အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တယ်ဆိုတာ ဒါမျိုးကိုခေါ်တာနေမည်။ ချစ်ရသူကတစ်ယောက်။ တွဲဖြစ်နေတာတစ်ယောက်။ ရှင်းသန့်ကိုချစ်တယ်ဆိုပြီးခေါင်းကိုဆက်တိုက်ငြိမ့်ပြီးဝန်ခံခဲ့တဲ့အပြင်သူ့အနမ်းကိုလဲကျေနပ်စွာလက်ခံယူခဲ့သတဲ့။ အဲ့ညကအမူးလွန်ခြင်းကသာ တရားခံဖြစ်ခဲ့ဟန်တူသည်။ ဘာမှမသိ၊ ဘာမှမမှတ်မိဘူးဆိုပြီး ဇွတ်ငြင်းပစ်ရအောင်လဲ သူမတိူ့ဇာတ်လမ်းကား လွန်နေလေပြီ။ တစ်ရက်ပြီးတစ်ရက်စိတ်ဆင်းရဲမှုပေါင်းသောင်းခြောက်ထောင်နဲ့တင်သူမမပျော်ပိုက်တော့။ စစ်ဆီလဲဖုန်းမဆက်ရဲ။ စစ်ပုံတွေကိုလဲသူမမကြည့်ရဲတော့။ ကိုယ်ဟာအပြစ်ရှိနေသူတစ်ယောက်လိုပဲ ဘယ်သူနဲ့စကားပြောပြော လိပ်ပြာမလုံ၊ စိတ်လဲမသန့်။
ရှင်းသန့်ဆီလဲစာမပို့ဖြစ်။ ဖုန်းဆက်လာလည်းမကိုင်။ စစ်ဖက်ကတော့သိသာလွန်းစွာ တိတ်ဆိတ်နေသည်။ စာလဲမပို့လာသလို ဖုန်းဖြင့်လဲမဆက်သွယ်တော့။ လိုင်းတောင်မတက်တော့တာကပိုမှန်သည်။
စစ်ဖက်ကတည်ငြိမ်နေပြီဆိုကာမှသွေးမနေတတ်လောက်အောင်စစ်ကိုလွမ်းလာသည်။ စစ်ရဲ့စကားလေးတွေကြားချင်လာသည်။ အရင်ကစစ်ဖုန်းဆက်ခဲ့တာကိုအပိုလို့သတ်မှတ်ပြီးကိုင်ချင်မှကိုင်ခဲ့ စာပို့ထားသည်ကိုလဲပြန်ပြောချင်မှပြော သူ့စေတနာတွေကို ကိုယ်ကဥပက္ခာပြုထားခဲ့သလောက်တော့ ခု ဝဋ်လိုက်နေပြီထင်ပါသည်။
သူမလာဘူးဆိုမှ ကိုယ်ကအတင်းလာစေချင်သလို သူမပြောဘူးဆိုမှကိုယ်ကဇွတ်ပြောစေချင်သည်။
သူ မချစ်တော့ဘူးဆိုမှ ကိုယ်ကအသေအလဲကိုချစ်နေရတဲ့အခိုက်။ ဒီပုံစံအတိုင်းဆက်သွားလျှင်တော့ ဇာတ်ကနာဖိူ့ပဲရှိတော့သည်။ ရှင်းသန့်လိုလူသိရှင်ကြားလုပ်ပြထားတော့သူ့ကိုဖျက်ပစ်ဖို့ရာလဲ အားနာသည်။ စစ်ကိုကျတော့ဖြတ်ပစ်ရအောင်ဆိုလျှင်လွယ်ကူပေမယ့်သူမ လိုအပ်တာစစ်ပေမယ့်လုံးဝမဖြစ်နိုင်။
စစ်နားလည်အောင်ရှင်းပြဖို့အတွက်ကိုပင်စကားလုံးကအစရှာမရအောင်ပျောက်ဆုံးနေပေသည်။
"ရည်းစားပူမိနေတာလားသွေး...ကျောင်းကပြန်လာပြီးတပတ်လောက်တော့ပျော်ပျော်ပါးပါးနဲ့...ခုကျတော့ဘယ်လိုတွေဖြစ်နေတာလဲ"
နှင်းဆီခင်းမြက်ရှင်းပေါင်းသင်နေတာကို စိတ်မပါလက်မပါနဲ့လုပ်တော့ အမေလဲသတိထားမိနေပြီထင့်။
"မဟုတ်ပါဘူး အမေရဲ့...ဒီတိုင်းပဲ "
"ဒါနဲ့ သမီး ဘယ်တော့စာသင်ရမှာလဲ"
"တလနားရတယ်ပြီးမှသင်ရမှာ"
"လစာရပြီလား"
အမေကသွေးရှိတုန်းကတော့ဟိုဟာစိုက်သည်ဟာစိုက်နဲ့ ကြားကာလငွေဝင်တာလေးတွေလုပ်တတ်တော့သွေးကျောင်းတက်နေချိန်ကိုနှမြောနေခဲ့သူပင်။တော်သေးတာပေါ့။ ငြိမ်းကလဲနေရသေးလို့။ မနက်တိုင်းပန်းပို့ကငြိမ်းတာဝန်ဖြစ်လို့နေပြီ။ေအာင်စာရင်းလဲမထွက်သေးတာမို့ခိုင်းလို့ရတုန်းခိုင်းထားနိုင်မှတော်ကာကျသည်မဟုတ်ပါလား။
"မရလောက်သေးဘူးလေ...ခုက အလုပ်သင်သဘောလေအမေ...တန်းပြဆင်းပြီးတလထပ်နား ပြီးရင်ကျောင်းပြန်တက်ရဦးမှာ နှစ်လ"
"ဪ...အဆင်ကောပြေနေရဲ့လား...ဒီရက်ပိုင်းသိသိသာသာမျက်နှာလေးချောင်သွားသလိုပဲ"
"မဟုတ်တာ အမေရာ....ကျောင်းမှာအိပ်ရေးတွေပျက်အစားမမှန်ခဲ့လို့ပါ...ခုတောင်ဝလာသေးတာကို"
လက်ကောက်ဝတ်ကို အခြားလက်တစ်ဖြင့်ဆုပ်ပြတော့သွေးသိသိသာသာပိန်ကျသွားသည်ကိုတွေ့လိုက်ရသည်၊ ဘာလုပ်လုပ်စိတ်မပါ။ ကိုယ့်အမှားကြောင့််နာကျင်နေရသူတွေမှအများကြီးဖြစ်ခဲ့လေပြီ။ အပြင်ပန်းမှာသိသိသာသာနာကျင်ပြနိုင်စွမ်းသွေးမှာမရှိ။ ဖျားတာတောင်အိမ်မှာဆိုပေါ်တင်ဖျားပြခွင့်မရတဲ့ဟာကို။ ခုလိုအသည်းကွဲရောဂါဖြစ်နေလျှင်ကား သိတောင်သိစေလို့မရတာလေ၊
"မသွေး...ဖုန်းလာနေတယ်"
တဲအတွင်းမှသွေးဖုန်းဖြင့်ဂိမ်းဆော့နေတဲ့ဋ္ဌေးအော်သံကြောင့်လက်ထဲကပေါက်တူးကိုပစ်ချလိုက်လေသည်။ ပြီးတော့ကမန်းကတန်း တဲဆီသို့ပြေးသည်။
"ကိုင်ထားပေးနော်ကျသွားမယ်"
ပါးစပ်မှလဲအော်ပြောရင်းမြန်မြန်ပဲတဲဆီရောက်သွားသည်၊ဋ္ဌေးလှမ်းပေးတဲ့ ဖုန်းကိုယူပြီး မျက်နှာပြင်ပေါ်က လူအမည်ကိုမြင်လိူက်တော့ ပြုံးရိပ်သမ်းနေတဲ့ နှုတ်ခမ်းလေးတွေသိသိသာသာညိုးကျသွားတော့သည်။
မေ့နေလိုက်တာ။ ခါတိုင်းလိုမှတ်ပြီး ဖုန်းကိုပြေးလွှားလာကိုင်တာ။ ကိုယ်မျှော်နေသူဆီက ဒီတသက်ဖုန်းအဝင်ကောလ်လေးရရှိဖို့ဆိုတာမှမဖြစ်နိုင်တော့တာလေ။
