ဖြန်း ဖြန်း
ဘယ်ဖက်ပါးကော ညာဖက်ပါးပါ ပူထူသွားပြီးစပ်ဖျဉ်းဖျဉ်းဖြစ်လို့နေသည်။ ပါးပြင်တွေကို မယုံနိုင်သလို ခပ်ဖွဖွထိပြီးနားမလည်သလိုအကြည့်မျိုးတွေကိုလဲ အမေ့ဆီမပို့လွှတ်။ ပါးကိုလဲမကိုင်ခဲ့သလို အမေ့ကိုလဲမော်မကြည့်ခဲ့ပါ။
"နင်..နင်မို့လို့ မရှက်မကြောက်....ဟမ်း.....ငါသိနေတာဖြင့်ကြာလှပြီ။ ညတိုင်းအိပ်ချိန်ဆိုညနက်သန်းခေါင်မှဖုန်းထွက်ထွက်ပြောတယ်...အဲ့အချိန်ဖုန်းထွက်ပြောတာ မိန်းမကောင်းလား...ငါမသိလိုက်ပဲနဲ့အပြင်မှာနင်ဘာတွေလုပ်နေခဲ့သေးလဲ...နင်ဟာလေ...ငါက ကျန်းမာရေးမကောင်းခဲ့တဲ့ကလေးလေး ဖတဆိုးလေးဆိုပြီး အလိုလိုက်ထားပေးခဲ့တာ"
"အ အမေရေ့...နာတယ်"
ငိုကြီးချက်မနဲ့ပြောလဲပြော စစ်နားရွက်ကိုလဲတစ်ဖက်ပြီးတစ်ဖက်လိမ်ဆွဲသေးသလိုပျော့ပျောင်းနေတဲ့ဆံပင်အချို့လဲ ကျုံးဆွဲထားသောကြောင့်အမေ့လက်ထဲမှာရွှေရောင်ဆံမျှင်အချို့အထွေးလိုက်။ မကြာသေးမီကဆေးဆိုးထားခဲ့လိုရွှေရောင်လေးတွေမှ လင်းလင်းလေးတွေ။
"နင့်မကြီးမသိသေးလို့ သိရင်ဘယ်လောက်ဝမ်းနည်းရှာမလဲ ပြီးတော့ နင့်အကောင်...မဟုတ်ဖူး နင့်ကောင်မကဘယ်ကလဲ....ယောက်ျားမဟုတ်မိန်းမမဟုတ်နဲ့ နင်မရှက်ဘူးလား တသက်နဲ့တကိုယ်မိန်းမချင်းကြိုက်ရတယ်လို့ နင်မို့လို့....တို့တွေအမျိုးထဲဒီလိုမရှိဖူးပါဘူး နင့်ကျမှ...."
ညတည်းက ဒီလို ပုံစံရောက်လာတော့မည်မှန်း စစ်ကြိုတွေးထားပြီးသား။ လုပ်ချင်ရာလုပ်ခဲ့ပြီးမှတော့ စစ်ခံရမည်မှန်းသိပေမယ့်လဲ ညကအိပ်မပျော်။ အမေပြောလာခဲ့ရင်ဘယ်လို ပြန်ပြောရမလဲဆိုတောင်တွေးမရခဲ့။ကျောခိုင်းပြီးအိပ်နေတဲ့အမေ့အသက်ရှူ သံတွေကြားမှာ ညအိပ်ဖို့မေ့နေခဲ့ပြီး အသက်တောင်ဘယ်လိုရှူ ခဲ့မှန်းမသိ။
ပုံမှန်အတိုင်း အမေ မထသေးခင်မျက်နှာသစ်ပြိး ဆိုင်ထဲလာရှင်းနေတာ။ လာပြီးဆိုင်ဖွင့်နေတာကိုဘာမှခုံတွေတောင်မချရသေး အမေရောက်လာပြီးဆော်ပလော်တီးခံရတော့တာပါပဲ။ ကံကောင်းတာက ဆိုင်အရှေ့တံခါး မဖွင့်ရသေးတာပင်။ မဟုတ်ရင်စစ်လှိမ့်ပိန့်ခံနေရတာကို
အရှေ့လမ်းမကြီးက လမ်းသွားလမ်းလာတွေမြင်နေရဦးမည်လေ။ လက်ထဲက တံမျက်စည်းကို ကိုင်ထားနေတုန်းမှာ မှားသွားမှန်းနောက်မှသိလိုက်ရသည်။
စစ်လက်ထဲက တံမျက်စည်းဝါးအရိုးရှည်ကြီးကို အမေ ဆတ်ခနဲဆွဲယူကာ တဖုန်းဖုန်းချပြန်သည်။
"နင်လူကမွေးတာမှဟုတ်ရဲ့လား အရှက်မရှိအလုပ်တွေလုပ်ရဲနေရအောင်က မိန်းမချင်းကိုနင်ဘာမက်စရာရှိနေတာလဲ......"
ပြောလဲပြောတတ်ပါပေ့။ အမေက စတည်းကနှုတ်ကြမ်းကိုယ်ကြမ်းရှိတာ သိပြီးသား။ ငယ်တည်းကခုချိန်ထိ စစ်တစ်ခါမှအဆူမခံခဲ့ဖူး။
အရိုက်အဆူသာ ပိုးစိုးပက်စက်ခံနေရပေမယ့်စစ်အတွေးတွေကယောက်ယင်ခတ်နေသည်။ စစ်ဖုန်းတွေညနက်မှထပြောတာကိုတော့ အမေ သိလောက်ပေမဲ့ဖေ့ဘွတ်ခ်မသုံးတဲ့ အမေကစစ်ရည်းစားမိန်းမဆိုတာ ဘယ်ကကြားလာလေသနည်း။
မကြီး သိရင်သိနေမှာဖြစ်ပေမယ့်အမေ့ကိုပြောပြပုံမပေါ်။ အရင်တစ်ခါကပဲမကြီးကအေးအေးသာသာပြောပြထားပြီးသား။ ဒီအတောအတွင်းစစ်လဲ သိပ်ကိုဆင်ခြင်ခဲ့တာပါ။
"အဲ့ကောင်မကို သိပ်ကြိုက်နေရင်တစ်ခါတည်း အိမ်ကနေဆင်းပြီးလိုက်သွား....ငါတစ်ခါတည်းပြတ်စာရေးပေးလိုက်မယ်...အိမ်ကိုလဲ ပြန်မလာခဲ့နဲ့တော့.."
