တစ်နေကုန်သွေး သွားချင်တဲ့နေရာသို့ စစ်တို့အုပ်စုက စိတ်ရှည်လက်ရှည်ပို့ပေးခဲ့သည်မို့ကျေးဇူးအထူးတင်နေရသည်၊ လူကြီးဖြစ်တဲ့ မလဲ့ကလဲနေရာတိုင်းကိုအေးအေးဆေးဆေးလည်နိုင်ပတ်နိုင်ရန်သည်းခံစောင့်ပေးရှာသည်။သွေးလိုသာချည်းဆို ဂူနဲ့ကန်ကလွဲ၍ ဘယ်နေရာမှမသွားတတ်တော့။ ခုတော့ အနီးအနားတစ်ဝိုက်ပါမကျန်အကုန်လည်ပတ်ခဲ့ရပြီ။
ဒီနေရာမှာကျေးဇူးအတင်ဆုံးက စစ်ကိုပါပဲ။ရောက်သည့်နေရာတိုင်းသွေး လက်ကအထုတ်ကလေးတွေကိုင်ပြီးနောက်ကလိုက်ပေးတတ်သူပင်။ သူများတကာတွေဖုန်းတစ်လုံးနဲ့ဓာတ်ပုံရိုက်ရန်အလုပ်ရှုပ်နေကြသော်လဲ စစ်ကမရှုပ်။ အမြဲအရိပ်တကြည့်ကြည့်နဲ့မို့ လူကြားထဲတော့သွေးရှက်မိသည်။
သွေး လက်ကိုကိုင်နေသော်လဲ မသိမသာရုန်းထွက်ရသည်။ ရုန်းပါများတော့စစ်ကအလိုက်သိစွာခပ်ခွာခွာနေပေးသည်။
ခုလဲရေမိုးချိုးပြီးတာနဲ့ လာအိပ်တော့မည်။ တစ်ခြားသူတွေတော့ဘယ်လိုထင်မည်မသိ။ အရင်ကလဲအတူအိပ်နေကျဆိုပေမယ့်ဒီအခြေအနေကြီးမှာတော့ နှစ်ယောက်တည်းညတညကိုအတူဖြတ်သန်းပြီးမနေချင်ပါ။ စိတ်ထဲဘယ်လိုမှန်းမသိခံစားချက်တွေနဲ့ အတူရှိနေရမှာကိုရှက်သလို။
ဒေါက်....ဒေါက်
ဟော....တွေးနေတုန်း ရှိသေးရောက်လာပြီ
ဖြန့်လက်စစောင်ကိုချထားခဲ့ပြီး တံခါးသွားဖွင့်ပေးလိုက်တော့ အပြုံးနဲ့အတူစစ်ကဝင်လာသည်။
"ရေချိုးပြီးပြီလား....မ"
"အင်း...အေးလို့ခဏပဲရေစိုရုံလေး....စစ်ဆံပင်လျှော်ထားတာလား"
ပစ်စလက်ခတ်ဆံပင်ကိုဖွထားပြီးပေမယ့်ရေစက်ကျနေတုန်းမို့မေးလိုက်သည်။ စစ်က သူ့ဆံပင်တွေကို လက်ဖြင့်ပြန်ဖွရင်း
"ဟုတ်....မ....ပင်ပန်းလို့လေ လန်းသွားမလားဆိုပြီးလျှော်ပစ်တာ"
ရေစက်ကျန်နေသေးတော့ စစ်က ကုတင်ပေါတက်မလာပဲအခန်းထဲပတ်ပြီး လမ်းလျှောက်နေလေသည်။
သွေး စစ်ဆံပင်ကိုသုတ်ပေးချင်ပေမယ့်မသုတ်ပေးရဲ။ သုတ်ပေးချင်တဲ့အကြောင်းကို ဘယ်လိုလမ်းခင်းရပါ့မလဲ။
"တဘက်နဲ့သုတ်လေ....စစ်....ဒီပုံအတိုင်းဆို ည အိပ်လို့ရပါ့မလား...ရော့"
ကိုယ်တိုင်မသုတ်ပေးရဲပေမယ့်သွေးရဲ့မျက်နှာသုတ်တဘက်အနီကြီးကို သွားပေးလိုက်လေသည်။ စစ်ကလှမ်းယုရင်း
"ဒါကြောင့်ဆံပင်ဆို အရှည်မထားချင်တာ...နေရာတကာသိပ်ရှုပ်တာကြီး"
ဟုပြောကာ သူ့ဆံပင်လေးတိုနံ့နံ့ကို စိတ်မရှည်လက်မရှည်သုတ်နေလေသည်။ ခဏကြာအောင်သုတ်နေပြီးမှ
"တော်ပြီ....မသုတ်တော့ဘူး .... လက်တောင်ညောင်းတယ်....အိပ်ချင်နေပြီ"
တဘက်ကို တန်းပေါ်လွှားတင်လှန်းပြီး ကုတင်ပေါ်တက်လာကာထိုးအိပ်လိုက်သည်မို့သွေးက
"စိုနေသေးတယ်လေ....မခြောက်ပဲအိပ်ရင်စစ်နေမကောင်းဖြစ်လိမ့်မယ်"
"ရတယ်....စိတ်မရှည်လို့....စစ်အိပ်တော့မယ်နော်"
ခြေရင်းမှခေါက်ထားသောစောင်ကိုဆွဲခြုံကာ အိပ်နေလေတော့သည်။သွေး ထိုင်နေရာမှ ထကာ စစ်လွှားတင်ထားတဲ့တဘက်ကို သွားယူလိုက်သည်။ ပြီးနောက်စစ်ဘေးသို့လာကာ
"အပျင်းကြီးမနေနဲ့...ခဏ ထဦး....သုတ်ပေးမယ်"
"အာ...အားနာစရာ မရဲ့...စစ်ခါတိုင်းလဲဒီတိုင်းအိပ်နေကျကို"
"မရဘူး....အကုန်စိုကုန်လိမ့်မယ်....ထ ခဏလေးပဲနော်....ဒီလောက်အေးနေတာကို ဆံပင်ကလျှော်ဖြစ်အောင်လျှော်လိုက်ရတယ်လို့"
