တောင်ကြီးမြို့ရဲ့ဆေးရုံကြီးတစ်ခု၏လျှောက်လမ်းတစ်နေရာတွင်ငိုယိုနေသော မိန်းကလေးငယ်နှစ်ဦး။ သူတို့နှစ်ဦးဆီသို့ရေးကြီးသုတ်ပြာနှင့်အပြေးတပိုင်းပြေးလာသောလူသုံးဦး။ အတိအကျဆိုရသော်မိန်းမကြီးတစ်ဦး မိန်းမလတ်တစ်ဦးနှင့်ယောက်ျားတစ်ဦး။
"နန်း...ဘာဖြစ်ကြတာလဲဟင်....မကြီးတို့ကိုပြောပြပါဦး"
မိန်းမကြီးကတော့ရင်ဘတ်ကြီးဖိပြီး ငိုနေသော မိန်းကလေးထံမှအဖြေကိုမျှော်လင့်နေသည်။
"အီး...ဟီး...မကြီး....မမစစ်တို့....ဟင့်...."
"ခမ်းအိမ့်...ဘယ်လိုဖြစ်ကြတာလဲဟင်...စစ်ကော"
ခမ်းအိမ့်လဲ ဒူးနှစ်ဖက်ပေါ်လက်တင်ခေါင်းတင်ပြီး တသိမ့်သိမ့်ငိုရှိုက်ကာ ဘာမှပြန်မဖြေနိုင်ပဲ အရေးပေါ်ခန်းထဲသို့သာ လက်ညိုးထိုးပြတော့သည်။
ငိုချည်းငိုနေတော့ ဘာမှမေးလို့မရတော့တဲ့အဆုံးအရေးပေါ်အခန်းထဲမှဆရာဝန်တစ်ဦးဦးထွက်လာဖို့ပဲစောင့်ကြရုံရှိသည်။ ညနေမှောင်လာပြီဖြစ်သော်လည်း အခန်းအပြင်ဖက်မှာထိုင်နေကြသော လူငါးယောက်ကတော့ အပြင်မှာအေးလို့အေးမှန်းမသိကြ။ ပိတ်ထားဆဲဖြစ်သော အခန်းတံခါးဝကိုသာမမှိတ်မသုန်ကြည့်နေကြလေသည်။ မိန်းမကြီးနဲ့မိန်းမလတ်ကတော့ လက်အုပ်ချီမျက်စိမှိတ်ပြီးဘုရားတွေအာရုံပြုနေသည်ထင်။ တိတ်ဆိတ်နေမှုကား မင်းမူကြီးစိုးနေသည်။ အတန်ကြာမှတံခါးဝဖွင့်လာပြီး ဆရာဝန်တစ်ဦးထွက်လာတော့ယောက်ျားကအရင်ပြေးကြိုကာ
"ဆရာ....လူနာအခြေအနေ"
"ခင်ဗျားတို့ ကလူနာရှင်လား"
"ဟုတ်ပါတယ်ဗျာ....လူနာရှင်တွေပါ"
"မိန်းကလေးတစ်ယောက်ကတော့ ဘာအတွင်းဒဏ်ရာမှမရှိပါဘူး....နှလုံးအားနည်းတတ်တဲ့ရောဂါအခံနဲ့အက်စီးဒင့်ဖြစ်စဉ်ကအရှိန်ကြောင့်သတိလစ်နေတာပါ....စိုးရိမ်စရာမရှိတော့ပါဘူး"
"ကျေးဇူးပါ...ဆရာ....နောက်တစ်ယောက်ကော..."
"နောက်တစ်ယောက်ကတော့......"
တရားခွင်မှာ တရားသူကြီးအမိန့်ချချက်ကို ရင်တမမနဲ့စောင့်နေရသည့်နှယ်အားလုံးရဲ့အကြည့်တွေကဆရာဝန်ဆီသို့ကျရောက်နေသည်။နောက်တော့....။
....