ရိုက်လဲရိုက်သည်။မောလဲမောဟိုက်နေတဲ့ အသံနဲ့ဆူသည်။ အမေရိုက်တဲ့သူတောင်မောနေပြီဆိုမှတော့ ခံနေရတဲ့စစ်ကသက်သာပါ့မလား။
ဝါးရိုးလေးမှာ အမေ့လက်ထဲတွင်အစိပ်စိပ်အမြွှာမြွှာဖြစ်နေချေပြီ။ စစ်တကိုယ်လုံးလဲပူထူနေပါပြီ။ ကြာတော့ အမေလဲမောသွားပြီထင်ရဲ့။ ဝါးရိုးကျိုးလေးကို စားပွဲပေါပစ်ပေါက်ရင်း
"အရမ်းအေးတဲ့ကလေး...လိမ်မာတဲ့ကလေးဆိုပြီး သူများတွေပြောလို့ငါဖြင့်ဂုဏ်ယူလိုက်ရတာ...ခုလိုကုပ်ကမြင်းကြောထနေမှန်းမသိခဲ့ဘူး...ငါ ကြွားနေသလောက်သူတို့ကစိတ်ထဲလှောင်ရယ်နေမှာပေါ့...ငါ့ကိုက သားသမီးလိမ်တိုင်းခံနေရတဲ့ဘဝ...ဟီး...."
ပြောရင်း ငိုကြီးချက်မ လုပ်ပြန်ပြီ။ နာသာနာတာ...စစ်ကကိုယ့်အပြစ်နဲ့ကိုယ်မို့(အပြစ်ဆိုပေမယ့်ချစ်တာအပြစ်တော့မဟုတ်ပေမယ့်လဲ အမေ့အမြင်မှာအပြစ်ဆိုချေတော့ စစ်လဲအပြစ်လုပ်ခဲ့တယ်ပေါ့) မျက်ရည်လဲမကျမိ။
သို့သော်စစ်ကြောင့်အမေ့မျက်ရည်ကျနေတာ့မြင်တော့ စိတ်မကောင်း။ ကြည့်နေရတာနဲ့ကြားနေရတာကြောင့်ရင်ထဲတော်တော်လေးကိုကြေမွနေသလိုပင်။ ထို့ကြောင့်
အလျင်အမြန်ကြမ်းခင်းပေါ် ပုံပျက်ပန်းပျက်ထိုင်ပြီးငိုချနေတဲ့ အမေ့ရှေ့လေးဒူးထောက်လိုက်ပြီး
"စစ်လိမ်မာပါ့မယ်အမေ မငိုပါနဲ့တော့....တကယ်လို့ စစ်ကိုမမြင်ချင်ဘူးဆိုလဲ စစ်အိမ်ပေါ်ကဆင်းပေးပါ့မယ်....တစ်ခုတော့သိထားပေး..စစ်မှာ အိမ်ကလွဲရင်သွားစရာနေရာမရှိပါဘူး အမေ့အိမ်ကလွဲပြီးလဲစစ်ကိုဘယ်သူမှလက်မခံဘူး အမေစိတ်ပြေတဲ့အချိန်ပြန်ခေါ်ပါ"
အမေ လက်ခံလား မလက်ခံလား မသိပေမယ့်ပြောပြီး ဆိုင်တံခါးဖွင့်ကာ လမ်းပေါ်လဲရောက်လိုင်းကားလာတာနဲ့တက်စီးလိုက်သည်။
အိမ်မှာအမေဘယ်လိုကျန်ရစ်ခဲ့သည်မသိ။စောစောစီးစီး ခဲအိုနဲ့ခြံထဲသွားခဲ့တဲ့ မကြီးလဲဘာမှမသိ။
လိုင်းကားဂိတ်မရောက်မချင်း အတက်ဖက်အစွန်မှာစစ်နေရာမပြောင်းပဲငုတ်တုပ်။
အိမ်နေရင်းစီးတဲ့ ကွင်းထိုးဖိနပ်အပါးလေးရယ်ဝတ်နေကျ ဟူဒီအဝါရောင်ပါးပါးလေးရယ်ညအိပ်ဝတ်သိုးမွှေးဘောင်းဘီရှည်နဲ့ ဆံပင်ကပွထလို့နေပြီး ပါးနှစ်ဖက်လုံးကလဲကျိန်းစပ်နေသည်။ခြေသလုံးဆီမှလဲ နာကျင်စပ်ဖျဉ်းသောခံစားမှုတွေတက်လာပေမယ့်မျက်ရည်ကျဖို့စိတ်ကူးမပေါ်လာသေး။
ကားပေါ်လူတက်များများနည်းနည်း စစ်တစ်နေရာတည်းတွင်သာကျုံ့ကျုံ့လေးထိုင်နေမိတော့သည်။
"ကဲ ညီမလေးရေ....ဂိတ်ဆုံးပါပြီဗျာ...ကားစီးချင်ရင်နောက်ထွက်မယ့်ကားကိုပြောင်းစီးပါတော့ အကိုတို့ဂိတ်ထိုးလှည့်ရောက်ပါပြီ"
ကားစပယ်ယာအသံကြားမှ သိစိတ်တွေကိုယ်မှာ ပြန်ကပ်တော့သည်။ ထိုအခါ နားထဲသို့ဆူဆူညံညံအသံများဝင်လာလေတော့သည်။ တစ်လမ်းလုံး လူတွေဘယ်နှစ်ယောက်တက်ပြီးဘယ်နားတွေရပ်၍ ဘယ်လမ်းတွေမောင်းလာလဲ သတိမထားမိ။
ကားပေါ်က ဖြည်းညင်းစွာဆင်းပြီးဘယ်သွားရမှန်းမသိ ဖြစ်နေစဉ်
"ညီမလေး ကားခလေးပေးဦးလေ"
ကားစပယ်ယားလေးက စစ်ရဲ့ငိုင်တိငိုင်တိုင်အမူအယာကြည့်ပြီးတမျိုးထင်ကောင်းထင်နေလိမ့်မည်။ အိမ်ကထွက်ပြေးလာတဲ့ စစ်ကတော့ မနက်တိုင်းဆိုင်ရှေ့ဈေးသာ်လာရပ်လျှင်မုန့်ဝယ်ခိုင်းတတ်တဲ့ အငယ်ကောင်ကိုပဲကြံဖန်စိတ်ဖြင့်ကျေးဇူးလှမ်းတင်ရတော့သည်။ သူ့ကောင်းမှုကြောင့်စစ်ကိုယ်နှင့်မကွာ မနက်တိုင်းဆောင်ထားရသည့်ငွေစက္ကူ အချို့လေးတွေပါလာသည့်အထဲမှနှစ်ရာတန်တစ်ရွက်ထုတ်ပေးလိုက်သည်။
"ဪ ဟုတ်မေ့နေတာ"
ဘယ်သွားလို့သွားရမှန်းလဲ မသိ။ ဘယ်နေရာတွေဆိတ်ငြိမ်ပြီးအေးချမ်းတတ်မှန်းလဲ စစ်မသိ။
ခုလိုပြေးရမည်မှန်းသိခဲ့လျှင်အရင်ကနန်းနန်းအပြင်ခေါ်ထုတ်သမျှလိုက်ခဲ့ပါတယ်လေ...