စစ်ထလာတော့ စစ်နောက်ကနေရပ်ပြီး ဆံပင်နုနုလေးတွေကိုတဘက်နဲ့အသာအယာသုတ်ပေးနေလိုက်သည်။
"မ...မ စာမေးပွဲအောင်သွားရင်သင်တန်းတက်ပြီးအလုပ်ထဲတန်းဝင်ရမှာလား"
"အင်းပေါ့....သင်တန်းပြီးတာနဲ့ခဏနားပြီးအော်ဒါကျလာတဲ့အခါ အလုပ်ဝင်ရမှာပေါ့"
"ဒါဆို စစ်တို့နောက်ထပ်တွေ့လို့ရပါဦးမလားဟင်"
နောက်သို့လှည့်မလာပဲပြောနေတဲ့ရှေ့ကစစ်ရဲ့မျက်နှာလေးညိုးငယ်နေမည်ဆိုတာ မကြည့်မိပါပဲသွေးသိနေသည်လေ။ ထို့ကြောင့်ဆံပင်ကိုသာ မြန်မြန်ခြောက်အောင်သာ သုတ်ပေးနေလိုက်သည်။
"တွေ့ဖို့ပိုနီးသွားတာပေါ့....တသက်တာနီးဖို့တစ်ခဏတာဝေးသွားရတယ်လို့ပဲ မှတ်ယူပါ စစ်"
"တကယ်ကော အဲ့လိုဖြစ်လာမှာလား....တကယ်သာတသက်စာနီးရမယ်ဆိုရင်ကမ္ဘာပဲခြားရပါစေ စစ်စောင့်နိုင်ပါတယ်....မအတွက်အနာဂတ်သစ်ကိုဖန်ဆင်းပေးဖို့ စစ်ဖက်ကအမြဲတမ်းအသင့်ဆိုတာတော့ မ ယုံထားပေးနော်"
"အင်းပါ....ယုံကြည်ပေးထားပါတယ်ကွယ်...ဒီမှာ အိပ်တော့ "
မျက်နှာချင်းဆိုင်မပြောရ၍သာ ဒီစကားတွေသွေးပါးစပ်ကထွက်လာနိုင်သည်၊ အလိုက်သိလှသောစစ်ကလဲ လှည့်မလာခဲ့ပါ။ ငိုနေလေမည်လားမသိပေမယ့်ချထားတဲ့လက်ခုံမှာစိုနေသည်။ စစ်အိပ်မယ့်ခေါင်းအုံးပေါ်သို့တဘက်လေး ဖြန့်ခင်းပေးလိုက်ပြီးပြောလိုက်သည်။ စစ်ကဘာမှမပြောပဲ ဆံပင်လေးကိုင်ပြီးဖြန့်ချထားလျှက်အိပ်သွားသည်။
"မကော....မအိပ်သေးဘူးလား"
"အိပ်မှာ...ခဏလေးလိုင်းတက်ပြီးပုံတင်ချင်လို့"
"ဟုတ်ကဲ့...မ...ညမနက်စေနဲ့...စောင်ထဲနေပြီးသုံးနော်...အပြင်မှာအေးတယ်"
"အွန်း...အိပ်တော့"
ချစ်သူနှစ်ဦးအတွက်အကြင်နာတွေပြည့်စုံတဲ့ ညဖြစ်မယ့်အစား ရင်တွင်းမှစကားတွေမထွက်နိုင်လေတော့ တိတ်ဆိတ်လျက်ရှိနေသည်။ ကုတင်တစ်လုံးတည်းမှာမှ တစ်ယောက်ကပက်လက်လိုက်အိပ်ပျော်နေပြီး တစ်ယောက်ကကျောခိုင်းလျှက်ဖုန်းသုံးနေသည်တဲ့။ အဲ့ဒါ သိပ်ချစ်ကြတဲ့အနေဝေးချစ်သူအတွဲရဲ့ ကုန်ဆုံးဖြစ်တဲ့ ညတညဆိုရင်ယုံနိုင်စရာလား။
....
မနက်စာ ထွက်စားပြီး ပြန်တာနဲ့သွေးအထုတ်တွေ သိမ်းနေတော့ စစ်က
"ဟင်....မ...ဒါ ဘယ်လဲ"
"ပြန်တော့မယ်လေ...."
"ဟာ....ရွာငံမလိုက်ဖူးလား....မ ပဲလိုက်မယ်ဆို "
"မလိုက်တော့ဘူး အားနာလို့လေ....အိမ်မှာလဲ အလုပ်ကရှိသေးတာကို"
"ဘာကိုအားနာရမှာလဲ...အားနာစရာမှမလိုတာ မကလဲ.."
..တကယ်က ပိုက်ဆံမလောက်တော့တာပါ။သွေး သိပ်ရာက်ဖူးချင်သိပ်လည်ချင်တဲ့နေရာတွေကို သိပ်ကိုမှလိုက်ချင်တာပေါ့။ ဒါပေမယ့်နေရာစုံလိုက်လည်နိုင်ရလောက်အောင်ကြိးသွေးမှာပိုက်ဆံကကျန်တော့တာမဟုတ်။ ဟိုတယ်ခလဲ ရှင်းရဦးမည်။ နှစ်ညကြီးတောင်ဆိုတော့ ရှင်းတာနည်းမည်မဟုတ်။ စားသမျှကို စစ်ကရှင်းမည်ပြောသော်လဲ မနေ့ကသူတို့ကောင်းမှုကြောင့်နေရာစုံကိုအေးအေးသက်သာစွာ လည်ပတ်ခဲ့ရသည်မဟုတ်ပါလား။ ထိူ့ကြောင့်ဒီနေ့မနက်စာစားသမျှကိုသွေးပဲဒကာခံရှင်းပေးခဲ့သည်။ ခု လက်ထဲမှာတည်းခိုစရိတ်နဲ့အပြန်လမ်းစရိတ်ပဲကျန်တော့မည်။ လုံးလုံးကုန်အောင်လဲမသုံးရက်သေးတာမို့ အိမ်အပြန်အတွက်လဲချန်ရဦးမည်လေ။
"ကားလဲမူးတယ်စစ်ရဲ့....စစ်တို့ပဲပျော်ပျော်ဆက်လည်ကြပါ..."