မပြောချင်ပေမယ့်လို့ ကိုင်ပြီးသွားပြီဆိုမှတော့ပြောရတော့မည်လေ။
"အင်း...ရှင်းသန့်"
"မ...ဘာလို့ကျနော့်ဖုန်းတွေမကိုင်တာလဲဗျာ....စာတွေလဲကျနော်ပို့ထားတာအများကြီးကိုတစ်ကြောင်းလေးတောင်မပြန်ဘူး....နေမှကောင်းရဲ့လား...အဆင်ကောပြေရဲ့လား"
ပြောချင်တဲ့စကားတွေအခုမှထိုးထွက်လာခွင့်ရှိပုံရသည်။
"နေကောင်းပါတယ်.....ဪ...တောင်းဆိုချင်တာတစ်ခုရှိတယ်...ရမလား"
"ရတာပေါ့....မ ကြိုက်ရာသာတောင်းဆိုပါ...မ လိုအပ်တာဆိုကျနော်ကမရရအောင်လုပ်ယူပေးမှာမို့...ဖန်တီးပေးမှာမို့"
"အခု ပရိုဖိုင်မှာတင်ထားတဲ့ပုံကိုဖျက်ပေးလို့ရမလားဟင်"
တစ်ဖက်မှကြည့်ရင်တော့ ကိုယ့်အတွဲပုံကိုယ်တင်တာကို ဘာလို့ဖျက်ခိုင်းနေသနည်းဟုတွေးရင်တွေးနေမှာပင်။
သူ လိုက်လျောသည်ဖြစ်စေ မလိုက်လျောသည်ဖြစ်စေ ဖျက်ခိုင်းဖို့တောင်းဆိုပြီးသူဖျက်ပေးခဲ့လျှင်ကောင်းတဲ့ဖက်ကပဲမဟုတ်ပါလား။
"ဘာလို့လဲ....မ..မကြိုက်လို့လား"
"မသင့်တော်လို့လေ....နောက်ပြီး တကယ်တမ်းတော့ကျမတို့က ဘာမှမဟုတ်ကြတာကို"
သူတော့ဘယ်လိုနေမည်မသိ။. အချိန်အကြာကြီးတနုံ့နုံ့နဲ့ပြိုလဲခဲ့ရတဲ့အကြောင်းကြောင့်ဒီလိုအဖြစ်ဆိုးထဲကနေ ရုန်းထွက်ချင်နေမိသည်။ ရှင်းလို့ရရင်ရှင်းလိုက်မည်။ မရှင်းရသေးပဲနဲ့တော့ကိုယ့်ဖက်ကပဲနာကျင်နေ၍ မဖြစ်သေး။
သူ့ဖက်က အတော်ကြာအောင်တိတ်ဆိတ်သွားတော့သည်။
"ကြားရဲ့လား...ဟယ်လို ရှင်းသန့်...ကျမပြောတာကြားရဲ့လား"
"ကြားပါတယ်....ဘာလို့ဘာမှမဟုတ်ကြဘူးလို့ပြောရက်တာလဲ မရယ်....အဲ့နေ့ညကပဲမကိုယ်တိုင်လူသိရှင်ကြားချစ်တယ်လို့ဝန်ခံခဲ့တာလေ...ကလပ်ထဲမှာရှိတဲ့သူတွေအကုန်လုံးကြားကြတယ်....မ ဝန်ခံလိုက်တဲ့အချိန်ကသီချင်းသံရပ်တဲ့အချိန်မို့လို့အကုန်လုံးကြားသွားခဲ့တာ....သူများတွေပုံတောင်ရိုက်ကြတယ်...အခုတင်ထားတဲ့ပုံဟာလဲသူများဆီကကျနော်ရခဲ့တာ"
ဘုရားရေ...ငါးပါးတော့မှောက်ကုန်ပြိ။ ဒီလိုဆိုရင်သွေးဖက်ကိုပဲကြည့်ပြီးအပြတ်ရှင်းကြေးဆိုရင်တော့ သူ့ဖက်ကလဲနစ်နာမှုများစွာရှိသွားလိမ့်မည်။ ဖုန်းကိုင်ပြီးပြောရင်းလူကချောင်းစပ်သို့ရောက်မှန်းမသိရောက်လို့လာသည်။
ပြောလဲပြောချင်။ပြောဖို့ရာလည်းစကားကရှာမတွေ့။ စိတ်ထဲမှာတော့အတော့်ကိုရှုပ်ထွေးလွန်းစွာ ခံရခက်နေပေသည်။
မြစ်စပ်မှာခြေထောက်ကိုရေထဲထိုးချရင်း
"ရှင်းသန့်....အဲ့ဒီညက ကျမ မူးနေခဲ့တယ်လေ...ဒါကိုရှင်းသန့်လဲသိသားနဲ့....ကျမ....ကျမ...ရှင်းသန့်ကိုအခုချစ်သူလိုချစ်လို့မရဘူး...တောင်းပန်ပါတယ်ရှင်းသန့်ရယ်"
"ဟန်မဆောင်ပါနဲ့ မသွေးရာ....ကျနော့်မှာမသွေးမကြိုက်တဲ့အချက်တွေများ ရှိနေသလားဗျာ....မသွေးအတွက်ကျနော်ပြင်ပါ့မယ်..အခုတင်တဲ့ပုံကိုမသွေးမကြိုက်ဖူး ဖျက်ဆိုရင်ဖျက်မယ်....ဒါမဲ့ကျနော့်ရဲ့စိတ်ကူးယဉ်အိမ်မက်လေးကိုတော့မဖျက်ဆီးပါနဲ့ဗျာ...ကျနော်တောင်းပန်တယ်နော်"
ပြောနေရင်း ရှင်းသန့်ဆီမှငိုသံစွက်လာသည်။သွေးတို့ကြားဖူးနေကျကောင်လေးတွေရဲ့သီအိုရီတစ်ခုလိုပါပဲ။ယောက်ျားတွေမျက်ရည်ကျတယ်ဆိုတာအဲ့ကောင်မလေးကို တကယ်ချစ်ကြလို့တဲ့။ ဒါဖြင့်သွေးတို့မှာကကော တကယ်ချစ်ရတဲ့သူမရွေးချယ်ရတော့ဘူးတဲ့လား။
"မရှိပါဘူး...ရှင်းသန့်ဟာမိန်းကလေးတိုင်းရဲ့ရွေးချယ်စရာအကောင်းဆုံးကောင်လေးတစ်ယောက်ပါ....ဒါမဲ့...ဒါမဲ့ ကျမကအဲ့မိန်းကလေးတွေထဲမပါဘူးလေ...ကျမဟန်ဆောင်နေတာမဟုတ်ပါဘူး"
ငိုချင်ပြီးနာကျင်နေတာတွေအစား အံကိုကြိတ်ပြီးတည်ငြိမ်ဟန်လုပ်ရဦးမည်ပေါ့။ သူစိမ်းယောက်ျားလေးတစ်ယောက်ကို ခုလိုစိတ်ပါလက်ပါအချစ်နဲ့ပတ်သက်ပြီးပြသနာဖြေရှင်းရမည်ဟု ဘယ်ကံတရားကများသတ်ပုံမှားစေခဲ့တာလဲကွယ်။
"ကျနော့်ကို မချစ်ဖူးဆိုလဲထားပါတော့ဗျာ...ကျနော့်အသိုင်းအဝိုင်းကြားမှာ မသွေးဟာကျနော့်ချစ်သူဆိုပြီးကျနော်အပျော်ကြီးပျော်လို့ ကြွားလုံးထုတ်ထားခဲ့မိပြီဖြစ်တဲ့အတွက်အချိန်လေးတစ်ခုလောက်တော့ ဒီအတိုင်းလေးပဲဟန်ဆောင်ပေးလို့ရမလားဗျာ....တကယ်ပဲကျနော်တသက်မှာမသွေးတစ်ယောက်တည်းကိုပဲစပြီးချစ်ခဲ့တာပါ....အချိန်ကာလနှစ်လအတွင်းမှာဒီလောက်ထိချစ်မိလိမ့်မယ်လို့လဲကျနော်မတွေးခဲ့ဖူးဘူး..."