ဟိုနားရပ်ရမလို သည်နားရပ်ရမလို ဟိုဖက်သွားရမလိုသည်ဖက်သွားရမလိုကိုဖြစ်လို့နေသည်။ အရေးထဲအလိုက်မသိတဲ့ဗိုက်ကဆာနေသေး။
ခုချိန်မှာ စစ်စိတ်ညစ်နေလားမေးရင်မညစ်ဘူးဟုဖြေမည်။ အမေ ဆူနေတာတွေက အမေ့ဖက်ကနေကြည့်ရင်မှန်ချင်မှန်မှာပေါ့။ ဒါမဲ့ စစ်မှ မမှားတာ။ ထားပါတော့။ အမေ့အလိုကျကိုကို့ကိုဖြတ်လိုက်မည်။
သို့သော်မနဲ့ကတော့....အဟမ်း။
ခဏကတော့ အမေရိုက်လို့ပြေးပေါက်မှားပြီးကြောက်လန့်နေပေမယ့်ခုကတော့နာတာလွဲရင်ဆာတာကလွဲရင်စိတ်ရဲ့ အခြေအနေကနေသားတကျ။
ဗိုက်ဆာနေပြီ...
ခြေထောက်တွေလဲ နာနေပြီ။
နာတာထက်ဆာတာက ပိုပြီးခံရခက်သည်မို့လား။ နီးရာဆိုင်ထဲပြေးဝင်ရတော့သည်။ ဒီနေ့တော့အေးအေးဆေးဆေးခိုနားရာရှာရဦးမည်။ ဖုန်းလဲမပါတော့ အိမ်ကလိုက်ရှာလို့လဲမရ။
မကိုတော့မောနီးမရေ ဆိုတာလေးနဲ့တင်စစ်မနက်ခင်းတာဝန်ကျေခဲ့ပြီးသားလေ။
.....
"မသွေး ကျွန်တော့်ကို အဆောင်လိုက်ပို့ပေးပါဦး"
"ငါ့ဖုန်းဖြုတ်လာခဲ့ဋ္ဌေးကော တစ်ခါတည်းလိုက်မလား"
"ဒိနေ့ ကျူ ရှင်ချိန်မနက်ဖက်မရှိဘူး မသွေး "
မနေ့ကပန်းမရှိသဖြင့်မုန်ညှင်းပင်ပေါက်လေးများကိုစုထုံးကာ မနက်ဈေးမှာကုန်စိမ်းသည်တွေကိုသွားပို့လိုက်တာပါပဲ။ ယနေ့အတွက်ဟင်းဖိုးတော့ဖူလုံပြီလေ။
ဈေးကပြန်လာပြီးနားတောင်မနားရသေး။ မနားရသေးဆိုဆိုင်ကယ်ပေါ်ကတောင်မဆင်းရသေးတဲ့ဟာ ငြိမ်းကအဆောင်ပို့ပေးဆိုတော့လဲပြေးချေဦးတော့။
အရင်ကဖုန်းမယူတတ်ပေမဲ့ ဟိုတစ်ခါဘီးပေါက်သွားသည့်အချိန်ကဒုက္ခရောက်ခဲ့ရသည်ကိုတွေ့းပီးခုတော့သွားလေရာဖုန်းကိုဆောင်တတ်နေလေပြီ။
စစ်ကို မင်္ဂလာ မနက်ခင်းဟု ပြန်ပို့ပြီးဘာမှလဲမပြောဖြစ်သေး။
"မသွေး...ကျွန်တော်အင်္ဂလိပ်သိပ်မရဘူး ဘယ်လိုလုပ်ရမလဲ"
အိမ်မှာအေးအေးဆေးဆေးစကားပြောချိန်မရှိတော့ ဆိုင်ကယ်ပေါ်အော်ပြောနေရခြင်းပင်။
"အဲ့ဘာသာကို အချိန်များများပေးကြည့်ပေါ့ သူများတစ်နာရီဆိုသူ့ကိုတစ်နာရီခွဲကြည့်ပေါ့....နားမလည်ရင်ဆရာမကိုမေးလို့ရသားကို နှစ်ချင်းပေါက်ကိုအမှတ်များများနဲ့အောင်အောင်ကြိုးစား အမှတ်များရင်ရွေးစရာရှိတယ်"
"ဆရာမကအပေါက်ဆိုးတယ်မရရင်ကြိမ်းနေတာ....ကျွန်တော်ကမရမှန်းသိရက်သားနဲ့အခန်းထဲမှာစာမေးမယ်ဆိုကျွန်တော့်ကိုချည်းပဲ မုန်းနေတယ်လားမသိ"
ငြိမ်းစကားကြောင့်လီဗာဆွဲနေတဲ့သွေးလက်တွေပြေလျော့သွားသလိုဆိုင်ကယ်အလျင်မှာလဲ သိသိသာသာလျော့ကျသွားတော့သည်။
ငြိမ်း သူ့ဆရာမကိုအထင်လွဲနေလေပြီ။သွေးရှင်းပြမှဖြစ်မည်။
"အဲ့ဒါ ငြိမ်းကိုစာရစေချင်လို့ပေါ့ အထင်မလွဲပါနဲ့ "
"မရမှန်းသိရက်နဲ့မေးနေတဲ့ဟာမုန်းလို့ပေါ့ပြီးတော့အတန်းထဲစာထွက်ရေးခိုင်းတာကြီး"
"မသွေးပြောပြမယ်....အဲ့ဆရာမ အချိန်မှာ သူကစာမေးတတ်တာသိရင်ငြိမ်းကထဖြေနိုင်အောင်အဆင်သင့်ပြင်ထားရမယ်...မရဘူးဆိုပြိးရှက်တတ်နေရင်နောက်တစ်ခါရအောင်သူသင်သမျှအာရုံစူးစိုက်နားထောင်စေချင်တာမျိုး....စာမရမှန်းသိလို့ သူစာမေးတာပေါ့....များများမေးခံရရင်များများမှတ်မိတာပေါ့....မသွေးတုန်းကလဲအဲ့လိုပဲ..အင်္ဂလိပ်စာအခြေခံမကောင်းခဲ့တော့ကိုးတန်းဆယ်တန်းမှာ ငြိမ်းလိုပဲ အခက်ကြုံခဲ့ရတယ်....မှတ်ထားပါ ငြိမ်း....ကိုယ့်ရဲ့သင်ဆရာမြင်စရာကြားဆရာတွေကိုဘယ်တော့မှအထင်လွဲပြီးမပစ်မှားမိစေနဲ့....ဆရာတွေဆိုတာ တပည့်ကိုမုန်းတယ်မရှိပါဘူး သူ့မှာတော်စေတတ်စေချင်တဲ့စိတ်ပဲရှိတာပါ...ငြိမ်းတို့အောင်မြင်သွားလို့ရာထူးရာခံရကုန်ရင်လဲသူကတော့လခစားအနေနဲ့ပဲရှိနေဦးမှာပဲ."
