ဖုန်းပါဝါဖွင့်တာနဲ့ တစ်တောင်တောင်တက်လာတဲ့ မရဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်းများစွာ .... ပြီးတော့ ရိုးရိုးmessageတွေအပုံအပင်နဲ့....လိုင်းပေါ်မှာတော့တစ်ကြောင်းတည်းသော စာသား။
"စစ်....မ တပေါင်းပွဲလာမလို့ "
လိုင်းတက်တက်ခြင်း မဖက်ကပို့လာတဲ့ စာလေးကြောင့်စစ်ရဲ့မနက်ခင်းမှာ ကျက်သရေအဖြာဖြာတိုးသွားတော့သည်။
မ လာမယ်ဆိုတဲ့ တပေါင်းပွဲဆိုတာတောင်ကြီးကတပေါင်းပွဲပဲဖြစ်နေမည်လားတော့မသိ။
ပျော်လွန်းသဖြင့်ကုတင်ခေါင်းရင်းကဆေးပုလင်းချိတ်ထားတဲ့တိုင်လေးမှာ တစ်စက်ချင်းစီကျဆင်းနေတဲ့ဆေးပုလင်းကဆေးစက်ကလေးတွေရယ်.....ဆေးပိုက်သေးသေးလေးကတစ်ဆင့်လက်မောင်းအကြောထဲကိုစိမ့်ဝင်လာတဲ့ဆေးရဲ့အထိအတွေ့တွေရယ်ကို ချစ်စရာဟုထင်လာရသည်။
အသွေးအသားထဲထိုးသွင်းထားတဲ့ အပ်ကိုလဲနာတယ်မထင်။ အရင်လိုဆေးသွင်းခံရရင်ပင်စစ်ကမုန်းလှသည်။
အမြဲလိုလိုဆေးဖြင့်အသက်ရှင်နေရသည်ကောဆိုပြီးဆေးတွေသွင်းပေးနေကျ ဆရာဝန်ကိုလဲစိတ်တိုသည်။ စစ်မူးလဲတိုင်း ဆရာခေါ်ပင့်ပြီးဆေးကုပေးတဲ့ အမေတို့မမတို့ကိုလဲမကျေနပ်ဖူးခဲ့။
ဆေးနဲ့အသက်ရှင်နေရတာ တကယ့်ကိုပင်ပန်းလှသည်လေ။ ကိုယ်အသက်ရှင်ဖို့အတွက်နဲ့ တခြားသောအသက်တို့ကိုအဆုံးမခံနိုင်တော့။
သို့သော်မသည်စစ်ဘဝထဲသို့ဝင်ရောက်လာပြီးသည့်နောက်ဘာပဲလုပ်ရလုပ်ရ စစ်အသက်ရှင်ချင်လာသည်။
မနဲ့အတူဆိုပြီး အသက်တွေကြီးရင့်သည်အထိစိတ်ကူးယဉ်ခြင်းကို လက်တွေ့လုပ်ချင်လာသည်။
ဒီကြားထဲ ကျန်းမာအောင်လဲနေခဲ့သည်ပဲလေ။
အရင်ကဆေးရုံမှာ ခဏခဏအားနည်းတတ်လွန်းလို့ဆေးစစ်ကြည့်သော်လဲကိုယ်ခံအားနည်းနေတာပါဆိုတာပဲ အဖြေထွက်ပြီး အခြားရောဂါမရှိ။
အစားအစာဆိုလဲ စစ်စားတော့စားတာပါပဲ။ တစ်ခါတည်းအများကြီးမစားနိုင်ရင်တောင်ခဏခဏထ ထပြီးစားတတ်တာ။ မပြောဖူးသည်။ စစ်သာအရပ်ရှည်ပြီးအသားပြည့်ပြည့်လေးနဲ့ဆိုသိပ်စမတ်ကျမှာတဲ့။
စစ်လဲ ဝချင်တာပေါ့။ ဘယ်လောက်စားစားလဲ ဝမလာတဲ့အပြင်ဆေးထိုးဆေးသောက်ကလဲအမြဲတမ်းလိုလို။
တပေါင်းလ မရောက်ခင်စစ်ဝနေမှဖြစ်မည်။ ကျန်းမာနေမှဖြစ်မည်။
မကို စစ်ရဲ့ပိန်လှီလှတဲ့ လက်ချောင်းတွေနဲ့ဆုပ်မကိုင်ချင်။
အားအင်အပြည့်နဲ့မ လက်ကလေးအစုံကိုထွေးဆုပ်ချင်တာပေါ့။
မနေ့ညနေက ဆိုင်ထဲမှာ ထိုင်နေခိုက်ဆိုင်ဖုန်းဝင်လာလို့သွားကိုင်ရန်အထမှာ မိုက်ခနဲဖြစ်ပြီးမူးလဲတာကြောင့်စားပွဲစွန်းနဲ့ခိုက်မိထားတဲ့ နားသယ်စပ်က နာကျင်မှုမှလွဲပြီး ကျန်တာဘာမှသတိမရတော့။ နိုးလာတော့လဲ အရင်ဆုံးသတိရမိတာက မ။ မနေ့ညက မနဲ့စကားမပြောရဘူးလေ။
ဆေးသွင်းထားသောကြောင့်လက်တဖက်ဖြင့်စာရိုက်ရအဆင်မပြေ။ ထို့ကြောင့်လိုင်းဆင်းပြီး မကိုဖုန်းခေါ်လိုက်သည်။
"ဟလို...."
တူခနဲ ဝင်တာနဲ့ တန်းကိုင်လိုက်သည့်အပြင်ယောက်ျားသံမို့ ဘဝင်မကျဖြစ်သွားသည်။
"ငြိမ်းလား.....အစ်မစစ်ပါ...မသွေးရှိလား"
ခါတိုင်းယောက်ျားသံနှင့်ဖုန်းလာကိုင်ရင်မရဲ့မောင်ငြိမ်းပဲဖြစ်နေကျမို့လို့ ခုလဲငြိမ်းအမှတ်နဲ့ပြောလိုက်သည်။
"ဟေး....မိသွေး....နင့်ဖုန်းလာနေတယ်ဟ....လာကိုင်ပါဦး"
မိသွေးလို့ခေါ်လိုက်သံကြောင့်ငြိမ်းဝေမဟုတ်တာသေချာသွားသဖြင့်မ ဖုန်းကို ပိုင်စိုးပိုင်နင်းနဲ့ လာကိုင်တဲ့ကောင်က ဘယ်သူပါလိမ့်။
"ဘယ်သူလဲဟုတ်လား...ငါ မသိဘူးလေ....စစ်ဆိုလား....ဘာစစ်လဲတော့မသိဘူး....နင့်အမည်မှတ်ပုံကြီးကလဲ အသဲပုံချည်းစီတန်းနေတဲ့ဟာကို....မဟုတ်မှလွဲရော....နင့်ရည်းစားလား.."