"ကျမ သိပါတယ်....နားလဲလည်ပါတယ်...ဒါဖြင့်လောလောလတ်လတ်ပြသနာရှင်းစရာကဒီလိုပဲအဖြေထွက်ရတော့မယ်ဆိုရင်ကျမ လက်ခံလိုက်ပါ့မယ်...ရှင်းသန့်အပေါ်ကျမတကယ်မကောင်းခဲ့တဲ့အတွက်စိတ်မကောင်းပါဘူးတကယ်ပါ"
"ရပါတယ်ဗျာ....ကျနော်စောင့်မျှော်နေဦးမှာပါ....အဲ့အချိန်ကျနော့်ကိုပြန်စဉ်းစားပေးမယ်ဆိုရင်ကျနော်ဝမ်းမြောက်ဝမ်းသာ လက်ခံဖို့စောင့်နေဥိးမှာ...မသွေးမှာ ချစ်ရသူမရှိသေးသ၍ ကျနော်ချစ်ပိုင်ခွင့်မျှော်လင့်ပိုင်ခွင့်တော့ရှိပါသေးတယ်မလား....ကျနော်ချစ်နိုင်သလောက်ချစ်ပေးနေဦးမှာပါဗျာ....ပုံတော့ခုပဲဖျက်လိုက်ပါ့မယ်....မသွေးစိတ်ချမ်းသာနေရင်ကျနော့်ကမ္ဘာဟာလဲအမြဲငြိမ်းချမ်းပါတယ်"
ယောက်ျားတစ်ယောက်ရဲ့မျက်ရည်တွေကိုသွေးခြေဆေးမိနေပြီလားမသိ။ ဝဋ်တွေတော့လည်ဦးမယ့်ပုံ။ အချစ်ရေးနဲ့ပတ်သက်ပြီး သူများတွေအသဲတွေကွဲသူလဲအပုံအပင်။ ကံမကောင်းဘူးဆိုပြီးအော်နေကြသူလဲအများကြီး။ ကိုယ်ပေးတိုင်းပေးသလောက်ပြန်မရတာ အချစ်တဲ့။ ဒီလိုဆိုရင်သွေးကကော။
ရှင်းသန့်ကော စစ်ကောက နှစ်ယောက်လုံးသွေးအပေါ်မှာမေတ္တာစစ်နဲ့ချစ်ပေးခဲ့ကြပေမယ့်သွေးကသူတို့အချစ်တွေနဲ့မထိုက်တန်လေတော့ ဘယ်သူမှမပိုင်ရပဲ ကြားကနေ အလဲလဲအပြိုပြို ။
စစ်ဆီသို့လဲ ဖုန်းကမခေါ်ရဲ။ ခုဟာကအသံလေးကြားချင်ရင်တောင်မှမကြားနိုင်တော့တဲ့အဖြစ်မျိုး။
ကိုယ့်အပြစ်နဲ့သာကိုယ်ခံပေဦးတော့။
...
လာသမျှ ဧည့်သည်တွေက ဆိုင်မှာရှိတဲ့လူတွေနဲ့အတွဲညီနေတာဆိုတော့ စစ်တစ်ယောက်တည်းအားလို့နေသည်။ ဆရာက မကြီးနဲ့ရင်းနှီးတာကြောင့်မို့လားတော့မသိ။ စစ်ကိုဆို ဘာမှသိပ်မခိုင်း။ အလှပြင်တာနဲ့ဆံပင်ညှပ်နည်းကိုသာကောင်းကောင်းသင်ပြသည်။ တခြားသင်တန်းသူတွေကိုလျှော်တာမှအစခေါင်းနှိပ်ပေးတာကအစ သင်ကြားပေးနေသည်။
ခုလို စစ်အားနေသလိုအခြားတစ်ယောက်များအားနေရင်ဆရာကအလကားမထား။ရေသုတ်တဲ့တဘက်တွေကိုလျှော်ခိုင်းတတ်တာ။
"စစ်ရေ...လာပါဦး"
ဆိုင်ထဲလျှောက်သွားနေရင်း သတင်းစာဖတ်နေတဲ့ ဆရာကတော်ကလှမ်းခေါ်တော့ သွားရပြန်သည်။
"ဟုတ်...အန်တီ...စစ်ဘာလုပ်ပေးရမလဲ"
ဒါက အမြဲတမ်းစစ်မေးနေကျ စကား။ သူများအိမ်မှာလာနေတာဆိုတော့ ဘာလိုလိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေရမည်လေ။ဆရာကတော်ဂှေ့နား ခါးလေးကိုင်း၍ ရိုကျိုးစွာသွားရပ်နေလိုက်သည်။
"ဘုရားသွားရအောင်အန်တီနဲ့အဖော်လိုက်ခဲ့ပါလား..သမီးဆရာမအားတော့ အန်တီတစ်ယောက်တည်းပျင်းနေလို့"
နားရက်လဲမဟုတ်ပါပဲ အလုပ်ချိန်ကြီးမှာကို အန်တီကလဲငြ်းရခက်အောင်လုပ်ပြန်ပြီ။ ပြီးတော့ စစ်ကလဲအပြင်ထွက်တတ်တဲ့လူမှမဟုတ်တာလေ။
"ဆရာက ဘာခိုင်းဦးမလဲမသိသေးဘူး အန်တီ...ညနေဆရာအားမှသွားလို့မရဘူးလားဟင်"
"ညတည်းကပြောထားတယ်...စစ်ကိုခေါ်သွားပါတဲ့..စစ်ကဒီရောက်ပြီးတည်းကဘယ်မှမလည်ရသေးလို့ပါတဲ့...ခုရက်ပိုင်းသမီးမျက်နှာမကောင်းဘူးပြောနေတယ်လေ...အဲ့ဒါအပြင်လေးဘာလေးခေါ်ပြီးလည်ပါစေဦးဆိုလို့အန်တီကခေါ်တာပါ..."
