မနက်စောစော ဆိုင်ကယ်စီးရတာ သိပ်ကို ကြည်နူးစရာကောင်းလှသည်။ ပန်းထုံးကြီးကို လက်ဖြင့်ထိန်းကိုင်ရင်းလေတိုးသလောက်စည်းနှောင်ထားတဲ့ မရဲ့ဆံစအချို့က စစ်မျက်နှာတဝိုက်ကလူကျီစယ်လို့နေသည်။ နှင်းဆီရနံ့တွေထက်မခေါင်းလျှော်ရည်အနံ့ကပိုစွဲမက်စရာကောင်းလွန်းလို့နေတာ။ စစ်တော့ဆိုင်မှာကောအိမ်မှာပါခေါင်းလျှော်ရည်တစ်မျိုးတည်းကအသုံးပြုခဲ့သည်မို့ မ ဆီကရတဲ့ခေါင်းလျှော်ရည်အနံ့လေးကို စစ်မသိ။ စူးရှရှလေးနဲ့အနံ့လေးက တကယ့်ကို စွဲဆောင်အားကောင်းလှသည်။
ခါတိုင်း မ ပန်းပို့နေသည်မှာလဲဒီလိုအစောကြီးတစ်ယောက်တည်းလားမသိ။ မနေ့က စစ်ဆင်းကျန်ရစ်သော သီပေါတံတားကိုလဲဖြတ်ရသည်။ မြိူ့ထဲရောက်ဖို့ပင်တော်တော်လေးကိုမောင်းရသေးတာ။ အရင်က စစ်ကိုပြောပြသလောက်ဆို ပန်းကလဲများလို့....မိုးကလဲရွာလို့နဲ့ပြီးကျ မတ်ယောက်တည်းပန်းပို့ခဲ့ရချည်း။ ဒီမနက်စစ်လိုက်ကြည့်တော့မှ မ အလုပ်ကဒုက္ခခံရတာပိုဆိုးသည်ဟုတွေးမျသည်။
ဈေးရောက်တော့လဲ
"စစ်ဒီမှာခဏစောင့်နော်မ ဒီပန်းသွားပို့ဦးမယ်"
ရှေ့ခွကြားထဲ တင်လာသော ပန်းထုတ်ကိုပွေ့ပြီး မကပြောတော့
"မ စစ်လဲလိုက်မယ်လေ...မ တစ်ယောက်တည်းနိုင်မလားလို့"
"ဟိုနားလေးတင်ပဲ ဒီတစ်ထုတ်က ဟိုဖက်ဆိုင်ပို့ရမှာ...စစ်ကဆိုင်ကယ်နားစောင့်နေ ... ဟုတ်ပြီလား"
သူ့ဟာသူစီမံခန့်ခွဲပြီး သွားခဲ့လေတော့ စစ်လဲဆိုင်ကယ်ဘေးမှာ ပန်းထုတ်လေးပွေ့လို့ကျန်ခဲ့ရတော့သည်။ မနက်ဈေးဆိုပေမယ့်လဲ လူတော့အတော်စည်နေပါပြီ။ မရဲ့ဟိုနားလေးဆိုပြီး ကြာဖြင့်ကြာနေပြီ။ စစ်လဲခြေတောင့်နေပြီ။
ဈေးသည်တွေအတော်များများကရှမ်းစကားအသုံးပြုပြောနေကြတာများလေသည်။တောင်ကြီးတောင်ရှမ်းသိပ်မသုံးကြ။ အိမ်မှာဆိုရင်
နိုးတာနဲ့ မျက်နှာသစ်ပြီး မမချက်ပြုတ်နေတဲ့အနားသွားကာ ဟိုနှိုက်စားသည်နှိုက်စားလုပ်တတ်တဲ့စစ်တော့အခုတောင်ဗိုက်ထဲ မြည်လာနေသလို။
"ဟေး စစ်ဘာတွေငေးနေတာလဲ မ လာတာတောင်မသိဘူး"
အနားကပ်ပြီးပြောလိုက်မှ စစ်ဈေးသည်တွေဖက်ငေးနေရာမှ လန့်သွားရသည်။
"မကိုလိုက်ရှာနေတာလေ စစ်ကိုများထားခဲ့ပြီလားလို့"
"ထားစရာလား ပိုက်ဆံစောင့်ယူနေတာနဲ့နည်းနည်းကြာသွားတာ လာ တက်"
"ဟင်ဒိပန်းတွေကော"
"ဟိုဖက်မှာပို့မှလေ "
မတို့ပြောတဲ့ပန်းနည်းနည်းလေးဆိုသည်မှာလဲ စစ်အနေနဲ့တော့များနေပြိ။ ဒါတောင်သူတိူ့ကဆိုင်ခွဲပို့သေးတာ။ တနေ့တနေ့ပန်းအော်ဒါဘယ်လောက်များသည်မသိ။တောင်ကြီးမှာဆို အိမ်ရှေ့တခါတလေလာရောင်းရင်တောင်တပွင့်ကိုနှစ်ရာပေးရတာ သုံးပွင့်ငါးရာ။
တနေ့ရာပို့လိုက်ကြာလိုက်နဲ့ စစ်တောင်ပျင်းလာသည်။ မ သွားပို့တဲ့အချိန်ဆိုစစ်ကဆိုင်ကယ်ဘေးတင်ရပ်ကျန်ခြ့တာကိုး။ မကလဲမခေါ်။ အမှန်ဆိုစစ်ကမနောက်နားလေးမှာပန်းထုတ်လေးပွေ့ပြီးမဥိးဆောင်ရာနောက်လိုက်ပေးချင်တာ။
"စစ်ရှမ်းခေါက်ဆွဲစားကြမလား"
"ဟင့်အင်းမ မစားချင်ဘူး"
"ဈေးထဲလာမှတော့တစ်ခုခုတော့စားလေ"
"အိမ်မှာမနက်စာမစားကြလို့လားဟင်"
"အယ်မဟုတ်ပါဘူး မ ကကျွေးချင်လို့....မ မနက်တိုင်းဈေးလာရင်ရှမ်းခေါက်ဆွဲတော့အမြဲစားနေကျလေ...ခုစစ်ကိုလဲကျွေးချင်လို့ အာ့မစားချင်ရင်ဘာစားချင်လဲပြော"
"အိမ်မှာပဲပြန်စားမယ်လေ မကစားချင်တယ်ဆိုလဲစစ်စောင့်မယ်ပ"
"ဟုတ်ပါပြီ စစ်မစားရင်မလဲမစားတော့ဘူး ပြန်ကြတာပေါ့"
"ဟုတ်..."