စပ်စုရန်ကော ဟု ဒီဖက်ကနေတဲ့ စစ်တောင်စိတ်တိုလာသည်။ အဲ့သည်မကလဲ ကိုယ့်ဖုန်းလာနေတယ်ဆိုတာတောင်ချက်ချင်းကိုလာမကိုင်ဘူး။
"သွေး နင့်ရည်းစားလား.. .အမည်မှတ်တောင်အသဲပုံနဲ့ဆိုတော့....မိန်းကလေးအသံနဲ့ဆက်လာတာလားပဲ"
ဟင်....မလဲ စစ်လိုပဲ ဖုန်းနံပတ်ကို အသဲပုံတွေနဲ့ထားတတ်တာလား။ ဘာပဲဖြစ်ဖြစ်ဒီလူစပ်စုကြီးကိုမကျေနပ်ပေမယ့်စစ်နံပတ်ကို မ ဘယ်လိုမှတ်ထားလဲဆိုတာ သိခွင့်ရလိုက်တဲ့အတွက်ကျေးဇူးတင်မိသည်။
"ပေးပါဟ....သူ့အမည်သဲသဲမို့လို့ အသဲပုံမှတ်ထားတာ...ပေါက်ကရလျှောက်ပြောမနေနဲ့"
မ အသံစူးစူးလေးကို ကြားလိုက်ရသည်။ ဖုန်းလာယူတဲ့မကိုဖုန်းမပေးပဲစနေတာပဲဖြစ်လိမ့်မည်ထင်။
"နင်.....မိန်းကလေးချင်းများကြိုက်နေသလားဟ....လျှိုထားနေသလားလိူ့"
"ပေါက်တတ်ကရပြောတာတွေရပ်ပြီး ငါ့ဖုန်းပေးတော့....ငါက မိန်းမချင်းကြိုက်စရာလား"
ဟိုလူမေးလိုက်တာကိုဖြေနေသော မရဲ့စကားကြောင့်စစ်တုန်လှုပ်သွားသည်။ မ ဝန်မခံရဲဘူးပဲ။
ဟုတ်တာပေါ့....ကောင်လေးတစ်ယောက်ရဲ့ရှေ့မှာ ငါ မိန်းကလေးတဟ်ယောက်ကိုကြိုက်နေတယ်လို့ ဘယ်သူကဝန်ခံရဲမှာလဲ.....ပြီးတော့ မရဲ့ကိုယ်ရေးကိုယ်တာပစ္စည်းဖြစ်တဲ့ မရဲ့ဖုန်းကို ကိုင်တယ်ဆိုတည်းကရင်း အဲ့လူနဲ့မရဲ့ပတ်သက်မှုဟာ သာမာန်တော့မဖြစ်နိုင်။
ရင်ထဲစူးခနဲဖြစ်ကာ ဝမ်းနည်းမှုတွေလှိုက်တက်လာသည်နှင့်အမျှ မျက်ရည်ကဝဲလာရသည်။
ဖုန်းကိုလဲချမပစ်။
"စစ်....မ သိပ်ကြာသွားတယ်....စစ်ကဘာလုပ်နေတုန်း....ခါတိုင်း ဒီးအချိန်ဖုန်းလဲမခေါ်တတ်"
မ အသံလေးကြားကာမှ အံကိုကြိတ်မိရင်း
"မကို လွမ်းလာလို့ပါ...မ စစ်ဖုန်းခေါ်တာ စိတ်ဆိုးလားဟင်"
ကိုယ့်ချစ်သူကို အချိန်မရွေးဖုန်းခေါ်ခွင့်မရှိတော့ဘူးလား မရယ်.....
"စိတ်မဆိုးပါဘူးနော်....စစ်ကော ဘာလုပ်နေလဲ အသံကတစ်မျိုးကြီးဖြစ်နေတယ်နေမကောင်းဘူးလား"
မရဲ့ဂရုစိုက်တဲ့အသံလေးကြားလိုက်ရတာနဲ့တင်စစ်ကသေပျော်နေပါပြီ။
"ကောင်းပါတယ်....မရဲ့...မကခုအိမ်မှာလားဟင်"
"မဟုတ်ဖူး မ ခု လားရှိုးမှာ....သူငယ်ချင်းတွေနဲ့ဆိုင်ထိုင်နေကြတာ...မနေ့ညကလိုင်းပေါ်မှာနန်းနဲ့စကားပြောဖြစ်တယ်....စစ်မနေ့ညနေက ဆိုင်ထဲမှာမူးလဲသွားတာဆို....မကိုဘာလို့နေကောင်းတယ်ဆိုပြီး ညာနေရတာလဲ"
မညာလို့ရမလား။ ဘယ်သူကများ ကိုယ့်ကြောင့်ကိုယ်ချစ်ရသူကို စိတ်ပူစေရက်ပါ့မလဲလို့။ မကမချစ်တတ်ေသးပါဘူး။
"ညာတာမဟုတ်ပါဘူး ... မူးလဲတာကမှန်ပါတယ်....ဒါမဲ့အခုစစ်နေကောင်းနေတယ်လေ....မရဲ့"
"ညက မ ဘယ်လောက်စိတ်ပူရလဲ သိလား....မနက်ရောက်လာတော့လဲ ဖုန်းခေါ်နေတာကို....မရတော့ပိုစိတ်ပူတယ်...ဖြစ်နိုင်ရင်စစ်ရှိရာကိုပြေးလာလို့ရရင်ပြေးလာချင်ခဲ့တာ"
အဲ့လောက်စိတ်ပူတတ်နေရင်ခုဏကကျ ဘာလို့ဘာမှမသိသလိုစကားတွေနဲ့နှုတ်ဆက်နေရတာလဲ မသိ။
"ခဏလေးမူးတာပါ....တအားမဟုတ်ပါဘူး အရင်ကနဲ့စာရင်မနဲ့ပတ်သက်ပြီးစိတ်ကူးလေးတွေရှိတာကြောင့်စစ်ကပိုပြီးကျန်းမာအောင်ဂရုစိုက်နေလာတာပါ....မကလေးရဲ့ တအားတွေစိတ်ပူမနေနဲ့"
"ခဏက သူငယ်ချင်းတွေရှိနေလို့ ပုံမှန်စကားပြောလိုက်တာ....စိတ်မဆိုးနဲ့နော်စစ်....မ တကယ်စိတ်ပူရတာပါ...နောက်ထပ်မူးလဲတာတွေမဖြစ်စေနဲ့နော်..."