"ပျော်မယ်ထင်လား...မ...စစ်ခရီးတွေထွက်ရတာမကြိုက်ဘူးလိူ့ပြောခဲ့တယ်နော်....ဒီကိုလဲ မကြောင့်မို့လို့ စစ်လာခဲ့တာ....မ မပါတော့ရင်စစ်လဲကိုယ့်နည်းကိုယ့်ဟန်နဲ့တောင်ကြီးပြန်မယ်"
ဟုတ်သည်လေ။နေမကောင်းတာမကြာသေးတာမို့ အိမ်ကတောင်ပေးမလွှတ်ချင်တဲ့ကိစ္စ။ ဒါကိုအတိုက်အခံလုပ်ပြီး ရအောင်ထွက်လာခဲ့ရတာလေ။ စစ်အခက်အခဲမှန်သမျှ မ မသိရ။
သွေးကလဲသွေးဖက်ကအခက်အခဲရှိနေတာကိုစစ်သိအောင်မပြောပြချင်။
"စစ်ဘယ်မှမရောက်ဖူးဘူးဆို....သူတို့နဲ့အတူလည်လိုက်ပါနော်...မကကားစီးရတာပင်ပန်းလို့ပါကွယ်"
သွေး စကားဆုံးသည်နှင့်စစ်ကုတင်ပေါ် ထိုင်နေရာမှထရပ်ကာ
"စစ်လဲမူးတယ်....တောင်ကြီးပြန်မယ်....မ အတွက်ဟိုတယ်ခ ရှင်းပြီးသားနော်"
ဟု ဆိုပြီး အခန်းပြင်သို့ခြေလှမ်းကျဲကြီးနှင့်ထွက်သွားလေသည်။ နန်းနဲ့ခမ်းအိမ့်တို့အခန်းထဲဝင်ပြီး အဝတ်တွေအိတ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ မနက်စားပြီးအပြန်ကို နန်းတို့နှစ်ယောက်ကစောင်ပုံထဲတွင်ပြန်ပြီး ဖုန်းကိုယ်စီနဲ့ဇိမ်ကျနေလေတော့ စစ်ဘာမှမပြောဖြစ်။နောက်မှ နန်းကသတိထားမိဟန်ဖြင့်
"ဟင်မမစစ်....အဲ့ဒါ ဘယ်သွားမလို့လဲ "
"တောင်ကြီးပြန်တော့မယ်"
စစ်အသံကြားမှ ခမ်းအိမ့်လဲ ထထိုင်လာပြီး
"ဘာဖြစ်လို့လဲ ဟင်...စစ်....မသွေးနဲ့အဆင်မပြေဘူးလား"
"ဟုတ်တယ်....မက မလည်တော့ဘူး ပြန်မယ်ဆိုလို့ ငါလဲပြန်တော့မလို့"
"မဟုတ်တာဟာ...အားလုံးအတူလည်မယ်ပြောထားပြီးမှကို....စစ်လဲမပြန်နဲ့ မသွေးလဲ မပြန်ရဘူး"
"မက မိုးတိုိ့ကိုအားနာလို့တဲ့...ငါလဲ မ မပါပဲနဲ့ဘယ်မှလိုက်ချင်တာမဟုတ်ဖူးဟ ဒါကြောင့်ပဲပြန်တော့မလို့"
စိတ်လိုက်မာန်ပါဖြင့်ပစ္စည်းပစ္စယအကုန်သိမ်းကြုံးထည့်ပြီး သကာလ အခန်းပြင်သို့အိတ်ဆွဲ၍ ထွက်လာလိုက်သည်။ စစ်နောက်မှ နန်းနဲ့ခမ်းအိမ့်တို့ကလဲလိုက်ထွက်လာသည်။ မ ရှိနေတဲ့အခန်းကတော့ တံခါးပိတ်ထားဆဲ။ နှုတ်မဆက်ချင်တော့။ အရာရာတိုင်းအတွက်မအပေါ် စစ်ရဲ့သီးခံနားလည်နိုင်စွမ်းတော့ အတိုင်းထက်ကိုလွန်နေပြီဟုထင်သည်။ စစ်ဘက်က ချစ်ကြင်နာသလောက်မဖက်ကတည်ငြိမ်နေတာထက်ကိုအေးစက်လွန်းနေသည်။
စစ်ဂရုစိုက်တာကိုကျတော့ မမြင်ချင်ယောင်ဟန်ဆောင်သည်။ မသိသလိုနေသည်။
လူတွေကြားထဲမဟုတ်တောင်နှစ်ယောက်တည်းရှိတဲ့အချိန်လက်ကလေးကိုင်မိရင်ကို ရုန်းဖယ်တတ်သည်။
ကားစီးနေလဲ မှန်ပြတင်းဖွင့်မှစီးတတ်တဲ့ မကြောင့်အပြင်မှလေအေးတွေဝင်ပြီးအေးမှာစိုးလို့စစ်ပဲအအေးခံပြီး ပြင်တင်းဘေးနေပေးခဲ့ရတာပင်။ ဒါတွေ မ မသိလဲမဟုတ်။
ကောင်တာမှာခြောက်ယောက်စာအတွက်ကျသင့်ငွေရှင်းလိုက်ပြီး အိတ်ဆွဲ၍ အပြင်ထွက်လာတော့ အပြင်မှာ ဧည့်သည်တွေရဲ့ ကိုယ်ပိုင်ကားကလွဲပြီး ဘာမှရှိမနေ။
စိတ်လိုက်မာန်ပါထွက်လာခဲ့၍ ရုတ်တရက်ဘယ်ဖက်ကို သွားရမလဲမသိ။ သည်နေရာတွေ၌လဲ စစ်ကကျွမ်းကျင်တာမဟုတ်။ ဝင်းတံခါးအပြင်ဖက်တွင်အိတ်လေးထောင်လိုက်ပြီး အိတ်ပေါ်ထိုင်ကာဆေးလိပ်သောက်ရန်ပြင်လိုက်သည်။
အေးနေပေမယ့်လို့ စစ်ရှိုက်သွင်းလိုက်တဲ့ဆေးလိပ်အငွေ့တွေကို စိမ်ပြေနပြေမှုတ်ထုတ်ရင်းနေရောင်ဖျော့ဖျော့အောက်မှာ အသားကျလာသည်။
"စစ်....ဘာလို့ဆေးလိပ်တွေသောက်နေတာလဲ"
နောက်ကျောဖက်ဆီမှ အသံကြောင့်လှည့်မကြည့်မိ။ ဘယ်သူ့အသံလဲဆိုတာ ခန့်မှန်းစရာမလို။ စစ်အလျှော့ပေးခဲ့သလောက်သူကခါးခါးသီးသီးငြင်းပယ်ခဲ့ပြီးမှ ခုမှဘာလို့စစ်အရှေ့ထပ်ပေါ်လာတာလဲ။
ဘယ်သူ့ကိုမှ ဂရုမစိုက်ပုံဖြင့်မီးသေသွားသောဆေးလိပ်ကိုသောက်ရန်မီးခြစ်ဖြင့်ထပ်ပြီး မီးညှိစဉ်
ဆေးလိပ်ကို တစ်စုံတစ်ယောက်ရဲ့လက်ဖြင့်ယူပစ်ခြင်းခံလိုက်ရလေသည်။
"မသောက်နဲ့လို့ပြောနေတယ်....ဒါလဲစိတ်ပေါက်တဲ့လား"
ခပ်ကြိတ်ကြိတ်ပြောနေတဲ့ စကားတွေကို စစ်ကြားပေမယ့်ဘာမှပြန်မပြော။ အကြည့်တို့ကဆန့်ကျင်ဘက်ဆီသို့ပို့လွှတ်ထားသည်။
"စစ်...ဖြေစမ်း....ဒါဘာသဘောလဲ...စစ်က မကို နားလည်မပေးဘူး....ခုလဲ မ ရှိနေတာတောင်ဆေးလိပ်တွေသောက်ပြနေတယ်....မက မင်းအတွက်စိတ်ရှုပ်စရာဖြစ်နေလို့ ထွက်ပေါက်ရှာနေတာလား....ဟင်..စစ်"
စိတ်က မကြည်လင်ရတဲ့အထဲ မရဲ့ဒေါသသံလေးနဲ့အကြည့်တွေကြောင့်သောက်နေတာ ထက်ဝက်ကျိုးနေတဲ့ဆေးလိပ်ကိုအောက်သို့ပစ်ချရင်းမီးသေရန်ဖိနပ်နှင့်နင်းခြေပစ်လိုက်သည်။