မပြောသမျှနာခံတဲ့ကလေးလေးပမာ မရဲ့နောက်မှာခပ်တိုးတိုးလေးထိုင်လိုက်လာမိသည်။
"ဪ စစ်...နေထွက်ချိန်ကြည့်ချင်လား"
"စစ်တစ်ခါမှမကြည့်ဖူးဘူးမ ဘယ်လိုမျိုးလဲ"
"ပြမယ်"
ပြမယ်သာဆိုတာ ဘယ်မှာပြမလဲမသိ။ အိမ်အပြန်လမ်းသို့သာဦးတည်မောင်းနေတော့တာ။ စစ်ကတော့ဘေးဘီဝဲယာထက်မ ဆံပင်လေးကလေအဝှေ့စစ်မျက်နှာကိုရိုက်ခတ်နေတော့ လက်နဲ့ဖယ်ဖယ်ချနေရသည်။ လာထိတော့ယားသည်လေ။ မနေနိုင်မထိုင်နိုင်နှာခေါင်းထဲဝင်တော့
ဟပ်ချိုး ဘုရား
ဟပ်ချိုးတောင်ကောင်းကောင်းမဟုတ်သေး။ ဘုရားတော့မပြောမှကန့်တော့ဖြစ်တဲ့သူကယောင်တာမျိုးတောင်ဘုရားထည့်ပြီးယောင်တော့တာ။
"စစ်အေးလို့လား"
"မအေးဘူး မ ဆံပင်နှာခေါင်းထဲလာဝင်နေလို့"
"ဪ..ဆောရီးနော်"
ဆောရ်ိးဆိုပြီးနောက်ဖက်ကဆံပင်တွေကိုလက်တစ်ဖက်ဖြင့်အရှေ့ဖက်သိမ်းယူသွားလေတော့သည်။ အလိုက်မသိတဲ့နှာခေါင်း။လေယူရာတိမ်းနွဲ့တဲ့ မ ဆံပင်လေးရှူ ရှိုက်ခွင့်မရတော့ပေဘူး။
ထူးထူးခြားခြား မရဲ့လည်ဂုတ်လေးနဲ့ပုခုံးအဆက်နားလေးတွင်အနီရောင်အမှတ်တစ်ခုကဝိုင်းဝိုင်းစက်စက်လေးပေါ်လာလေသည်။
"မ အမှတ်လား လည်ဂုတ်က"
"အင်း အမှတ်ဆိုပါတော့"
မကတော့တွေးနေလိမ့်မည်။ စစ်ကနောက်ကထိုင်ပြီးစစ်စစ်ပေါက်ပေါက်လိုက်ကြည့်တတ်သည်လို့။ ဟုတ်လဲဟုတ်သည်။ အင်္ကျီပါတာတောင်အထဲလျှိုကြည့်မှမြင်ရသည်ကိုး။ မလဲဘယ်လိုအတွေးဝင်သည်မသိ။ ဆံပင်သပ်သလိုနဲ့အမှတ်နေရာအားအင်္ကျီဆွဲဖုံးသွားတော့သည်။
ဘယ်ကနေဘယ်လိုဝင်လာမှန်းမသိ။ ဘယ်ရောက်နေမှန်းလဲမသိ။ မကဆိုင်ကယ်မောင်းတော့အတော်ကျွမ်းသည်ဆိုရမည်။ အကွေ့အကောက်အမတ်အစောက်တွေကြားမှာမြန်နှုန်းမြှင့်ပြီးတောင်တက်လမ်းကိုမောင်းနေတာ။ စစ်လဲ ဘာမှမမေးရဲ။တော်တော်ကြာမောင်းပြီးမှတောင်ထိပ်ဘုရားဆီသို့ရောက်လာတော့သည်။ ဆိုင်ကယ်လေးစက်ရပ်ပြီး
"ဆင်းတော့....ခဏကျနေထွက်လာတော့မယ်"
"ဟင်မ ဒါ ဘယ်နေရာလေးလဲ"
"သိမ်တောင်လေ...ဒီကနေ ကြည့်လိုက်သီပေါတစ်မြို့လုံးအပေါ်စီးကနေမြင်နေရတယ်"
"ဟုတ်လား"
မ အပေါ်ဖက်တက်သွားတော့စစ်လဲဖိနပ်ကိုကမန်းကတန်းချွတ်ရင်းပြေးတက်လိုက်ခဲ့တော့သည်။ မပြောသလိူပင်။ အပေါ်စီးမှကြည့်နေရတော့သီပေါတမြိူ့လုံးကိုရှင်းရှင်းလင်းလင်းမြင်နေရတော့တာ။ မနက်ခင်းလေးမှာသီပေါမြို့ကလေးငြိမ်သက်နေလေသည်။တောင်ကြိးမှာလိုဆိုင်ကယ်သံကားသံသိပ်မဆူညံ။ မြိူ့လယ်လမ်းမကြီးမှမူဆယ်ဖက်ပြေးဆွဲသော ကုန်ကားကြီးတွေမှတစ်ပါးမြို့ခံလူတွေရဲ့ကားတွေတော့ခုချိန်ငြိမ်သက်လို့နေသည်ကို ဆိူင်ကယ်စီးရင်းသတိပြုမိလာသည်ပဲ။
အတော့်ကိုအေးချမ်းလှတဲ့ မရဲ့မြို့ကလေး။
မကိုကြည့်တော့အေးအေးလူလူပင်အုတ်ခုံပေါ်ထိုင်ကာ မသည်လဲပဲစစ်လိုမြို့အလှကိုကြည့်နေသည်။ ဒီလို အငေးပုံကလေးအမိအရရိုက်ထားဖို့ရာ စစ်မှာမြို့ထဲလိုက်ချင်လွန်းလှသဖြင့်ဖုန်းတောင်မယူနိုင်ခဲ့တာတော့နောင်တရစရာ။