ဒီအတိုင်းကြည့်ရင်ဆရာက စစ်အပေါ်သိပ်ဂရုမစိုက်သလိုနဲ့ခုကျတော့လဲသမီးအရင်းလေးတစ်ယောက်လို။ သမီးဆိုလို သူတို့မှာအိမ်ထောင်သက်ကြာလာပေမယ့်သားသမီးမှမရှိပဲကိုး။
"အာ....ဟုတ်...ဆရာကပြောတာဆိုရင်တော့ စစ်လိုက်ခဲ့ပါ့မယ်ခဏနော်"
ခုရက်ပိုင်း စိတ်လက်မရွှင်တာနဲ့အပြင်ထွက်ရင်တော့ကောင်းမှာဟုတွေးမိရာကတကယ်ဖြစ်လာတော့လဲ သိပ်တော့စိတ်မပါ။ သို့သော်ဆရာတို့စေတနာကိုလဲမငြင်းဝံ့တာနဲ့ လက်ခံလိုက်ရသည်ပေါ့။
ဘုရားဟုသာပြောတာ။ ဘယ်ဘုရားတွေသွားမလဲမသိ။ တခြားနေရာတွေပါပို့ဦးမယ့်ပုံကြောင့်မြန်မာဝတ်စုံကြီးကိုစိတ်ကျဉ်းကျပ်ခံ၍ ဝတ်မနေတော့။ ခါတိုင်းဝတ်နေကျ ဂျင်းဘောင်းဘီရှည်နဲ့ရှပ်လက်ရှည်ကိုသာဝတ်လိုက်သည်။ မြန်မာဝတ်စုံဝတ်ပြီး ကျားကျားယားယားလမ်းလျှောက်တတ်တဲ့ စစ်ကြောင့်ဘေးလူတွေကဲ့ရဲ့ဝေဖန်ဦးမှာမလိုလား။ ကိုယ်တိုင်ကလဲကျပ်ထုပ်နေတာကြီးကိုဝတ်ဖို့စိတ်မဝင်စား။ နန်းနဲ့မကြိ်းထည့်ပေးလိုက်သောကြောင့်သာဒီထိပါလာတာ။
အပြင်ထွက်လာတော့ ဆရာကတော်က ကားပေါ်မှာအခန့်သားစောင့်နေလေပြီမို့အားနာသွားရသည်။ ကားထဲဝင်ထိုင်ရင်း
"စောင့်နေစေမိတာ ကန်တော့်နော်အန်တီ စစ်ကြာသွားတယ်"
"ရပါတယ်ကွယ်...အန်တီကကြိုပြင်ဆင်ပြီးသားမို့ ချက်ချင်းကောက်ထွက်လာရုံမို့မြန်တာလေ...ဒါနဲ့ စစ်သွားချင်တဲ့နေရာရှိလား"
"ဟုတ်...နေရာတွေတော့မသိပါဘူး...အန်တီပို့ပေးနေရာကပဲအဆင်ပြေမှာပါ"
ရိုးရိုးသားသားပြောလိုက်တာကြောင့်စစ်ခေါင်းမှဆံပင်လေးကိုတချက်ဖွရင်း အန်တီကရယ်လိုက်သည်။
"အတော်ချစ်ဖို့ကောင်းတဲ့ ကလေး" တဲ့။
လူတိုင်းနီးပါးတော့ စစ်ကိုချစ်ကြတာပါပဲ။
စစ်ကိုချစ်တဲ့သူ တစ်ရာမှာကိုးဆယ့်ကိုးယောက်ကတကယ်ချစ်ကြပြီးကျန်မချစ်တဲ့တစ်ယောက်ကတော့ မပဲဖြစ်လိမ့်မည်။
တနေကုန်နေရာတွေအတော်များများသို့ အန်တီကစိတ်ရှည်ရှည်နဲ့ပို့ပေးတဲ့အပြင်ထင်မထားလောက်အောင်ပဲ ပုံရိုက်ပေးတာကလဲ ကျွမ်းကျင်လွန်းနေရော။
ပုံမရိုက်ဖြစ်တာအတော့်ကိုကြာနေပြီဖြစ်တဲ့စစ်ပုံတောင်အန်တီ့လက်ချက်နဲ့လှပသေသပ်လွန်းနေသည်။
နောက်မှသိလိုက်ရတာက အန်တီသည်လဲအရင်က pre weddingတွေလိုက်ရိုက်ပေးဖူးခဲ့တဲ့ ဖိုတိုဂရပ်ဖာတစ်ဦးဖြစ်ခဲ့သည်တဲ့။
ညနေပြန်ရောက်တော့ရေမိုးချိုးပြီးညစာတောင်မစားနိုင်ပဲတရေးတမောအိပ်ပစ်လိုက်သည်။ ဒီနေ့စိတ်လက်ပေါ့ပါးပြီးပျော်ခဲ့ရသည်မဟုတ်ပါလား။
တရေးနိုးတော့ ဖုန်းထဲမှပုံတွေပြန်ကြည့်ရင်းသဘောကျသောပုံအချို့ကိုဖေ့ဘွတ်ခ်ပေါ်တင်ပစ်လိုက်သည်။
ခဏပဲရှိသေး။ ပုံမတင်တာကြာပြီဖြစ်ပေမယ့်လို့ လိုက်ခ်ပေးသူ မန့်ပေးသူတွေနဲ့တစ်ခဏအတွင်းဝေဆာသွားတော့သည်။
မန့်တွေလိုက်ဖတ်ရင်းပြုံးနေစဉ်မက်ဆင်ဂျာမှနန်းကဖုန်းခေါ်လာခဲ့သည်။
"ဝေ့...မိနန်း"
"ပုံတွေဘာတွေတင်လို့ပါလား...မတရားတွေပျော်နေတယ်ပေါ့လေ...ဟုတ်လား"
"တစ်ခါတစ်လေလေးတင်တာပါ နန်းရယ်....ဒီနေ့မှဆရာကတော်ကအပျင်းပြေလျှောက်လည်ဖို့ခေါ်နေလို့"
"ဟုတ်လား....ဒါနဲ့လေ....မမစစ်သိပြီးပြီလား"
"ဘာကိုလဲ"
နန်းဘာကိုရည်ရွယ်ပြီးမေးတာလဲတော့မသိပေမယ့်ရင်ထဲမှာတော့ မနဲ့များပတ်သက်နေလေမလားဆိုတဲ့ အတွေးနဲ့တင်ချွေးပျံလာရသည်။
"မသွေး ဖုန်းဆက်သေးလား"
ဆက်တယ်လို့ပဲဖြေရမလား။ မဆက်ဘူးလို့ပဲဆိုရမလား။ အရင်ကတော့ဆက်သည်။ ခုမဆက်တော့။ သူလဲသူ့ချစ်သူနဲ့သူဖြစ်နေပြီမို့လို့ စစ်ကလဲစပြီးမဆက်သွယ်ရဲတော့တာလဲပါသည်။ သူနဲ့ကိုယ်က ချစ်သူဖြစ်ခဲ့ပြီးမှယခုကတော့သူစိမ်းတွေဆိုတော့ ပြန်ပြီးစကားပြောရမှာတစ်မျိုးတော့ဖြစ်လို့နေသည်။
"မဆက်ဘူးလေ...ဘာလို့လဲ...နန်းဆီခေါ်လို့လား"
"အရင်ကကော မဆက်ကြဘူးလား....ချစ်သူတွေဆိုနေနိုင်ကြတယ်ကော"
"အရင်ကဆက်ပါတယ်...ကျောင်းပြန်လာတုန်းကတစ်ခါဆက်တယ်...နောက်တော့အိမ်အလုပ်တွေနဲ့မအားဘူးထင်ပါရဲ့...ငါလဲမဆက်ဖြစ်ဘူး...လိုင်းတောင်မသုံးအားတော့တာကြည့်လေ..."