"ဟုတ်ကျွန်တော်မှတ်ထားပါ့မယ်"
"အင်း..အဆောင်ရောက်ပြီ...ထမင်းချိုင့်သေချာကိုင်ဦး ဒါနဲ့အမေဘာချက်ထည့်ပေးလိုက်လဲ"
ဆယ်တန်းကျောင်းသားလေးမို့ကောင်းကောင်းလေး စားစေချင်တာသွေးစေတနာ။သွေးတုန်းကတော့ ကျူ ရှင်လေးနှစ်ဘာသာပြေးတက်နိုင်ဖို့ဆိုတာ အတော့်ကိုခက်ခဲခဲ့တာမဟုတ်ပါလား။
"အာလူးနှပ်နဲ့ ငါးခြောက်ငရုတ်သီးကြော်"
အမေတို့တော့လုပ်လိုက်ပြန်ပြီ။ မနေ့ညနေကတည်းကသွေးချက်ထားပေးခဲ့တဲ့ ဝက်သားနှပ်ကိုကျမထည့်ပေးလိုက်ပဲနဲ့။
"ဟင်အာ့ပဲလား ဝက်သားနှပ်ကော နင်ထည့်ဖို့ငါချန်ထားပေးတာသပ်သပ်ကို"
"ဪ...အဲ့ဒါက မနက်ကလောပန်လာလို့အဖေ အမြည်းထည့်ပေးလိုက်တာလေ...."
တောက်.....အဖေက အဲ့မျက်နှာရူးလောပန်လာရင်ကို အိမ်မှာရှိသမျှအကုန်ချကျွေးချင်နေတော့တာ။ ခါတိုင်းကျွေးနေတာသွေးအပြစ်မပြောပေမယ့်ခုကကလေးတွေအတွက်သွေးဖြင့်မနေမနားအားချက်ထားပေးတဲ့ဟာကို။
သွေး မျက်နှာကြီးနီပြီးဒေါသထွက်နေတာမြင်တော့ငြိမ်းက
"စိတ်မတိုပါနဲ့ မသွေးရဲ့....ကျွန်တော်အာလူးကြိုက်တာသိသားနဲ့ ပြန်တော့လေ..ဗိုက်ဆာနေရောပေါ့....မိုးလဲရွာမလားမသိဘူး"
အဆောင်ရှေ့မှကျောင်းသူကျောင်းသားလေးတွေကသွေးတို့နှစ်ယောက်ကိုကွက်ကြည့်ကွက်ကြည့်နဲ့။ ငြိမ်းကသန့်ပြန့်ချောမောနေသလောက်သွေးမှာမနက်တည်းကသနပ်ခါးထူလြဗစ်နဲ့ အင်္ကျီအထူကြ်ိးကိုဝတ်ထားတော့ မိန်းမကြီးသဖွယ်ဖြစ်နေတာကိုး။
"ကဲ သွားဝင်တော့....စာနားမလည်တာရှိရင်ဆရာမကိုမေးနော်...ဆရာမတွေကကျောင်းသားတွေစာကိုလိုလားပြီးလာမေးနေရင်သဘောကျတတ်ကြတယ်ဟ...မကြောက်နဲ့ ဆရာတွေဆိုတာကြောက်ဖို့မဟုတ်ဖူး ရိုသေလေးစားဖို့"
"ဟုတ်ပါပြီ...ကျွန်တော်မေးပါ့မယ်နောက်အပတ်အမှတ်တက်လာစေရမယ်နော်"
"အင်း သွားတော့မယ်"
ငြိမ်းအဆောင်ထဲဝင်သွားတာကို ကြည့်ပြီးမှသွေးလဲလှည့်ပြန်လာတော့သည်။ အပြန်လမ်းတစ်လျှောက်အဖေ့ကိုဒေါသထွက်နေရင်းနဲ့ ဖုန်းလာနေတာကိုမသိလိုက်ပါချေ။
..
"အမေတို့ကလဲ ကလေးတွေအတွက်သွေးကစေတနာနဲ့ချက်ပေးထားတဲ့ဟာကို ထည့်မပေးလိုက်ဘူး..ငြိမ်းတို့ကသူများတွေနဲ့စားတာ ဟင်းကောင်းမထည့်နိုင်ရင်သူတို့မျက်နှာငယ်နေရှာမှာပေါ့"
အဆောင်သွားပို့ရာက ပြန်လာပြိ်း ထမင်းလဲမစားနိုင်တော့။ ကမန်းကတန်းအဝတ်လဲပြီးခြံထဲလိုက်၍ အမေ့ကိုတွေ့တာနဲ့ပြောချလိုက်တော့သည်။
"ငါတောင်မသိလိုက်ဘူး....နင့်အဖေ မနက်စာတောင်မစားပဲယူသွားခဲ့တာ..."
"အဲ့ဒါတွေပဲ အိမ်မှာမနေချင်တာ..လုပ်ထားရင်လုပ်ထားသလိုကိုမရှိဘူး"
"ကဲပါကွယ်ကိုယ့်အဖေစားတာပဲ ဘယ်လောက်ကုန်မှာမို့လို့"
"စားတာက စားပါစေသွေးလဲမပြောလိုပါဘူး ခုဟာက အရက်နဲ့မြည်းဖို့ဆိုတာတော့ လွန်သွားပြီလေ..."
