စစ်လိုင်းမတက်နိုင်သည်မှာ တပတ်ကျော်နေပြီဖြစ်သော်လဲသွေး ဆီက စာတစ်ကြောင်းလောက်သော်မျှ ဖုန်းတစ်ကောလ်လောက်သော်မျှရောက်မလာပါ။ ကိုကိုလာတဲ့နေ့က စစ်ဖုန်းမကိုင်ဖြစ်ခဲ့သည့်အတွက်ကို စိတ်ဆိုးသွားသည်လားမသိပေမယ့်အိမ်ရောက်ပြီး ပြန်ခေါ်သော်လည်းစက်ပိတ်ထားလေသည်မို့ စစ်လဲ ထပ်မခေါ်တော့။
မက အဲ့လိုမဟုတ်တရုတ်တွေကို စိတ်ဆိုးစိတ်ကောက်တတ်တဲ့ ကလေးဆန်တဲ့သူမျိုးလဲမဟုတ်။
အကြောင်းအမျိုးမျိုးကြောင့်စစ်ကို စာမပို့တာလဲဖြစ်နိုင်သည်။ လိုင်းပေါ်မှာ စာပို့ခဲ့ပေမယ့်ဖတ်လဲမဖတ်မီးစိမ်းတော့မြင်နေသည်ပဲ။ သို့သော်ဘာဖြစ်လို့ဖြစ်နေမှန်းမသိ။
ခုရက်ပိုင်းမှ ကိုကိုနဲ့လဲ အဆင်မပြေ။ စစ်ကပဲအချိုးပြောင်းနေသည်လား ကိုကိုကပဲအချိုးပြောင်းနေသည်လားမသိ။
ကိုကို့ကို မထားခဲ့ပါနဲ့ချည်းနေ့စဉ်ရက်ဆက်ပြောနေသည်။ ပြီးတော့ သူ့မိသားစုဘာတွေအခက်တွေ့နေသည်မသိ။ ဘီယာတွေလဲသောက်တတ်လာပြီ။
"မမစစ်..."
ဆိုင်အတွင်း ဒီနေ့မှ လူကိုရှင်းနေတော့ ဆိုင်ထဲကလူတွေအကုန်လုံးသာယာနေတော့သည်။ စစ်တစ်ယောက်လဲကောင်တာခုံလေးမှာထိုင်၍ ပျင်းပျင်းနှင့်လက်ဖက်သုပ်စားနေစဉ်နန်းနန်းရောက်လာသောကြောင့်
"ဘာလဲ"
"နန်းနန်းတို့ရှေ့အပတ်ကျရင်လေ မူဆယ်ဖက်သွားကြမလို့"
"အဲ့တော့ဘာဖြစ်"
သူတို့ဟာသူတို့မူဆယ်သွားကြမှာကို ဘာလို့တကူးတကလာပြောနေကြသည်မသိ။
"မမစစ်များ လိုက်ချင်မလားလို့"
"မလိုက်ချင်ပေါင်ရှုပ်ရှုပ်ယှက်ယှက်ငါမအားဘူး"
နန်းနန်းက စစ်ထိုင်နေသော ထိုင်ခုံမှာပင်တိုးဝှေ့ကာလာထိုင်ရင်းစစ်လက်ထဲကဇွန်းကိုယူကာလက်ဖက်သုပ်စားနေသေးသည်။
"မမစစ်က မူဆယ်ကို သိလို့လား"
"မသိဘူးလေ..."