"ရပါတယ်....စိတ်မကောင်းမဖြစ်နဲ့...စစ်ကသိတာပေါ့....ထပ်မဖြစ်စေရဘူး....စိတ်ချနော်...စစ်ကစပြီးမကိုခွဲမသွားပါဘူးရှင့်....သိလား...မနဲ့အတူအသက်တွေကြီးတဲ့အ ထိ ကျန်းကျန်းမာမာနဲ့ နေသွားဦးမှာ မသာ စစ်ကိုချစ်နေပေးဖို့ပဲလိုတယ်"
"စကားတွေသိပ်တတ်မနေနဲ့...စစ်က ခွဲသွားရင်မ လဲအသက်မရှင်နိုင်တော့ဘူးဆိုတာ သဘောပေါက်ထား"
"ဟုတ်ကဲ့ပါရှင့်....ဒါနဲ့ခုဏကဖုန်းလာကိုင်တာကဘယ်သူလဲ"
အမှန်က အဲ့ကောင်ကပိုင်စိုးပိုင်နင်းနဲ့....မနဲ့ဘာပတ်သက်လို့လဲဆိုပြီးဒေါသနဲ့မေးလိုက်ချင်တာပါ။မေးမိသွားရင်စစ်ကပဲသဝန်တိုသလိုဖြစ်နေတာဆိုတော့ သဝန်တိုတာမကြိုက်တဲ့မက ပြန်ဆူဦးမှာလေ။
"အဲ့ဒါ မျိုးသွင်လေ...မ သူငယ်ချင်း.. ."
"ဪ....ဒါနဲ့ မကလားရှိုးကိုဘာသွားလုပ်တာလဲ အလည်လား"
"မဟုတ်ဖူးလျှောက်လွှာလာတင်တာ...ဆရာမလျှောက်တာလေ....လားရှိုးမှာ မ အသိကမျိုးသွင်ပဲရှိလို့ သူလိုက်ပို့ပေးတာကောလိပ်ထိ"
"ဟုတ်လား....အဲ့လူကလားရှိုးသားလား"
"မဟုတ်ဖူးရယ်....သူကဒီမှာအလုပ်လုပ်နေတာနဲ့မကကြုံတုန်းဆိုပြီးအကူအညီတောင်းလိုက်တာ....ပြောဦးမယ်....မတပေါင်းပွဲလာမလို့...စစ်လဲလာခဲ့ပါလား"
"ဘယ်မှာလဲ...မတောင်ကြီးကိုလား"
"မဟုတ်ဖူး....ပင်းတယကိုလေ....ပင်းတယတပေါင်းသွားဖူးလား...စစ်လာခဲ့လေ"
"ဘယ်တော့လဲ မ ... စစ်လာချင်တာပေါ့"
"ခုမှ ဇန်နဝါရီရှိသေးတာ....စောပါသေးတယ်....လိုသေးတယ်"
တော်သေးတာပေါ့။ ခုများသာဆို စစ်ကျန်းမာရေးနဲ့အိမ်ကအိမ်သာသွားတောင်စိတ်ချတာမဟုတ်။ လိုသေးတာဆိုရင်တော့ ဒီကြားထဲကျန်းမာလာအောင်ကြိုးစားရပေဦးမည်။ ပြိးလျှင်အိမ်ကို သွားခွင့်ပြုအောင်ခွင့်ပန်ရပေဦးမည်။ နန်းကိုလဲအဖော်ညှိရမည်။
မက အပြောရှိသေး။ စစ်တော့ဖြင့်ခေါင်းထဲမှာအစီအစဉ်တွေဆွဲနေပြီဖြစ်သည်။
"ဟုတ်ကဲ့....မ ...စစ်လာခဲ့မယ်....အမလေး....ရင်တွေခုန်လိုက်တာ...မြန်မြန်တပေါင်းလရောက်ချင်ပြီ"
"ဘာလို့ရင်တွေခုန်နေလဲ..."
"ခုန်တာပေါ့....မနဲ့တွေ့ရတော့မယ်လေ....ဒီတစ်ခါတွေ့ရင်အခြေအနေတွေကအရင်လိုမတူတော့ဘူးနော်"
ဟုတ်သည်။ အရင်ခါတွေက သာမာန်အသိမိတ်ဆွေအနေနဲ့သာတွေ့ဆုံခွင့်ရခဲ့သည်မဟုတ်ပါလား။ ဒိတစ်ခါတော့ချစ်သူအဖြစ်နဲ့အဆင့်တိုးပြီးတွေ့ခွင့်ရမည်လေ။
ဒါကို သဘောမပေါက်တဲ့ မကတော့
"ဘာတွေကွာနေလို့တုန်း စစ်ရ"
"ဟယ်...ချစ်သူတွေလေ...ဒီတစ်ခါကျ မရဲ့လက်တွေကို စစ်က ရဲရဲကြီးကိုင်ရတော့မှာလေ...ပြီးတော့ လူလစ်တဲ့အခါ...အာဘွားပေးလို့လဲရပြီပေါ့....မဟုတ်ဖူးလား"
"ဟာ ဘာတွေလျှောက်ပြောနေတုန်း လူကသာနေမကောင်းတာ သိလား...ပေါက်ကရပြောဖို့ဆိုသိပ်တတ်နေတယ်"
အခုချိန်ထိ မက ချစ်တဲ့အကြောင်းပြောလိုက်ရင်ရှက်သွေးဖြာဝေလို့ကောင်းဆဲ။ ဘယ်တော့မှများစစ်ရဲ့ပေါ်တင်အချစ်ကိုလက်ခံပေးမည်လဲမသိ။
"မကလဲ...စစ်ကမ ချစ်သူလေ....လက်လေးတောင်မကိုင်ရဘူးတဲ့လား"
"ကိုင်ရတာပေါ့ အရင်ကလဲကိုင်သားပဲကို...ခုမှလာပြီးအဆန်းထွင်"
"အရင်ခါတွေကိုင်တာကမဝံ့မရဲလေ....ခုကရဲရဲကြီးကိုင်မလို့ကို....လက်ကိုင်တာတော့ရတယ်ဆိုရင်....ဟိုတစ်ခုကကော"
"ဘယ်တစ်ခု"
"Kiss"
"အဲ့မှာတစ်ယောက်တည်းပေးနေလိုက်တော့....မ ဖုန်းချတော့မယ်....မျိုးသွင်စောင့်နေတာအားနာဖိူ့ကောင်းနေပြီ"
အင်မတန်စကားလွှဲတော်လွန်းသော စစ်ရဲ့ချစ်သူပါတကား။
စကားဖြင့်ပြောလို့မဝသေးဘူး။ မကဖုန်းချဖိူ့ပြင်သည်။ အနမ်းအကြောင်းကို စစ်အစပျိုးပေးခြင်းကြောင့်ဖြစ်မည်မှန်းသိပြီးသား။ မကအမြဲအဲ့လိုစကားလွှဲတတ်တာမို့ စစ်ကနောကြေနေပြိ။
သူ့ဟာသူစောင့်စောင့်ပေါ့ ဟု ဘုတောလိုက်ချင်ပေမယ့်လဲ မ စိတ်ဆိုးမှာကြောက်ရသေးတာ။
"ဪ.ဟုတ်...မ....တင်ပြီးပြီလားလျှောက်လွှာက"
"မသွားရသေးဘူး....ဒါစားပြီးမှသွားမှာ"
"ဟုတ်...မ...ဂရုစိုက်နော်....ဆရာမတွေလိုအဖြူ အစိမ်းလေးနဲ့မြင်ချင်ပြီ..."