"မဟုတ်ဖူး...မ....ဆေးလိပ်က စစ်ရဲ့စိတ်ထွက်ပေါက်မဟုတ်ဖူး....ဒါပေမယ့်ကိုယ်တစ်ခုခုကိုစိတ်မကြည်ဖြစ်တဲ့အခါဆေးလိပ်ကိုသိပ်သောက်ချင်နေခဲ့တာ....ဒါလဲတစ်ခါတလေမှပါ....ပြီးတော့ ကြိုက်လို့သောက်တာ ကြိုက်လို့ဆိုတာတစ်ခုတည်းနဲ့အမြဲတမ်းလဲမသောက်ပါဘူး"
မပြောခဲ့သလိုဒေါသသံဖြင့်စစ်မဆိုခဲ့ပါ။ မက စစ်နင်းခြေထားတဲ့ဆေးလိပ်ကိုယူပြီး နီးရာအမှိုက်ပုံးထဲသွားပစ်လိုက်သည်။
"မဟုတ်ဘူးဆိုလဲ ပြီးတာပါပဲ...မကြောင့်စိတ်မကြည်ဖြစ်သွားတာလား"
"မကြောင့်နဲ့ဆိုရင်စိတ်မကောင်းဖြစ်သွားတာတော့အမှန်ပါပဲ....စစ်မှာ မနဲ့ပတ်သက်ပြီး မ သွားချင်တဲ့နေရာလေးတွေကိုဘာအပူအပင်မှမရှိပဲ သွားရစေဖို့ အမြဲတွေးပေးထားတာ....လက်တွေ့ကျ စစ်ကပဲစိတ်ကူးပြီးရူးနေရတဲ့ သူပါပဲ....ဘာလို့ဆို စစ်မအတွက်ဆိုပြီးလုပ်ပေးသမျှက အပိုတွေဖြစ်ခဲ့တယ်လေ.....မရဲ့"
တကယ်စိတ်မကောင်းဖြစ်မိလေခြင်းကြီးစွာနဲ့ ဒီစကားကိုတောင်ဝမ်းနည်းမှုတွေစုပြုံပြီးပြောလိုက်မိလို့လားမသိ။ မ တိတ်ဆိတ်သွားလေသည်။ ပြီးမှ
"တောင်းပန်ပါတယ်....ဒါပေမယ့်အလကားရတိုင်းယူနေတော့ မက အပေါစားဆန်မသွားဘူးလား....အချောင်စိတ်ဓာတ်ဖြစ်မသွားဘူးလား...ပေးတဲ့သူကစိတ်သန့်သန့်နဲ့ပေးနေပေမယ့်လက်ခံရသူဖက်မှာတော့ အတော့်ကိုခက်ခဲလွန်းတယ်...တစ်ချိန်ချိန်ကျသူတစ်ခုခုပြန်တောင်းလေမလား....ကိုယ်သူ့အပေါ်စကားတစ်ခွန်းလောက်မှားသွားတာနဲ့ကျေးဇူးရှင်ကိုကျေးစွပ်မိပြီလား ဆိုတဲ့အတွေးတွေနဲ့အမြဲစိတ်အနှောင့်အယှက်ဖြစ်နေသလိုပဲ ခံစားရတယ်ဒါတွေ စစ်က သိပါရဲ့လား"
"အဲ့လိုမတွေးရဘူးလေ...စစ်က မကိုပေးချင်လို့ကိုပေးတာ....မဆီက ဘာတစ်ခုမှပြန်ယူဖို့ မတွေးထားဘူး မရဲ့....စစ်ဖက်ကပေးလိုက်တိုင်း စစ်ကိုကျေးဇူးရှင်လို့လဲမသတ်မှတ်ထားပါနဲ့....ဒီအတိုင်းလေးပဲ မကိုချစ်လို့ပေးတာ....သိပ်ခက်ခဲတဲ့အခြေအနေရောက်ရင်တောင်မဆီကအကူအညီမျိုး စစ်မတောင်းခံဘူး...ကိုယ်ပေးထားလို့ပြန်ပေးတာမျိုးမလိုချင်ဘူး...စစ်ဖက်က စိတ်သန့်သန့်နဲ့ မ လိုအပ်တာလေးဖြည့်ဆည်းပေးတာသက်သက်မို့လို့ အားနာစရာလဲမလိုဘူး...ပြီးတော့ မကိုပေးသမျှတိုင်းရဲ့တန်ဖိုးတွေကလဲ မိဘတွေဆီကရခဲ့တာမဟုတ်ဖူး....စစ်ကိုယ်တိုင်လုပ်အားခနဲ့ပေးတာ....မကိုချစ်လို့ မရဲ့ချစ်သူအနေနဲ့ကိုယ့်ချစ်သူကိုပျော်စေချင်လို့ပေးခဲ့တာ ...စစ်လုပ်ပေးခဲ့တာတွေက မကိုပျော်စေတာပဲဖြစ်ဖြစ်မ လိုအပ်နေတဲ့အရာလေးကိုဖြည့်ဆည်းပေးတာပဲဖြစ်ဖြစ်ရလိုက်တိုင်းမှာ မပျော်နေတာမြင်ရင်စိတ်ချမ်းသာနေတယ်ဆိုရင်စစ်ကကျေနပ်တယ်ဘာပဲဖြစ်ဖြစ်စစ်လဲမနဲ့အတူဝမ်းသာရတယ်သူစိမ်းအတွေးတွေ မတွေးပါနဲ့လား မရယ်"
"တကယ်လို့ အကြောင်းမတိုက်ဆိုင်ကံချည်းသွေဖယ်လို့လွဲခဲ့ကြရင်ရော....စစ်ရဲ့အတိတ်မှာ မ ပါဝင်ပတ်သက်မှုက အတိတ်ဆိုးကြီးဖြစ်နေခဲ့မှာမလိုလားဘူး"
"တော်ပြီ...မ...ဘယ်အတိတ်ကိုမှ စစ်က ပြန်မတွေးတတ်ဘူး....တွေးမိခဲ့ရင်တောင်မရဲ့ပါဝင်ပတ်သက်မှုကစစ်အတွက်နောင်တကင်းတဲ့ချစ်ခြင်းပုံပြင်လေးပဲဖြစ်ခဲ့မှာ....နောက်ပြီး စစ်ကြောင့်နဲ့တော့ ဒီလက်တွဲတာကြီးကပျက်စီးမှာမဟုတ်ဖူး"
စစ်နဲ့သွေး စကားအခြေအတင်ဖြစ်နေကြစဉ်နံဘေးဆို မလဲ့တို့ကားထိုးရပ်လာသည်။ နန်းနဲ့မိုးက ကားပေါ်မှာ ဆင်းလာပြီး
"ကဲ...စကားတွေနောက်မှပြောမယ်...လာကြ ကားထဲဝင်....ရွာငံသွားကြမယ်"
စစ်ရဲ့အထုတ်တွေကားပေါ်ယူတင်မည်လုပ်တော့ စစ်ကပြန်ဆွဲထားရင်း
"နင်တို့ပဲ သွားကြ....ငါ ပြန်တော့မှာ"
"ဟဲ့...မသွေး ပစ္စည်းတွေတောင်တင်ထားပြီးပြီကို....နင်ကပြန်မှာလား"
ကားပေါ်မှအော်ပြောလိုက်တဲ့ ခမ်းအိမ့်စကားနဲ့တင်အိတ်ကိုလှမ်းဆွဲထားတဲ့လက်တွေပြေလျော့ကုန်သည်။ မကို လှမ်းကြည့်တော့ မက နှုတ်ခမ်းလှုပ်ရုံလေးဖြင့်မလိုက်ဖူးလား ဟုအသံတိတ်ပြောလိုက်သည်မို့
"မပြန်ပါဘူး....မ ပါနေတာကိုးလေ"
ဟု ဆိုကာ မ တက်သွားတဲ့ဖက်ကနေ ကားပေါ်အမြန်တက်လိုက်ရလေတော့သည်၊ ကားပေါ်ရောက်တော့ အကုန်လုံးဝိုင်းကြည့်နေကြသည့်တိုင်မ လက်ကိုရဲရဲကြီးဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်"
စိတ်ဆိုးအောင်လုပ်သူက မ။ စိတ်ညစ်ရတာ စစ်ဖြစ်ပြီး မချော့ရပါပဲပြေနေရသည့်အပြင်မကိုပါပြန်ချော့ရသည့်စစ်ပါပေ။
....