"စစ်ကလေး...ခုထိသတိမရသေးဘူးလား...နိုးလာပါတော့ကွယ်အဲ့လောက်အိပ်ရတော်ရော့ပေါ့"
ခဏနေ သတိရလာမှာဆိုပြီး ခုတော့စစ်အိပ်ပျော်နေသည်မှာနှစ်ရက်သုံးညရှိနေပြီ။ဆေးတွေအဆက်မပြတ်သွင်းရင်း နှလုံးခုန်စက်မြည်သံကလွဲပြီးအခန်းထဲမှာတိတ်ဆိတ်နေသည်။သွေးတစ်ယောက်ပဲနေ့မနားညမနားစစ်ဘေးနားနေပြီးစောင့်ကြည့်နေသည်။
စစ်တစ်ယောက်ပဲခုလိုဖြစ်နေတာသွေးကြောင့်လဲပါသည်လေ။ အဲ့နေ့က နန်းနောက်သာလိုက်စီးခဲ့ရင်စစ်ခုလို ဖြစ်စရာအကြောင်းမရှိ။ ခုတော့ လက်မောင်းမှာဆေးပိုက်နဲ့ခေါင်းမှာလဲပတ်တီးစလေးစည်းလျက်သား။
မထိရက်မတို့ရက်နှင့်ဘေးကနေစိတ်ပူနေရသည်။ မျက်စိမှိတ်ထားသည့်စစ်ရဲ့မျက်လုံးလေးတွေဘယ်တော့များပွင့်လာလေမလဲ ဆိုပြီးမျက်နှာလဲမလွှဲရက်ချေ။
"စစ်ရေ...အိမ်မက်ထဲမှာဘယ်တွေသွားနေတာလဲ...ဗိုက်များဆာနေပြီလား...နိုးလာပါတော့ဆို....စစ်ခုလိုဖြစ်နေတော့ မဖြင့်မပြန်နိုင်သေးဘူး အိမ်ကတော့ဆူနေဦးမှာပဲ မတတ်နိုင်ဘူးပြန်ပြီးမှဆူပါစေတော့....ကိုယ်ချစ်သူလေးကိုဒီပုံစံနဲ့မထားရက်နိုင်ဘူးလေ...နော်"
ဆာဆိုမှသွေးဗိုက်ကလဲမဆာ။နေ့နေ့ညညစစ်အနားပဲနေနေတာ။ ဆာရမှန်းလဲမသိ။ စစ်အစ်မနှင့်အမေကတစ်လှည့်၊ နန်းနှင့်ခမ်းအိမ့်ကေသီတို့ကတစ်လှည့်နှင့်လာလာပြီးစောင့်ကြသည်။ အကုန်လုံးကအပူရုပ်တွေနဲ့မို့ သူတို့လာတဲ့အချိန်တွေဆိုသွေးကိုမတွေ့စေရန်ရှောင်နေလိုက်သည်။သွေးကိုမြင်နေရရင်ဒေါသထွက်နေကြမှာ။ ဆိုင်ကယ်အတူစီးပါရက်နဲ့သွေးကျဘာမှမဖြစ်ပဲစစ်ပဲဖြစ်နေသည်ကိုး။
ဘယ်သူကမှသွေးကို ဂရုစိုက်ပြီးကြည့်မနေကြ။
စစ်အစ်မကအောက်မှာသူ့ယောက်ျားထမင်းလာပို့လို့ဆိုလား ဆင်းသွားစဉ်သွေးလဲစစ်ရဲ့မျက်နှာကိုဝဝကြီးကြည့်ခွင့်ရတော့သည်။ ပါးတစ်ဖက်မှာပလာစတာတစ်ခုလည်းကပ်ထားသေးသည်။ ဘယ်ဖက်လက်ကောက်ဝတ်မှာလဲညိုမဲနေသေးသည်။
အရမ်းတွေနာနေရှာမလား....ကလေးရယ်
ကျွီ....တံခါးဖွင့်ပြီးအထဲသို့ စကားပြောရင်းဝင်လာသောလူသုံးယောက်ကြောင့်သွေးမှာထိုင်ရမလိုထရမလိုဖြစ်သွားတော့သည်၊
ကိုဟိန်း....အဖေ....အမေ...ဒီကို ဘယ်လိုလုပ်