"မသိပဲမလိုက်ချင်ဘူးပေါ့"
"ငါက ဘယ်မှကိုမလိုက်ချင်တာ....အိမ်ကလွဲပြီးဘယ်မှမသွားချင်ဘူး"
"အာ့ကြောင့်မမစစ်ဘာဗဟုသုတမှမရှိတာ....လူဆိုတာ ခရီးထွက်မှပြင်ပဗဟုသုတတွေအတွေ့အကြုံတွေရတာ"
လာပြန်ပြီ..ဒါ စစ်ကို မပြောဖူးတဲ့ စကားတွေ။ မ စကားလား..နန်းနန်းကူးချသည်လား။ ဒါမှမဟုတ်ဖတ်ဖူးသောစာတွေထဲပင်ပဲ ပါလေသလားမပြောတတ်။
"အေဟေ့...နင့်ခရီးသွားတာက ပိုက်ဆံရလို့လား...ငါဖြင့်အိမ်မှာနေတာတောင်ရနေပ"
"မမစစ်တစ်ရက်တစ်သောင်းခွဲစုဗူးထဲထည့်ပြီး အဲ့ပိုက်ဆံတွေကို တစ်နေ့ကျဘာလုပ်မှာလဲ"
အတွင်းရေးကိစ္စတွေဆို ဒီကလေးမ မသိတာမရှိ။ ဘယ်လောက်ပဲ လူကျကျ စစ်ကိုတော့ မမကြီးက တစ်ရက်တစ်သောင်းခွဲတော့ပေးသည်လေ။ အစက ဒါကိုဘယ်သူမှမသိ။နောက်ပိုင်း မိနန်းကြောင့်အကုန်သိသွားကြသည်လေ။
"ငါ့ဟာငါလုပ်ချင်ရာလုပ်မှာပေါ့ အဲ့မူဆယ်ဆိုတာ ဘာများကြီးကျယ်ခမ်းနားနေလို့"
"ဟယ်...တရုတ်ပြည်နယ်စပ်မမစစ်ရဲ့...အဲ့မှာတရုတ်ဖြစ်အထည်တွေပေါတယ်ကွယ့်...ဝယ်လာပြီး ဒီဖက်ပြန်ရောင်းရင်ခရီးစရိတ်ပါမကငွေပိုငွေလျှံလေးတွေရဦးမှာ"
"စိတ်မဝင်စားဘူး တစ်သောင်းခွဲလောက်နဲ့ပဲတင်းတိမ်နိုင်တယ်"
"တစ်ခုတော့ရှိတယ်...မမစစ်စိတ်ဝင်စားမယ့်အကြောင်း"
"နိုးပါ....ဘာမှစိတ်ဝင်စားတာမရှိ"
"သီပေါမြို့ကိုလဲ ဖြတ်သွားရတယ်...စိတ်ပါရင်အဲ့မှာလည်လဲရတယ်...သီပေါမှာလဲ လည်စရာအများကြီး...ဒုဋ္ဌဝတီမြစ်ကြီးနဲ့ဘယ်လောက်တောင်သာယာလိုက်မလဲ...လားရှိုးလဲဝင်လို့ရသေးတယ်"
သီပေါ..လားရှိုး ဆိုတာနဲ့ ခုဏလေးတင်နန်းနန်းဆီကဆွဲလုထားတဲ့ စစ်လက်ထဲက ဇွန်းတောင်ပြုတ်ကျမလိုဖြစ်သွားရသည်။
"ဟယ်..မူဆယ်ကလဲအဲ့ဖက်ကလား"
ခုခေတ်ကလေးတွေနဲ့စာရင်စစ်ဟာ အတော့်ကိုဗဟုသုတနည်းပါးသူတစ်ယောက်ပါပေ။ မြန်မာပြည်မှာနေ မြန်မာရေသောက်ပြီး ဘယ်နေရာဘာရှိပြီး ဘယ်နေရာကထင်ရှားကျော်ကြားနေသလဲဆိုတာ ကိုယ်နေတဲ့မြို့တောင်ဘယ်နားဘာရှိသည်မသိ၊လေ့လဲမလေ့လာ။ တခြားမြို့တွေဆိုဝေလာဝေး။
စစ်လှုပ်လှုပ်ရွရွနဲ့ထထကြွကြွရှိလာပြီဆိုမှ နန်းနန်းက ဆိုင်အဝဆီတချက်ကြည့်ပြီး
"ဟော...လူလာပြီ...သွားမေးလိုက်ဦးမယ်နော်"
ပြောပြောဆိုဆိုနဲ့ ထပြေးခဲ့တော့ စစ်မှာ တန်းလန်းကျန်ခဲ့တော့သည်။
"ဘုရားသိကြားမ လို့ခေါင်းလျှော်တဲ့သူတွေပဲဖြစ်ပါစေ"
စိတ်ဝင်စားမိတဲ့အကြောင်းပေါ်လာတာနဲ့ စစ်တုိ့စိတ်ထားအကျင့်ပုပ်ချက်။ ကိုယ့်ဆိုင်ရဲ့ဝင်ငွေလာမှုကိုတောင်ပိတ်ပင်တဲ့သူမျိုး။ခေါင်းလျှော်ရုံပဲဆို ကျန်တဲ့သူတွေပဲခိုင်းပြီးနန်းနန်းနဲ့ခဏကကိစ္စဆက်ဆွေးနွေးရုံပင်။
သို့သော်.ကံမကောင်းအကြောင်းမလှစွာ ဖြင့်
"မမစစ်ရေ....ဒီမှာလာဦး...အကုန်ဆံပင်လုပ်ကြမှာတဲ့"
သွားပြီ။ အသက်ငယ်ငယ်ကောင်မလေးလေးယောက်တောင်မှ။
ထိုင်ရာကထပြီး အပြင်ဖက်တွင်ချထားသောခုံတွင်ထိုင်ရန်လက်ဟန်ပြပြီး