မှုံပျပျလေး လှမ်းမြင်နေရတဲ့စေတီဘုရားအပြည့်နဲ့တောင်ချွန်းလေးက မိန်းမရဲသခင်မတောင်။ အရင်ကဆို ဒီနေရာနယ်ကြမ်းတယ်လို့ပြောသံကြားဖူးသည်။ ခုတော့တောအုပ်ကြီးနဲ့ဖြစ်မနေပဲ ဆိုင်လေးတွေတန်းစီလို့တိုးလာပြီ။ လူလဲမပြတ်။ လမ်းမကြီးနဲ့ အလှမ်းကွာဝေးပေမယ့်လို့
တောင်ဆီသို့ ကွန်ကရစ်လမ်းက အရှည်ကြီးခင်းထားလေသည်။ ကားကလေး သိမ့်ခနဲရပ်သွားတော့သွေးပုခုံးမှီပြီးအိပ်ပျော်နေတဲ့ စစ်ကနိုးလာသည်။
"ဟင်....ရောက်ပြီလား"
မလဲ့နဲ့သွေးကလွဲပြီး ကျန်သူတွေအိပ်နေလေတော့သွေးကပဲဖြေပေးလိုက်ရသည်။
"ရောက်ပြီလေ"
"ဘယ်ကိုရောက်တာလဲ ရွာငံလား"
"အင်း....မိန်းမရဲသခင်မတောင်တဲ့....ထ...ဆင်းရအောင်လေ"
အမှန်ဆို စစ်ကို စိတ်တိုပြီးစကားမပြောချင်ဖြစ်နေပေမယ့်လဲ တကယ်တမ်းကျ မပြောလို့လဲမရ။ မပြောပဲမနေနိုင်တာလဲပါမည်၊
"တက်ရအောင်လေ....နေလဲသိပ်မပူတော့လေအေးအေးနဲ့ရှယ်ပဲ....မ...ထီးတစ်ချောင်းလောက်ဝယ်မလား....မွန်းတည့်ကာနီးရင်တော့နေပူလောက်မယ်"
ဒီလိုတွေ ဂရုစိုက်နေမှတော့သွေးက ခံနိုင်ရိုးလား။ သို့သော်သွေးကထူးပြီးလဲမဆောင်းချင်လေတော့
"မယူနဲ့တော့...ဒီလောက်လေတိုက်ခံအေးနေပေမယ့်နေအပူရှိန်နဲ့ဆိုအဆင်ပြေသွားမှာပါ....ဒီအတိုင်းတက်ကြမယ်....ဒါနဲ့....စစ်တက်မှာလား"
ကြားဖူးနားဝ ယုံတမ်းပုံပြင်တွေပြောကြသည်ကတော့ ဒီနေရာကို အတွဲလာ ကွဲစေ ဆိုတဲ့စကားချင်းကထပ်လို့နေသည်။ တကယ်ကွဲမကွဲတော့ မသိ။ တစ်ချို့သောပုံပြင်တွေထဲမှာလဲ တကယ့်အမှန်တရားဆိုတာကြီးကတစ်ခုမဟုတ်တစ်ခုရှိနေသေးသည်ပဲ။ ထို့ကြောင့်သွေးနဲ့စစ်ကအတွဲ။ ဒီတောင်ပေါ်ကိုအတူယှဉ်တွဲတက်ရောက်ပြီးမှကွဲရသည်ဆိုလျှင်.....
စစ်ကတော့သွေးစကားကိုမျက်လုံးအဝိုင်းသားနဲ့နားမလည်သလိုကြည့်နေရှာသည်။
"မ တက်ရင်တက်မှာပေါ့....မ မတက်ရင်စစ်လဲမတက်ဘူးပေါ့"
နောက်နားမှာ တက်ရနိုး ကျန်ခဲ့ရနိုးနဲ့ တုန့်ဆိုင်းနေတဲ့သွေးတို့ကြောင့်မလဲ့ကသဘောပေါက်သွားကာ
"မတက်ကြဘူးလား...လာလေ"
"ဟိုလေ...မလဲ့....အတွဲတွေမလာသင့်ဘူးဆို"
သွေးအမေးကို မလဲ့ကအံ့သြဟန်မပြပဲ အပြုံးဖြင့်သာခေါင်းငြိမ့်သည်။
"ပြောကြတာပဲ....အတွဲတွေတော့သိပ်မလာကြဘူး...ဒါမဲ့ လာတဲ့သူတွေလဲရှိပါတယ်....အစွဲမထားပါနဲ့....စွဲနေရင်တော့ချွတ်ရခက်မယ်....တက်လို့ရပါတယ်...."