တွေးနေတုန်း တံခါးအပြင်ဖက်ကျော်ကြည့်တော့လောပန်နှင့်ငြိမ်းလဲပါလာသည်။ စစ်အမေတို့နှင့်စကားရပ်ပြောနေကြသည်။
သွေးထောင့်ချိုးမှာကပ်ပြီး အပြစ်လုပ်ထားသလိုဘာမှမပြောရဲပဲငြိမ်နေသော်လည်း ကိုဟိန်းတို့အကြည့်ကသွေးဆီရောက်မလာ။ ကုတင်ပေါ်မှာရှိနေတဲ့ စစ်ကိုသာကြည့်ပြီးစကားပြောနေကြသည်။ အမေ့မျက်နှာနှင့်ကိုဟိန်းတို့မျက်နှာပုံစံအရငိုထားကြဟန်တူနေသည်။ စစ်အတွက်စိတ်မကောင်းဖြစ်နေကြတာလား။
သွေးကို လာပြန်ခေါ်ကြတာလား မသိ။ ဟင့်အင်းသွေး ပြန်မလိုက်နိုင်သေးဘူး...စစ်ကိုဒီပုံစံနဲ့စိတ်ချလက်ချမထားခဲ့နိုင်သေးဘူး...လောပန်နဲ့လက်ထပ်ပေးဖို့ ပြန်လာခေါ်တာဖြစ်မယ်....
သွေးဆီတည့်တည့်လှမ်းလာတဲ့ကိုဟိန်းခြေလှမ်းတွေကြောင့်သွေးမှာနောက်လဲမဆုတ်ရဲတော့။ သို့သော်ကိုဟိန်းကသွေးနားတိုးကပ်သည်အထိလာရပ်နေသော်လည်းသွေးကိုယ်ပေါ်အကြည့်တို့ရောက်မလာ။ အားလုံးဖက်ကိုကျောခိုင်းပြီး မျက်ရည်လာသုတ်နေသည်။
"ဘာလို့ ငိုနေတာလဲ....ကိုဟိန်း"
ကိုဟိန်းလက်ကိုဆုပ်ကိုင်ပြီးမေးလိုက်တော့ လက်ကလေဟာနယ်ကိုသာဖမ်းဆုပ်မိသွားသည်မို့ရင်တွေဒိပ်ခနဲတုန်သွားရသည်။
ဟင်....ငါ ဘာလို့ကိုဟိန်းကို ထိမရတာလဲ
ဆက်တိုက်ကိုဟိန်းကိုယ်ကိုထိကြည့်တော့လဲမရ...သွေးခန္ဓာကိုယ်ကဖောက်ထွင်းလို့ရနေသလို။ အရင်လိုစစ်ကိုယ်ကိုလဲထိကြည့်သည်။ မရတော့။ ထို့ကြောင့်အခန်းအပြင်ထွက်ပြီး ဖုန်းပြောနေတဲ့ ငြိမ်းအနောက်နားရောက်တော့
"မသွေးကနေရာတင်ပွဲချင်းပြီးဆုံးသွားတာတဲ့...ဋ္ဌေးရာ...ခုမမစစ်ကမေ့နေတုန်းသတိမလည်လာသေးဘူး"
"အင်း ကားဆရာလဲအချုပ်ထဲမှာ....အမှုလဲပိတ်လိုက်တယ်"
ခပ်တိုးတိုးငိုရှိူက်သံနဲ့အတူကြားလိုက်ရတဲ့စကားတို့ကြောင့်သွေးမှာရပ်နေရာမှလဲကျသွားတော့သည်။
ငါ....ငါသေသွားပြီတဲ့လား....ပွဲချင်းပြီးတဲ့လား....ဒါကြောင့်ငါ ရက်ဆက်မစားမသောက်မနာမကျင်ပဲစစ်အနားမှာနေခွင့်ရတာလား....
အခန်းထဲပြန်လှည့်ပြီးပြေးဝင်တော့ ဘယ်လိုမှဝင်လို့မရတော့။ တစ်ခုခုကာဆီးပြီးဆောင့်တွန်းလွှတ်လိုက်သလိုနောက်သို့ပြန်ပြန်၍ လဲကျနေတော့သည်။
ဟင်...ဘာလို့လဲ...ခုဏကပဲငါဝင်ထွက်လို့ရနေသေးတာကို...