"ထိုင်ကြပါဦးနော်အစ်မတို့က အကုန်ဆံပင်ဖြောင့်မှာလား ညှပ်ကြမှာလား"
ပျင်းရိနေတဲ့စိတ်ကိုအပေါ်ယံအပြုံးများနဲ့ဖုံးကွယ်ကာ အချိုသာဆုံးမေးလိုက်တော့ အရပ်ပုပုနဲ့သွက်သွက်လက်လက်ရှိသောကောင်မလေးတစ်ယောက်က
"အစ်မကဖြောင့်ပြီးအရောင်ဆိုးချင်တယ်..သူကတော့ညှပ်ပြီးဖြောင့်မှာ...တစ်ယောက်ကဖြောင့်ရုံပဲ"
ဟမ့်အကုန်လုံးဖြောင့်မှာဆိုတေ့ာ တနေကုန်မယ့်ပုံ။
"ဪ..ဟုတ်ကဲ့ ဘယ်လိုပုံတွေညှပ်ပြီး ဘာအရောင်ဆိုးချင်ပါသလဲရှင်"
"ဘယ်လိုပုံရယ်တော့မပြောတတ်ဘူး "
"နန်း ပုံစံစာအုပ်တွေသွားယူလိုက်လေ...အဲ့ထဲကြည့်ပါစေ"
နန်းအထဲဝင်ပြီးစာအုပ်ယုလာပြတော့
"ဟိုလေ...ဒီဆိုင်က မျက်နှာနဲ့လိုက်ဖက်မှုရှိအောင်ဆံပင်ပုံလေးသွင်းပေးတတ်တယ်လို့သူငယ်ချင်းတစ်ယောက်ပြောလိုက်တယ်အာ့ ပုံမကြည့်တော့ပဲ ညီမပဲကြည့်ပီးလိုက်ဖက်သလို လုပ်ပေးပါလား"
"ဟုတ်ညီမ လုပ်ပေးမယ်တခြားကော"
"ဈေးလေးပြောပါဦး"
ဈေးနှုန်းလေးတွေရေးထားသော စာရွက်လေးကိုဗီရိုပေါ်မှာဆွဲယူပြီးပေးလိုက်လေသည်။ သူတို့အချင်းချင်းခေါင်းချင်းဆိုင်ဘာတွေတိုင်ပင်ကြသည်မသိ။ တိုးတိုးသာသာနဲ့ပြောနေကြသည်ကို မကြားယောင်ပြုကာ
"နန်းရေနွေးအသင့်ရှိရဲ့လား"
"ဟုတ်...လုပ်ထားပြီးသား"
ဟိုဟာလျှောက်ကိုင်ဒါလျှောက်ကိုင်နဲ့နေရခက်တာ။ ထွက်သွားရအောင်လဲမဟုတ်။ သူတို့ဟာသူတိူ့တိုင်ပင်နေတာကို နားထောင်နေရအောင်လဲမဟုတ်။
"ဟိုလေ ညီမ အစ်မတို့က သုံးယောက်လုံးလုပ်မှာကိုဈေးလေးညှိပေးလို့ရဦးမလား နည်းနည်းလောက်"
"ဟုတ်ကဲ့ အစ်မ ဒီဈေးတွေက ပုံမှန်ပါပဲ.....ကိုယ်သုံးချင်တဲ့ဆေးအမျိုးအစားအလိုက်ဈေးတွေကကွာပါတယ်....စိတ်ချပါ..ညီမတို့ဆိုင်က အာမခံနဲ့ စိတ်တိုင်းကျအောင်လုပ်ပေးတာပါ...ဆေးတွေလဲအကောင်းပဲတင်ထားတာမို့ဈေးတွေကတော့အဲ့လောက်ပါပဲရှင့်"
"နည်းနည်းလေးလျှော့ပေးလို့မရတော့ဘူးလား"
"ဈေးတော့လျှော့လို့မရပါဘူး ဒါပေမယ့်အများကြီးအားပေးတာဆိုတော့ လက်ဆောင်လေးတွေတော့ပေးမှာပါရှင့်ဟုတ်ကဲ့...အစ်မတို့ အချင်းချင်း ညှိကြည့်ပါဦးရှင်"
ခေါင်းချင်းဆိုင်နေကြပြန်ပြီ။နောက်ဆုံးတော့လဲ တညီတည်းကို လုပ်ကြမည်ဆိုတော့ စစ်တို့အလုပ်များပါတော့သည်။ ညှပ်စရာမှန်သမျှ စစ်ပဲကျွမ်းကျင်တော့ ကျန်သူတွေခေါင်းလျှော်ဖို့ပြင်သူကပြင်ဆေးစပ်သူကစပ်နဲ့ ခုဏကသာယာနေသလောက်ချက်ချင်းအလုပ်များရတော့သည်။
"နန်း မမစစ်က အဲ့လိုနော်"
အနောက်ခန်းထဲဆေးစပ်ရင်းကောင်မလေး တစ်ယောက်က နန်းနန်းကိုပြောလေသည်။
"ဟင်ဘာလို့လဲ"
"မမချစ်ကြီးသာဆိုလျှော့ပေးမှာလေ....မမစစ်ကတော့ ဘယ်သူ့မှကိုလျှော့မပေးဘူး "
"အဲ့ဒါသူ့ပုံစံဟဲ့...ကြည့်ပါလား...သူ့စိတ်ထားမကောင်းလို့ မမချစ်လောက်မချောာတာ"
"မမစစ်ကပိုချောပါတယ်နန်းရယ်"
"ဟဲ့ စကားပဲများမနေကြနဲ့ ခဏကျအော်တော့မယ်နော်"
အပြင်ကတယောက်လာအော်သွားတော့မှပါးစပ်ပိတ်သွားကြတော့သည်။
.....