"မြင်ရမှာပေါ့စာဖြေရင်အဖြူ အစိမ်းနဲ့ဖြေရမယ့်ဟာကို"
"မဟုတ်ဖူးလေ...ဆရာမအနေနဲ့ပြောတာ...မကလဲနောက်နေပြန်ပြီ"
"ပါဦးမှပေါ့ကွ....မပူပါနဲ့...စစ်ရဲ့မကလေးကတော်ပြီးသား...သိလား....စစ်လဲဝလာအောင်နေဦး...မကဝမှပိုချစ်မှာနော်....ပိန်ညောင်ရိုးဆိုရင်လှည့်တောင်မကြည့်ချင်ဘူး"
"အမိန့်တော်အတိုင်းပါရှင့်....အရမ်းချစ်တယ်...မ...ဖုန်းချလိုက်တော့"
ချလိုက်ဆိုတာနဲ့တန်းပြီးချသွားလေပြီ။ သူများတွေလိုအရမ်းချစ်တယ်ပြောတာနဲ့ ပိုချစ်တယ်ဆိူပြီး ပြန်မပြောတတ်သော မ ပါလေ။ မသည်လိုင်းေပ်ါကနေ
စာသားတွေနဲ့သာတော်ကီခြွေတတ်သလောက်ဖုန်းနဲ့ပြောပြီဆိုလျှင်ဖြင့်ချစ်တယ်ဆိုတဲ့စကားကိုတောင်ပြောချင်မှပြောတဲ့သူပင်။ စစ်ကစပြောပေးလျှင်လဲ စကားလွှဲပြီးဖုန်းကိုအရှက်သည်းစွာချသွားတတ်သူဖြစ်လေသောကြောင့်အကယ်၍ အပြင်မှာတွေ့ဖြစ်လျှင်ချစ်သူအနေနဲ့လက်ကိုင်ရဖို့တော့မှန်းရဲပေမယ့်လို့ မဆီကချစ်တယ်ဆိုတာများကြားရပါမည်လားတော့မသိတော့ချေ။
လူသည်အချစ်နဲ့တွေ့က အရွယ်နဲ့မလိုက်အောင်နုပျိုသွားတတ်သည်ဟု စစ်ကြားဖူးခဲ့ပေမယ့်မနဲ့တွေ့မှတခြားစီတွေဖြစ်လို့နေသည်၊
စခင်တုန်းကတော့မသည်ပေါ့ပေါ့ပါးပါးကောင်မလေးတစ်ယောက်အနေနဲ့ဖြစ်ခဲ့သော်လဲ ချစ်သူဖြစ်သွားတဲ့အခါကျတော့အဖွားပေါက်စလေးလိုပဲအရာရာကိုပေါ့ပေါ့မတွေးပဲ အပျော်အနေနဲ့မတွေးပဲနေရာတကာကိုစိတ်ပူတတ်လာသေးသည်။ မကို ချစ်စကားပြောနေရတာထက်မပြောပြတဲ့မရဲ့စိုက်ခင်းတွေအကြောင်းကိုနားထောင်ရသည်ကများလေပြီ။ ချစ်မိမှတော့လဲ......။
.....
"စာ သည်အတိုင်းလျှောက်ကြည့်နေလို့ အဆင်ပြေရဲ့လားသွေး....လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ဟိုစာအုပ်ဝယ်ကြည့်ပါလား...ဘာတဲ့....ချမ်းမြေ့ဂုဏ်ဝေ ဆိုတဲ့ဟာလေ"
လျှောက်လွှာသွားတင်ပြီး အမြဲလိုင်းဖွင့်ကာ လိုင်းပေါ်ကဂရုတွေမှတင်လာသော စာတိုပေစတွေကိုပဲကြည့်နေတဲ့သွေးအား ကိုဟိန်းကပြောလာသည်။
"စာအုပ်က ဒီဖက်မှာလဲမရှိတာ...အဲ့ဒါတွေက လိုင်းပေါ်ကမှာရတာလေ...ပြီးမှစာတိုက်ကနေပို့ပေးတာ"
"ဒါဆို မှာလိုက်လေ....စာအုပ်ထဲကနေဆိုတော့ပိုစုံတာပေါ့"
"မှာတော့ပါဘူး စာအုပ်ကတစ်သောင်းဆိုလားပဲ..ဈေးကြီးလွန်းတယ်....ဂရုထဲမှာတင်တဲ့စာတွေကလဲချမ်းမြေ့ဂုဏ်ဝေစာအုပ်ထဲကဟာတွေပဲကို"
"ဖုန်းနဲ့ကြည့်တော့မျက်စိပျက်တာပေါ့ဟာ....တစ်သောင်းလောက်များ များတယ်အောက်မေ့နေလား"
"မဟုတ်ပါဘူး.....သွေးက ဖုန်းကနေကြည့်လဲအဆင်ပြေပါတယ်...ဘယ်ဟာတွေမေးမယ်မှန်းမသိလို့ဟိုဟာကြည့်သည်ဟာကြည့်ပါပဲ....အပျင်းပြေပေါ့"
"ပါအောင်ဖြေနော်....နှစ်စဉ်အလုပ်ကြမ်းတွေလုပ်နေတဲ့ဘွဲ့ရတစ်ယောက်တော့မဖြစ်စေချင်ဘူး...ပြီးတော့နင်ကအဖေနဲ့လဲအဆင်ပြေတာမဟုတ်တော့ အလုပ်ကလေးရမှပဲဖြစ်မယ်"