အခါခါအခေါက်ခေါက်ပြန်ဝင်ကြည့်နေသော်လဲ မရ။နောက်ဆုံးတော့ တံခါးဝမှာတပ်ထားတဲ့ တစ်မျက်နှာစာမှန်ပေါက်လေးမှနေ၍ အခန်းထဲကစစ်ကိုကြည့်ရသည်။ စစ်အနားနေချင်လွန်း၍ အပြင်ကလူတွေကိုတစ်ယောက်ပြီးတစ်ယောက်လိုက်အော်ပြောသော်လည်းသွေးအသံကိုဘယ်သူမှမကြားတော့။
အငိုမျက်နှာတွေနှင့်အမေတို့မိသားစုစစ်ရဲ့ခဲအိုနှင့်မကြီးတို့ရဲ့နောက်ကနေလိုက်သွားတော့သွေးလဲရောယောင်ပြီးလိုက်သွားတော့သည်။
နောက်ဆုံးတော့ ပိတ်ဖြူ ကြီးအုပ်ထားသောအလောင်းတစ်လောင်းကိုမြင်တွေ့လိုက်ရတဲ့အချိန်ဝယ်
ဟင်....အဲ့...အဲ့ဒါ ငါလား....ကြည့်ဦး....အမေဖက်ပြီးငိုနေပြီ....ကိုဟိန်းကောငြိမ်းကော...
တကယ့်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်နေသောသွေး၏အသက်မဲ့ကိုယ်လေး။ခြေထောက်တွေနှင့်လက်မောင်းတစ်ဖက်မှာလဲကျိုးကြေနေသည်။ ဦးခေါင်းမှာလဲ မြင်မကောင်းအောင်ဖြစ်နေပြီ။
"ဟီး...ငါ့သမီးလေး.....ဘွဲ့ယူရတော့မှာကို....မသွားနဲ့ဆိုလဲသွားခဲ့တာ....ခုတော့သေပြီ"
"ရှင်ပဲ ပြန်လာရင်အသေပဲဆို....ရှင့်ကြောင့်ကျမသမီးဖြစ်ရတာ"
အလောင်းစင်နားသွားပြီးမြေပြင်ပေါ်ထိုင်ချကာ ငိုချတော့သည်။ပြောလိုက်တဲ့စကားတိုင်းကား ကြားရသူအဖို့တော့ ရင်နင့်စရာကောင်းလွန်းလှသည်။
ဟုတ်သားပဲ....သွေး ဘွဲ့တောင်မယူခဲ့ရပါလား.....အဖြူ အစိမ်းလေးနဲ့ဆံထုံးလေးထုံးပြီး စင်ပေါ်မှာဘွဲ့လေးတစ်ခုတောင်မယူခဲ့ရပါလား....
စကားတွေပြောပြောပြီး အကျယ်ကြီးတက်မတတ်ငိုနေသော
အမေ့ကို အလောင်းဘေးမှ ငြိမ်းနှင့်စစ်အစ်မတို့ တစ်ဖက်စီတွဲပြီးလာဆွဲခေါ်သွားသည်။ သူတို့သည်လဲမျက်ရည်များနှင့်။
ဘုရားရေ...တကယ်ပဲ ငါသေပြီလား...စစ်နဲ့တကယ်ကြီးဘဝခြားသွားပြီပေါ့
မျက်ဝန်းအိမ်မှာ အရည်ကြည်တစ်ချို့ ပြည့်လျှံလာပြီး
ပါးပေါ်သို့တလိမ့်လိမ့်ကျဆင်းလာတဲ့မျက်ရည်တွေကြောင့်အမြင်အာရုံတွေပျောက်ကွယ်လာရတော့သည်။
....