နွေလေရူးတိုက်ခတ်မှုကြောင့်အိမ်ရှေ့မြေတလင်းတွင်ပြန့်ကျဲနေသော သရက်ရွက်အခြောက်များကို တံမျက်စည်းကြမ်းဖြင့်လှဲကျင်းနေသောသွေးကို သရက်ပင်အရိပ်အောက်ကွပ်ပျစ်ပေါ်တွင်ထိုင်နေသော ငြိမ်းက ကြည့်ပြီး တစ်ခုခုကိုဝေခွဲမရဖြစ်နေဟန်ဖြင့်လက်ထဲကရေနွေးခွက်ကို ချလိုက်ကိုင်လိုက်ဖြစ်နေလေသည်။
"ငြိမ်း မသွေးကို မီးဖိုထဲက မီးခြစ်သွားယူပေးဦး"
တစ်ခါပြောလဲ တုန့်ပြန်ခြင်းမရှိသောကြောင့်နောက်တစ်ခါထပ်ပြောရန်လှည့်ကြည့်တော့ ဂဏှာမငြိမ်ဖြစ်နေသော ငြိမ်းကိုတွေ့လိုက်ရလေသည်။
"ဟဲ့ ငြိမ်းဝေ...ငါပြောနေတာမကြားဘူးလား"
သွေးအော်လိုက်မှ အလန့်တကြားမော့ကြည့်ကာ
"ဟင်မသွေး ဘာပြောလိုက်တယ်"
"အိမ်ထဲကမီးခြစ်သွားယူပေးဦးလို့"
"ဟုတ်ဟုတ်ကဲ့"
သုတ်ခနဲဆင်းကာအိမ်ထဲပြေးသွားသော ငြိမ်းဝေအား
"ဒီကလေး ခရီးကပြန်လာပြီးဂဏှာမငြိမ်ဘူး ရည်းစားပူမိနေတာလား မဟုတ်သေးပါဘူး ခုမှကိုးတန်းရှိသေးတာကို"
တစ်ယောက်တည်းရေရွတ်ရင်း အမှိုက်ပုံလိုက်သည်။
"ရော့ မသွေး ဒါတစ်ခါတည်းမီးရိှု့မလား"
"အင်းပေး"
အရွက်ခြောက်တွေကို မီးရှို့ပြီး တံမျက်စည်းကို သရက်ပင်၌မှီထောင်ခဲ့ကာ ကွပ်ပျစ်ပေါ်ထိုင်လိုက်သည်။ ငြိမ်းဝေကတော့သွေးနှင့်ပင်မျက်နှာချင်းမဆိုင်။
"ငြိမ်း..နင်ဘာဖြစ်နေတာလဲ"
မျက်နှာကိုစူးစိုက်ကြည့်ပြီးမေးတော့ငြိမ်းဝေပြန်လည်လှည့်ကြည့်ကာ မျက်နှာပျက်လှစွာဖြင့်
"ဘာ...ဘာမှမဖြစ်ပါဘူး"
"မဖြစ်ဘူးသာပြောနေတယ်နင်စာမေးပွဲဖြေပြီး အဲ့ညပဲဆရာမတွေနဲ့ ဘုရားဖူးလိုက်သွားတာ....မနေ့ညကပဲပြန့ရောက်တယ်ခု ဒီမနက်ဘယ်လိုပုံစံပေါက်နေတာလဲ"
"ကျွန်တော်ဘာဖြစ်လို့လဲ"
"ကိုယ့်ကိုကိ်ုယ်သိပေါ့....မဟုတ်မှ နင်ရည်းစားတွေများ ထားတတ်နေတာလားဟင်"
"ဟာ...ဘယ်ကလာ ထားရမှာလဲ"
မျက်နှာကြီးနီရဲပြီး ရှက်ရိပ်သန်းသွားသောကြောင့်သွေးမနေနိုင်တော့ပဲ ငြိမ်းဝေနားရွက်တစ်ဖက်ကို လိမ်ဆွဲထားကာ
"မှန်မှန်ပြောစမ်း ငြိမ်း တကယ်ရည်းစားထားနေတာလား"
"အ...နာတယ်တကယ်မထားပါဘူးဗျာ"
"ဘာလို့နင့်မျက်နှာကြိးနီနေတာလဲ"
"ဟာ...အိပ်ရေးပျက်တာကိုးဗျ...နီနေတာပေါ့"
"နင့်အရွယ်က ခုမှကလေးရှိသေး ထားနေလို့ကတော့အတွယ်ခံရမယ်မှတ်..."