"အဲ့ဒါပဲ...သူ့ဖက်ပဲဖြည့်ပြီးတွေးပေးနေတယ်...သိပ်ကောင်းတယ်သိလား....ဟိုကသစ္စာမဲ့ပြီးဖောက်ပြန်ပွေရှုပ်နေတာတော့မသိဘူး"
ပြောရက်ပလေ...နန်းရယ်....မဖက်က သစ္စာမဲ့တာလဲမဟုတ်သလို ကွယ်ရာမှာဆိုပြီးဖောက်ပြန်ပွေရှုပ်တတ်တဲ့မိန်းမမျိုးလဲမဟုတ်သေးပါဘူးကွယ်..။
"ဟာ..နန်းရာ..တစ်ဖက်သားကိုအဲ့လောက်ကြီးပြောစရာလားဟဲ့"
"ဟင်....မမစစ်က နာနေတာလား...မမစစ်လဲမြင်မှာပေါ့နော်....ဟိုကသူ့အကောင်နဲ့သာယာနေပြီးမမစစ်ကိုကျပလစ်ထားတယ်လေ...မမစစ်ကို လမ်းလဲမခွဲဘူးမလား....နှစ်ဖက်လုံးကိုခွနင်းနေတာ....မမစစ်သိရက်နဲ့မရူးစမ်းနဲ့..."
ဟိုဖက်က တင်လိုက်တဲ့ပုံကိုနန်းမြင်တာလား။ မဖြစ်နိုင်တာ၊ နန်းမှလိုင်းတွေဘာတွေသိပ်မသုံးတာကို။ ဒါကိုဘယ်သူပြောပြထားတာပါလိမ့်။
"အဲ့လိုကြီးလဲမဟုတ်သေးပါဘူး..ဒီအတိုင်းတွဲတာဖြစ်မယ်ကွာ...နန်းကဘာမြင်ပြီမို့လဲ"
ချစ်ရသောမကို တစ်ခြားသူကမကောင်းပြောတာလောက်စစ်အသည်းနာတာမရှိ၊ နန်းဆိုတာကလဲစစ်ရဲ့ညီမပေမယ့်လို့ မအကြောင်းပြောတာကိုတော့ မခံနိုင်ပါ။
"ဘာမြင်တယ်ဟုတ်လား...မမစစ်မေ့နေတာလား....နန်းချစ်သူကမူဆယ်သားဆိုတာလေ....မူဆယ်မြို့သေးသေးလေးမှာကိုကို့လောက်နှံ့စပ်တဲ့သူရှိပါဦးမလား....အခုမသွေးတွဲနေတာကမူဆယ်သားပဲ....ကိုကိုနဲ့တောင်ခင်တယ်တဲ့...အဲ့ကောင်လေးရဲ့မိဘတွေတောင်မသွေးကိုသဘောကျကြည်ဖြူနေသတဲ့...ရှင်ကသိရဲ့လား....သိမယ်လဲမထင်ဘူး...သိနေရင်လဲပဲချစ်တဲ့စိတ်နဲ့မွှန်နေတဲ့အပြင်အပြစ်မယူပဲချစ်နေမယ့်သူကြီးရဲ့"
ဒီလိုစကားလုံးတွေကို ငိုသံပါကြီးနဲ့နန်းပြောနေတာလဲဖြစ်သလို နားထောင်နေတဲ့စစ်ရဲ့နှလုံးအိမ်မှာလဲ အပ်နဲ့ထိုးဆွသကဲ့သို့နာကျင်နေရပါသည်။ နန်းကတော့ စစ်ဖက်ကတွေးပေးပြီးစစ်အစားနာပေးနေပုံရသည်။ နန်းစေတနာကိုနားလည်ပေမယ့်လဲ မကိုတော့အပြစ်မမြင်ပဲချစ်နေမြဲသာ။
ဘာမှပြန်ချေပနိုင်စွမ်းလဲမရှိ။ ဒီလိုပြောနေတာသာအပြင်မှာဆိုလျှင်နန်းရဲ့လက်သီးဆုပ်တွေစစ်ကိုယ်ပေါ်ကျရောက်နေမှာအမှန်။
"မမစစ်...ဘာမှမပြောနိုင်တော့ဘူးမလား....ထပ်ပြီးစပွန်ဆာပေးချင်သေးတာလား..သနားကမားရုပ်လေးနဲ့ မမစစ်ကိုတကယ်လဲမချစ်ပါပဲနဲ့ လာလိုက်ပြန်လိုက်လည်လိုက်နဲ့။ မိန်းမချင်းဘာမှမနစ်နာပါဘူးလေဆိုပြီး မမစစ်ဆီကဘာတွေများပါသွားပြီလဲ .... အလကား...ခုတွဲနေတဲ့အကောင်ကိုလဲကြည့်....တရုတ်ပြည်နယ်စပ်မြို့မှာနေတဲ့အကောင်ကြိးကြီးရဲ့တစ်ဦးတည်းသောသား...ကိုယ်ပိုင်လုပ်ငန်းနဲ့ပညာတတ်ရုပ်ချောတဲ့ယောက်ျားတစ်ယောက်ကို သူဘာကြောင့်ချိန်နေလဲဆိုတာပြေးကြည့်စရာမလိုဘူး...တွေးကြည့်ရုံနဲ့တင်သိနေတယိ"
"နန်းရယ်...သူ...သူကငါ့ဆီကဘာမှတောင်းဆိုတာမျိုးမရှိခဲ့ပါဘူးဟယ်...ငါကသာတစ်ဖက်သတ်ပြီးချစ်နေတာမျိုးပါ...သူ ငါ့ကိုမချစ်ဖုးဆိုတာငါလဲသိပါတယ်....ငါကသာချစ်လို့လုပ်ပေးနေမိတာရယ်...ငါ့အပြစ်ပါ"
"ရူးနေလိုက်...ထမင်းလွတ်အောင်ရူးစမ်း....ဟိုကပြန်ပြီးမဟုတ်ပါဘူး စစ်ရယ်ဆိုတာနဲ့ပဲပျော့ပါသွားမယ့်မမစစ်....နောက်ဆို သူဆက်လာမယ့်ဖုန်းလဲမကိုင်နဲ့...ပစ်ထားကြည့်လိုက်...မမစစ်ပစ်ထားသလောက်သူလဲနေနိုင်တယ်ဆိုရင်သူတကယ်မချစ်လို့....ခဏခဏဖုန်းဆက်ပြီးဖြေရှင်းပြဖို့ကြိုးစားရင်သူ့ဖက်ကမမစစ်ဆီကလိုချင်နေတာရျှိသေးလို့..."