ကိုဟိန်းပြောတာမှန်သည်။ အဖေကလဲအရက်သောက်သည်ဖြစ်စေ မသောက်သည်ဖြစ်စေသွေးနဲ့ကို သိပ်ပြီးမတည့်ချင်။သွေးဘာပဲလုပ်ပေးပေး အကောင်းလဲမမြင်။ ကိုဟိန်းတော့သွေးကိုအလုပ်သိပ်ရစေချင်နေသည်။ အမေလဲအတူတူပင်။သွေးကိုယ်တိုင်လဲအမြန်ဆုံးကိုယ်ပိုင်ရပ်တည်ချင်နေပါပြီ။ အလုပ်ရပြီးမှ စစ်နဲ့လဲနီးစပ်နိုင်မှာပင်။
"သွေးလဲရချင်တာပေါ့....ပါတော့ပါမှာပါ "
"E များများလေ့လာ....grammar ပိုင်းတွေအပိုင်ကြည့်ထား....အင်္ဂလိပ်စာဆိုရင်အဲ့ဒါတွေပဲမေးမှာ...မလွဲဘူး....ကျွမ်းကျင်ဖို့ပဲလိုတယ်"
"ဟုတ်....အဲ့ဒါတော့ ရပါတယ်....အထွေထွေဗဟုသုတဆိုရင်ကြည့်စရာကများနေပြီ"
"ပညာရေးနဲ့ပတ်သက်တာပဲမေးမှာပါ....ဘောင်ခတ်ပြီးပဲကြည့်....ရမယ့်ဟာကိုအပိုင်ကြည့်လိုက်....စာကြည့်ချိန်ကဘယ်လောက်မှမပေးထားဘူး ဒီလလျှောက်နောက်လဖြေ လကုန်တာနဲ့အောင်ရင်တန်းပြီးသင်တန်းတက်ရတော့မှာ"
"ဒါဖြင့်တပေါင်းပွဲမလိုက်ရတော့ဘူးပ"
ဟုတ်သည်။ တပေါင်းက မတ်လလယ်လောက်မှစမှာကို။ ခုလျှောက်တာကဇန်နဝါရီ....ဖြေရမှာကဖေဖော်ဝါရီ....လကုန်ခါနိးအောင်စာရင်းထွက်ပြီးနောက်ရက်ဆိုတန်းပြီးလတွေ့စစ်ပြီးတာနဲ့သင်တန်းတက်နေရပြီ။
ဘယ်လိုလုပ်တပေါင်းပွဲမှာနွှဲခွင့်ရတော့မည်နည်း။ ကိုဟိန်းပြောမှသွေးသတိထားပြီးစဉ်းစားကြည့်ရတော့သည်။ ဒါဆိုရင်စစ်နဲ့ဆုံခွင့်ရဖို့မဖြစ်နိုင်တော့။
ပင်းတယတပေါင်းပွဲကို မိသားစုအကုန်လည်ပတ်ဖို့လောပန်ကကားစီစဉ်ပေးမှာ။ ကိုဟိန်းရဲ့သူငယ်ချင်းတွေလဲလိက်ကြဦးမှာ။
တကယ့်ကိုပျော်ရွှင်ဖွယ်ခရီးတစ်ခုအနေနဲ့သွေးအများကြီးစိတ်ကူးယဉ်ထားခဲ့သည်လေ။ ခုတော့ဖြင့်
"ဟုတ်သားပဲ...သွေးမေ့နေတာ....သွေးအောင်ရင်ပင်းတယမလိုက်ရတော့ဘူးနော်"
"အင်းပ...တပေါင်းပွဲလိုက်ချင်ရုံနဲ့တော့ စာကိုကျအောင်လဲမဖြေခဲ့နဲ့ဦးနော်"
"ကိုဟိန်းကလဲ....သွေးက ကျမယ့်ရုပ်လားလို့"
"ကျမယ့်ရုပ်လားဘာလားတော့မသိဘူး...ပင်းတယကိုသိပ်သွားချင်တာတော့သိနေတယ်လေ"
သွေး ပင်းတယကိုတကယ်ရောက်ဖူးချင်နေတာပင်။ ဒဏ္ဍာရီတွေဖတ်ပြီးရွှေဥမင်ဂူတို့ ပုန်းတလုတ်ရေကန်တိူ့ကိုစိတ်ကူးထဲမှာပင်အကြိမ်များစွာ လည်ပတ်ပြီးနေပြီ။သွေး နှင်းဆီပင်မြေသြဇာလိုက်ကျွေးနေတုန်းလောပန်နဲ့အမေ စကားဝိုင်းထဲမှာ ခရီးစဉ်လေးအကြောင်းပါလာတော့ သိပ်ကိုသွားချင်နေသည့်ပင်းတယကိုသာ
သွားချင်တယ်ပြောသံကြားသွားလို့ ပို့ပေးမည်ပြောခဲ့တာပင်။
"ဒီနှစ်မှမသွားရရင်လဲသွေးနောက်ထပ်တွေဆို သွား
းဖြစ်မှာမဟုတ်တော့ဘူး"
"သွားပေါ့...အရေးကြီးတာအလုပ်ရဖို့လိုတယ်...အလုပ်ရပြီးရင်လစာတွေစုပြီးကြိုက်တဲ့နေရာနှံ့အောင်သွားပါလေ"
ကိုဟိန်းကလဲ အားပေးရှာသား။ သို့သော်သွေးစိတ်ကိုက ခုဆိုမှခုချက်ချင်းကောက်သွားချင်တာ။ စိတ်ကူးယဉ်ထားပြီးရင်ကိုလုပ်လိုက်ရမှ။ မဟုတ်ရင်တဘဝလုံးလူဖြစ်ရှုံးသွားသလိုခံစားနေရတော့မှာ။
လိမ္မော်သီး အကြွင်းအကျန်လေးတွေ ခူးရင်းတိတ်ဆိတ်သွားသောသွေးကိုကိုဟိန်းသတိထားမိလာလားမသိ။ တံချူ ဖြင့်သွေးခေါင်းကိုဖွဖွလေးထုရင်း
"ဟိတ်...ကောင်မလေး....မတရားတွေပင်းတယကိုသွားချင်နေသလား"