"တိုးတိုးပြောပါကွယ်...တော်ကြာသူများကြားရင်သမီးကအဖေကိုမသဒ္ဓါဘူးလို့ပြောနေပါဦးမယ်"
အမြဲ သမီးဖြစ်သူနဲ့ ခင်ပွန်းကြားမှပြသနာတွေကိုဒေါ်နီစိတ်ကုန်လှပြီ။ ဟိုဖက်ဖာပေးလိုက်သည်ဖက်ဖာပေးလိုက်နဲ့ကြားထဲကဖာသည်ကြီးဖြစ်နေပေပြီ။
သမီးဖက်ကတော့ အမှန်ပါ သူစိတ်ကူးလေးတွေနဲ့ သူတော့ဟုတ်လို့နေတာပဲ။ သူ့အဖေပဲနေရာတကာသွေးကိုဆိုအမြင်မကြည်။သွေးကိုပြောရင်ဒေါ်နီလဲမခံ ဒါမဲ့သွေးကသူ့အဖေကိုပြောရင်တော့ မှန်ပေမဲ့လဲကလေးငရဲရမှာစိုးလို့လိုက်ကာပြောနေရသည်မဟုတ်ပါလား။
ခုလဲသွေးတော်တော့်ကိုမှစိတ်တိုနေမှန်းသိသာလှသည်။
"အမေ...ခုတလော အဲ့လောပန်အိမ်ဖက်ခဏခဏလာတာ အရင်ကအဖေနဲ့မိတ်ဆွေသဘောနေနေပေမယ့်ခုမှဘာလို့တပူးတွဲတွဲရှိနေတာလဲ"
ချိန်ချိန်ဆဆတွေးပြီးမေးလိုက်တော့ဒေါ်နီရယ်လန့်သွားလေတော့သည်။ လက်ထဲကမောင်းကောက်လေးကိုအားနဲ့ဆုပ်မိရင်း
"ကိ ကိစ္စရှိလို့နေမှာပေါ့သွေးရဲ့....."
"ပြီးတော့ အဲ့လူကြီးက မျက်နှာရူးလားမသိ...မုဆိုးဖိုမို့လားအကြည့်ကရဲလိုက်တာ....ဟိုနေ့ကဆိုသွေးတောင်ထမင်းစားမဖြောင့်ဘူး"
အိမ်လာရင်အပေါ်ထပ်ကလွဲလို့ထမင်းစားတဲ့နားပါမချန်လိုက်ကြည့်တတ်သောလောပန်အကြောင်းဒေါ်နီသိပြီးသား။
"အမေတို့က သူ့အရိပ်ခိုနေရတာပဲ သမီးရယ်....ကိုယ်ထိလက်ရောက်မစော်ကားသ၍တော့သည်းခံနေရဦးမှာပဲ"
အမေပြောစကားကိုသွေးမထောက်ခံချင်။
"အမေကလဲ ကိုယ်ထိလက်ရောက်စော်ကားလာသည်အထိကိုအရင်ကဘာလုပ်လုပ်သည်းခံနေခဲ့ရမှာလားလို့"
"အင်းပေါ့ သူစိတ်ကုန်သွားရင်အမေတို့ဘုံပျောက်သွားမှာပေါ့....ဘယ်မှာသွားနေရမလဲ"
ဒီတစ်ခါတော့ အမေ့စကားကြောင့်သွေးငိုင်ကျသွားပြန်သည်။ ဟုတ်သည်။လောပန်အရိပ်မှာခိုနေပြီး သူ့ကိုသွားပြီးကလန်ကဆန်လုပ်မိသွားလို့မောင်းထုတ်ကြရင်သွေးတို့မိသားစုဘယ်မှာသွားနေပြီးဘာလုပ်စားရမည်နည်း။
"ဟုတ်ပါပြီ အမေရယ်...သွေး သဘောပေါက်ပါတယ်"
စိတ်ပျက်အားငယ်ခြင်းပေလား။ ဘာစကားမှဆက်မပြောတော့ပဲ ပန်းခင်းကြားလာမှိုင်နေသောသွေးကိုမည်သည့်စကားဖြင့်ချေပရမည်မှန်းဒေါ်နီတွေးမပေါက်တော့။
ရုတ်တရက်သွေးလက်ထဲကဖုန်းလေးလင်းလာသဖြင့်စိတ်ထွက်ပေါက်ရသွားကာ
"သွေး ဖုန်းလာနေတယ်ထင်တယ်မီးလင်းနေတယ်"
"ဪ ဟုတ်"
နံပတ်စိမ်းဖြင့်ဖုန်းဝင်နေတော့သွေးကိုင်ရနိုးချရန်ုးဖြင့်ဖြစ်နေစဉ်အမေကတုခါးအတွေးပေါက်၍လားမသိ။
"ကိုင်လိုက်လေ သမီး..."
