Unicode
ဟီရသို့ရောက်ရှိ၍ စစ်ပွဲစတင်ခြင်း
_______________________
လွန်ခဲ့သောငါးနှစ်ကျော်ခန့်က နန္ဒ၏မွေးနေ့တွင် သုဒီပါလက်ဆောင်ပေးခဲ့သော ရှဉ့်တူယုန်တူလေး ပုတုမှာ ယခုဆိုလျှင် အတော်လေးအရွယ်ရောက်၍ အကောင်ကြီးနေပြီဖြစ်သည်။
ရှဉ့်တူယုန်တူတို့သည် သက်တမ်း ၂၀ ထိအသက်ရှည်ကြသည်မို့ ၅-၆ နှစ်ဟူသောအရွယ်မှာ သူတို့၏လက်လက်ထ ဆယ်ကျော်သက်အရွယ်ကလေးသာ ဖြစ်ကြလေသည်။
ယင်းတို့သည် ၎င်း၏ချစ်စဖွယ်ဖြစ်သော မျက်နှာ၊ ယုန်နားရွက်၊ အမြင့်ပေါ်မှ ခုန်ဆင်းကာ ပျံနိုင်သောစွမ်းရည် စသည်တို့ကြောင့် နာမည်ကြီးထင်ရှားသော တိရိစ္ဆာန်ငယ်လေးများဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် ဉာဏ်အလွန်ကောင်းပြီး သခင်နှင့်အိမ်ကိုမှတ်မိနိုင်စွမ်း၊ လူများကိုခွဲခြားသိနိုင်စွမ်း စသည်သာမက ပြဿနာဖြေရှင်းနိုင်စွမ်းတို့ပါ ရှိလေသည်။ အနံ့ခံအလွန်ကောင်းပြီး ပစ္စည်းတစ်ခုတွင် စွဲကျန်သောအနံ့ကိုသိရှိကာ ထိုပစ္စည်း၏ပိုင်ရှင်ကို ရှာဖွေနိုင်သောအစွမ်းလည်းရှိလေသည်။
ထို့ကြောင့် ယုဂန်သည် ယခုမစ်ရှင်၏ တာဝန်ထမ်းဆောင်မည့်သူကို ပုတုအား ရွေးချယ်လိုက်ခြင်းဖြစ်သည်။
ယုဂန်ဆီကို အာနီလာစဉ်က သူ၏ပဝါတစ်ထည်ကျန်ရစ်ခဲ့သည်။ ယုဂန်သည် အာနီ့၏ပဝါကို ပုတုနှာဝရှေ့တည့်ကာ အနံ့ခံစေသည်။
နှာတပွပွလုပ်ကာ အနံ့ခံနေသောပုတုကို ကြည့်ပြီး နန္ဒမှာတော့ ရတက်မအေးဖြစ်နေသည်။
" ငါ့ပုတုလေး တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
နန္ဒသည် မငိုရုံတမယ် မျက်နှာကြီးမှောင်ကျနေ၏။
ပုတုကို နန်းတော်ထဲစေလွှတ်ကာ အာနီ့ဆီ စာပေးခိုင်းမည်ဆိုကတည်းက နန္ဒအိပ်မပျော်တော့ခြင်းဖြစ်သည်။
ပုတုကို ပေါက်စလေးကတည်းက သူမွေးခဲ့ရတာ။ နန်းတော်ထဲမှာ ဖမ်းမိပြီး အသားကင်ဖြစ်သွားမည်ကို သူအလွန်အမင်းစိုးရိမ်နေမိသည်။
YOU ARE READING
The Everlasting One (volume 2 + 3 )
FantasyStart Date : 24.11.2021 End Date : 1.4.2024 Unicode ဥတ္တရနိုင်ငံရဲ့ မင်းသားအရုဏဟာ သူ့ချစ်သူ ယုဂန်နိုင်နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားဖို့ပဲ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ မထင်မှတ်ထားတဲ့အရာတွေ သူတို့နှစ်ဦးဆီ ရောက်ရှိလာတဲ့အခါ.... ယုဂန်ကိုလက်တွဲပြီး သူက...