Unicode
ပုန်ကန်သူအဖြစ် ရောက်ရှိခြင်း
_____________________မြစ်ရေပြင်ကိုရှပ်တိုက်ဖြတ်ပြေးကာ သော့လာသော လေပြည်အေးများက လွမ်းတေးအချို့ကို စောင်းကြိုးငင် တီးခတ်နေဘိသကဲ့သို့။
မြစ်ဘေးနံရံတွင် ကွပ်နေသောကျူးရိုးပင်များက လေသိမ်းတိုင်းယိမ်းကာ စောင်းကြိုးတို့၏ငြိမ့်ညောင်းခြင်းမျိုးဖြင့် တေးသံသာကို သီကျူးနေကြသည်။
မြစ်ရေသံက တနွဲ့နွဲ့ တသွဲ့သွဲ့။
ကျူယိမ်းသံက ညက်ညောပါဘိသနှင့်။သဘာဝ၏ မွေ့သိမ်အိလွင်သောအသံများကြားတွင် မြစ်၏ညို့မှိုင်းမှိုင်း၊ မြူတို့၏ ခပ်ဆိုင်းဆ်ိုင်းနှင့် ကောင်းကင်၏ပြာမှိန်မှိန်တို့က ပြဇာတ်၏ပိတ်ကားလိပ် ပန်းချီကားချပ်ပမာ ပနံသင့်လွန်းလှသည်။
ပျံ့ဆွတ်စရာ ကောင်းသည်။
ဤမြင်ကွင်းကို မြင်သူတိုင်း၊ ကြားသူတိုင်းသည် ရင်ထဲမှ အလွမ်းလှိုင်းများ အိခနဲခတ်လာပြီး ထိုရုပ်ပုံကို တွေဝေဖျိုးဖျစွာဖြင့် ငေးကြည့်မိကြပေလိမ့်မည်။
အနှီလွမ်းဖွယ်လေးက ကြည်နူးသော အဆွေးစိတ်ကို တော့၍တော့၍ နေသည်။
ထိုအခါ ယုဂန်သည် ကြည်မြနေသောအတွေးမှိန်မှိန်နှင့်အတူ မြစ်လှိုင်းကြက်ခွပ်များ နော့နေသည်ကို မျော၍သာ ကြည့်နေမိသည်။
သူသည် သူ့ဘဝ၏ပြောင်းလဲပုံကို စဉ်းစားခန်းဖွင့်နေမိ၏။
လွန်ခဲ့သောလေးနှစ်ကျော်ကျော်က သူသည် ဘွဲ့ရပြီး အလုပ်လုပ်ရန်သာ ဆန္ဒရှိခဲ့သည်။ဟော...ဒီဘက်ကမ္ဘာရောက်ခဲ့ပြန်တော့လည်း သူကြွယ်တစ်ဦးတန်းဖြစ်ပြီး ယုဂန်နိုင်ဘဝနှင့်ပဲ အလိုက်သင့်မျောရန် စိတ်ကူးခဲ့ပြန်သည်။ စွန့်စားစရာကြုံတော့လည်း စိတ်လှုပ်ရှားသည်။ အခက်အခဲဆုံတော့လည်း ရင်မောရသည်။ မောင့်ကိုချစ်မိတော့လည်း နှလုံးသားတို့ ပူနွေးရပြန်သည်။
အခုတော့ သူ့ဘဝသည် နှလုံးသားကို နွေးစေသောမောင်နှင့်အတူ အခက်အခဲနှင့်စွန့်စားခန်းတို့ ရောထွေးနေသောနေ့ရက်များဆီ ခုန်ကူးခဲ့ပြန်ပြီ။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...