Unicode
မျှော်လင့်မထားသော မင်္ဂလာပွဲ
_____________________
"အရှင့်သား....အရှင်မနာရဏီက အမှာစကားပါးခိုင်းလိုက်လို့ပါ ဘုရား"
တံခါးအပြင်ဘက်မှ ထိုအသံကြောင့် အရုဏ တံခါးကိုဖွင့်လိုက်လျှင် စောင့်ဆိုင်းနေသော ရံရွေတော်တစ်ဦးကို တွေ့သည်။ ထိုရံရွေတော်က အရုဏကိုမြင်သော် ထိုက်သင့်သည့် ဂါဝရပေးသည်။
" အရှင့်သားအတွက် မနက်ခင်းစားတော်ပွဲကို မင်းသမီးရှင်နော်ဇာက ဧည့်ခံပါလိမ့်မယ်ဘုရား...အရှင့်သားကို နန်းတွင်းဥယျာဉ်ဆီ လာခဲ့ဖို့ ဖိတ်ခေါ်ထားပါတယ်"
"ကျွန်ုပ်တစ်ယောက်တည်းလား"
" ဟုတ်ပါတယ်...အရှင့်သား"
ယုဂန်မပါသည့်အတွက် အရုဏစိတ်ထဲတစ်မျိုးတစ်မည်ဖြစ်သွားသည်။ သို့သော် တော်ဝင်မျိုးနွယ်အချင်းချင်းသာ တွေ့လိုသဖြင့် ယုဂန်ကိုမဖိတ်ခေါ်ခြင်း ဖြစ်မည်ဟု စဉ်းစားမိသည်။ ထို့ကြောင့် ဘာမှပြန်မပြောဖြစ်တော့ချေ။
" အမတ်ယုဂန်ကို ကျွန်ုပ်ကို ဖိတ်ခေါ်လို့ မင်းသမီးရှင်နော်ဇာနဲ့ ပွဲတော်စာတည်ခင်းမှာဖြစ်တဲ့အကြောင်း လျှောက်တင်ပေးပါ"
ရံရွေတော်သည် မင်းသားအရုဏက အမတ်ယုဂန်နိုင်ကို တကူးတကသံတော်ဦးတင်နေသဖြင့် အံ့ဩသွားပုံ၊ နားမလည်နိုင်ပုံ ရ၏။ သို့ရာတွင် မေးခွန်းထုတ်ခွင့်မရှိသူမို့
" ဟုတ်ကဲ့ပါ...အရှင့်သား"
ဟု ရိုရိုကျိုးကျိုးခေါင်းညိတ်နာခံသည်။
ဤသို့နှင့် အရုဏသည် မင်းညီမင်းသားတစ်ဦးအနေနှင့် ညီညွတ်တင့်တယ်စွာ ဝတ်စားဆင်ယင်ပြီးလျှင် မင်းသမီးရှင်နော်ဇာရှိရာ ဥယျာဉ်ဆီထွက်လာခဲ့သည်။
မင်းသမီးရှင်နော်ဇာက နန်းတွင်းဥယျာဉ်ရှိ ဇရပ်ဆောင်ပေါ်တွင် များပြားလှစွာသော စားသောက်ဖွယ်ရာများနှင့်အတူ စောင့်ဆိုင်းနေသည်။
ရှင်နော်ဇာက ဘုရင်မနာရဏီ၏ ညီမတော်ဖြစ်သော်ငြား ဘုရင်မနာရဏီနှင့် ရုပ်ရည်မဆင်တူနေပါချေ။ ဘုရင်မနာရဏီက ခန့်ညားသောအသွင်သို့သွားပြီး ရှင်နော်ဇာကမူ ချစ်စဖွယ်ကောင်းသော အသွင်ရှိသည်။ ဘုရင်မနာရဏီတွင် ဩဇာအရှိန်အဝါတို့၏ အငွေ့အသက်လွှမ်းရုံသော်လည်း ရှင်နော်ဇာကမူ ပကတိနူးညံ့သိမ်မွေ့သောသဏ္ဌာန်ရှိသည်။ သူမထံတွင် ရွှန်းပကြည်စင်သော မျက်ဝန်းဝိုင်းဝိုင်းများရှိသည်။ သာမန်အတိုင်းနေစဉ်မှာပင် ပြုံးယောင်သမ်းနေသော နှုတ်ခမ်းတို့ရှိသည်။ မင်းသမီးတစ်ပါးဖြစ်လင့်ကစား လွန်ကြူးစွာပြင်ဆင်ခြယ်သခြင်းမျိုးမပြုဘဲ သင့်တင့်ရုံမျှ ကျစ်လျစ်သိပ်သည်းစွာ ဝတ်စားဆင်ယင်ထားသည်။ ထ်ို့ကြောင့် သူမသည် မင်းသမီးတစ်ပါးအနေနှင့် ကျက်သရေရှိသည့်တိုင် အစ်မတော်ကဲ့သို့ လူတကာရှိန်ရှဲရမည့် အရောင်အဝါ မရှိနေ။ ထိုအစား ကြင်နာတတ်သော၊ မာန်မာနမရှိသော မင်းသမီးလေးအသွင်ဖြစ်သည်။
JE LEEST
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...