အတန်ကြာ မ ပုံစံလေးငေးစိုက်နေပြီးမှ
"မ လှတယ်နော်"
"ဟင်...ဘာကိုလဲ"
စစ်စကားကြောင့်စိုက်ခနဲအကြည့်ရောက်လာပြီးအူကြောင်ကြောင်မေးတော့စစ်လန့်သွားတာနဲ့ မြို့ဖက်မျက်နှာမူလိုက်ပြန်ပြီးမှ
"မြို့အလှလေးပြောတာလေ "
"ဪ မတို့မြို့ကို လှတယ်တဲ့လားတောင်ကြီးလိုမမှီသေးပါဘူးကွယ်"
"တောင်ကြိးကရှုပ်တယ်အမြဲမြူ ဆိုင်းနေတာပဲခုလိုရှင်းရှင်းလင်းလင်းမမြင်ရဘူး"
"စစ်ကရောင်နီလာချိန်ကြည့်ဖူးလို့လား"
"ဟင့်အင်း"
စစ်ခေါင်းယမ်းပြမှုကြောင့်မ ကြည်ကြည်မွေ့မွေ့လေးပြုံးသည်။
"တကယ်က မတို့မြို့က လှတယ်မခေါ်ဘူး ငြိမ်ငြိမ်သက်သက်နဲ့မို့ရှေးစော်ဘွားတွေနေထိုင်ခဲ့ရာမို့လို့ ယဉ်ယဉ်လေးနဲ့နန်းဆန်တယ်တဲ့ "
"ဟင့်မကလဲ ကြံကြံဖန်ဖန်မြို့ကလေးကိုနန်းဆန်တယ်တဲ့ အာ့ဘယ်သူပြောလဲ"
"ပြင်သစ်သူတစ်ယောက်လေ"
မပုံစံကြည့်တော့ စစ်လိုပေါက်ကရပြောနေတာနဲ့မတူ။အောက်ခြေက ရှု့ခင်းတွေဆီပဲအကြည့်ပို့ပြီးပြောနေတာ။
"မတို့အရင်ကလိမ္မော်ခြံလုပ်သေးတယ်အဲ့ဒါ သူတို့တွေလမ်းမှားပြီးရောက်လာတာနဲ့ အိမ်မှာခဏဧည့်ခံရင်းစကားပြောဖြစ်ကြတာလေ မကတော့မရဲ့မြို့ကိုသိပ်တောင်မလည်ဖူးမသိသေးပဲနဲ့ သူတို့ကသူတို့အမြင်အကြောင်းပြောပြရင်းအဲ့လိုတင်စားသွားတာပဲလေ...မထက်တောင်ဒီမြို့အကြောင်းပိုသိနေသေး"
"မက ပြင်သစ်စကားတတ်တယ်လား"
"ဘယ်ကလာ အင်္ဂလိပ်နဲ့ပြောတာပါ သိပ်လဲမတတ်ပါဘူး နားမလည်လို့အခါခါပြန်မေးနေရတာ မက အတည်ဆိုအဟုတ်ကြီးတတ်တယမဟူတ်ူးဟိုစပ်စပ်သည်စပ်စပ်နဲ့ နည်းနည်းပါးပါး ပ"
"မရေ ဟိုမှာ..."
"ရောင်နီလာပြီ"
အရှေ့အရပ်မှ အနီရောင်နေလုံးကြီး တစ်ဖြည်းဖြည်းထွက်ပေါ်လာနေတာကို စစ်ကောမပါ မျက်တောင်မခတ်တမ်းစောင့်ကြည့်နေလိုက်သည်။
မကတော့ မသိ။နေလုံးနီကြီးထွက်လာတာနဲ့ဆုကတောင်းလိုက်မိပြီ။
ဘဝတစ်သက်တာလုံးခုလို ချစ်ရတဲ့မနဲ့အတူတူနေထွက်တာလေးကြည့်ခွင့်ရပါစေလို၏
"မြင်လား စစ်ခဏလေးပဲနော်ဝင်သွားရင်လဲခဏလေးပဲ"
"အရမ်းလှတယ်နော်နီနီကြီး"
"အင်း မနက်တို့ညနေတို့ကြည့်မှနေရဲ့အလှကပိုပေါ်တာ"
"စစ်အဲ့လိုစောင့်မကြည့်ဖူးဘူးနေထွက်နေဝင်ချိန်တွေကဆိုင်ထဲပဲအချိန်ကုန်နေတာ...ကျေးဇူးတင်ပါတယ်မ စစ်ကိုသဘာဝအလှတရားကိုမြင်အောင်ကြည့်စေခဲ့လို့"
လက်ပိုက်ထားတဲ့ မရဲ့လက်ကလေးနှစ်ဖက်ကိုဆွဲယူပြီးလှိုက်လှိုက်လှဲလှဲပြောမိသည်။ မက ခဏတော့ကြောင်သွားပြီးမှ ဘာမှမဖြစ်သလိုနှင့်
"ဟုတ်ပါပြီ ဘုရားသာဓုချဦးလေ...ရောက်တုန်းရောက်ခိုက်စစ်လာချင်ရင်ညနေကျ မပို့ပေးမယ်"
"ဟုတ်မ အတူကန်တော့ရအောင်လေ"
"အင်း"
ဘာလိုလိုနဲ့ မနဲ့အတူဖြတ်သန်းရတဲ့ မနက်ခင်းလေးတော့လှပလို့နေပြီ။
..