အဝေးကြီးမှ ခရီးနှင်လာရသလို ရင်ထဲမောနေသည်။လေးလံနေသောမျက်ခွံကိုအတင်းဖွင့်ကြည့်တော့ စူးရှသောအလင်းရောင်ကိုမခံနိုင်။ ပြန်ပြန်မှိတ်ကျသည်။
အာခေါင်တွေခြောက်ကပ်ပြီးအားအင်မရှိနုံးပျော့နေတော့ ပါးစပ်ကလှုပ်ရုံလေးအသံပြုလိုက်သည်။
"ရေ...ရေပေး...ပါ"
လိုင်းပေါ်မှာ စစ်တို့အကြောင်းကို မိုးရည်ချိုအားပြောပြရင်း စစ်အသံကိုဝိုးတဝါးကြားမိသလိုရှ်တာမို့ ကုတင်ေပေါ်ကြည့်တော့
"စစ်...နိုးလာပြီလား...."
"ရေ..."
"ရေ...ရမယ်...စစ်...ခဏလေးနော်"
ရေဆိုတာပီပီသသကြားရတော့မှစားပွဲပေါ်ကရေသန့်ဘူးထဲမှရေကိုဖန်ခွက်လေးထဲထည့်ပြီး စစ်ကိုခွံ့တိုက်လိုက်သည်။
စစ်ကရေသောက်ပြီး မျက်စိကိုအားယူဖွင့်ကာအလင်းရောင်နှင့်ကျင့်သားရအောင်ပိတ်ချည်ဖွင်ချည်လုပ်နေသည်။ ပြီးတော့မှအခန်းထဲဝေ့ဝဲကြည့်ပြီး
"မကော...မကောဟင်....မ ဘယ်မှာလဲ..မကိုခေါ်ပေးကြပါ"
တိုးသက်သက်အသံလေးမှာ တုန်ခါနေသည်။ အက်ကွဲခြောက်သွေ့နေသော နှုတ်ခမ်းတို့မှာတဆတ်ဆတ်တုန်ရီနေသည်။ ခမ်းအိမ့်မှာ မျက်နှာအပျက်ပျက်နှင့်
"ခ...ခဏလေးနော်..စစ်...ငါ ဆရာဝန်သွားခေါ်ဦးမယ်"
"မကိုအရင်....ခေါ်ပေး...မကိုခေါ်ပေး"
မဟု တွင်တွင်ခေါ်ရင်း လူကမောလာသည်။ ခမ်းအိမ့်ကတော့အပြင်ပြေးထွက်သွားသည်။ ချက်ချင်း မကြီးကအထဲရောက်လာကာ
"စစ်ကလေး...သတိရလာပြီလား...ကံကြီးပေလို့ကွယ်...မကြီးနေ့တိုင်းဆုတောင်းပေးနေတာ...စစ်မြန်မြန်နေကောင်းလာဖို့"
မကြီးက အနည်းငယ်ချောင်ကျသွားသောမျက်နှာနှင့်ညိုမဲနေသောမျက်ကွင်းတို့ကြောင့်လှပနေတဲ့ရုပ်ရည်လေးကကွယ်ပျောက်နေသည်။
"မကော....မကြီး"
"ရှိ...ရှိပါတယ်"
"မကိုခေါ်ပေး မနဲ့တွေ့ချင်တယ်"
"တွေ့ရမယ်နော်...ခုတော့နေကောင်းအောင်နေဦးနော်...ဟော ဆရာတို့လာပြီိ..."