"ဟုတ်သွေးမသိလို့ပါ ဖုန်းနံပတ်ကစိမ်းနေလို့"
အမေနဲ့ ခပ်လှမ်းလှမ်းရောက်မှ ဖုန်းကိုင်လိုက်သည်။
"ဟလို "
"ဟလိုစစ်.နင်ဘယ်ရောက်နေတာလဲ ဒီမှာ နင့်အမေငိုနေတယ်နင်မကြီးတို့လဲတမြို့လုံးပတ်ရှာနေတယ်ငါခေါ်နေတာကြာပြီ နင်ဘာလို့ခုမှကိုင်တာလဲ ...ဘယ်လိုတွေဖြစ်ကြတာလဲဟာ.....ငါလဲနောက်မှနင့်အစ်မဖုန်းဆက်လို့ချက်ချင်းနင့်အိမ်ပြေးလာတာဟ...နင်ခုဘယ်ရောက်နေလဲ ငါလာခေါ်မယ်လေ...မိုးရွာနေတာကိုနင်ကဘယ်နားနေနေတာလဲဟာ တအိမ်လုံးတစ်ဆိုင်လုံးကလူတွေနေရာအနှံ့လိုက်ရှာနေကြတယ်နော်"
ဟင်...စိတ်ညစ်နေသည့်ကြားထဲ ဖုန်းမှားဝင်လာတာနဲ့ကြုံရသည်။ ဖုန်းမှားတာကလဲ တခြားသူနဲ့မဟူတ်။ စစ်ဆိုတဲ့အသံကြားလိုက်တာနဲ့သွေးတကိုယ်လုံးတောင့်တောင့်ကြီးဖြစ်လို့သွားသည်။ တစ်ဖက်ကမိန်းကလေးအသံလဲတော်တော့်ကိုစိတ်ပူနေပုံရသည်။
"ဟယ်လို စစ်ငါ့ကိုစကားပြန်ပြောပါဦးဟ....ငါလာခေါ်မယ်လို့လောလောဆယ်နင့်အိမ်နဲ့အဆင်မပြေရင်ငါ့ဆီလာနေလို့ရတယ်ဆိုပဲ"
သွေးဖက်ကစကားပြန်မလာတော့ တဖက်ကစိတ်ပူနေမှုကပိုဆိုးလိမ့်မည်မို့
"ဖုန်းမှားနေပါတယ်ရှင်"
"ဟာ....ဘယ်ကလာ ဖုန်းမှားရမှာလဲ ရှင်ကဘယ်သူလဲ စစ်ဖုန်းကိုဘာလို့ယူထားရတာလဲ စစ်ကိုပေးပေးပါနော်သူ့အိမ်ကစိတ်ပူနေကြတယ်လို့ ရှင်နဲ့အတူရှိနေတာလားဟင်"
မှားပါတယ်ဆိုမှ မမှားဘူးဆိုပြီးကိုဇွတ်ငြင်းနေတော့တာ။ စစ်အိမ်မှာဘာတွေပြသနာဖြစ်ကြပါလိမ့်။သွေးလဲစိတ်ပူနေပါပြီ။ စစ်ကဘယ်ရောက်နေတာပါလိမ့်။
"တကယ်ဖုန်းမှားနေတာပါရှင်ကျွန်မကလားရှိုးမှာပါနော်...နံပတ်လဲသေချာပြန်ကြည့်ပါဦး"
ဖုန်းမြန်မြန်ချစေချင်ပြီ။ စစ်ဖုန်းကိုဆက်ချင်လှပြီ။
"ဟုတ်သားနောက်ဆုံးနံပါတ်မှားနှိပ်မိတာဆောရီးပါနော်အစ်မ စိတ်တွေပူနေလို့သတိမထားမိပဲဖြစ်သွားတယ်"
"ဟုတ်ကဲ့ ရပါတယ်ရှင်....အမြန်ဆုံးရှာတွေ့ပါစေနော်"
"ကျေးဇူးပါရှင်"
စိတ်ရင်းနဲ့ကို ဆုတောင်းပေးလိုက်သည်။သွေးလိုအဝေးကလူအတွက်တော့ရှာပေးလို့လဲမရ။ ရှာနေတဲ့သူပဲတွေ့စေဖို့ဆုတောင်းပေးရုံမှအပ မရှိတော့ပြီ။
ဖုန်းချသွားသည်နဲ့ စစ်ဖုန်းကိုခေါ်လိုက်မိတော့လဲ မကိုင်။
ဆယ်ခါမကအခေါက်ပေါင်းများစွာခေါ်မိနေတာ နံပတ်တစ်ခုတည်း။ သိူ့သော်ပြန်လည်ဖြေကြားခြင်းမရှိတဲ့ဖုန်းလေးက ခုချိန်သူ့ပိုင်ရှင်ဘယ်ဆီများရောက်နေလေသလဲ။
မောနီး မ ဆိုပြီး ခါတိုင်းပို့နေကျ စာလေးကလွဲရင်ဘာစာမှထပ်ပေါ်မလာတော့။
ဒိလိုသာ တစ်သက်လုံးဖြစ်သွားခဲ့ရင်သွေးဘယ်လိုနေရမည်လဲ။ကိုယ့်ကိုချစ်တဲ့သူ ဂရုစိုက်တတ်တဲ့သူစိမ်းလေးပျောက်ကွယ်သွားမှာကို ဒီတိုင်းလက်ပိုက်ကြည့်နေရုံပဲလား။
သွေး စိတ်တွေယောက်ယက်ခတ်နေသည်။ နားသယ်စပ်မှဘာအလုပ်မှမလုပ်ပဲထွက်လာတဲ့ချွေးသီးချွေးပေါက်တွေနဲ့အတူ မျက်ရည်စက်တွေလဲပေါက်ပေါက်ကျလာတော့သည်။
Messageတစ်ချို့ကိုတစ်တောက်တောက်နဲ့နှိပ်ပို့လိုက်ရသည်။
စစ်အန္တရာယ်ကင်းပါစေ
အိမ်ကိုအမြန်ဆုံးပြန်ပါကွယ်
မ သည်လည်းပဲသူတို့လေးတွေလိုစိတ်ပူနေတယ်
စစ်ပြန်ရောက်ရင်လဲမကိုပြောဦးနော်....
...