အိမ်ပြန်ရောက်တော့ မိသားစုတွေခြံထဲဆင်းကုန်ကြပြီမို့။ စစ်တစ်ယောက်အပေါ်ထပ်တက်ပြီးသွားတိုက်တံယူလာကာ သွားတိုက်နေစဉ်သွေး ထမင်းပွဲပြင်ထားပေးလိုက်သည်။
ဟင့်အမေတို့ကလဲ ဧည့်သည်ပါတာကိုဈေးသည်ဆီကအသားလေးဘာလေးယူချက်ထားတာမဟုတ်ဖူး
တစ်ယောက်တည်းတွေးတောရင်း ဟင်းခွက်တွေစားပွဲပေါ်ချမိတော့ မုန်ညှင်းရွက်ကြော်တစ်ခွက်၊ သရက်သီးထောင်းကတစ်ခွက်၊ ဆွန်တန်ဟင်းရည်၊ မျှစ်နဲ့ချဉ်ပေါင်ကြော်ဒါပဲမို့လို့ စစ်ကိုအားနာရတော့မည်။ ဒီဟင်းအကုန်လုံးသွေးကြိုက်တတ်သော ဟင်းတွေ၊သွေးက အစားအရမ်းရွေးပေမယ့်ကြိုက်တတ်တာကိုလဲမမုန်းအောင်စားနိုင်သူ။
"မ စစ်ဘာကူလုပ်ရမလဲ"
ပြောရင်းဆိုရင်း မျက်နှာပြင်ရေစိုပြီး သုတ်ထားစပုံစံလေးနဲ့ ဆံပင်တချို့ရေစက်တွဲလဲခိုလို့ စစ်ဝင်လာသည်။
"ထိုင်စစ်ထမင်းစားရအောင်ဘာမှကူလုပ်စရာမရှိပါဘူးနော်"
စစ်က ထမင်းစားပွဲရှေ့ထိုင်ချရင်း ဟင်းတွေကြည့်လိုက်ကာ
"မ ဒါ မ အမေချက်တာလား"
"အင်း စားနော်ဟင်းမကောင်းလို့အားတော့နာပေမယ့်စားစေချင်တယ်"
"ဟာ...ဘာကဟင်းမကောင်းရမှာတုန်း ဒါ စစ်ကြိုက်ဆုံးဟင်းတွေ မရဲ့ စားပြီနော်"
ဖွယ်ဖွယ်ရာရာမဟုတ်ပေမဲ့ စစ်ကမယုံနိုင်စရာကောင်းလောက်အောင်သွေးအိမ်မှ ထမင်းနဲ့ဟင်းကိုသွေးတို့စားသလိုပဲလက်ဆေးပြီးအားရပါးရစားနေလေသည်။သွေးဖြင့်စစ်ကဇွန်းနဲ့စားမယ်ထင်လို့စစ်ပန်းကန်ထဲဇွန်းထည့်ထားပေးတာကိုသွေးလက်ဆေးတော့သူလဲလိုက်ဆေးပြီးလက်နဲ့ပဲစားနေတာ။
"စစ်ဒီဟင်းတွေတကယ်ကြိုက်တာလား"
"အင်းပေါ့ မရဲ့ အိမ်မှာမမကိုအမြဲချက်ခိုင်းတာ ဒါမဲ့ဒီတစ်ခါစားရတာအရသာအရှိဆုံး"
"စစ်မမ ချက်တာကပုဇွန်ဆိတ်လေးတွေဖွေးနေအာင်ထည့်မှာပေါ့ မမေမေချက်ရင်တစ်ခါတလေငါးပိပါချင်မှပါတာလေ အရသာဘယ်လိုပိုရှိမတုန်းကွယ်"
"မကလဲ စစ်က ဟင်းသီးဟင်းရွက်ဆိုရင်သက်သတ်လွတ်ချက်မှပိုကြိုက်တာ ပြီးတော့လေ ဒီဟင်းပွဲကဘာလို့အရသာ ရှိလဲဆိုရင်..."
မနဲ့အတူနှစ်ယောက်တည်းစားရတဲ့မနက်စာမို့လို့ပေါ့...ဆိုတာကိတော့ရင်ထဲမှာပဲ သိမ်းထားလိုက်တော့သည်။
ပြုံးပြုံးလေးနဲ့စကားမဆက်တော့ပဲထမင်းဆက်စားနေသော စစ်အားသွေးကြည့်ပြီးအားနာရုံမှတစ်ပါးအခြားမရှိတော့ပေ။
ဒီကလေးမကတော့သွေးတိူ့ကိုပြန်အားနာနေလို့နဲ့တူတယ်။သွေးရှေ့မှာမို့ဒီဟင်းတွေတမင်အောင့်အီးစားရင်စားနေမှာကို။
"မ စားပြီးရင်မဘာလုပ်မလဲ"
စစ်ထမင်းစားပြီး ပန်းကန်ဆေးရန်ပြုရင်းပြောတော့သွေးကလက်ကာပြပြီး စစ်လက်ထဲကပန်းကန်ကိုယူသည်။
"မဆေးပါနဲ့ မဆေးမှာပေါ့ မြို့ထဲ စစ်ကိုလိုက်ပြမယ်လေ"
"စစ်က အဲ့လိုတွေမသွားချင်ပါဘူးနော်မ ခြံထဲလုပ်စရာရှိတာလုပ်ပါ စစ်ကမလုပ်တာတာလေးတွေ ကူလုပ်ရတာပဲပိုကြိုက်တာ"
"အယ်ဘယ်ကလာ မကမလုပ်ပါဘူး....တစ်ခါတလေလေး စစ်ကရောက်ရတာကို မနေတဲ့မြို့လေးကိုတော့လိုက်ပို့ရဦးမှာပေါ့ လည်စရာတော့သိပ်မရှိပါဘူး"
"ခြံထဲက မနေ့တိုင်းလုပ်နေတဲ့အလုပ်တွေကရော"
"ဒီနေ့ ကိုဟိန်းနားရက်လေ.မ အစားသူလုပ်မှမို့မနက်တည်းကသွားလောက်ပြီ"
ထိုစဉ်အပေါ်ထပ်မှ ဖုန်းမြည်သံကြားလာတော့
"စစ်ဖုန်းလာနေတယ်ထင်"
"ဟုတ်မ "
အပေါ်ထပ်ပြေးတက်သွားသော စစ်နောက်ကျောအားကြည့်ရင်း
စစ်ပုံစံကကိုဟိန်းပြောသလိုမျိုးလဲ မဟုတ်ပါဘူး ငါ့ကို ဒီအတိုင်းခင်မင်လို့လာလည်တာသက်သက်ပဲကို
ဟား ငါကလဲ ကိုဟိန်းက ဒီအတိုင်းပြောတာပေမယ့်စိတ္တဇတွေကိုဖြစ်လို့....
စစ်မှာ သူ့ကောင်လေးလဲရှိသားပဲ..လနဲ့ချီနေပြီ...
ငါ့ကိုဘာလို့ကြိုက်မတုန်းလေ...ငါ့ပုံစံအမှန်မြင်တာနဲ့ ချစ်စိတ်တောင်ခမ်းမယ့်သူတွေချည်း
အတွေးတချို့နဲ့ ပန်းကန်တွေဆေးနေစဉ်အပေါထပ်မှစစ်ဖုန်းပြောရင်းရယ်သံလွင်လွင်လေးကြားလိုက်ရသည်။
ဟုတ်ပေသားပဲ...သူများတွေရည်းစားဆိုမောနင်းဂွတ်နိုက်ပို့ပြီးမှတနေ့တာစတင်ကုန်ဆုံးကြတာ။ စစ်က မနက်အစောငါ့နောက်လိုက်လာတော့မပို့ရသေးလို့ဖုန်းဆက်လာတာဖြစ်မှာ ... အမလေး အာရ်အက်စ်တွေများတော်တော်အလုပ်ရှုပ်...
...