"ခေါ်လဲမခေါ်ပါဘူး...ပြီးတာတွေလဲပြိ်းပါစေ...ငါကခွင့်လွှတ်တယ်ဟာ...ငါ့လိုဘာအခြေမှမရှိတဲ့မိန်းမတစ်ယောက်ကိုသူလိုမိန်းမကရွေးချယ်ဖို့ဆိုတာ အစတော့လွယ်ရင်လွယ်လိမ့်မယ်...ငါ့ထက်သာသူပေါ်လာတဲ့အခါကျ ဘယ်မိန်းမမဆိုကိုယ်ကသိက္ခာရှိရှိနဲ့အားကိုးနိုင်မယ့်သူကိုပဲရွေးချယ်မှာပေါ့ဟာ...နားလည်ပေးလိုက်ပါ"
"ဒီမယ်..မမစစ်...နန်းပွေတယ်ရှုပ်တယ်ဆိုတာ သိက္ခာရှိတယ်...တစ်ယောက်နဲ့အတိအလင်းလမ်းခွဲပြီးမှနောက်တစ်ယောက်ထပ်တွဲတာ...အကြောင်းမရှိအကြောင်းရှာ...တမင်တကာအပြစ်ရှာပြီးမှ ရည်းစားရှိပါလျက်နဲ့တစ်ခြားတစ်ယောက်ကိုပစ်မှားနေတာမျိုးမရှိခဲ့ဖူးဘူး...သိရဲ့လား...ချစ်သူရှိရက်နဲ့နောက်ထပ်ကိုလူသိရှင်ကြားတွဲတယ်ဆိုတာ သိပ်ရွံစရာကောင်းတယ်...မမစစ်လဲနော်...သူပြန်ချော့တဲ့အခါပျော့မသွားစေနဲ့...ကိုယ့်ဖက်ကသေလောက်အောင်ချစ်နေရသူဖြစ်ပါစေ...နားလည်မှုကိုအကြိမ်ကြိမ်အခွင့်ကောင်းယူပြီး သစ္စာတရားကိုဖော်ပြားလို့ ယုံကြည်မှုအလွဲသုံးစားလုပ်တတ်တဲ့သူကို အနည်းနဲ့အများတော့ပစ်ထားနိုင်ရမယ်...နာကျင်ပြီးအသည်းကွဲတာတောင်မာနတရားနဲ့ထပ်တယအဆင့်အတန်းမြင့်မြင့်နဲ့ပြိုလဲလိုက်စမ်းပါ....ဒီလိုပြောလို့လဲနန်းကိုကိုယ်ချင်းမစာတတ်ဘူးလို့တော့မတွေးလေနဲ့....မမစစ်နေရာမှာနန်းသာဆိုရင်ဘယ်လောက်ပဲချစ်ချစ်ဆယ်ခါပြန်လှည့်မကြည့်ဘူး...ပတ်သက်ခဲ့တာတောင်အကြိမ်တရာမကပြန်အမ်းလို့ရရင်အမ်းလိုက်ချင်တယ်...
သဘောပေါက်တယ်နော်....အချစ်နဲ့ပြိုလဲပြီးငိုပွဲတွေဆင်မနေနဲ့...နှမြောစရာမရှိဘူး...ဒါပဲ...လုပ်စရာတွေရှိသေးတယ်"
စစ်ဘာမှမပြောနိုင်ခင်လေးမှာ နန်းကဖုန်းချသွားပြီး လိုင်းပါပိတ်သွားလေပြီ။ မနဲ့တွေ့မှ ဘာရယ်ကြောင့်အပြစ်ရယ်မမြင်ပေးနိုင်ရတာလဲ။
မရယ်....တကယ်တွဲဖြစ်နေတာပဲဖြစ်ပါစေဦး..
စစ်ဆီကို အဲ့ဒါမ မဟုတ်ဖူးလို့တစ်ခါလောက်လေး ငြင်းချက်ထုတ်ပေးရင်စစ်ကမအပေါ်အမြင်ရှင်းသွားဦးမှာပါ။
နာကျင်နေပါလျက်နဲ့ ဆုပ်ကိုင်ထားမိတယ်သံဆူးကြိုးလိုမျိုး မကိုချစ်နေရတဲ့သံယောဇဉ်ကြိုးတွေကလဲပတ်ပတ်လည်မှာနာကျင်စေတဲ့အရာများစွာနဲ့ပါ။
....
"မမချစ်...စစ်တို့က ရန်ကုန်မှာပျော်နေတယ်နဲ့တူတယ်...တစ်ခါမှတောင်ပြန်မလာတော့ဘူးနော်"
ဒီနေ့ ဆိုင်မှာ လူလဲသိပ်မရှိ။ လာတဲ့သူကလဲဆံပင်ညှပ်သူတွေသာဆိုတော့ အားလို့နေသည်။ မဂ္ဂဇင်းတအုပ်ကို ပျင်းပျင်းနဲ့ဖတ်နေတဲ့ မကြီးချစ်အနားကပ်ပြီး စားပွဲပေါ်နှင်းဆီပန်းအိုးလာတင်ပေးတဲ့ကေသီကမေးလိုက်ခြင်းဖြစ်သည်။
"စစ်ကအဲ့လိုလဲမဟုတ်ဘူး....သူသင်ချင်တာတွေပြည့်စုံသွားရင်ဒီပဲပြန်လာမှာပါ....သူကတောင်ကြီးကိုချစ်တယ်လေ"
"ဟုတ်လို့လား...ဟိုမှာကောင်လေးတွေတွေ့နေပြီလားမှမသိတာကို"
"ဟား....စစ်ကကောင်လေးမှမကြိုက်တာ...သည်နှစ်တွေမှာစစ်ကလေးတအားငြိမ်နေတာ သတိထားမိလား....တစ်ယောက်ယောက်ကိုသေသေချာချာချိန်နေပုံပါပဲ...ဟိုးအရင်နှစ်တွေကလို ဆိုးပေမနေဘူး...အနေတွေအေးလာတယ်"
"ဟုတ်တယ်နော်...ကေသီအလုပ်စဝင်စကဆို စစ်ကမျက်နှာထားကြီးနဲ့ စကားလဲသိပ်မပြောဘူး...သူငယ်ချင်းတွေနဲ့အပြင်လဲခဏခဏသွားတတ်ပြီးဘီယာတွေလဲသောက်တတ်တယ်..မကြိးချစ်နဲ့ဆိုဘီယာဆေးလိပ်ကြောင့်ခဏခဏစကားများရတယ်လေ...ပြီးတော့အန်တီနဲ့လဲမတည့်ဘူး...အရင်နှစ်ကတော့ နည်းနည်းပြေလည်လာပြီ"
"ဟုတ်တယ်ဆို..."
ပြောနေရင်း စားပွဲပေါ်ချထားတဲ့မကြိးချစ်ရဲ့ဖုန်းလေးမြည်လာလေတော့သည်။ စခရင်ပေါ်မှာစစ်ရဲ့ပုံကြီးနဲ့ဆိုတော့
"ပြောနေရင်း အသက်ရှည်ဥိးမယ်ဒီကလေးကတော့..."
ခပ်ပြုံးပြုံးလေးပြောပြီး ဖုန်းကိုင်လိုက်သည်။
"စစ်ကလေး...မခေါ်စဖူးအခေါ်ထူးလို့...ပြန်လာတော့မှာလား"
ကိုယ်တိုင်ကလဲ ခွဲနေရတာကြာပြီဆိုတော့ လွမ်းလဲလွမ်းနေပြီပေါ့လေ။
"မလာသေးဘူး နှစ်လလောက်နေဖြစ်ဦးမယ်..ထပ်ပြီးတော့မကြီးကိုပြောမလို့"
"အွန်းပြောလေ...ဘာများလဲ...ပိုက်ဆံကုန်လို့လား"
"မကြိးဟာလေ...စစ်ပြောတာအရင်နားထောင်ပါဦး...ဒီလို အမေ့ခန်းထဲကဗီရိုပေါ်မှာ စစ်စုဗူးတွေရှိတယ်...အဲ့ဒါဖောက်ပြီးတော့ဈေးနဲ့နီးတဲ့စစ်တို့အကွက်ထဲမှာ ဆိုင်လေးတစ်ဆိုင်လောက်ဆောက်ထားပေးလို့"
ဟိုက်ရှားဘား.. ..အဖေ့လက်ထက်တည်းက ဘာမှမလုပ်ထားတဲ်မြေကွက်လပ်လေးကို စစ်ကလေးအတွေးထဲဘယ်ချိန်ကရောက်သွားလေသည်မသိ။ သူမတို့အိမ်ထောင်ပြုတုန်းက အမေကအဲ့အကွက်လေးကိုသူမပဲယူယူ စစ်ပဲယူယူဆိုပြီး ဘာမှမလုပ်ပဲထားထားတာလေ။ သူမတော့စစ်အတွက်ဆိုပြီးဘာမှမယူ။ ခုမှစစ်ကဘယ်လိုတွေစိတ်ကူးပေါက်သည်မသိ။ စကားထဲတောင်ထည့်ပြောလာသည့်အပြင်ဆိုင်ဆောက်ပေးတဲ့။ အံ့သြ၍မဆုံး။
"အလိုတော်...ဘာဆိုင်ဆောက်ပေးရမတုန်း"
"စစ်ဆိုင်ဖွင့်မလို့လေ...သပ်သပ်ပေါ့....အကွက်က ကိုယ်ပိုင်တဲ့မြေပဲဟာ..ဆောက်လို့ရမှာပါနော်...အဲ့အထဲမှာပဲနေးရာအိမ်ခန်းသေးသေးလေးပါလုပ်ပေး....အဲ့ဆိုင်စစ်ထိုင်မှာ..."