ခေါက်ဆွဲဆိုင်က ပိုင်ရှင်အန်တီကြီးတစ်ယောက်တော့ ဆိုင်ရဲ့အတွင်းကျကျတစ်နေရာတွင်မနက်စောတည်းကထိုင်နေသောကောင်မလေးတစ်ယောက်ကို ကွက်ကြည့်ကွက်ကြည့်နဲ့။
ပါးပြင်တွေလဲနီရဲနေတာကို ပထမဆုံးခေါက်ဆွဲတစ်ပွဲသွားချပေးတုန်းက သတိထားမိနေသည်။
ခေါက်ဆွဲတစ်ပွဲကိုအချိန်ဆွဲစားနေပြိး တစ်ပွဲပြီးတစ်ပွဲမှာနေတော့တာ။ သုံးပွဲရှိနေပြီ။
နောက်ဆုံးပွဲကိုလဲဇိမ်ဆွဲပြီးစားနေသလားမပြောတတ်။ ဆိုင်ကိုလာစားတဲ့လူတွေသာ တစ်သုတ်ပြီးတစ်သုတ်ပြန်ပြန်ထွက်သွားကြပေမယ့်ထိုကလေးမလေးကတော့နေရာမှာမလှုပ်မယှက်။ အန်တီကြီးလဲ လူရှင်းသွားတော့မှ ထိုစားပွဲလေးဆီသွားရင်း
"သမီးခေါက်ဆွဲယူဦးမလား"
သူ့အသံကြားတော့ခေါင်းလေးမော့ကြည့်လာသည်။.ပြီးတော့ကလေးတစ်ယောက်လိုလေးပြုံးပြရင်း
"မယူတော့ဘူး အန်တီ သမီးစားလွန်းလို့ဒီမှာမထနိုင်တော့ဘူး ဟီး"
ရီပြလိုက်သေးတော့ ချစ်စရာကောင်းလာတာမို့ သူရှေ့တွင်သွားထိုင်လိုက်သည်။
"သမီး ဘာလို့အဲ့လောက်စားလဲ မကုန်နိုင်ရင်စားနဲ့ပေါ့ကွယ်"
ရုပ်ကလေးကချောမွတ်ချစ်ဖို့ကောင်းနေပေမယ့်လဲ ဝတ်ပုံစားပုံပြီးတော့ဆံပင်ပွယောင်းယောင်းကြောင့်ဒီကလေးအပေါ်ဂရုဏာသက်မိစေတာပါပဲ။ စိတ်များမနှံ့လို့လား။ အတိတ်များမေ့နေလေသလား။ လည်ပင်းမှာတော့ ဆွဲကြ်ုးပါးလေးဆွဲထားသည်ပဲ။
"သမီး ဒိမှာအကြာကြီးထိုင်နေတော့ အန်တီကိုအာသမာလို့ပါ....တစ်ပွဲစားပြီးလဲထပ်စားချင်လောက်အောင်လဲအန်တီ့လက်ရာကကောင်းလို့လေ"
တစ်ဖက်လူသဘောကျအောင်လဲစကားရွေးပြောတတ်ချေသား။
"ထပ်စားချင်သေးရင်လဲပြောနော်သမီးကြိုက်သလောက်စား...နေချင်သလောက်နေ အန်တီက ညခြောက်နာရီလောက်မှ ဆိုင်ပိတ်တာ"
"ဟုတ်ကဲ့...."
ဖြေလဲဖြေနေသေး။ မျက်လုံးတို့ကမငြိမ်ဟိုကြည့်သည်ကြည့်နဲ့မို့ သူ့မိဘများရှာနေလေသလား။ ပုံစံလေးကတော့ချစ်စရာလေး။ ထိုကြောင့်
"သမီး ဘယ်မှာနေတာလဲဟင်ဒီကိုဘယ်လိုရောက်လာတာလဲ"
"သမီးက .....ရပ်ကွက်မှာနေတာပါ အဲ့ကနေ ဒီကိုလိုင်းကားနဲ့လိုက်လာတာ လိုင်းကားလဲမစီးဖူးဘူးလေ အာ့နဲ့ဂိတ်ဆိုးထိလိုက်လာတာ"
သောက်ကျိုးနဲ။ ကလေးမနေရပ်က ခြံကြီးဝင်းကျယ်နဲ့နေတဲ့ရပ်ကွက်ကြီး။ အာ့ကြောင့်သူ့ကြည့်လိုက်တည်းက နုနုထွတ်ထွတ်လေးကိုး။ ဒါမယ့်စိတ်ထဲတော့တစ်မျိုးဖြစ်နေသား။ ဒီကလေးမမျက်ဝန်းတွေက ဝမ်းနည်းရိပ်တွေစွန်းထင်းနေတာကို။ စကားဆက်မေးမလို့ပဲဆိုင်လာတဲ့သူရောက်လာတော့
"ရှမ်းခေါက်ဆွဲသုပ်တစ်ပွဲ ပါဆယ်အန်တီရေ"
"လာပြီ သမီး ထိုင်နေနော်"
"ဟုတ်"
အမျိုးသမီးတစ်ယောက်ဆိုင်ရှေ့တွင်ရပ်လျက်သားမို့ခေါက်ဆွဲတစ်ပွဲသွက်သွက်လေးလုပ်ပေးနေမိသည်။ ထိုအမျိုးသမီးက
"အန်တီ ကျွန်မရေနွေးတစ်ခွက်လောက်ဝင်သောက်ဦးမယ်နော်"
"သောက်ပါ ကွယ်အထဲမှာထိုင်စောင့်လဲရပါတယ်ကွယ့်"
ထိုအခါမှဆိုင်ထဲဝင်လာပြီး ခဏကြာတော့
"ဟင်စစ်စစ်စစ်မဟုတ်လား...ဒီမှာဘာလာလုပ်နေတာလဲ"
ခုမှဝင်လာတဲ့ အမျိုးသမီးက စစ်ဆိုပြီးဘယ်သူ့ကိုပြောနေတာပါလိမ့်ဆိူပြိး လှည့်ကြည့်တော့ခဏကကောင်မလေးက
"မစိုးပါလား စစ်လားခေါက်ဆွဲလာစားတာလေ"
"စစ်ချစ်တို့ လိုက်ရှာနေတယ်လာပြန်လိုက်ခဲ့"
"ဟာ လိုက်ဘူး လိုက်ဘူးဆိုလိူက်ဘူး"
"မလိုက်လို့မရဘူး မစိုးခေါ်လို့မှမလိုက်ရင်ချစ်ဆီဖုန်းဆက်ပြီးလာခေါ်ခိုင်းမယ်"
"မစိုးနော်...စစ်...မလိုက်ချင်တာကို"
"လိုက်မှရမယ်လာ ထ အန်တီ ရပြီလားရှင်"
ထိုကလေးမလက်ကိုအတင်းဆွဲပြီး အပြင်ခေါ်ထုတ်သွားတော့သည်။.ခေါက်ဆွဲထုတ်လေးပေးပြီး ဆိုင်ရှေ့ကကားပေါ်ကောင်မလေးအားအတင်းတွန်းတင်ကာမောင်းထွက်သွားလေတော့သည်။
လက်စသတ်တော့ ကလေးမလေးကသူ့အိမ်ကထွက်ပြေးလာတာကိုး။
....