"သမိုင်းဝင်ဆိုတော့ ဘယ်ခုနှစ်တည်းက စတည်တာလဲဟင်မ "
"အင်း မ လဲ မသိဘူး ဒီကို ကိုဟိန်းတို့သူငယ်ချင်းတွေလာတုန်းကတခေါက်လေးပဲရောက်ဖူးတာလေ"
"ဟုတ်လား.မကလဲ ကြာတော့ကြာလောက်ပြီထင်တယ်နော်စည်လား လူလဲသိပ်မရှိဘူး"
"တပေါင်းလတိုင်းဘုရားပွဲလုပ်တယ်လေ နာမည်တော့ကြီးပါတယ်စစ်ကမသိလို့နေမယ်ရွှေစာရံတပေါင်းတို့ ပင်းတယတပေါင်းတို့ဘော်ကြိုတပေါင်းတို့ကနာမည်ကြီးပဲကို"
"ပင်းတယတပေါင်းတော့သိတယ်ငယ်တုန်းကတခေါက်ရောက်ဖူးတာ လူတွေကြပ်သိပ်လွန်းလို့ဘယ်လိုကနေဘယ်လိုဘုရားဖူးခဲ့ရမှန်းမသိတော့ဘူး"
"ဟုတ်တယ်မလဲ ဘယ်သွားသွားလူများရင်ဘာကိုမှအမှတ်ထားလို့မရဘူး လူနည်းပြီးသန့်နေမှကြိုက်တာ"
ဘုရားစူး သီပေါသူသွေးတစ်ယောက်။
မြို့အကြောင်းသိစေချင်လို့လိုက်ပြတဲ့ဟာ၊ စစ်ကစိတ်ဝင်တစားမေးမြန်းတော့လဲ ဘာတစ်ခုမှ ဟုတ်တိပတ်တိမဖြေနိုင်။
သီပေါ တစ်မြို့လုံးကိုအကြာကြီးဖြတ်မောင်းလာပြီးမှရောက်ရှိလာတဲ့ သမိုင်းဝင်ဘော်ကြိုဘုရားကြီးသို့ရောက်နေပြီလေ။ ဘုရားကတော်တော်ကြီးကျယ်ခမ်းနားလွန်းသည်။ရေကန်ထဲကမှ ငါးတွေလဲအများကြီး။ ဘယ်ဘုရားရောက်ရောက်မက ဘုရားရှိခိုးကန်တော့ဝတ်ပြုပေမယ့်စစ်ကတော့ သာဓုလေးချပြီးနောက်ထပ်လဲမနဲ့အတူ လာပြီးဖူးခွင့်ရပါစေ ဆိုတဲ့ဆုတောင်းလေးတစ်ခုသာ။
ဘုရားပတ်ပတ်လည်လယ်ကွင်းကအပြည့်။
"ငါးစာကျွေးမလား မ"
"မကျွေးပါဘူး "
"ဘာလို့တုန်း မရဲ့"
"ကန်ထဲမှာ ငါးတွေအများကြီးကွာ မ ချကျွေးမှာတစ်ခုနှစ်ခုလေးကိုသူတို့လေးတွေ အစာအတွက်လုယက်ကိုက်ဖဲ့ကြမှာ မက အဲ့လိုတွေမကြည့်ချင်ဘူးကျွေးရင်လဲတကောင်ချင်းစီကို အကုန်ကျွေးလိုက်ချင်တာ"
"ဪ မကလဲ သူများလဲကျွေးနေတာကို တခုလဲတခုစားရတာပေါ့"
"စစ်ကျွေးချင်ကျွေးလေ"
"မကျွေးပါဘူး မကလဲနော်ကိုယ့်မြို့ဖြစ်ပြီးလည်လဲမလည်ဘူး"
"အားမှမအား အားလဲမလည်ဖြစ်ပါဘူးကွယ်"
မန်ကျည်းပင်အောက်မှာမို့လေတစ်ချက်တိုက်ခတ်တိုင်း မန်ကျည်းရွက်အချို့သွေးဆံပင်ပေါ်လာတင်သည်။ စစ်ယူပေးချင်ပေမဲ့လဲမဝံ့ရဲ။
သွေးက ဆံပင်ကိုဖြန့်ချလဲမချထား ၊ ရှိသမျှဆံပင်တွေသိမ်းကြုံးစည်းထားတော့တာ။ ဆံပင်လေးဖြောင့်နေလို့သာ လှနေတာ။ စစ်ကတော့ ဝတ်နေကျဘောင်းဘီနဲ့ရှပ်နဲ့။
မြွေမြွေချင်းသာခြေမြင်ရကြေးဆိုရင်စစ်ကိုမြင်တာနဲ့ tachi မှန်းသိသာစေပြီးသား။ Tomboy ကို ရည်းစားတော်ထားပေမဲ့လဲသွေးနဲ့သာဆိုရင်စစ်ကအဲ့လိုလူမျိုး။လောလောဆယ်အဖြောင့်မမကြီးကတော့ သူ့မျက်စိရှေ့ tomboyများလာပြိ်းရည်းစားစကားပြောနေရင်တောင်ယောက်ျားလျာလေးယောက်ျားစိတ်ပေါက်ပြိ်းလျှောက်ပြောနေတယ်လို့တောင်တွေးရင်တွေးနေမှာ။
Tomboyတို့ tachi တို့ ဆိုတာ ဘာလဲသိမှာမဟုတ်။
သမိုင်းဝင်ဆိုပြီး လာတော့လည်ကြလိမ့်မည်။ ဘုရားဈေးတွေလဲရှိနေတာကိုး။ သီပေါမြို့ကိုပတ်ပြီး ဒုဋ္ဌဝတီမြစ်ကလေး ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့စီးဆင်းနေတာ။ စက်လှေတစ်စီးစ နှစ်စီးစလဲဖြတ်သွားနေသေးသည်။
တကယ်က မြို့က ကျဉ်းကျဉ်းလေး။
မကတော့ မြို့ထဲကအထင်ကရနေရာအချို့ကိုတော့ မညည်းမညူ လိုက်ပို့ပေးလေသည်။ သီပေါဟော်နန်းတို့၊ သီပေါဘုရားကြီးတို့။ အဲ့မှာလဲကြာကန်တွေငါးတွေနဲ့။ သီတဂူမျက်စိဆေးရုံလဲရှိသေးသည်။မြို့သေးသေးလေးမှာ ဒီလိုဒါနဆေးရုံလေးရှိတာလဲ ကျက်သရေဂုဏ်ဆောင်တစ်ခုပင်။