"ဖြစ်ပါ့မလား"
"ဖြစ်ပါတယ်...အဝေးကလာကြတဲ့သူတွေပဲကို....ပုံပြင်တွေကိုအဲ့လောက်အရေးမထားရဘူး....ကဲ တက်ကြ"
ပြောပြီး မလဲ့တို့လေးယောက်တက်သွားလေပြီ။ စစ်နဲ့သွေးကတွန့်ဆုတ်တွန့်ဆုတ်နဲ့။သွေးကအတွေးနဲ့လန့်၍နှေးနေတာဖြစ်ပြီး စစ်ကတော့သွေးကိုစောင့်တက်ရင်းဖြေးဖြေးတက်နေခြင်းသာ။
"လာပါ..မရဲ့....တစ်နေရာစီကွဲပြီးနေနေရတာကို....မကလဲ...အယူသီးရန်ကောကွာ"
ေအးစက်နေတဲ့သွေး လက်ကိုနွေးထွေးမှုတွေနဲ့ စစ်လက်တစ်ဖက်က လာဆုပ်ကိုင်သည်။ စိမ်းညို့နေတဲ့တောင်ကြီးကိုမော်ကြည့်ရင်း ရင်ဘတ်ထဲမှာတစ်ဆို့နေသလို။
"မကလေး....အဆင်ပြေရဲ့လား....စစ်ကိုပြောပြဦးလေ..ဒီနယ်မြေကဘာလို့ကြမ်းတာလဲလို့...ပြီးဘာလို့အတွဲတွေအပေါ် ကျိန်စာတိုက်ခဲ့ရတာလဲ"
"ဟိုးအရင်က ဘုရင့်သမီးနဲ့သာမာန်လူတစ်ဦးတို့ ချစ်ကြိုးသွယ်မိတဲ့အခါပေါ့....ဘုရင်ကသိသွားတော့ ခွဲမှာစိုးတာနဲ့ခိုးရာလိုက်ပြေးကြတဲ့အခါ ဒီတောင်ရဲ့အရှေ့ဖက်မှာ ကင်းတောင်ဆိုတာရှိတယ်....အဲ့ကင်းတောင်ကအခွန်အကောက်တွေကောက်ခံတဲ့နေရာလေ....ဒီတောင်ရဲ့ ဟိုဖက်အောက်ခြေနားလေးကတော့ အရင်ကမင်းတွေစုပြီးတိုင်ပင်ခဲ့တဲ့နေရာမို့လို့ မင်းတိုင်ပင်ရွာလို့ခေါ်ခဲ့သတဲ့....အဲ့ကင်းတောင်မှာ ကင်းကြေးမပေးနိုင်လို့ ဘုရင့်သမီးရဲ့ကောင်လေးကထွက်ပြေးသွားတယ်....အဲ့ဒီအခါ ဒီဖက်တောင်ကမိန်းမတစ်ဦးလှောင်ရယ်သတဲ့....အစကမိန်းမရယ်တောင်လို့ခေါ်တာ ခုမှမိန်းမရဲတောင်ဖြစ်ရော....နောက်တစ်ခုကျတော့ အဲ့ဘုရင့်သမီးကသူ့နန်းတော်ဆီလဲမပြန်ရဲတော့တဲ့အခါကျ ဒီတောင်ပေါ်ကိုတစ်ယောက်တည်းမရမကတက်ပြီးကျောက်ဆောင်ကြီးတွေဖက်ကနေအောက်ဖက်ဝဲထဲခုန်ချသွားတယ်တဲ့....မခုန်ချခင်သူ့ချစ်သူကိုစိတ်နာကျဉ်းပြီး ဒီနေရာကိုအတွဲလာကွဲစေ လို့ကျိန်စာတိုက်ခဲ့တာတဲ့...ည ညတွေဆို ဒီနားအောက်ခြေကားလမ်းကဖြတ်သွားသူတိုင်း မိန်းမရယ်သံတွေကြားနေရတယ်တဲ့....သရဲလဲခြောက်တယ်တဲ့....ဘုရားတည်တုန်းကဆိုလင်မယားနှစ်ယောက်လာပြီးအလုပ်လုပ်ရင်းသေသွားသေးတယ်တဲ့....ညဖက်ကြီးဆို အရင်ကကားသမားတွေသိပ်မလာဝံ့ကြဘူး"
"ဒါဆို မင်းသမီးလေးက ခုထိမကျွတ်သေးဘူးပေါ့နော်"
"မပြောတတ်ဘူး....ဒါမဲ့ သူမကျွတ်လို့လားမသိဘူး ဒီတောင်တဝိုက်မှာဘုရားတည်သာသနာပြုဖို့ အိမ်မက်ပေးသေးတယ်တဲ့....ဒါကြောင့်မို့ဒီနေရာမှာ ဘုရားတွေပြည့်နှက်နေတာပေါ့"
"ကျွတ်ပြီပေါ့...ခုဆိုရင်လူဖြစ်ရင်ဖြစ်မဟုတ်ရင်နတ်ပေါ့ "
"မသိတော့ဘူး....မောပါတယ်ဆိုနေ"
"ရော့ အအေးလေးသောက်ပါဦး"
ဘယ်အချိန်က သွားဝယ်လာလဲမသိ။ သူ့ကျောပိုးအိတ်ထဲက အအေးဗူးကိုထုတ်ယူဖွင့်ပြီးပေးလာသည်။
"ဒါ ဘယ်ကယူလာတာလဲ"
"ဝယ်ထားတာပေါ့...တောင်တက်ရင်မောတယ်လေ...ပြီးတော့မကသိသမျှကို စစ်ကိုပြောရဦးမှာဆိုတော့ကြိုဆောင်ထားတာ....စိတ်ချ....စစ်က မ ကိုလွဲပြီးဘယ်သူ့အတွက်မှမဖြစ်စေရဘူးနော်"
ဒီကလေးမလေးဖက်က အတိအကျလက်တွဲဖို့သေချာပေမယ့်လို့ အညွန့်တလူလူတက်နေတဲ့ မဖက်ကိုတော့သေချာပေါက်ကြီးလက်တွမြဲမယ်လို့ စစ်မတွေးရဲခဲ့ပါ။ ဘဝအရေးတွေက ကွာခြားလွန်းသည်လေ။ ဘယ်သူမဆိုပညာချင်းထပ်လို့ မြတ်ချင်ကြသူချည်းပဲပေါ့။
"အင်းပါ...ဆက်တက်ရအောင်...."
