"စစ်လဲ မနဲ့လိုက်မယ်မ ပန်းပို့နေတဲ့မနက်ဈေးလေးကိုလဲစစ်ရောက်ဖူးချင်တယ်မနော်ခေါ်ပါနော်"
လက်အုပ်ကလေးချီလို့ပြောပြီးအခန်းထဲကထွက်သွားကာအောက်မှာမျက်နှာသစ်နေလေတော့သည်။
မခေါ်ချင်လို့လဲမရတော့ချေ။
နောက်ဆုံးမှာတော့သွေးဖြင့်ဆိုင်ကယ်နောက်မှာချည်ထားသောပန်းထုတ်ကိုပြန်ချရှေ့မှာတဝက်တင်ပြီးနောက်ကထိုင်တဲ့စစ်ကတဝက်ပွေ့ကာဈေးသို့မနက်စောစောမြန်းလိုက်ရလေတော့သည်။
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့