မနက်ကသွားခဲ့တဲ့ သိမ်တောင်ကိုတော့ ထပ်မတက်ဖြစ်တော့။
"ရေတံခွန်တော့ရှိသေးတယ်..စစ်သွားချင်လား"
"ဘယ်လိုလဲ"
"နမ့်ဟူးနွဲ့လို့ခေါ်တယ်မလဲမရောက်ဖူးဘူး ငြိမ်းတို့သွားလည်တာတော့ သာယာတယ်တဲ့"
"ဟင့်မများရောက်ဖူးသလားလို့"
"စစ်သွားချင်ရင်ဒီဖက်တင်ပဲလေ လမ်းမေးပြီးပို့ပေးမှာပေါ့ခက်တာမှတ်လို့"
"စစ်.မသွားချင်ပါဘူးရေတံခွန်တွေမကြိုက်ဘူး.စစ်က"
"ဒါဖြင့်စက်လှေစီးပြီးချောင်းဆုံသွားလည်ချင်လား"
ဆိုင်ကယ်မောင်းရင်းစကားပြောတော့အော်နေရသည်။ ထို့ကြောင့်စစ်က မ နဲ့ထိကပ်ရှေ့တိုးထိုင်ပြီးမ ပုခုံးပေါ်မျက်နှာမှေးတင်ထားရသလိုဖြစ်နေသည်။ မကတော့မသိ။ ဒီလိုပုံစံလေးကိုစစ်ကကြိုက်သည်။တောင်ကြီးမှာတုန်းကကိုကိုနဲ့စီးတောင်ဒိလိုမဟုတ်သေး။
" မ.ရောက်ဖူးလား"
"မရောက်ဖူးဘူးလေ "
အတော့်ကိုနှံ့စပ်တဲ့သွေးပါလား။
"စစ်မသွားပါဘူး ဒီတိုင်းလေးတံတားပေါ်ရောက်ရင်တော့ဆိုင်ကယ်ခဏရပ်ပေးနော်မြစ်ပုံလေးရိုက်ချင်လိူ့"
"မကိုအားမနာနဲ့နော်မကသိပ်မလည်ဖြစ်လို့မသိတာပါ သွားမယ်ဆိုရင်လဲဖြစ်တယ်"
"ရပါတယ်.အားမနာပါဘူး"
ထူးထူးခြားခြားနေကလဲသိပ်မပြင်း။ ပျပျလေးပဲအလင်းထွက်နေတာ။ မြို့ထဲဆိုင်ကယ်စီးရင်သိပ်တော့ပူစရာမလို။ဘေးတချက်တချက်အပင်ကြီးတွေရဲ့အရိပ်ရှိနေတာကြောင့်အေးနေသည်။ စစ်တောင်မရဲ့မြို့ကလေးကိုချစ်နေပါပြီလေ။
တံတားဆီရောက်တော့ စစ်ကဆိုင်ကယ်ပေါ်ကတောင်မဆင်းပဲဘောင်းဘီအိတ်ထဲမှ ဖုန်းလေးထုတ်ပြီး အပေါ်စီးမှနေ၍ တစ်ပုံနှစ်ပုံရိုက်လိုက်သည်။
"မ ပုံရိုက်ရအောင်လေ"
"စစ်ရိုက်ချင်လို့လားပေး မ ရိုက်ပေးမယ်ဆင်း ဆိုင်ကယ်ပေါ်က"
အမှန်က မနဲ့စစ်ယှဉ်တွဲပြီးအတူရိုက်ချင်လို့မေးလိုက်တာကို။ မကအေးေအးဆေးဆေးနှင့်စစ်ပုံကိုရိုက်ပေးနေတာပါပဲ။
စစ်ကလဲမပြောရဲတော့တာနဲ့ နှုတ်ပိတ်ပြီးသာနေလိုက်ရတော့သည်။
မသည်သည်လိုပေါ်တင်တုံးနေသောကြောင့်ခုခ်ျန်ထိရည်းစားမရှိတာပဲလားမပြောတတ်တော့။ မြို့ထဲက ဆိုင်တစ်ဆိုင်မှာပဲ စစ်မဆာသေးပေမယ့်မ အတင်းဝယ်ကျွေးလို့နေလယ်စာစားလိုက်ရသေးသည်။
စစ်ကအိမ်မှာမနဲ့အတူလက်ဆုံစားချင်တာလေ မရဲ့
နေရာလဲစုံပြီမို့လို့ အိမ်ပြန်ပြီးနားလိုက်ကြသည်။ နားတာက စစ်ပါ...မကတော့ဘာတွေလုပ်နေလဲမသိ။ စစ်လဲပင်ပန်းတာနဲ့အပေါ်တက်ပီးအိပ်လိုက်တော့သည်။
...
"အမလေး....ဋ္ဌေး နင်လုပ်နေတာ ဒီညနေပြီးတော့မှာလားဟဲ့...လုပ်နေတာကိုက ကျီးတနား ခြတစ်ကိုက်"
"ပြီးတော့မှာပါရေချိုးပြိ်းသားကို ဘယ်သူကလုပ်ချင်မှာလဲလို့"
"ဆင်ခြေတွေပေးမနေနဲ့ ငါ့တစ်ယောက်တည်းစားဖို့မဟုတ်ဖူး လုပ်မှရတာ"
အသံတွေကြောင့်စစ်နိုးလာသည်။ မ အသံက ဖုန်းပြောရင်သာ တိုးတိုးသာသာလေး။ အခုသူ့အိမ်ရောက်မှ မတရားပြဲလန်အောင်အော်နေတော့တာပင်။ ပြတင်းပေါက်မှခြံထဲချောင်းကြည့်လိုက်တော့ အပင်ပေါက်နေသောအထုတ်ငယ်များကို စိုက်ဟန်ပြင်နေသော မတို့ညီအစ်မနှစ်ဦး။အောက်က ကွပ်ပျစ်လေးနားမှလဲအသံတစ်ချို့ကြားနေရသည်။
"အမေရေဈေးသည်လာပြန်ပြီ မနက်အတွက်ချက်ဖို့ဝယ်လိုက်ဦးနော်မနက်ကပန်းဖိုးကိုမီးဖိုထဲကကြောင်အိမ်အပေါ်ဆုံးမုန့်ဘူးထဲထည့်ထားတာ"
ဆိုင်ကယ်သံနဲ့အတူဈေးသည်ရောက်လာတော့လဲ သူလှမ်းအော်ပြန်သည်။ တအိမ်ခြံလုံးသွေးရဲ့အသံတို့ လွှမ်းနေသည်။
ပိုက်ဆံထားတဲ့နေရာကို အဲ့လောက်အကျယ်အော်ပြောရသလား မရေ...