"စစ်ပိုက်ဆံစုနေတာ အဲ့အတွက်လား"
ဟုတ်သည်။အလုပ်စလုပ်တည်းက တနေ့တာအတွက်ဆိုပြီးသူ့ကိုပေးနေတဲ့ပိုက်ဆံမှန်သမျှ စုဗူးလေးနဲ့စုထားတတ်သူလေ။ ဒီနေ့မှာဒီလိုစိတိကူးအတွက်များ ရည်ရွယ်ပြီးစုခဲ့သလားလို့ပေါ့။
"မဟုတ်ပါဘူး...အဲ့တုန်းကဒီတိုင်းစုတာပါ..ဒါမဲ့ခုတော့စုတာကအလကားမဖြစ်တော့ဘူးလေ...တကယ်ကဆရာအကြံပေးလို့ပါ...ဟီး...စစ်ကဘယ်လိုလုပ်ဒီစိတ်ကူးမျိုးရမှာလဲ....ပြော...လုပ်ပေးမလား မလုပ်ပေးဘူးလား"
"နေဦးလေ...အမေနဲ့ပြောကြည့်ရဦးမယ်"
"အမေ့ကိုပြောပြီးပြီ...အမေကမကြီးကိုပြောကြည့်ဦးဆိုလိူ့"
ဘယ်တည်းက ဘယ်လိုတွေစည်းရုံးလိုက်သည်မသိ။ အမေ့က သူ့ဖက်ပါနေပြီမို့ သူမလဲမငြင်းသာတော့။
"ခုချက်ချင်းတော့လုပ်ဖို့မလွယ်သေးဘူး...ခဲအိုနဲ့တိုင်ပင်ကမယ်...သူက လက်သမားတွေပန်းရံတွေအသိများတယ်လေ...နော်"
"ဟုတ်...သိပ်မကြာစေနဲ့နော်...စစ်ပြန်လာတာနဲ့အမှီပြီးနေရမှာ...ပုံစံကိုတော့ လိုင်းပေါ်မှာပို့ထားပြီးပြီ ကြည့်လိုက်ဦး..လုံးဝလွဲလို့မရဘူးနော်"
"အေ့ပါဟဲ့...စီးပွားပြိုင်တစ်ယောက်ပေါ်လာပြီဆိုတော့ကျုပ်လဲကြိုးစားရတော့မယ်အေ"
"မကြီးကလဲ....အာ့ဆို ဖုန်းချပြီနော်"
အပူအပင်ရယ်မရှိတဲ့ ကလေးက ဘာလို့တအားတွေစီးပွားရေးသောင်းကျန်းချင်လာပါလိမ့်။
လိုင်းတက်ပြီး စစ်ပို့ထားတဲ့ပုံလေးတွေကြည့်မိသည်။ ဆိုင်ခန်းပုံစံတော့သာမာန်ပေမယ့်အိမ်ခန်းလေးကစွဲဆောင်နေသယောင်။ အမိုးချွန်ချွန်လေးနဲ့သစ်သားအိမ်သေးသေးလေးကို အထပ်ခိုးနဲ့။ တကယ့်ကိုတစ်ယောက်တည်းသမားအိမ်လေး။
စာကလဲရေးထားသေးတယ်..
"တအိမ်လုံးကို ထင်းရှူးသားနဲ့ပဲ လုပ်ခိုင်းနော်
ပိုက်ဆံမလောက်ရင်လဲ စိုက်ပေးထားပြေလည်ရင်ပြန်ဆပ်မယ်
်မကြီး" တဲ့။
တစ်ချက်တစ်ချက်တောသ်ပေါ်ကဖြတ်တိုက်လာတဲ့လေပြေအချို့ထဲမှာ ထင်းရှူးနံ့တွေပါလာတတ်တာကိုမျသဘောကျသွားလေသလားမသိ။ အတော်စိတ်ကူးယဉ်ဆန်တဲ့ကလေးမ။
....
မိုးစက်တွေက ကြမ်းကြမ်းတမ်းတမ်းမြေပြင်ပေါ်သို့ထိုးဆင်းနေသည်။ ဝတ်ထားတဲ့ဂျင်းဘောင်းဘီအထူတောင်မိုးစက်ထိလိုက်တိုင်းမှာ အထဲကအသားထဲကိုပင်ဖောက်ထွက်သွားမတတ်နာကျင်မှုခံစားနေရသည်။လေတိုက်တိုင်း လှုပ်ယမ်းခါသွားတဲ့သစ်ပင်တစ်ချို့။ ပြိုးပြိုးပျက်ပျက်လက်နေတဲ့လျှပ်စီးတွေကိုမြင်တိုင်း နားပိတ်ထားတတ်တဲ့မိမိ။ ယခုတော့ နားစည်ကွဲမတတ်ခြိမ်းညံနေတဲ့မိုးခြိမ်းသံတွေနဲ့တောင်နားယဉ်လာသည်။ တကယ်ကမကြားတာပဲဖြစ်လိမ့်မည်။
တောင်ချွန်းထပ်တည့်တည့်က ထင်းရှူးပင်အိုကြီးရဲ့အောက်မှာသွေးရယ်စစ်ရယ်။ မိုးရေတွေကြောင့်ရွှဲနစ်နေပေမယ့်နေရာမှမလှုပ်ကြ။
"မိုးရွာရင်ကြောက်တယ်ဆိုတဲ့ မ...ခုတော့အိမ်ပြန်မယ်စိတ်မကူးတော့ဘူးလား"
ဆံနွယ်မျှင်တစ်ချို့မှာတွဲလွဲခိုနေတဲ့ရေစက်တွေအောက်မျက်ဝန်းတောက်တောက်နဲ့စစ်တစ်ယောက်က အပြုံးရိပ်ခိုလို့မေးသည်။
"အရင်ကသိပ်ကိုကြောက်ခဲ့တာပေါ့...ဒါမဲ့ခုတော့မဟုတ်ဖူး...မိုးခြိမ်းသံကြားရင်ကမ္ဘာပျက်မတတ်ကြောက်ခဲ့ဖူးပေမယ့်စစ်သာမအနားမှာအခုလိုအတူရှိနေရင်မိုးခြိမ်းသံမပြောနဲ့ မိုးကြိုးပစ်ချလဲမကြောက်တော့ဘူး"
"မရယ်..တကယ်လို့များ စစ်မရှိတော့ရင်ရော မ စစ်ရှိနေတယ်ဆိုတဲ့အသိနဲ့သတ္တိရှိနေလေဦးမလား"
"စစ်မရှိရင်မဆိုတာလဲရှိနိုင်ပါဦးမလား..."
"မ ဘာလို့စကားတွေသိပ်တတ်နေတာလဲ..."