စစ်ဘာမှမပြောရတော့ပဲ ဆရာဝန်တွေမေးသမျှကိုသာ ဒိုင်ခံပြီးဖြေနေရတော့သည်။ တစ်ချက်တစ်ချက်စူးအောင့်လာတဲ့ရင်ဘတ်ကိုဖိထားရင်းနဲ့ပေါ့။မောသွားလိုက်အိပ်ပျော်သွားလိုက်နဲ့ဆေးရုံမှာပဲသောင်တင်နေတော့သည်။နေ့စဉ်တစ်ယောက်ပြီးတစ်ယောက်လူနာသတင်းမေးလာတော့လည်း မ တစ်ယောက်တော့ပါမလာခဲ့။ အဲ့နေ့ပြီးတာနဲ့ မကသူ့အိမ်တန်းပြန်သွားတာလား။
ဘယ်သူ့မေးမေး မ အကြောင်းမေးတာနဲ့မျက်နှာလွှဲသွားကြသည်။
ဒီနေ့ နန်းတစ်ယောက်တည်း အခန်းထဲရှိနေတော့မှ
"နန်း...နင်တို့ ငါ့ကိုတစ်ခုခုများဖုံးထားသလား"
"ဟင်...ဘာ...ဘာကိုလဲ"
လိမ္မော်သီးစိပ်တွေကို စစ်အတွက်ပန်းကန်ထဲနွှာထည့်ပေးနေသည့်နန်းလက်တွေသိသိသာသာတုန်ခါသွားမှုကြောင့်ပန်းကန်ထဲမှခက်ရင်းပင်အောက်သို့ချော်ကျသွားတော့သည်။ အပြုအမူပေါ်လာတာနဲ့တစ်ခုခုဆိုတာစစ်သိလိုက်ပြီ။
"နန်း...ငါ့ကို မလိမ်မညာပဲဖြေစမ်းပါ....မကောဟင်....မ ဘယ်မှာလဲ"
"ဟို...မ...မသွေးက"
နန်း.မဖြေချင်ဖြေချင်ဖြစ်နေတော့ နန်းလက်ကိုအားနဲ့ဆုပ်ကိုင်လိုက်သည်။ လက်မောင်းမှာအပ်ထိုးပြီးသွင်းထားတဲ့ဆေးပိုက်ထဲဝယ်လက်မောင်းမှသွေးအနည်းငယ်ရောနေလေပြီမို့ နန်းကကြောက်လန့်တကြားထပြီးနောက်ဆုတ်ရင်း
"ဖြေလေ...မ ပြန်သွားတာလား"
"ဟုတ်...ဟုတ်...သူ့မိသားစုပြန်...ပြန်ခေါ်သွားကြပြီ"
"ဘာ...မက...ငါမေ့နေတာတောင်လာမကြည့်ပဲပြန်သွားတယ်တဲ့လား"
မှိုင်ကျသွားတဲ့ စစ်ကြောင့်နန်းကအလိုက်တသိအပြင်ထွက်သွားသည်။
ဆေးရုံမှာနေတာခြောက်ရက်မြောက်နေ့ရောက်တော့ လူလဲကျန်းကျန်းမာမာဖြစ်လာသည်။ဆေးရုံကမနက်ဖြန်ဆို ဆင်းရတော့မည်။ မကိုသိပ်တွေ့ချင်နေသည်။
စစ်ပဲခုလိုဖြစ်သွားပြီး မကကောဘာမှမဖြစ်ဘူးတဲ့လား။ တစ်ခုခုဖြစ်သွားတာတောင်သူ့အိမ်ကလာခေါ်တာနဲ့ကြောက်ပြီး ချက်ချင်းလိုက်ပြန်သွားခဲ့သည်လား။
မ တစ်ယောက်တော့ သူ့အိမ်ပြန်ရောက်တာနဲ့အခြေအနေကောင်းမည်မဟုတ်။ဆေးရုံကဆင်းပြီးမ ဆီလိုက်သွားဖို့ စစ်ဆုံးဖြတ်ထားသည်လေ။
နဂိုအားနည်းတဲ့စစ်ကျန်းမာရေးကြောင့်သာ ခုလိုကြာရှည်ကုတင်ပေါ်လှဲနေရတာ။ အားရှိမှခရီးထွက်နိုင်မည်မို့ဝင်သလောက်စားပြီး အိပ်ပျော်ရန်ကြိုးစားလိုက်သည်။ ခဏမှေးကနဲဖြစ်သွားစဉ်ဘေးနားမှစကားသံတိုးတိုးကြောင့်နိုးလာရသည်။ ခမ်းအိမ့်အသံမို့ အိပ်ပျော်နေသယောင်လုပ်ပြီး နားထောင်နေလိုက်သည်။
"အင်း...စစ်ကတော့ မနက်ဖြန်ဆေးရုံဆင်းရပြီ...မိုးရ"
ဪ...မိုးနဲ့ပြောနေသကို။ မိုးဖက်က အသံတော့မကြားရ။
"ဟုတ်တယ်...နိုးလာပြီးချင်း မကော ဆိုပြီးအရင်မေးတာတဲ့....ငါတို့ကိုလဲမေးတယ်...လူတွေ့တိုင်းမေးနေတာ"
"အင်းဆို...ငါတို့မျက်စိရှေ့တင်ဖြစ်တာဆိုတော့ခုထိမျက်စိထဲကမထွက်ဘူးဟယ်...ကားကလဲအဲ့နားရောက်မှအရှိန်ထိန်းမရတော့တာ...ငါတို့တောင်ရပ်လိုက်ခင်လို့ပါဆို....