စစ်ကိုပြောပြစဉ်က မရဲ့ညနေအချို့ကိုစက်ဆုပ်ဖွယ်အတိတဲ့။ မအဖေအရက်သောက်တဲ့ညနေတွေမို့နေစရာမရှိတာဖြစ်မည်။ မနေ့ညနေကလဲအကောင်း ဒီညနေလဲ မအဖေအရက်သောက်ထားဟန်မတူ။ ဒီလိုကျတော့ပျော်စရာကောင်းတဲ့မိသားစုလေးပါလေ။ မတို့အိမ်ရဲ့ချစ်စရာ့ဓလေ့ကား လူစုံမှထမင်းစားတတ်ခြင်းပင်။
စစ်တို့လိုဦးသူခင်အရင်စား ဆာတဲ့သူအရင်စားတာမျိူးမဟုတ်တော့ အတူစားတာမျိုးကမိသားစုကိုနွေးထွေးစေသည်လေ။
📱📱📱📱
အိပ်ယာဘေးဖုန်းမြည်လာတော့ နန်းဆက်လာနေပြီ။
"ဟလို နန်း"
"မမစစ်မနက်ဖြန်ရှစ်နာရီလောက်ပြန်မယ်နော်"
"အမ်အစောကြီးပါလား"
တကယ်လဲ စစ်မအိမ်မှမပြန်ရက်သေး။
"စောစောထွက်မှပေါ့...နေ့လယ်က မကြီးချစ်ဖုန်းဆက်တယ်မမစစ်ဖုန်းမကိုင်လို့တဲ့ နန်းခေါ်သေးတာလဲဘာလို့မကိုင်တုန်း နန်းဘယ်လောက်ညာလိုက်ရတယ်ထင်လဲ မမစစ်ကအိမ်မှာ နန်းကဈေးသွားလည်တယ်လို့ပြောထားရတာ အာ့ဈေးမှာမို့သူဆက်မမေးပဲချလိုက်တာ"
နန်းကတော့ပေါက်ပေါက်ဖောက်သလိုပြောနေသည်။ စစ်ကလဲခေါင်းကြိမ်းနေပြီ။မနက်ကိုကိုဖုန်းဆက်တာကိုကိုင်ပြီး အလည်သွားတော့ ဖုန်းအသံပိတ်ထားသည်လေ။ ပြီးပြန်လာတာနဲ့တန်းအိပ်တော့ဘယ်သိမလဲ ခုမှနိုးတာကို။ နန်းပြောမှဖုန်းထဲပြန်ကြည့်မိသည့်အချိန်တွင်မမဆီကကော အမေ့ဆီကပါ ဖုန်းမစ်ကောပေါင်းများစွာ။
"အင်းပါ နန်းရဲ့ ငါခုပဲပြန်ခေါ်လိုက်မယ်နော်နင်ပြောသလိုပဲငါအိပ်ပျော်နေတာလို့ညာလိုက်မယ်ဟာနော်"
"မလွှဲစေနဲ့ အညာတွေသိကုန်ရင်အပြန်အိမ်မရှိတော့ပဲနေမယ်"
"အင်းပါဆို ဒါနဲ့တရက်လောက်ထပ်နေလို့မရတော့ဘူးလားဟင်နန်း"
"မရတော့ဘူးနေချင်ရင်မမစစ်ထက်နန်းကပိုနေချင်သေး ဒီမှာလားရှိုးမှာလည်စရာတွေစားစရာတွေပေါလွန်းလို့ကိုမပြန်ချင်သေးတာ...ဒါမယ့်အိမ်ကမနက်ဖြန်ပြန်လာရမယ်တဲ့အမိန့်ချထားပြီးပြီ"
"အေး...အေးပါဟာ...မနက်နင်ထွက်လာမယ့်အချိန်ဖုန်းဆက်ဦး"
"အွန်း မမချစ်ကိုခေါ်လိုက်ခု ချပြီ ညဈေးလည်မလို့"
နန်းတိူ့များ သာယာချက်။ သူ့ရည်းစားကားကြီးနဲ့ပတ်ချင်တိုင်းပတ်ဝယ်ပတ်စားနေကြတာ။ စစ်ဖြင့်မ အနားကလွဲရင်လည်သာလည်နေရတာ စိတ်ကဖြင့်မပါလှဘူး။ အိမ်မှာပဲဖြစ်ဖြစ်ုခြံထဲဖြစ်ဖြစ်မဘေးနားကပ်ပြီးစကားတွေပြောချင်တာ။
ဟင့်မနက်ဖြန်ပြန်ရပြီ။လောလောဆယ်မကြီးဖုန်းဆက်ပြီးနားသောတဆင်ရပေဦးမည်။
...
"မနက်ပြန်ပြီ ဟုတ်လား သမီး"
သွေးလဲ အဖေ့လို အံ့သြဘနန်းဖြစ်သွားတာပါပဲ။ လာတော့လဲချက်ချင်း ပြန်တော့လဲကတိုက်ကရိုက်ကြီး။
ညစာစားပြီးကွပ်ပျစ်ပေါ်ရေနွေးကြမ်းနဲ့လဖက်သုပ်စားရင်း အဲ့အကြောင်းပြောနေကြခြင်းပင်။
"ဟုတ်ဦးလေး အိမ်ကပြန်လာတော့တဲ့"
"တရက်နှစ်ရက်လောက်ထပ်နေပါဦးလားကွယ်ဒိနေ့ကော မြို့ထဲနေရာစုံပို့ပေးရဲ့လားသွေး"
အမေကလဲ အတော်ဧည့်သည်လိုချင်ပုံ။ ပြန်ချင်စေသေးပုံမပေါ်သေး။
"ဟုတ်စုံပါတယ်ဒေါ်ဒေါ်ရဲ့ စစ်လဲနေချင်သေးတယ်အိမ်ပြန်ရောက်ရင်ဒီကိုလွမ်းနေရတော့မှာပဲ"
"သမီးနှင်းဆီပင်တွေကြိုက်ရင်တောင်ကြီးယူသွားလေ အိမ်မှာအပင်ပေါက်ထုတ်တွေရှိတယ်ကွဲ့"
"အာ ရပါတယ်စစ်က ဒိလိူခြံကျယ်ကြီးကိုသဘောကျတာပါနောက်ထပ်လဲလာလည်ပါဦးမယ်"
စစ်တစ်ယောက်အဖေအမေတို့နဲ့စကားပြောနေတော့သွေးလဲဘာဝင်ပြောရမှန်းမသိ။ ဒီငလေးမကလဲ လာမယ်ဆိုလဲဇွတ်ပြန်မယ်ဆိုလဲအတင်းကြီးပါလား။
"ကဲကဲ သမီးအစ်မနဲ့စကားဆက်ပြောလိုက်ဦး ဦးလေးတို့ ဟိုဖက်ခြံကိုခဏသွားလည်လိုက်ဦးမယ်လမ်းလျှောက်ရင်း"