"မထားပါဘူး ကျွန်တော်စိတ်မဝင်စားဘူး"
-အခုက ဘာဖြစ်နေလဲပြော"
နားရွက်ဆွဲထားတဲ့ လက်ကိုလွှတ်ပြီးမေးကာမှ မဝံမရဲအသံတိုးတိုးလေးဖြင့်
"ကျွန်တော်ပြောရင်မသွေးမဆူရဘူးနော်"
"မပြောတတ်ဘူးလေ ဆူစရာကိစ္စဆိုရင်ဆူရမှာပေါ့"
"ဟူတ်ပါပြီ...ဆူရင်လဲဆူပါတော့...ရိုက်ချင်လဲရိုက်ပါဗျာ"
မျက်နှာငယ်လေးနဲ့ပြောနေတော့သွေးမှာစိတ်ပူစပြုလာကာ
"အဲ့လိုချည်းဝေ့ပတ်လုပ်မနေနဲ့ပြောစရာရှိတာပြော ငါခြံထဲသွားရဦးမှာ"
"ဟိုလေ...ကျွန်တော်မသွေးရဲ့ဖုန်းကိုယူသွားတာ"
"အေ့လေ နင်ပဲပုံရိုက်ချင်တယ်ဆိုလို့ငါထည့်ပေးလိုက်တာလေ ဘာဖြစ်လို့လဲ "
"ဟုတ်အဲ့ဒါ ဟို...ပျောက်ပျောက်ကျကျန်ခဲ့လို့"
"ဘုရားရေ..."
ငြိမ်းဝေတော့ပြောပြပြီး ဘယ်လိုနေမယ်မသိ။သွေးမှာတော့ ဘုရားပဲတနိုင်တော့သည်။ တက္ကသိုလ်စတက်စဉ်က သူများတွေလိုဖုန်းမကိုင်နိုင်ခဲ့၍ ဒုတိယနှစ်လောက်တော့ကိုင်နိုင်ကောင်းရဲ့ ဆိုပြီး ပန်းတစ်ခေါက်ပို့လျှင်ဘယ်လောက်ဆိုပြီးအမေပေးသမျှ မုန့်ဖိုးတွေစု ကလေးမိဘတွေပေးတဲ့မုန့်ဖိုးလေးတွေကိုစု စုဗူးလေးထဲထည့်မစားရက်မသောက်ရက်ဖြင့်စုသမျှငွေကြေးရှစ်သောင်းလေးကို အကိုကလိုတာစိုက်ပြီးဝယ်ပေးရှာတဲ့ဖုန်းကလေး။ သုံးလေးနှစ်ရိုရိုသေသေသုံးတာမို့အပြစ်အနာဆာမရှိတဲ့ဖုန်းကလေး။ ခုတော့ပျောက်ပြီ။ ဒီမြို့မှာလိုပျောက်ရင်ရှာ ကံကောင်းရင်ပြန်ရသေးပေမယ့်အခုတော့တစ်ခြားတနေရာကြိးမှာ။
အလုပ်ဘယ်လောက်မောမော ဖုန်းထဲကသီချင်းလေးဖွင့်နားကျပ်တပ်ပြီးနားထောင်လိုက်လျှင်ကို စိတ်ချမ်းသာသည်။ ဘယ်လောက်ပဲစိတ်ညစ်ညစ်လိုင်းပေါ်ကဗျာစာလေးတကြောင်းနှစ်ကြောင်းတင်...သူများအမြင်သိပ်ကိုအဆင်ပြေနေသူကြီး...ဒီလိုပဲစိတ်ညစ်မှုပြေပျောက်နေကျ။
ခုလိုဖုန်းမရှိတော့ ဘယ်လိုနေရမည်နည်း။ ချက်ချင်းလဲဝယ်မကိုင်နိူင်။
တွေးရင်း မျက်ရည်များပင်ဝေ့သီလာတော့သည်။
"ကျွန်တော်တောင်းပန်ပါတယ်မသွေး...ကျွန်တော်ပေါ့ဆခဲ့မိပါတယ်...ကျွန်တော့ကိုရိုက်ပါဗျာ"
သွေးလက်ကလေးဆွဲယူ၍ သူ့ကိုယ်သူပြန်ရိုက်နေသော ငြိမ်းဝေ။
"နင့်ကိုရိုက်နေလဲ အသားနာရုံပဲရှိမှာပေါ့ ပြန်မှမရနိုင်တော့တာ"