သူက မကိုခေါ်ပေးလို့ပြောလိုက်တာနဲ့ ငါ့ရင်တွေသေမလိုနာကျင်ရတယ်ဟယ်...အဲ့နေ့ကဆိုသူတို့အတွဲလေးသိပ်ချစ်စရာကောင်းနေကြတာ"
ခမ်းအိမ့်စကားတို့ကို ဆက်နားမထောင်နိုင်တော့ပြီ။ သူ့စကားများထဲမှာ မကောင်းတဲ့အရိပ်အငွေ့တွေပါလာသလိုလိုရှိနေတာမို့ စစ်ဆက်ပြီးမအိပ်နေချင်တော့။
"အဟမ်း...ခမ်းအိမ့်..."
"ဟင်စစ်....နိုးနေတာလား"
"ခုမှနိုးတာ...ငါအချိုရည်သောက်ချင်တယ်သွားဝယ်ပေးလေ"
"ဒီမှာရှိတယ်လေ...စစ်ငါတိုက်မယ်နော်...."
ဖုန်းကိုချက်ချင်းချပြီးဖျော်ရည်တိုက်မည်ပြင်တော့
"ငါ ကျွဲရိုင်းသောက်ချင်တာ အာ့ သွားဝယ်ပေး...ပြီးသီချင်းတစ်ပုဒ်ဖွင့်ခဲ့ပေးလေနော်"
"အင်းပါ ဘာသီချင်းနားထောင်ချင်လဲ"
"ရတယ်ဘာဖြစ်ဖြစ်ဖွင့်ခဲ့"
ဖုန်းကိုလော့ဖြည်နေတာကို စစ်မသိမသာအကဲခတ်ပြီး မှတ်ထားလိုက်သည်။
သီချင်းတစ်ပုဒ်ဖွင့်ပေးပြီး အပြင်ထွက်သွားတော့ ချက်ချင်းစစ်ကသူ့ဖုန်းကိုယူပြီး လိုင်းဖွင့်လိုက်သည်။ လိုင်းပေါ်မှာ မိုးရည်ချိုရှိနေသည်။
သွေး ဆုံးသွားတာ စစ်မသိသေးဘူးပေါ့
မက်ဆင်ဂျာမှာ ဝင်လာသောစာတစောင်ကြောင့်စစ်ကမ္ဘာကြီးချာလပတ်ရမ်းခါသွားတော့သည်။
သတင်းတွေထဲ ခပ်မြန်မြန်မွှေနှောက်ရှာဖွေကြည့်တော့
မျက်နှာဖျက်ထားသော ဓာတ်ပုံတွေနဲ့အတူ ရက်စွဲက
ဒီဇင်ဘာ ဆယ့်ခုနှစ်ရက်ညနေသုံးနာရီ....