"ဟုတ်ဦးလေး"
အဖေနဲ့အမေက ညနေဖက်ဆိုလမ်းထိပ်ကဆီဆိုင်အထိ လမ်းလျှောက်သွားနေကျ။ ဒီညနေမှ ကိုဟိန်း ငြိမ်းတို့နဲ့အတူဋ္ဌေးကလဲ ကိုဟိန်းသူငယ်ချင်းမွေးနေ့ကိုလိုက်သွားတာ။ ကိုဟိန်းသူငယ်ချင်းတိုင်းအိမ်မှာမသိသူမရှိတယမို့ဋ္ဌေးတို့လဲလိုက်သွားကြခြင်းပင်။
"မ ဂီတာတီးတတ်လား"
"မတီးတတ်ပါဘူးကွယ်လက်ဖက်စားလေ စစ်"
သရက်ပင်မှာထောင်ထားတဲ့ဂီတာလေးကို စစ်က ယူကြည့်ရင်းပြောသည်။သွေး လက်ဖက်ပန်းကန်လေးစစ်လက်ထဲထည့်ပေးကာရေနွေးငှဲ့သောက်လိုက်သည်။
စစ်က တစ်ဇွန်းစားပြီးသွေးသောက်ထားပြီးသားလက်ကျန်ရေနွေးခွက်ကိုယူပြီးကုန်စင်အောင်မော့ပစ်လိုက်တော့သည်မိူ့
"ဟာ စစ်ပန်းကန်ကဒီမှာလေ ဘာလို့ မသောက်ပြီးသားသောက်တာတုန်း"
"ဘာဖြစ်လို့လဲ မရဲ့ တပန်းကန်လုံးမှစစ်မကုန်တာ စစ်သောက်ပြီးသားဆိုလဲမသောက်မှာမဟုတ်ပဲသွန်ပစ်မှာလေ နှမြောစရာ"
"ဘာဖြစ်လဲကွယ်ခုက မသောက်ပြီးသားကို"
"ဟာ မကလဲရောဂါကူးမှာစိုးလို့လား စစ်မရွံတတ်ပါဘူးမရဲ့"
"အဲ့လိုလဲမဟုတ်ပါဘူး"
စစ်ကသွေးစကားကို ဂရုမစိုက်တော့ပဲ ဂီတာအသံစမ်းကြည့်ပြီးမှ
"မ ဘာသီချင်းကြိုက်လဲ"
"ကိုယ်စောင့်နတ်လေ စစ်ဖုန်းကိုစခေါ်မိတည်းကကြားတာနဲ့ကြိုက်သွားတာ တီးတတ်လို့လား"
"တီးတတ်တယ်မဟုတ်ပါဘူး ဟီး မတော်တခေါက်ပေါ့ အမှတ်တရတီးပြမယ်မကသီချင်းဆိုပေါ့"
"အယ်မတတ်ပါဘူးနော်"
"အရင်တစ်ခါဆိုပြဖူးတယ်လေ မကလဲ "
"အဲ့ဒါကဖုန်းထဲမှာကို ခုလိုအပြင်မှာမဆိုတတ်ဘူး"
"တူတူဆိုရအောင်လေနော်"
အတင်းပြောပြီး အသံလေးညှိနေသည်။ ကြိုးညှိတာလဲ စစ်ကမတတ်ဘူးသာပြောတာဂီတာကိုင်ပုံကိုကကျွမ်းကျင့်အဆင့်ကျနေတာပဲ။ ငြိမ်းတောင်မတော်တခေါက်တတ်တာကြိုးကမညှိတတ်။ စတီးတော့လဲအသံလေးကကြိုးတွေရှုပ်ပြီးအသံကဝါးထွေးမနေ။ ကြည်လို့နေသည်။
"ဆိုမယ်မ ဆိုရအောင်နော်"
ဟိုးကတည်းက မင်းရှိတယ်ဒီရင်ဘတ်ဘယ်ဖက်တခြမ်းမှာနေရာယူ....
ဆိုရအောင်နော်ပြောပြီး အစပျိုးရုံသာစစ်ကဦးဆောင်လိုက်ပေမယ့်တကယ့်တကယ်ဆိုတော့သွေးသာ ဆက်ဆိုသွားတာပါ။
လသာသာလေပြည်ဖြူးဖြူး ဝါးကွပ်ပျစ်လေးပေါ်မှာ ဂီတာတီးပြီးသီချင်းဆိုတဲ့ညကလေးတော့နှစ်ယောက်စလုံးအတွက်တော့ အမှတ်တရဖြစ်နေဦးမှာပင်။
စစ်အတွက်တော့တကယ့်ကိုအမှတ်တရအကြီးကြီးပါလေ။ သံစဉ်နဲ့အလိုက်အထိုက်ဆိုတတ်တဲ့မအသံကကျမသွား ပြာမသွားချေ။ မျက်စိမှတ်ပြီး သီချင်းလိုက်ဆိုနေတဲ့ မ မျက်နှာလေးကားငြိမ်းချမ်းလှသည်။ အမြဲတစိမ့်စိမ့်ကြည့်နေချင်သည်။
မနက်ဖြန်ဆို ပြန်ရတော့မည်။
နံဘေးမှာအသက်ရှူ သံတောင်မကြားရလောက်အောင်တိတ်ဆိတ်ငြိမ်သက်စွာအိပ်ပျော်နေတဲ့ မကို ဆွဲဖက်ပြီးရင်ထဲသာထည့်ထားလိုက်ချင်သည့်စိတ်ကထိန်းမရ။ အိပ်လို့လဲမပျော်။ ပူလွန်းလို့ချွေးတွေပင်ထွက်လာသည်။ စစ်ကသာပူတယ်လို့ခံစားရပေမယ့်မကတော့စောင်ပါးလေးခြုံအိပ်နေသေးတာ။ တကယ်က စစ်ကသာ မနောက်ကျောလေးကိုကြည့်ပြီးပစ်မှားနေလို့သာပူသလိုဖြစ်နေရတာပင်။
မနက်ဖြန်စစ်ပြန်ရတော့မယ်မရဲ့
မနဲ့ဘယ်တော့မှပြန်တွေ့ရပါဦးမလဲ မသိဘူး
မကလေးရယ်အိပ်နေလိုက်တာများ အပူပင်ကင်းလိုက်တာ
စစ်တော့ရင်တွေပူနေတယ်
စစ်မပြန်ချင်သေးဘူး
.....
.Next
YOU ARE READING
Romanceသာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့ သာမန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ လွမ်းကျန်ရစ်စရာတော့ ရှိတာပေါ့