ရှေ့မှ သုတ်သုတ်လေးလှေကားထစ်တွေကို ဖြတ်ကျော်သွားလေသောသွေးနောက်သို့အမှီလိုက်ရပြန်သည်။တောင်ပေါ်တက်ပြီး ဘုရားရှေ့ထိုင်ကာ ဘာဆုပန်ခြွေရမလဲမသိ။ လက်အုပ်လေးချီပြီးဦးသုံးကြိမ်ချသည်မှအပ စစ်ဘာမှမလုပ်ဖြစ်။
တောင်ပေါ်ကနေကြည့်လျှင်ရောင်စုံစွာ လှပနေတဲ့သဘာဝပန်းချီကားချပ်များကိုငေးမောနေလိုက်သည်။ အဝါရောင်နှမ်းပန်းခင်းတွေရယ်အပြာရောင်လိုပန်းဂေါ်ဖီခင်းတွေရယ်....အစိမ်းရောင်သစ်ပင်လေးတွေရယ်နေရာအနှံ့ အကွက်အကွက်လေးတွေနဲ့ပျံကြဲလို့နေသည်။
သာယာငြိမ်းချမ်းလှတဲ့ စိမ်းလန်းစိုပြည်ဓနုမြေပါပေ။
"ဘာတွေတွေးနေတာလဲ...စစ်"
နံဘေးသို့ ဖုန်းကင်မရာကြီးချိန်လျက်ရောက်လာပြီးမေးလိုက်သော မိုးကြောင့်
"ဘာမှမတွေးပါဘူး.....မြင်နေသမျှက စိတ်ချမ်းသာဖို့ကောင်းလွန်းလို့ပါ မိုး"
"ဟုတ်တယ်နော်....ဒီဖက်ကလူအတော်များများ သဘာဝတရားကိုတန်ဖိုးထားတတ်ကြတယ်နဲ့တူတယ်....နေရာအနှံ့ သစ်ပင်လေးတွေမှစိမ်းလန်းလို့ပြည့်နှက်နေတာပဲ မြင်ရတာမျက်စိအေးစရာတွေချည်း"
"အင်း....စစ်တော့ ခရီးတွေမထွက်လည်ဖူးလို့လားမသိဘူး...ဆံပင်အလှပြင်ဖို့ကိစ္စကလွဲရင်ကျန်တာဘာမှမသိဘူး....ခုမှပဲခရီးသွားရတာစိတ်ချမ်းသာဖို့ကောင်းမှန်းသိလာတော့တယ်"
"နောက်ဆို မကြာမကြာတစ်နေရာပြီးတစ်နေရာလည်ပေါ့ဟာ"
"အိမ်ကလဲ ကန်ချထားပါဦးမယ်"
နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီးရယ်မောလိုက်ကြသည်ကိုသွေးကမြင်ဖြစ်အောင်မြင်သွားသည်။ စိတ်ထဲမှာ မကျေနပ်သလိုမျိုးခံစားလိုက်ရသေးသည်။
ဒါ စစ်အပေါ်သဝန်တိုနေတာများလား....မဖြစ်နိုင်တာ..ဘာကြောင့်သဝန်တိုနေရမှာလဲ...စစ်ကငါကလွဲပြီး ဘယ်သူ့ကိုမှချစ်မနေတာကို
ညစ်ကျယ်ကျယ်အတွေးတစ်ချို့ကိုမောင်းထုတ်ပြီး ခပ်တည်တည်ပဲ စစ်တို့နောက်ဖက်ခပ်လှမ်းလှမ်းမှနေ၍
"ဟိုဖက်မှာခေါင်းလောင်းသွားထိုးရအောင်....စစ်"
ဟု ခပ်တိုးတိုးပြောလိုက်ပေမယ့်စစ်ကဆတ်ခနဲလှည့်ကြည့်လာသည်နှင့်တပြိုင်နက်သွေးဘေးသို့လှမ်းလာကာ
"သွားလေ...မ....ပြီးရင်အောက်ဖက်ကရှု့ခင်းလှလှလေးတွေပုံရိုက်သွားဦးနော်...လာ...မ"
ဘယ်သူနဲ့ဘယ်လိုပဲစကားလမ်းကြောင်းဝင်နေပါစေ။ မ သာဘေးနားရှိနေရင်ကျန်တာစစ်အတွက်ဘာမှအရေးမကြီးတော့။.ခုလဲမိုးက တစ်ယောက်တည်းပစ်ထားခဲ့ပြီးခေါင်းလောင်းထိုးမယ့်တောင်ချွန်းပေါ်သို့သွေးလက်ကိုင်ပြီးတက်သွားလေပြီ၊ သူ့ချစ်သူကလွဲပြီး ဘယ်သူ့မှဂရုမစိုက်တတ်သော စစ်ပါပေ။
...
တောရိပ်တောင်ရိပ်သစ်ပင်ရိပ်တွေကြားမှာ ထူးထူးဆန်းဆန်ရေအိုင်လေးတစ်ခု။ အပြာရောင်ရေတွေက ကန်ထဲဝယ်ငြိမ်သက်နေသည်။ရေကန်ထဲမှာလဲ ငါးအချို့ဟိုသည်ကူးခတ်နေကြသည်။သွေးက ကန်ကိုသာဘောင်ခတ်မထားလျှင်ရေကိုလဲကိုင်ကြည့်ချင်သည်။ ငါးတွေကိုလဲအစာကျွေးကြည့်ချင်သည်။
"မ ... ဒီနေရာမှာဘာလို့ရေကပြာနေရတာလဲ"
"ပြာနေလို့ရေပြာအိုင်လို့ခေါ်တာပေါ့ စစ်ရဲ့"
"မ ကြားဖူးတာလေးဘာလေးမရှိဘူးလားရေပြာအိုင်နဲ့ပတ်သက်ပြီးလေ"
"နောက်ထပ်ပွင့်မယ့်ဘုရားရှင်အတွက်သပိတ်တော်က ဒီရေအောက်မှာရှိတယ်တဲ့"
သွေးအပြောကြောင့်စစ်က အုတ်ကာရံထားတဲ့အစပ်ထိတိုးပြီး ကန်ထဲကိုငုံ့ကြည့်လိုက်သေးသည်။
"အောက်ခြေရှင်းနေတာပဲနော်...မြင်တော့မမြင်ရဘူး"
"ဟယ်....ဘယ်မြင်ရမလဲ ဒါ ကြည့်တော့ဖြင့်ရေကတိမ်မလိုနဲ့ သိပ်နက်တာ ဝါးနှစ်ရိုက်ထိုးကြည့်တောင်အောက်ခြေကိုမရောက်ဖူးတဲ့"
"ဟုတ်လား...."
စစ်ကဲ့သို့သွေးလဲကန်ဘေးအစပ်ထိသွားကြည့်လိုက်ကာရေကန်အနားစပ်ဖက်မှာပေါလောပေါ်နေသောသစ်ရွက်ခြောက်လေးတွေရှိရာသို့ လက်ညိုးထိုးပြလိုက်သည်။ ပြီးနောက်
"ကြည့်လိုက်....အပေါ်မှာသစ်ရွက်ခြောက်တွေအများကြီးပဲနော်....ဘာမြင်လဲထူးဆန်းတာပြောပြဦး"
သွေးပြောတာကိုစစ်ကခေါင်းငြိမ့်ရင်း ကန်ဖက်သို့သေသေချာချာလိုက်ရှာကြည့်သည်။နောက်ခေါင်လေးယမ်းပြသည်။
"ဘာမှမတွေ့ဘူးရေပြာတွေနဲ့သစ်ရွက်ခြောက်နဲ့ပဲမြင်တယ်"
"အောက်ခြေမှာကြည့်ဘာသစ်ရွက်မှမရှိဘူး....အမှန်ဆိုကန်အောက်ခြေမှာသစ်ရွက်တွေပြည့်နေရမှာ လူလဲမဝင်ဆယ်ရဲတော့ နှစ်ကာလကအများကြီးကိုသစ်ရွက်တွေအများကြီးရှိပြီးညစ်ပတ်နေရမှာမလား....ခုတော့ကြည့်အောက်ခြေမှာလဲမရှိ ကန်အလယ်မှာလဲမရှိပဲဘေးမှာပဲ လာစုနေကြတာ"
"ဟုတ်သားနော်....ထူးဆန်းတယ်.တကယ်ပဲ မကလေးကသိပ်ကိုတော်...."