"ရော့ စစ်....အမေက စိုးရိမ်လို့ပြောတာပါ....နောက်တစ်ခါစစ်လိမ်မာနေရင်ဘာမှပြောမှာမဟုတ်ဖူး အမေ့ကိုမုန်းမနေနဲ့နော်မကြီးအမေ့ကိုပြောထားတယ်စစ်ကိုထပ်မရိုက်ဖို့ကို....ကြည့်စမ်း အရှိုးရာတွေအများကြီးမှောက်ရက်လုပ်ပါဦး"
အိမ်သို့ မစိုးအတင်းခေါ်လာပြီး ပါလာရတော့ စိတ်ကသိပ်မကြည်။ အိမ်ထဲတွင်ခမ်းအိမ့်လဲရောက်နေသည်။ အမေ့တော့ဘယ်သွားသည်မသိ။
အမေ့သံကြားတာနဲ့ လန့်နေဦးမှာမို့ရှောင်ထွက်နေသလားမသိ။
မကြီး ယူလာပေးတဲ့ဆေးဗူးကိုယူပြီး ခမ်းအိမ့်ကစစ်ကိုအသာအယာလိမ်းပေးလေသည်။
"အိမ့်မဖြေးဖြေးလုပ်နာတယ်ဟဲ့"
"နာလား တန်းတော့အဝေးကြီးပြေးနိုင်သားပဲကို"
"ဟဲ့လိုင်းကားလာတာနဲ့တိုးလို့လိုက်တက်စီးရင်းရောက်သွားတာ အား သာသာလုပ်လို့"
ပြောမနာဆိုမနာနဲ့မို့လို့တော်သေးသည်။ မကြီးကပါ စစ်အနားလာထိုင်ပြီး
"အိမ့်ကော စစ်ကိုနားချပေးလိုက်ဥိး လိမ်မာလာအောင်....စစ်လဲနော်အမေလာရင်ကြောက်ပုံလေးပြပြီးနေဦး"
"ရိုက်ခံရတော့ နာတာပေါ့ ဒါပေမယ့်ကြောက်တော့မကြောက်ပါဘူးလေ....အိမ့်နင်ကဘယ်လိုရောက်လာတာ
လဲ"
"ငါတောင်ဖုန်းဆက်သေးတာ နင့်ဖုန်းက မှားနေသတဲ့ မကြီးက ငါ့ဆီနင်များလာနေမလားလို့ဖုန်းဆက်တာပ"
"ငါ့ဖုန်းက ပါဝါဘန့်နဲ့အားသွင်းထားတာ ဆိုင်ကောင်တာအံဆွဲထဲမှာ"
"သေရောဟယ်....အာ့ကြောင့်ဆက်သွယ်မရတာ"
ကျောပြင်ကောပါြေဗာတင်သွားတာမို့ အရှိုးရာတွေအထပ်လိုက်။ပြေးနေတုန်းကတော့သွေးပူနေတုန်းမို့မနာပေမယ့်ခုတော့ခမ်းအိမ့်ဆေးလိမ်းပေးရင်းထိမိနေတာတောင်နာကျင်လှသည်။
"ခမ်းအိမ့်ညီမလေး ဒီမှာနေ့လယ်စာစားသွားနော်အစ်မ စစ်ကြိုက်တဲ့ငါးသံပုရာပေါင်းလေးလုပ်ထားပေးတယ်"
"ဟုတ်မစားတော့ဘူး မကြိး ညီမ အမေခိုင်းထားတဲ့ကိစ္စလေးတွေရှိသေးလို့ ဒီကောင်ကြီးစစ်ကိုဆေးလူးပြီးတာနဲ့ပြန်မှာ"
"နင်ကလဲ စားပြန်သွားပြီးရော""
"မစားတော့ဘူး ဆို ငြိမ်ငြိမ်နေ"
"ဒါဖြင့်အိမ်ကိုတော့ ယူသွားဦး အစ်မ ပါဆယ်ထည့်ပေးလိုက်မယ်နော်"
"ဟယ်အားနာစရာ...ဟီး ယူမယ်နော်"
မကြီးထွက်သွားတော့ ခမ်းအိမ့်ကဆေးလိမ်းပေးခြင်းကိုလက်စသပ်လိုက်ပြီး
"ဟဲ့ နင့်ရုပ်ကကြောက်နေတဲ့ပုံလဲမပေါ်ပါလား နင့်ရည်းစားကိုဖြတ်မှာလား"
"ကြောက်တော့မကြောက်ပါဘူး ဒါပေမယ့်အမေငိုတယ်ဟာ ငါကြောင့်အမေငိုနေတာမြင်တော့ငါရင်ထဲဘယ်လိုဝမ်းနည်းမှန်းကိုမသိဘူး....ကိုကို့ကိုပြောပြပြီးဖြတ်ပစ်တာပဲကောင်းပါတယ်...ကိုကိုလဲနားလည်မှာပါ"
"အေ့ပါဟာ....ငါတော့စိတ်မကောင်းပါဘူး...ငါ သွားတော့မယ်သိလားဆေးမှန်မှန်လိမ်း အနာရွတ်တွေကျန်နေခဲ့မယ်....ပြီးတော့နေကောင်းအောင်နေ"
"ဟူတ်ကဲ့ရှင့်အေးအေးသက်သာပြန်ပါတော့ရှင်"
ခမ်းအိမ့်ပြန်သွားပြီး နန်း ဆိုင်ထဲကဖုန်းကိုလာပို့သွားလေသည်။ မက ဘယ်လိုသိပြီး စာပို့ထားတာလဲမသိ။ စဉ်းစားကြည့်တော့ ဟိုခမ်းအိမ့်ဖုန်းမှားဆက်တယ်ဆိုတာ မပဲဖြစ်မှာ။
မထံသို့ စာလှမ်းပို့လိုက်သည်။
စိတ်မပူပါနဲ့ မရေ......စစ်ကအခုအိမ်မှာ..မနက်ဆိုင်ဖွင့်နေတုန်းလိုင်းကားလာရပ်တာနဲ့ဈေးလိုက်သွားပြီးခေါက်ဆွဲသွားစားနေတာ ကြာသွားလို့...အာ့ဖုန်းလဲမယူခဲ့တာရယ်အိမ်ကိုလဲမပြောခဲ့တာရယ်ကြောင့်စိတ်ပူပြီးလိုက်ရှာကြကုန်တာ စစ်လဲဒီမနက်မှခေါက်ဆွဲလေးစားချင်လာတာနဲ့လေ....စိတ်မပူနဲ့တော့နော်....
စာလေးလှမ်းပို့ပြီး လိုင်းဖွင့်ကာ အကောင့်လေးဖျက်လိုက်တော့မည်ဟုကြံပြီးကာမှ အရင်ဆုံးကိုကိုသိအောင်ပြောပြပြီးမှပဲ လုပ်တာပိုကောင်းသည်ဟုမှတ်ယူကာ ပြန်လိုင်းဆင်းလိုက်ရသည်။
စိတ်ထဲတွင်တော့ကိုကိုခွင့်လွှတ်နားလည်ပါစေဟုသာအကြိမ်ကြိမ်ဆုတောင်းနေမိသည်။
..
Next
DU LIEST GERADE
Romantikသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့