"ကျွန်တော်ကျောင်းပိတ်တုန်းအလုပ်လုပ်ပြ်ိး ပြန်ဝယ်ပေးပါ့မယ်ဗျာနော်မသွေး အဲ့မျက်ရည်တွေမကျပါနဲ့ဗျာ"
ပေါက်ခနဲကျလာသော မျက်ရည်စက်အချို့....ထပ်မံ၍ဝေ့ဝဲလာပြန်သောမျက်ရည်အချို့ကို လက်ခုံဖြင့်သုတ်ပစ်လိုက်သည်။
"ရတယ်...ငြိမ်း...ကိုယ့်ပစ္စည်းမို့ နှမြောမိရုံပဲရှိတာပါ ပြန်ဝယ်ဖို့မလိုပါဘူး ပြီး ငါကလူကြားထဲသွားစရာလဲမှမလိုတော့တာလေ...စိတ်မကောင်းဖြစ်မနေနဲ့..."
"အမေတို့ဆူရင်ရော"
"မဆူပါဘူး ငါ့ဟာငါ ပန်းပို့သွားရင်းကျပျောက်ခဲ့တာလို့ပြောလိုက်မယ်"
"မသွေး အရိုက်ခံနေရပါဦးမယ်ကျွန်တော့အပစ်ကျွန်တော်ခံပါ့မယ်"
"ငါ နင့်ကိုစိတ်မဆိုးချင်ဘူး သွား အိမ်တံခါးပိတ်....ငါ ခြံထဲလိုက်သွားတော့မယ်"
ကွပ်ပျစ်ပေါ်က ပုဆိုးအပိုင်းစလေးခေါင်းမှာပေါင်းပြီးအပေါ်က ဝါးခမောက်ချွန်လေးဆောင်းကာ အိမ်ခြံလမ်းကနေ နှင်းဆီခြံဖက်ထွက်လာလိုက်သည်။ ငြိမ်းကို စိတ်မပူနဲ့လို့ပဲပြောသာပြောလိုက်ရတာရယ်....အဖေသာသိရင်သူ့ကိုရိုက်မှာကိုး...ခုလဲတော့ မထူးပါဘူး......အရိုက်ခံရသူနေရာမှာသွေးဖြစ်သွားတာပါပဲ။
..
ဖြန်း....ဖြန်း
ခြေသလုံးသားမှာ ရှိန်းခနဲ ဖိန်းခနဲ ပူကျစ်နေအောင်ခံစားနာကျင်နေပါသော်လဲ လက်ကလေးပိုက်လို့ မျက်ရည်တောင်မကျမိ။ အသိစိတ်ကင်းမဲ့နေသူအလား အဖေ့ရဲ့အားပါတဲ့ရိုက်ချက်အောက်မှာငြိမ်သက်စွာ ခံယူ နေမိသည်။
"နင်ဟာတော်တော့်ကို အမှတ်မရှိတဲ့ သမီး....ငြိမ်းက ဖုန်းယူသွားတာဖြင့်တပတ်တောင်ပြည့်ရဲ့လား..ဒါကိုပြန်လာလာချင်းမနက်ပန်းပို့ရုံလေးကို ဖုန်းယူသွားပြီး ကျပျောက်ခဲ့တယ်ပေါ့......ဖုန်းထဲမှာ သိပ်အားကိုးရတဲ့ နင့်အကောင်များရှိနေသလား"
ပြောလဲပြော ရိုက်လဲရိုက်။ ဘယ်သူကမှ ဝင်မဆွဲရဲကြ။ အဖေဒေါသကြီးတာလူတိုင်းသိကြသည်ကိုး။ တဖက်ခြံက ကြက်ဥကောက်နေတဲ့ကောင်လေးအချို့ကွက်ကြည့်ကွက်ကြည့်နဲ့။ အမှန်တော့သွေးတအားရှက်လှပါသည်။
အဖေကစိတ်တိုနေရင်ပတ်ဝန်းကျင်ကို ဂရုမစိုက်။ ခုလဲသွေးကဖုန်းပျောက်ကျတယ်ပြောပြီးချင်းနီးရာတုတ်နဲ့ဆွဲရိုက်တော့တာ။