"အရင်ကဆို ဒီလိုတြွေံခမခတ်ထားတော့ အနားထိသွားကြည့်လို့ရတယ်တဲ့....လူသံတွေကြားရင်ဒီရေတွေကပွက်လာတယ်တဲ့"
"ဟုတ်လား....ဒါကြောင့်အန္တရာယ်ဖြစ်မှာစိုးလို့ ခုလိုကာထားတာဖြစ်မယ်"
"အင်း...ခုခေတ်လူတွေကလဲစည်းကမ်းကမရှိကြတော့ကန်ထဲမကာထားရင်အမှိုက်တွေပြည့်ရင်ပြည့်မဟုတ်ရင်လူတွေဝင်ဆော့ကုန်ဦးမှာ"
"ဒါပေါ့...ဒီတစ်ခါလဲ မကတော်ပြန်ပြီ"
စကားများနေတဲ့သွေးတို့အနားသို့ နန်းရောက်လာပြီး
"ကဲ အကြည်ဆိုက်နေကြတယ်ပေါ့...မလိုက်ချင်လိုက်ချင်နဲ့အတင်းဆွဲခေါ်ခဲ့ရတာကိုတော့မေ့ကုန်ပြီ"
သွေးက အားနာပြုံးဖြင့်ပြုံးပြလိုက်သော်လဲ စစ်က ပြုံးဖြီးဖြ်ိးပြကာ
"ဟီး...နန်း..နင်အားကျနေတယ်မလား"
"မကျပေါင်...လာတော့ အလယ်ချောင်ရေတံခွန်သွားမယ်တဲ်"
"Ok လာ မ"
လှေကားထစ်လေးအတက်ကို မ ကိုပွေ့ချီသွားပေးချင်စမ်းသည်။ မကတော့ လက်ရန်းလေးတွေကိူင်ကိုင်ပြီးတက်ရတာကိုသဘောကျသည့်အလား ပါးချိုင့်လေးပေါ်အောင်ပြုံးနေသည်၊
...
ရွာငံမှာကော်ဖီအစစ်တွေနာမည်ကြီးနေတဲ့ဆိုင်လေးမှာ ထိုင်ကြရင်း မကြာမီခွဲရတော့မည့်ချစ်ရသူ မအားမခွဲရက်နိုင်စွာဖြင့်ငေးနေမိသည်။
"မမစစ်ကလဲ .... လူရှေ့သူရှေ့လဲရှောင်ပါဉ်ိး...မျက်ရည်တွေထွက်နေပြီနော်"
နန်း အမြင်ကပ်ကပ်နဲ့ပြောလိုက်တော့ စစ်မျက်တောင်ခတ်လိုက်စဉ်မှာ မျက်ရည်စက်ကပေါက်ခနဲကျလာလေသည်။ ဟုတ်သားပဲ...ငိုလို့ငိုမှန်းတောင်မသိလိုက်ရတဲ့စစ်။
"စစ်ရယ်...ဘာလို့ငိုနေတုန်း....ရော့ကော်ဖီသောက်လိုက်ဦး မလိုမကြိုက်တဲ့သူတောင်ကြိုက်သွားသလိုပဲ"
ထူးထူးခြားခြား မ ဂရုတစိုက်မွှေပြီးမှ စစ်ရှေ့ပို့ပေးလာတဲ့ကော်ဖီကိုယူသောက်လိုက်သည်။ကော်ဖီအစစ်ဖြစ်ဖြစ်မဖြစ်ဖြစ်စစ်သောက်ဖူးသမျှထဲမှာတော့ မမွှေပေးတဲ့ကော်ဖီကအကောင်းဆုံး။ ဝဲတက်လာတဲ့ငွေ့ရည်တစ်ချို့က မျက်တောင်ဖြင့်အသာပုတ်ထိန်းလိုက်သည်။
"အကောင်းဆုံးကော်ဖီပဲ အပြန်ဝယ်သွားရမယ်နော်....မလဲ့တို့အတွက်ပါဝယ်လိုက်မယ်"
"မဟုတ်တာ စစ်ရယ်....မလဲ့လဲသဘောကျလို့ အိမ်ဝယ်ပြန်မလို့ လဖက်ခြောက်တွေကောလိမ္မော်သီးတွေကောပဲ"
"မလဲ ဝယ်ပေးမယ်မလား...စစ်နဲ့ပေါင်းဝယ်လိုက်မယ်နော်..မ."
ခရီးအတွက်အစစအရာရာအဆင်ပြေချောမွေ့ခဲ့မှုကြောင့်မလဲ တစ်ခုခုပြန်ပေးချင်နေမှာမို့ စစ်ဝင်ပြောလိုက်ခြင်းပင်။
"အင်း....စားစရိတ်တွေပါအကုန်ဘာမှမလိုတော့သွေးပါလာတဲ့ပိုက်ဆံတောင်မသုံးရသေးဘူး....ဒါကြောင့်အကုန်လုံးအတွက်တော့လက်ဆောင်လေးဝယ်ပေးပါရစေ"
နောက်ဆုံး ငြင်း၍မရတော့လက်ခံလိုက်ရသည်။ ဒါတောင်ကော်ဖီမှုန့်တစ်ယောက်တစ်ထုပ်စီပဲ လက်ဆောင်လက်ခံတာ။ စစ်ကတော့သွေးအိမ်အတွက်အကုန်လုံးဝယ်ထည့်ပေးလိုက်သည်။
ဒီကနေမှ တညနားပြီး မကကြုံရာကားနဲ့လိုက်ပြန်တော့မည်။ ကလောအောင်ပန်းသို့လဲ မလိုက်လည်တော့။ ဘယ်လိုခေါ်ခေါ်မလိုက်တော့၍ စစ်လဲဘာမှမပြောနိုင်။
အဲ့လိုပါပဲ။ မထက်စစ်ကိုကပိုလို့ချစ်နေတာဆိုတော့ မကိုစိတ်လဲဆိုးချင်ပေမယ့်ဆိုးလဲမဆိုးရက်။ စစ်စိတ်ဆိုးရင်လဲမကပိုစိတ်ဆိုးပြသေးတာဆိုတော့ မကျေလည်မှုတွေကိုစစ်ဟာစစ်ပြေလည်ရာပြေလည်ကြောင်းတွေးပြီးဖြေနေရတော့တာပဲ။
ဒီတစ်ခါခွဲရပြီးလျှင်ဘယ်သောအခါမှ မနဲ့ဆုံရဦးပါမည်နည်း။
.
Next
ВЫ ЧИТАЕТЕ