"သွားချင်တာပေါ့...သွေးငယ်ငယ်ကအိမ်မက်ပဲကို"
ငယ်တည်းက ရှမ်းပြည်နယ်တောင်ပိုင်းကို ပါးစပ်ရာဇဝင်တွေနဲ့အတူ စပြီးရင်းနှီးခဲ့တာပင်။ ကလောကဆိူမြင်းမထိဂူအကြောင်း၊ ရွာငံကဆို မိန်းမရဲတောင်တို့ရေပြာအိုင်တို့၊ ပင်းတယဆိုလဲ ပုန်းတလုတ်ကန်၊ရွှေဥမှင်ဂူ၊ သာ်အကြောင်းတွေကို ငယ်စဉ်အခါမြန်မာစာပုံနှိပ်ထဲမှာသင်ခဲ့ဖူးပြီးသည်မို့ အတော်လေးကိုမှသွားချင်ခဲ့မိတာ။
ခုတော့သွားခွင့်ရပါလျက်နဲ့လွဲရကိန်းဆိုက်နေပြီ။ စာမေးပွဲကလဲကျ၍မဖြစ်။ အလုပ်ကလေးလဲပိုင်ချင်ပြီမို့။
ခုပုံစံနဲ့ဆို မိသားစုခရီးစဉ်လေးထဲမှာသွေးမပါရတော့။
"နင့်ကိုမွေးတာက သီပေါမှာပါ....ဘယ့်နှယ်လုပ်ပင်းတယကိုချစ်လိုက်တောင်ကြီးကိုချစ်လိုက်နဲ့ ဘယ်လိုတွေဖြစ်နေတာ"
"အဲ့ဒါတော့မပြောတတ်ဘူး....နောင်ဘဝဆိုတာတကယ်ရှိခဲ့ရင်သွေးကရှမ်းတောင်ပိုင်းကလူပဲဖြစ်တော့မှာ....အမြဲစစ်ပွဲတွေနဲ့ကျီးလန့်စာစားနေရတဲ့ရှမ်းမြောက်မှာမနေချင်ဘူး"
"အေ့ပါကွာ...စာမေးပွဲက ဘယ်ရက်မို့လဲ"
"နောက်လကိုးရက်နေ့"
"အချိန်ရှိပါသေးတယ်....ဖြေပြီးသွားပေါ့"
"အမေတို့က တပေါင်းပွဲလည်ချင်တာလေအဲ့အချိန်သွားရင်ဘာပွဲမှမရှိတာကို"
"အရူးမလေး....တစ်ယောက်တည်းမသွားရဲဘူးလား....တအားလည်ချင်နေတာမလား...သိပ်သွားချင်ရောက်ဖူးချင်နေတာမလား"
"အင်းပ သွားလို့ရရင်တဟ်ယောက်တည်းလမ်းလျှောက်သွားဆိုလဲသွားမှာပဲ"
"လမ်းလျှောက်တော့မသွားပါနဲ့....လမ်းစရိတ်ကိုငါကပေးမှာပါ....စာမေးပွဲဖြေပြီးရင်တန်းသွားတော့....တအိမ်လုံးလည်နေတဲ့အချိန်ကျနင်ကစာသင်နေရမှာဆိုတော့ တို့လည်နေလဲမပျော်ဘူးလေ....နင်အရင်သွားလိုက်...."
မမျှော်လင့်သော စကားကို ကိုဟိန်းဆီမှကြားရတော့ ထခုန်မတတ်ဝမ်းသာသွားရသည်။
"ဟင်...တကယ်လား...တကယ်ပြောတာလား"
"တကယ်ပေါ့...မဟုတ်ရင်နင်ကစာတောင်မဖြေပဲနေမယ့်ပုံကြီး...နင့်လစာစားချင်နေပြီ....ငါကအတိုးနဲ့လမ်းစရိတ်ချေးပေးမယ်...နင့်လစာရရင်ငါ့ကိုပြန်ဆပ်အဆင်ပြေလား"
"ပြေတယ်...ပြေတယ်...ဆပ်မယ်"
နောင်ခါလာနောင်ခါဈေး....သွားရဖို့ကပိုအရေးကြီးသည်။
"ဟုတ်ပြီ....ခုတော့ အသီးလဲကုန်ပြီ....နင်ကစာဆက်ကြည့်တော့....ငါတော့ရေချိုးပြီးရုံးကလူတွေကိုအသီးလိုက်ဝေဦးမယ်....အပျော်လွန်ပြီးလဲစာမမေ့ခဲ့နဲ့ဦး"
"စိတ်ချ....အောင်ရမှာပေါ့...အကြွေးနဲ့ကိုင်တုပ်ထားပြီကိုး"
ဘာပဲဖြစ်ဖြစ်သွားခွင့်ရလိုက်ပြိမို့လို့ရင်ထဲတစ်မျိုးရှင်းသွားသည်ကအမှန်ပင်။ ဒါဆိုရင်တော့စစ်ဖက်က အဲ့အချိန်ကိုထွက်ခွင့်ရလားမရလားတော့မသိ။ အဖေတိူ့တော့ တစ်ယောက်တည်းမသွားခိုင်းချင်မှန်းသိပေမယ့်ကိုဟိန်းသာသွေးဖက်ရပ်တည်လျှင်တော့အရာရာအဆင်ပြေနိုင်ကောင်းရဲ့။
ဘာပဲဖြစ်ဖြစ်စစ်နဲ့တွေ့ရခြင်း မတွေ့ရခြင်းထက်သွေးသွားရဖို့ကအရေးကြီးသည်။ စစ်ဖက်ကိုလဲ ဘယ်လိုပြန်ပြောရမည်မသိသေး။
လောလောဆယ်တော့ကတိအတိုင်းစာမေးပွဲကိုကောင်းကောင်းဖြေဆိုနိုင်ဖို့စာကြည့်ရမည်။
...