"ဖြေလေ....အမြဲ နမော်နမဲ့နဲ့ နင့်အသက်ဘယ်လောက်တောင်ရှိနေပြီလဲ....နင့်အကိုကိုကြည့်စမ်း...ဆယ်တန်းဖြေပြီးတည်းက သူ့အလုပ်နဲ့သူကျောင်းဆက်တက်အိမ်ကိုလဲထောက်ပံ့ရနဲ့...သူ့မှာအရွယ်ရောက်နေတာတောင်အိမ်မိသားစုငဲ့ပြီး မိန်းမမယူသေးဘူး....သူ့လုပ်ခနဲ့နင့်ကိုမရှိမဲ့ရှိမဲ့ဝယ်ထားပေးရတာ နင်ကတန်ဖိုးမထားဘူး အမြဲလုပ်ချင်ရာလုပ်တယ်"
အကိုတို့ခေတ်က အလုပ်တစ်ခုရဖို့လွယ်တယ်အဖေရဲ့။သွေး သူများအလုပ်လိုက်လုပ်နေမယ်ဆိုရင်ဒီခြံကိုဘယ်သူရှင်းမလဲ....ပန်းပို့တဲ့ကိစ္စ ဘယ်သူတာဝန်ယူမလဲ....အိမ်မှုကိစ္စ ဘယ်သူအမေ့ကိုကူမှာလဲ....နေ့တိုင်းဇယ်စက်လို့ အလုပ်နဲ့လက်ပြတ်တဲ့အချိန်ဆိုလို့ညအိပ်ချိန်လေးပဲရှိတာကို....သွေး လုပ်နေတာ အဖေမမြင်လေရော့သလား။
"တော်ပါတော့...ကိုအောင်....သမီးသွေး ပြန်ချေတော့"
အဖေ့လက်ထဲကတုတ်ကို အတင်းဆွဲယူပြီး အမေငိုယိုပြောကာမှသွေးလွတ်ငြိမ်းချမ်းသာခွင့်ရသည်။ ထိုအခါမှ ငြိမ်းနဲ့ဋ္ဌေး မျက်ရည်အရွှဲသားနဲ့သွေးကိုလာတွဲကာ အိမ်ဖက်ပို့ပေးကြလေသည်။ အဖေကတော့ ခြံထဲမှာဆူညံပွက်လောရိုက်နေအောင်ကိုသူ့အသံနြု့ချည်းဖုံးလွှမ်းပစ်နေသည်။
ဒါသွေးဘဝအစစ်အမှန်ပါပဲ။
ဆယ်တန်းအောင်ပညာတတ်တစ်ယောက်....တစ်ချို့လူတွေကဲ့သို့ဝင်ငွေလေးတွေမရှာပေးနိုင်တဲ့အခါ အိမ်မှာဘယ်လောက်တောင်သိမ်ငယ်လိုက်သလဲလို့။ အကြီးတွေနဲ့နှိုင်းနှိုင်းပြီးအပြောခံနေရတဲ့ဘဝက ဖြစ်ချင်ရာဖြစ်ဆိုပြီး ရုန်းထွက်ချင်ပေမယ့်ပုံစံခွက်ထဲကျရောက်ဆဲသမီးကြီးတစ်ဦးဖြစ်နေခဲ့၍သာ....သွေး ခုလိုအဖြစ်မျိုးကို ကိုဟိန်းကတော့မသိရှာ....ရွာတွေဖက်အလုပ်ကိစ္စသွားခဲ့၍ပင်။အကိုရှိနေရင်တော့အဖေယခုကဲ့သို့ပြင်းထန်စွာအပြစ်ပေးရဲမည်မဟုတ်။
...
ခြံထဲက အဝတ်တွေကို သိမ်း ပြီးတာနဲ့ ဆိုင်တံခါးပိတ်။ အိမ်ပေါ်လဲမတက်ချင်သေးသဖြင့်အောက်ကဒန်းလေးမှာပင်အဝတ်ထိုင်ခေါက်နေလိုက်သည်။ဒန်းလေးအပေါ် မိုးထားသော စက္ကူ ပန်းပင်တွင်ရောင်စုံမီးလုံးကလေးတွေ လင်းနေမှုက မိုးပေါ်မှ လခြမ်းကွေးရဲ့အ လင်းကိုတောင်မမှီ။
အဝတ်တွေခေါက်ပုံပြီးတာနဲ့ ဒန်းရဲ့နောက်မှီကို ကိုယ်လုံးလေးမှီချလိုက်ပြီးမျက်နှာချင်းဆိုင်က လခြမ်းကွေးလေးကိုမော့ကြည့်မိသည်။အတွေးတို့က မနဲ့သိစကပြောခဲ့တဲ့ ဖုန်းပြောညလေးတညဆီသို့....