သွေးအိုင်ကြားထဲမှာ လဲကျနေသောမိန်းကလေးနှစ်ဦး၊ တစ်ဦးက မ တစ်ဦးက စစ်ဆိုတာကို အဝတ်အစားတွေ မြင်တည်းကသိလိုက်ရသည်။ မ လက်ပေါ်မှာစစ်ခေါင်းလေးတင်လျက်သား။ဆိုင်ကယ်ဦးထုပ်ကွဲကြေနေသည်မှာအစိပ်စိပ်အမွှာမွှာ။ ဆိုင်ကယ်ကလဲကားဘီးအောက်မှာရစရာမရှိအောင်ပျက်စီးနေသည်။
နေရာတွင်ပွဲချင်းပြီးသေဆုံးသွားသောကောင်မလေးဆိုတဲ့လူနာထမ်းစင်ပေါ်ဝယ်အဝတ်ဖြူ စဖုံးလျက်ကြားမှသွေးပေလျှက်ရှိသောလက်ဖြူ ဖြူ တစ်ဖက်။
အဖြူရောင်လက်စွပ်လှလှလေးကားအနီရောင်အရည်တို့ဖြင့်လက်ခလယ်နေရာမှာ ဝတ်ဆင်လျှက်သား။
ကြည့်နေရင်း ရင်ထဲတလှပ်လှပ်ဖြစ်ကာ နှလုံးမှာ မခံမရပ်နိုင်အောင်စူးအောင့်လာတော့သည်။ ရင်ဘတ်ကိုဖိပြီးအသက်ကိုမနည်းလုရှူ ရတော့သည်။ သိပ်မကြာလိုက်ပဲအမှောင်ထုထဲဇောက်ထိုးမိုးမျှော်ကျရောက်သွားတော့သည်။
....
"ခမ်းလဲ ဘယ်လိုပြောရမှန်းမသိတော့ဘူးမကြီိးရယ်..သူရုတ်တရက်ကြီးနှလုံးဖောက်လာတာဖြစ်မယ်"
"အမှန်ဆို မနေ့တည်းကဆေးရုံကဆင်းဖို့သတ်မှတ်ပြီးသားကို..ခုတော့ဖြင့်ဘယ်လိုဖြစ်သွားပြန်တာလဲ"
"အဲ့နေ့က ကျွဲရိုင်းအချိုရည်သောက်ချင်လို့ဆိုပြီးအောက်ဆင်းဝယ်ခိုင်းတာ....ဝယ်ပြီးမြန်မြန်ပြန်တက်လာတော့ အခန်းထဲမှာဆရာဝန်တွေအလုပ်ရှုပ်နေကြပြီ"
"ခက်တော့တာပါပဲကွယ်...."
တလိမ့်လိမ့်ဆင်းလာတတ်တဲ့မျက်ရည်တိူ့သည်လဲ ခမ်းခြောက်ကုန်ပြီ။ စစ်အတွက်လဲရင်ထိပ်အောင်ငိုခဲ့ရသည်။ ထို့အတူသွေးအတွက်ကိုလဲ တစ်ဖက်မိသားစုအား ကိုယ်ချင်းစာပြီးထပ်တူခံစား ငိုကြွေးခဲ့ရသည်။
အမေတော့ အိမ်အပေါ်ထပ်ဘုရားစင်ရှေ့ကကို မခွာတော့။ယောက်ျားဖြစ်သူမှာလဲဆေးရုံအတွက်ထမင်းဟင်းပြင်ဆင်ရ အလုပ်ထဲပြေးရ ကလေးတွေကိုပြုစုရ၊ သည်ကြားထဲသွေးဆိုသောကောင်မလေးရဲ့နောက်ဆုံးခရီးကို သူကပဲဦးဆောင်ပြီးအစစအရာရာ လိုက်ကူညီပေးလိုက်ရတော့ အကုန်လုံးလည်းပဲအိပ်ယာထဲမလဲရုံတမယ်။
စိတ်ကောကိုယ်ပါနွမ်းကြေသလောက်ရှိနေပါပြီ။ စစ်အပေါ်ဝယ်
သူငယ်ချင်းကောင်းပီသလွန်းတဲ့ အရင်ကအမြင်မကြည်ခဲ့တဲ့ ခမ်းအိမ့်ကိုလဲကျေးဇူးတင်အားနာလွန်းနေပြီ။ နန်းအိမ်ကိုလဲအားနာနေပြီ။
ခုလဲစစ်အခြေအနေကတော့ အရင်ကထက်ပိုဆိုးသွားပြီ။ အသက်ရှူနှုန်းတွေကလဲနှေးသွားလိုက်မြန်လာလိုက်နဲ့။
KAMU SEDANG MEMBACA
Romansaသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့