"ဝေးကွာသွားခြင်းရဲ့နောက်ကွယ်မှာ မ စစ်ကိုဘယ်လောက်တောင်မှတမ်းတနေခဲ့လဲဆိုတာစစ်မသိဘူး....အဲ့အချိန်အတွင်းမ စိတ်ကိုဘယ်လိုတွေပြုပြင်ပြောင်းလဲပစ်တယ်ဆိုတာလဲစစ်မသိဘူး...စစ်ရဲ့ ဂရုစိုက်မှုတွေအားပေးမှုတွေမရှိတဲ့အရပ်မှာ မနေကြည့်ပြီးပြီ...လုံးဝအဆင်မပြေဘူး..မ ဆုံးဖြတ်ခဲ့တယ်ဘယ်လိုပဲဖြစ်ဖြစ်စစ်ရဲ့အချစ်ကိုပြန်ကြိုးစားယူမယ်လို့...ထပ်ရပြီဆိုရင်လဲဘယ်တော့မှမလွှတ်ချတော့ဖို့ကတိတွေပေးခဲ့တယ်ကိုယ့်ကိုကိုယ်လေ"
လေပြင်းတိုက်၍ ထင်းရှူးသီးခြောက်တွေတရစပ်ကြွေကျလာတော့ စစ်ကသွေးကိုထွေးဖက်ပြီးအပင်ခြေရင်းတည့်တည့်သို့ခေါ်လာသည်။
"မကလေးရာ...ခိုက်ခိုက်တုန်နေတာပဲ..ကြည့်ပါဦး..နှုတ်ခမ်းလေးတွေပြာနေပြီ...အေးနေတယ်မလား"
"အဲ့ဒါအပြင်ပန်းကနေကြည့်လို့အေးတယ်ထင်နေတာလေ...ရင်ထဲမှာတော့စစ်ကိုယ်ငွေ့လေးနဲ့နွေးနေပြီးသားပါ"
"မနော်...စစ်နှလုံးရပ်ပြီးသေတော့မယ်ရှင့်"
"ချစ်ခွင့်ပေးပါဦးကွာ..နော်..."
ဂျိန်း.....
လင်းခနဲလျှပ်စီးနဲ့တပြိုင်နက်မိုးကြီးကပစ်ချလာသည်။
မျက်စိတွေပြာဝေသွားပြီးပျော့ဖတ်စွာခွေလဲသွားတဲ့ စစ်ကိုယ်ကိုဆွဲမထားနိုင်တော့ချေ။
"စစ်......"
...သန်းခေါင်းယံအချိန်ကြီးသွေးအော်သံကအပြင်မှာရွာနေတဲ့မိုးသံထက်ပို၍ကျယ်လောင်သွားတော့သည်မို့ အိပ်နေတဲ့နန်းမြသီပါလန့်နိုးရတော့သည်။ အိမ်မက်မက်ပြီးကယောင်ကတမ်းတွေထအော်နေတဲ့သွေး။ သူ့ကုတင်ဆီသို့ပြေးကာခြင်ထောင်မပြီး အတင်းလှုပ်နှိုးတော့သည်။
"သွေး....သွေး....အိမ်မက်ဆိုးတွေမက်နေတာလား"
အတင်းလှုပ်နှိုးမှနိုးလာတော့သည်။ ပြီး မျက်ရည်တွေစိုရွှဲလို့ခေါင်းအုံးမှာတောင်စိုနေပြီ။
"ဘာဖြစ်လို့လဲ နန်းမြသီ..ဘယ်လိုလုပ်ကျမကုတင်ဆီရောက်လာတာလဲ"
"ဟယ်...ညကြီးသန်းခေါင်ရှင်ကလန့်အော်ငိုနေတယ်လေ...နည်းပါးစိတ်ထိန်းဦး...အပြင်မှာမိုးတွေအေးလို့အိပ်ကောင်းတုန်းရှိသေးကွာ"
ဟုတ်သည်။ မှန်ပြတင်းကနေတချက်တချက်လက်နေတဲ့လျှပ်စိးတွေ မိုးခြိမ်းသံတွေကြေယင့်သွေးအိမ်မက်ဟာအလွန်တရာဆိုးဝါးနေကြောင်းမပြောပြဖြစ်။
"ကျမ ဘုရားစာရွတ်ပြီး ပြန်အိပ်ပါ့မယ်...ဆောရီးနော်"
ထုံးစံအတိုင်းပွစိပွစိပြောပြီးသူ့ကူတင်ပေါ်တက်ပြီးအိပ်ပျော်သွားလေရဲ့။ အိပ်မပျော်နိုင်သူကသွေးပဲဖြစ်သည်။ စားပွဲပေါ်တင်ထားတဲ့ရေလေးသောက်ပြီးအိမ်မက်အကြောင်းပြန်စဉ်းစားမိသည်။ စစ်နေမှကောင်းရဲ့လား။
အပြစ်ရှိနေသူပီပီစပြီးမဆက်သွယ်ရဲခဲ့တာ သုံးလကျော်လေးလတောင်ရှိနေပြီ။ ချစ်တာတော့ချစ်နေဆဲပေါ့။
အိမ်မက်အရတော့ကြည်နူးစရာအဆင်ပြေနေပေမယ့်ရာသီဥတုကဆိုးလွန်းသည့်အပြင်စစ်သည်လဲပဲ...။
တွေးရင်းငိုချင်လာသည်။ ရင်ဘတ်ကအောင့်တက်လာသည်။အသက်ရှူမဝတော့သလိုမျိုးကြီး တကယ့်ကိုဆို့ဆို့နင့်နင့်ကြီး။
အ...စစ်...ဘာတွေဖြစ်နေလဲဟင်....မကိုအသိပေးနေတာလား....
ဟင့်အင်း...စစ်ဘာမှ မ ဖြစ်ရဘူးနော်....မကိုထားမသွားနဲ့...မကချစ်တယ်လို့သေသေချာချာပြောပြရဦးမှာ...မလေ..ရှင်းသန့်နဲ့တွဲနေတာမဟုတ်တဲ့အကြောင်းကိုလဲရှင့းပြဦးမှာ...မကစစ်အပေါ်သစ္စာရှိခဲ့တယ်...ခုလဲရှိတုန်း..နောင်လဲစစ်တစ်ယောက်ပဲချစ်မှာ..ဖွင့်ချပြမရသေးတဲ့အေုခအနေမှာမို့မက သည်းခံနေရတာပါ..မကိုနားလည်ပါ....ရှင်းသန့်အတွက်နဲ့မို့ မတို့ကိုသူများတွေအတွဲလို့ထင်မှတ်ထားကြပေမယ့်ဒိကျောင်းပြီးတာနဲ့ဒီဇာတ်လမ်းကရပ်မှာပါ...မ မချစ်တဲ့အကြောင်းရှင်းသန့်ကိုလဲပြောပြပြီးသား...သူကနားလည်ပေးရှာတယ်...သူကသိပ်သနားစရာကောင်းတဲ့အပြင်သိပ်ခင်ဖို့ကောင်းတဲ့ကောင်လေး...ချစ်ဖို့ကောင်းတဲ့မောင်လေးတစ်ယောက်လိုပဲ မ သူ့အပေါ်အဖြူ ထည်စိတ်ပဲရှိခဲ့တာပါ...ဒီအကြောင်းတွေစစ်ကိုပြောပြရဦးမှာ...
စစ်ဘာမှဖြစ်လို့မရသေးဘူးနော်....
နန်းမြသီတစ်ယောက်တရေးပြီးတရေးအိပ်သွားပေမယ့်သွေးမှာရင်ဘတ်ကြီးကိုလက်နဲ့ဖိပြီးကုတင်ပေါ်မှာတညလုံးငုတ်တုတ်။ မျက်ရည်တွေတော့အဖော်အဖြစ်နဲ့တညလုံးခစားလို့နေသည်။
မမြင်ရတဲ့တခြားနေရာမှာ စစ်ဘာများဖြစ်နေလို့ပါလိမ့်။
....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့