"မ ရှိတဲ့ ရှမ်းမြောက်ဆီလဲ လာလည်ပါဦး စစ်ရဲ့"
"လာမယ်လေ မိန်းမတောင်း"
"ဟား စစ်ကဘယ်သူ့အတွက်လဲ စစ်တူလေးအတွက်လား"
"မဟုတ်ဖူး စစ်အတွက်ပေါ့ မရဲ့"
"အမ်...ယောက်ျားတောင်းရမှာပေါ့ ဘယ့်နှယ်မိန်းမတောင်းတုန်း"
"မကလဲ စစ်ပြောဖူးတယ်လေ...မမကြီးက တစ်နေ့ဆို တစ်သောင်းခွဲပေးတယ်လို့ အဲ့ဒါတွေစစ်စုဗူးထဲထည့်ထားတာ "
"အင်းလေ....တရက်တသောင်းခွဲဆိုတော့အများကြီးမြတ်တယ်လား အိမ်အတွက်ကျန်သေးလား"
"ကျန်တာပေါ့မရဲ့...တစ်ရက်ကိုတစ်ယောက်လောက်လာလုပ်ရင်တောင်ဖြောင့်ရင်အနည်းဆုံးနှစ်သောင်းခွဲ ပြီးရင်ဆိုင်ကခေါင်းလျှော်ရည်ပေါင်းဆေး ဆံပင်နဲ့ပတ်သက်တာတွေအမျိုးမျိုးအပြင်မျက်နှာပေါင်းတင်တဲ့ maskတွေပါရောင်းတယ်လေ အဲ့ဒါပြောပြရင်းကြိုက်သူတွေဝယ်သွားကြတာပါပဲ အဲ့ဒါဆို တစ်ခါတည်းနဲ့သူံးလေးသောင်းတော့အေးဆေးပဲ"
"အားကျချက်...ဒါကြောင့်ခုခေတ်က အလှပြင်ဆိုင်တွေထောနေကြတာကိုး"
"အင်းပ တစ်ခါတလေ မမကြီးက မတောက်တခေါက်အလှလဲပြင်သေးတာရီး"
"စစ်ကစုတာဆိုတော့ တင်တောင်းဖို့အတွက်ပေါ့"
"အဲ့လိုပဲပေါ့ စစ်က ကိုယ့်ဘ၀နဲ့ ကိုယ်ရပ်တည်နိုင်တယ်ယောက်ျားတော့မယူချင်ပါဘူး မရယ်...."
"အင်းပ အားကိုးစရာမလိုတော့ မပူရဘူးပ....တကယ်လို့ အားကိုးဖို့ဆိုပြီးယောက်ျားယူထားတဲ့အခါသူတသက်လုံးရှာကျွေးမယ်လို့ယတိပြတ်ပြောနိုင်တာလဲမဟုတ်....ကိုယ်ကလဲရှာမစားတတ်သူ့လုပ်စာစား ကလေးမွေးရင်း အကြောင်းမလှပဲသူအရင်သေသွားရင်ကိုယ့်မှာကလေးတွေနဲ့ခွက်လက်စွဲရကိန်းပဲ...မယူတာပဲကောင်းတယ်"
"ဒါပေါ့ မရဲ့ ဒါပေါ့ယောက်ျားတွေကိုမယုံနဲ့"
"မက အချစ်ကိုလဲ မယုံပါဘူးကွယ်"
"ဒါနဲ့ မ လသာလား"
"အင်း စစ်ဖက်ကကော "
"စစ်က အခု လနဲ့မျက်နှာချင်းဆိုင်လကတောင်ဖက်မှာပေါ့"
"မ ဖက်လဲမျက်နှာချင်းဆိုင်ပဲ မတို့ဖက်တော့မြောက်ဖက်မှာ ဒါဆို စစ်နဲ့မ လမင်းမှာ မျက်နှာချင်းဆိုင်နေကြတာပေါ့"
"ဟုတ်တယ်နော်မကပြောတတ်လိုက်တာ...မ ရှိရာကိုစစ်လာခဲ့မယ်နော်"
"အချိန်မရွေးလာခဲ့ပါ စစ်ရယ်"
.....
အခုကျတော့ ဘာအဆက်အသွယ်မှမရတော့ပါလား မရယ်။ ဖုန်းကေ်တော့လဲအမြဲစက်ပိတ်တာချည်းကြုံနေရတယ်။ နန်းနန်းကိုတော့သေချာမေးကြည့်ပါဦးမယ်....
မ ရှိရာကို စစ်လာခဲ့ပါ့မယ်။
.....
Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့