မ လာမည်ဆို၍ စစ်လဲပင်းတယသွားချင်စိတ်ကရုတ်ချည်းဆိုသလိုပေါ်လာသည်။မူးလဲပြီးဆေးသွင်းရတိုင်း မမကောအမေပါစစ်ကိုအလုပ်မခိုင်းရဲကြသေး။ ဆိုင်ထဲဝင်လိုက်ထွက်လိုက်အိမ်ထဲအိပ်လိုက်နဲ့ စစ်မှာအားယားနေတော့တာပင်။ နလန်ထစမို့လို့ဟိုဟာလဲစားချင်ဒါလဲစားချင်။ တကယ့်တကယ်စားဖြစ်တော့လဲ စိတ်ကပဲစားချင်ပြီး ပါးစပ်ကမဝင်။
ခမ်းအိမ့်နဲ့မိုးရည်ချိုကတော့သူငယ်ချင်းကောင်းပီသစွာဖြင့်အိမ်သို့လာပြီး စစ်အတွက်စားတတ်သောအစားအသောက်တွေလာပို့ပေးရှာသည်၊ အရင်ကခေတ်ဆန်လွန်းသောခမ်းအိမ့်ကိုသဘောမကျတဲ့အမေတို့မမတို့တောင်အမြင်ကြည်လင်နေပြီ။
ခုလဲ ဖက်ထုပ်ကြော်အများကြီးဝယ်လာပြီးစားဖို့သောက်ဖို့ပြင်နေကြပြီ။
"စစ်က စားပွဲတစ်လုံးနဲ့ အရှေ့နားကအပင်ရိပ်မှာသွားစောင့်နေ....ငါယူလာခဲ့မာ်"
သူတို့လာရင်မီးဖိုချောင်ကအမေတောင်အပြင်ထွက်ပေးရသည်။ သူတို့စိတ်ကြိုက်ကိုချယ်လှယ်နေတော့တာ။
ခမ်းအိမ့်မောင်းထုတ်သောကြောင့်စစ်လဲအိမ်ရှေ့နဲ့ဆိုင်အကြားက အပင်ရိပ်မှာစားပွဲနိမ့်တစ်လုံးနဲ့ဖျာတစ်ချပ်နဲ့ခင်းပြီးထိုင်စောင့်နေလိုက်သည်။
စားစရာတွေပန်းကန်ထဲထည့်ပြီးရောက်လာချိန်မှာတော့ မိုးရည်ချိုက အချိုရည်ပုလင်းတွေစားပွဲအောက်သွင်းလိုက်သည်။
"စစ်....များများစားနော်....ကြည့်ရတာအားကိုမရဘူး...ဖက်ထုပ်ကြော်ကြိုက်တယ်မလား"
"ကြိုက်ပါတယ်မိုး....စားချင်နေတာ...အပြင်လဲမထွက်ခိုင်းလို့....အမှန်ကစစ်ကအိမ်မှာဝယ်လာပြီးမစားချင်ဘူး....ဒီအတိုင်းဆိုင်မှာအားရပါးရသွားထိုင်စားရတဲ့အရသာကိုလိုချင်တာ"
"ဒေါ်လေးကမှ အပြင်မထွက်စေချင်ပဲကွယ်....ခမ်းအိမ့်...မြန်မြန်ယူလာ"
စားပွဲပေါ်ဖက်ထုပ်ကြော်နဲ့တကွတခြားစားစရာတွေကြောင့်စားပွဲပြည့်သွားသည်၊ စားမယ်ကြံနေတုန်း ဆိုင်အတွင်းကနေစစ်ရဲ့ဘလူးတုဘောက်ကလေးကိုင်လို့ နန်းကထွက်လာပြန်သည်။စစ်တို့အနားရောက်တော့စစ်ဘေးမှာအတင်းတိုးဝှေ့ဝင်ထိုင်လိုက်ပြီး
"အစ်မတို့ချည်းပျော်ပွဲစားမနေကြပါနဲ့....နန်းလဲပါပါရစေဦး တကယ်ပါပဲ....အလိုက်သိသိကိုမခေါ်ကြဘူး...."
"ခေါ်မလို့ပါပဲနောင့်ရဲ့...ခုမှပြင်တုန်းကို"
အားနားပါးနာ ဖြင့်ခမ်းအိမ့်ပြန်ပြောတာကိုနန်းကမျက်နှာလေးတွန့်ချိုးရင်းမကျေမနပ်ဖြစ်လို့မဝသေး။ နန်းကိုအမြင်ကပ်ကပ်ဖြင့်စစ်က
"ဟဲ့ မိနန်း....အငတ်မ....အဲ့မှာမျို....နင်ကတောင်းစားကံပါလို့နေမယ်"
"ဟာနော်...နောက်မှ ပြန်ဖဲ့မယ်...လောလောဆယ်အပူကပ်စရာရှိသေးလို့"
"လူကြ်ိးစကားဝိုင်းထဲ ကလေးဝင်မပါနဲ့....စားပြီးရင်သွား...လစာနဲ့ခန့်ထားတာနော်..နင့်ကို"
"ဟွန့်...မခမ်းအိမ့်ဘေးပဲထိုင်တော့မယ်...မမိုးနေရာလဲပေးနော်..."
စစ်ဘေးမှာထိုင်နေတာကို ထသွားပြီးစားပွဲတဖက်က ခမ်းအိမ့်ဘေးနားဝင်ထိုင်ကာ မိုးအားစစ်ဘေးသို့နေရောင်ပြောင်းခိုင်းလိုက်လေသည်။ မိုးနဲ့အိမ့်တို့နှစ်ယောက်ကစစ်တိူ့အဖြစ်ကိုပြုံး၍သာကြည့်နေကြသည်။
"ဘီယာပါလား"
မိုးနားနားကပ်မေးလိုက်သည်ကို ခမ်းအိမ့်ကကြားသွားသဖြင့်မျက်လုံးကြီးပြူးကာ
"ဟဲ့ စစ်မ ...ပါစရာလား..."
"မသိဘူး...ငါ သိပ်သောက်ချင်နေတာ....ဒီအချိန်မှာစည်ဘီယာလေးတစ်ခွက်လောက်မျိုလိုက်ရရင်ဖြင့်ပြီးပြည့်စုံ သွားမှာ...တကယ်ပဲ"
"မမစစ်အကြောင်း မမချစ်ကိုတိုင်ပစ်မယ်နော်..."
"ကမ...စားစရာရှိတာစား...နင့်ကိုငါ သဒ္ဓါတာမဟုတ်ဖူး...မိုး...ယူလာခဲ့ရမှာကို...ဆေးလိပ်ကောပါလား...ချောကလက်အနံ့နဲ့ဟာလေ...ငါသောက်နေကျ"
စားပွဲအောက်မှခမ်းအိမ့်လက်ကရှည်ထွက်လာပြီးဘောင်းဘီအတိုလေးဝတ်ထားတဲ့စစ်ခြေသလုံးသားကို အားပါပါနဲ့လိမ်ဆွဲပစ်လိုက်သည်။
"ကမ်းတက်မလာနဲ့...ကျွေးတာစား"
"နန်း သွားဝယ်ပေးရမလား မမစစ်....ဘယ်ဆိုင်မှာဝယ်ရလဲဆိုတာသာပြောလိုက်"
"ဟိုက်....ကျားသားမိုးကြိုး....မိနန်း နင်စိတ်ကောင်းဝင်လှချည်လား....တမင်ပြောနေတာမလား"
"မဟုတ်ပါဘူး...သောက်ချင်ရင်မနက်ဖြန်ဝယ်ခဲ့ပေးမယ်လေ....ဆိုင်သာပြော....ခုတော့မရဘူးမမချစ်မြင်သွားရင်နန်းနားရွက်မီးလောင်မှာ"
"မနက်ဖြန်သေချာနော်...နှစ်ဘူးလောက်ဝယ်ခဲ့လိုက်ပေါ့"
"အင်း..."
ခဏကသတ်နေသလောက်ခုကျသူတို့မဟုတ်ခဲ့တဲ့အတိုင်း အပေးအယူမျှနေချက်ကြောင့်ထိုင်ကြည့်နေတဲ့မိုးနဲ့ခမ်းအိမ့်တို့အံ့သြနေကြလေသည်။
"ကဲ စားတော်မူကြ....ပြောစရာလဲရှိတယ်"
"ပြောစေ....စားရင်းသောက်ရင်းပြောကြ....ဘယ်သူမှလာနားမထောင်ဘူး....မှောင်ခိုကူးနေလဲရတယ်"
"နောက်လကျရင်မိုးတို့အိမ်ကကားနဲ့ ပင်းတယဖက်အလည်ခရီးသွားကြရအောင်လေ"
နောက်လအတွက်ပင်းတယဆိုလို့ စစ်ကိုယ်လုံးတောင့်ခနဲဖြစ်သွားရသည်။ ဘယ်လိုတောင်တိုက်ဆိုင်မှုမျိုးပါလိမ့်။ တပေါင်းပွဲသွားရဖို့အရေးစစ်မှာအိမ်ကိုဘယ်လိုပြောရမလဲဟု စဉ်းစားနေရင်းခေါင်းသာပူလာတာ ဘာအကြံမှလဲမထွက်လာ။ မက အရင်နေ့ကပဲ တပေါင်းပွဲမဟုတ်တော့ပဲစာဖြေပြီးရင်လာမယ်ဆိုတော့ မိုးပြောသလိုနောက်လပေါ့။ တပေါင်းပွဲထက်ရက်ကပိုပြီးကပ်လာသည်။
စစ်ထွက်ရအောင်ဘယ်လိုလုပ်ရမလဲ ။
"ဟဲ့ စစ်...ငြိမ်သွားပါလား...မိုးမေးနေတာကို"
"ဟင်...ဘာမေးတာလဲ...စစ်မကြားလိုက်သလိုဖြစ်သွားလို့"
"နင်ပါလိုက်ခဲ့လို့....ငါလဲပါတယ်...ဒီမှာနန်းကပါလိုက်မယ်တဲ့....စတုန်းကတော့သုံးယောက်ပဲ ခုကနန်းပါတိုးလာပြီ...နင်ကောလိုက်မလား"
"ဘယ်ရက်သွားကြမှာလဲဟင်"
"အဲ့ဒါကတော့...မပြောတတ်သေးဘူး ရက်ကောင်းတဲ့ရက်သွားမယ်လေ...ခဏပဲမောင်းရတာကို....မိုးက ထိုင်းကိုပြန်တော့မှာလေ....အဲ့ဒါနဲ့မပြန်ခင်လေး လည်ရအောင်လို့ပါ"
"နောက်လ ဆယ့်တစ်ဆယ့်နှစ်လောက်သွားကြမလား..."
ချက်ချင်းကြီးရက်စွဲပါတပ်ပြောလိုက်သော စစ်ကြောင့်သုံးယောက်စလုံးအကြည့်ကစစ်ဆီစုပြုံလာသည်။
နန်းကတော့ စစ်ကိုအိမ်ပိုင်တာမှတ်လို့ဟူသောသဘောနဲ့ကြည့်နေတာမှန်းသိလိုက်သဖြင့်
"မိနန်း...ပူမနေနဲ့....နင်ပြောပေးရင်အိမ်ကရပြီးသား...ဒါပေမယ့်နင့်ကိုလဲအမေကသိပ်ယုံတော့တယမဟုတ်ဖူးနော်"
"အဲ့ဒါတော့ စိတ်ချ စစ်ရေ...ခုဏကမီးဖိုထဲမှာဒေါ်လေးနဲ့စကားစပေးခဲ့ပြီးပြီ....စစ်ပဲလိုတယ်....စစ်နေကောင်းကျန်းမာအားပြည့်မှသွားလို့ရမယ်တဲ့"
"ဟင်...တကယ်လား...တကယ်ပဲအမေကအဲ့လိုပြောသလား"
"အင်းပေါ့ ငါနဲ့ချည်းဆိုလွှတ်မှာမဟုတ်ဖူး ခုကမိုးကြောင့်...မိုးအစ်မဝမ်းကွဲလဲပါတယ်ဆိုလို့သာ စိတ်ချတယ်တဲ့...အားနာတာကြောင့်လဲပါမယ်ထင်တယ်"
အမလေး....စစ်အတွက်တော့ရွှေပြည်တော်တွေသာနေချက်။ မကလေးသာဒီသတင်းသိရင်ဘယ်လောက်တောင်ပျော်နေရှာလိမ့်မလဲကွယ်။
မနေ့ညကပဲ စစ်နဲ့တွေ့ချင်တဲ့အကြောင်းတွေတဖွဖွပြောနေရှာတာ။ အိမ်ကိုဘယ်လိုပြောပြရမလဲမသိလို့သာ စစ်ကနှစ်သိမ့်မပေးနိုင်ခဲ့တာ။
သို့ပေသိ မလို လုပ်ချင်ရာလုပ်တတ်တဲ့သူကတော့ စစ်နဲ့မတွေ့ရလဲသူပျော်တဲ့နေရာရောက်ရင်စစ်ကိုမေ့မယ့်သူမျိုး။
"အင်း မင်းတို့ရဲ့ကမ္ဘာစစ်ကြီးနေပြန်ကောင်းအောင်ကြိုးစားပါ့မယ်...ဒါမဲ့ဆေးလိပ်တော့သောက်ပါရစေနော်...နန်းမေ့မလာနဲ့"
"အင်းပါ...တလိပ်ပဲသောက်...ဟိုရောက်မှသောက်ပေါ့"
"ဟုတ်ပြီ...ကျေးဇူးတင်လိုက်တာမိုးရယ်...စစ်က ပင်းတယကိုသိပ်ကိုသွားချင်နေတာ အဟီး"
မိုးလက်ကလေးကိုင်ပြီးကျေးဇူးတင်စကားကိုလှိုက်လှိုက်လှဲလှဲဆိုမိသည်။ ရင်ထဲမှာတော့ရွှေစာရံဘုရားပွဲလှည့်သကဲ့သို အပျော်လုံးတွေဆို့။
ညကျရင်တော့ ဒီအကြောင်းကို မကိုပြောပြရပေဦးမည်။
....
Next...
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့